အခန်း ၂၁၅
Vol. 22 Ch. 215
215
ဌာနခွဲမှူးဖန်းသည် ရှောင်ကျောက်ကို တင်ဆောင်ကာ လမ်းဟောင်းဆီသို့ ကားကို အကြမ်းပတမ်း မောင်းနှင်လာခဲ့သည်။
“ဟိုဘက်မှာဖြစ်ရမယ် ဖန်းခဲ့"
ရှောင်ကျောက်မှာ စာအုပ်စိမ်းလေး လမ်းညွှန်ချက်အတိုင်း ရင်ပြင်ငယ်၏ အလယ်ဗဟိုကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့နှစ်ဦး ရှေ့သို့ခြေလှမ်းအနည်းငယ် တက်လှမ်းလိုက်ကြ၏။ ယခုမူ ရှောင်ကျောက်တစ်ယောက် လမ်းညွှန်နေစရာပင် မလိုတော့ပေ။ လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး တိုးဝှေ့ရင်း ရှေ့သို့ တရွေ့ရွေ့ တက်လှမ်းနေကြပြီ ဖြစ်သည်။ ဖန်းခဲ့နှင့် ရှောင်ကျောက်တို့သည်လည်း ထိုအခွင့်အရေးကို အသုံးချကာ လူအုပ်ထဲသို့ ရောနှောဝင်ရောက်လိုက်ကြသည်။ ရှောင်ကျောက်မှာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ စုရုံးနေသော လူအုပ်မှာ အုပ်စုတစ်စုတည်း မဟုတ်ကြောင်း သတိပြုမိသွားသည်။ လူအုပ်၏ အုပ်စုအတော်များများမှာ သိသိသာသာပင် အသက်ကြီးပိုင်းများဖြစ်ကြပြီး ကြည်ညိုလေးနက်သော မျက်နှာအမူအရာများဖြင့် ပုတီးများ တရားစာအုပ်များနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်ထားကြ၏။ နောက်ထပ်အုပ်စုတစ်ခုမှာမူ ဟန်ဖုဝတ်စုံများဝတ်ဆင်ထားသည့် လူငယ်များဖြစ်ကြသည်။ သူတို့သည် ကင်မရာများကိုယ်စီကိုင်ဆောင်ထားကြပြီး အချို့ဆိုလျှင် ဝါးပုလွေနှင့် ဒေါင်လိုက်ပုလွေကဲ့သို့သော တူရိယာများကိုပင် သယ်ဆောင်လာကြ၏။ နောက်ဆုံးအုပ်စုငယ်လေးမှာမူ အဆန်းပြားဆုံး ဖြစ်သည်။ သူတို့သည် တံဆိပ်အကြီးကြီးများပါရှိသည့် အဖွဲ့အစည်းဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မီးချောင်းလေးများဖြင့် လှုပ်ရှားမှုများကို လေ့ကျင့်နေကြသည်။ ရှောင်ကျောက်မှာ အသေအချာထပ်မံကြည့်ရှုလိုက်ရာ သူမသူငယ်ချင်းများကို ထိုအုပ်စုထဲတွင် တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားတော့သည်။
“နင် ဘာလို့ ဒီရောက်နေတာလဲ”
ရှောင်ကျောက်မှာ မီးချောင်းကိုကိုင်ထားသည့် သူမသူငယ်ချင်းကို ဆွဲလိုက်သည်။ သူမသူငယ်ချင်းမှာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေ၏။
“ငါ Fan groups တွေအများကြီးထဲမှာ ပါနေတာ နင်သိသားနဲ့၊ Fan groups တွေထဲမှာ မနေ့ကတည်းက ပြောနေကြတာလေ ရတနာလို တန်ဖိုးရှိတဲ့ ဘုန်းတော်ကြီးတစ်ယောက်ကို ရှာတွေ့ထားတယ်၊ သူ့ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုက တကယ်ကို အံ့သြဖို့ကောင်းတယ်ဆိုတာလေ၊ ဒီနေ့ ဘုန်းတော်ကြီးက နောက်ထပ်တစ်ပွဲ ဖျော်ဖြေဦးမှာဆိုတော့ Fan groups တွေ စုပေါင်းပြီး အားပေးပွဲလာလုပ်ကြတာ”
သူမသူငယ်ချင်းမှာ အဖြူရောင် မီးချောင်းကို ကမ်းပေးလိုက်သည်။
“ဘုန်းတော်ကြီးကို အားပေးတဲ့အရောင်က အဖြူရောင်လေ၊ ရော့ နင်ငါတို့ အဖွဲ့ခေါင်းဆောင်နောက်ကနေ လိုက်ပြီး မီးချောင်းကို ဝေ့ယမ်းပေးရုံပဲ”
ရှောင်ကျောက်သည် သူမဘေးမှ ဖန်းခဲ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်ကို အဆက်မပြတ်ခါကာ သူငယ်ချင်းပေးသည့် မီးချောင်းကို ငြင်းပယ်လိုက်သည်။ သူမသည် ဌာနခွဲမှူးဖန်းဘက်တော်သား ဖြစ်နေသည် မဟုတ်ပါလား။ ဒါပေမဲ့ ဒါက စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲမဟုတ်ဘူးလား။ ဘာလို့ Fans တွေ ဒီမှာ ရောက်နေရတာလဲ။ ရှောင်ကျောက်မှာ ပို၍ ဇဝေဇဝါ ဖြစ်လာတော့သည်။ သူမမှာ သူငယ်ချင်း၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး မေးလိုက်၏။
“ဒါက စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ မဟုတ်ဘူးလား”
သူမသူငယ်ချင်းမှာ မီးချောင်းကို ဝေ့ယမ်းလိုက်ရင်း လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
“Fan groups ထဲမှာ ကြားတာတော့ ဘုန်းတော်ကြီးရဲ့ သီဆိုသံက နတ်သံလိုပဲတဲ့၊ နားထောင်ပြီးရင် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားတာ ဘယ်လို တရားထိုင်တာထက်မဆို ပိုပြီး ထိရောက်တယ်လို့ ပြောကြတယ်၊ နောက်ပိုင်းကျတော့ သတင်းတွေ ပြန့်သွားပြီး လူတွေက ‘စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ’ လို့ ခေါ်လာကြတာ ဖြစ်မှာပေါ့”
“နင်ဘာလို့ခိုးလာတာလဲ၊ ငါ့ကိုတောင် မခေါ်ဘူး"
ရှောင်ကျောက် စိတ်ကောက်သလို ညည်းတွားလိုက်သည်။
“ငါလည်း မတတ်နိုင်ဘူးလေ နင်မသိလို့၊ ဒီနေ့က ဘုန်းတော်ကြီးရဲ့ ရင်ပြင်ငယ်မှာ နောက်ဆုံးအကြိမ်ဖျော်ဖြေတာ၊ အခုမှ မလာရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
သူမသူငယ်ချင်းမှာ အရေးကြီးဟန်ဖြင့် ပြောလိုက်သည်။
“နောက်ဆုံးပွဲ ဟုတ်လား”
ရှောင်ကျောက် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ နောက်သို့ လှည့်ကြည့်ကာ ဖန်းခဲ့ကိုကြည့်လိုက်၏။ အကယ်၍ ဒါနောက်ဆုံးပွဲဆိုရင် ဖန်းခဲ့အနေနှင့်သူမယောက္ခမများအတွက် စိုးရိမ်စရာမလိုတော့ဘူး မဟုတ်လား။ ဖန်းခဲ့သည်လည်း ထိုစကားကိုကြားလိုက်ရသည်။ သူမ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူမ၏ ဝါရင့်လုပ်ဖော်ကိုင်ဖက် ပြောခဲ့သည့် စကားကို ပြန်အမှတ်ရလိုက်၏။
“ဒါပေါ့ ညနောက်ဆုံးပွဲကျမှ မုန်လာဥတွေရိတ်သိမ်း (အမြတ်ထုတ်ခြင်း) တော့မှာလေ၊ အလကားပွဲတွေ ပြီးသွားရင်တော့ သေချာပေါက် ပိုက်ဆံ စတောင်းတော့မှာပဲ”
ဖန်းခဲ့၏ အမူအရာကိုကြည့်ကာ သူမသူငယ်ချင်းမှာ Fans အုပ်စုထဲသို့ မီးချောင်းလေးကိုကိုင်ကာ ခပ်မြန်မြန် လစ်ထွက်သွားတော့သည်။ ရှောင်ကျောက်သည် ဌာနခွဲမှူးဖန်း၏နောက်မှ ဆက်လက်လိုက်ပါလာပြီး လူအုပ်နှင့်အတူ ရွေ့လျားလာခဲ့၏။ မျက်စိလျင်သော ဖန်းခဲ့သည် ‘ပေါင်ပေါင်’ ကို ချီထားသည့် အဘိုးကြီးဝမ်ကို ချက်ချင်း မြင်လိုက်ရသည်။ အဘိုးကြီးဝမ်မှာ ပေါင်ပေါင်ကို ပုခုံးပေါ်တင်ကာမြှောက်ချီထားသဖြင့် လူအုပ်ထဲတွင် အလွန်ပင် ထင်ရှားနေသည်။ ဖန်းခဲ့သည် ဒေါသကို ထိန်းချုပ်ရန်နှင့် လူပုံအလယ်တွင် အော်ဟစ်ခြင်း မပြုမိစေရန် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူမသည် ရှေ့ဆုံးသို့ ရောက်ရှိရန် လူအုပ်ကို အတင်းတိုးဝှေ့လိုက်သည်။
“တကယ်ပဲ ယဉ်ကျေးမှု မရှိဘူးလား၊ ဘာလို့ အတင်းတိုးနေတာလဲ”
ဖယ်ထုတ်ခံလိုက်ရသူမှာ မကျေမနပ် ပြောလိုက်သည်။
“ငါတို့က အရင်ရောက်နေတာလေ ဟုတ်ပြီလား၊ ရောက်တဲ့အစဉ်အတိုင်း တန်းစီပါလား ဘာဖြစ်နေတာလဲ”
လူကြီးတစ်ယောက်မှာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဖန်းခဲ့၏ နောက်မှ လိုက်လာသည့် ရှောင်ကျောက်မှာမူ လူတစ်ဦးတစ်ယောက်ကိုမျှ မထိမိစေရန် ကိုယ်ကိုကာရင်းတရစပ် တောင်းပန်နေရတော့၏။
“တောင်းပန်ပါတယ်၊ ရှေ့မှာ ကျွန်မတို့လူရှိလို့ နေရာဦးထားပေးလို့ပါ၊ အားနာပါတယ်ရှင့်”
ဘေးနားမှလူများမှာ ဖန်းခဲ့နှင့် ရှောင်ကျောက်ကို စိုက်ကြည့်ရင်း မကျေမနပ်ဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ ဖန်းခဲ့သည် ရှောင်ကျောက်ကို ဦးဆောင်ကာ အဘိုးကြီးဝမ်၏ကျောဘက်သို့ ရောက်သည်အထိ တိုးဝှေ့လာခဲ့၏။ ထိုအခါမှ ဖန်းခဲ့ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ငြိမ်သက်စွာ ရပ်နေလိုက်တော့သည်။ ရှောင်ကျောက်သည် ဖန်းခဲ့၏ နောက်ကွယ်မှ ခေါင်းလေးပြူကာ ကြည့်လိုက်သည်။ သူမ ပတ်ဝန်းကျင်ကို သတိထားကြည့်ရာ မြေကွက်လပ်မှန်သမျှ လူများဖြင့် ပြည့်နှက်နေသည်။ သူမနှင့် ဖန်းခဲ့သည် ငါးသေတ္တာဘူးထဲမှ ငါးများကဲ့သို့ ကျပ်ညပ်နေရ၏။ လေထဲမှာ မြှောက်ချီခံထားရသည့် ပေါင်ပေါင်လေးကို ရှောင်ကျောက် ရုတ်တရက် အားကျမိသွားသည်။ ပေါင်ပေါင်လေး၏နေရာမှာ သူမထက် အများကြီး ပိုပြီး ချောင်ချိနေသည်မဟုတ်ပါလား။
ပွဲကြည့်ရတာ ဝါသနာပါသော သူမသူငယ်ချင်းမှာမူ သူတို့နှင့် တိုက်ရိုက် ဆန့်ကျင်ဘက်တွင် ရောက်ရှိနေပြီး၊ အဖွဲ့အစည်းဝတ်စုံဝတ်ထားသည့် Fan groups နှင့်အတူ မီးချောင်းများကို ဝေ့ယမ်းကာ အားပေးနေကြပြီ ဖြစ်သည်။ စင်မြင့်နှင့် တိုက်ရိုက်ဆန့်ကျင်ဘက်တွင် ဟန်ဖုဝတ်ဆင်ထားသော လူငယ်များမှာ သူတို့ကင်မရာများကို စင်မြင့်အလယ်ဗဟိုဆီသို့ အသေအချာ ချိန်ရွယ်ထားကြ၏။ ရှောင်ကျောက်မှာမူ ရှေ့တွင် ပိတ်ဆို့နေသဖြင့် ရှေ့မှ စင်မြင့်ကို မမြင်ရပေ။ သူမသည် သူငယ်ချင်းကို လက်လှမ်းပြချင်သော်လည်း ထိုအချိန်တွင် ကုချင်းစောင်းသံထွက်ပေါ်လာသည်။ စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ စတင်လေပြီ။ ဖန်းခဲ့သည် ရှေ့နားတွင်ရောက်နေသဖြင့် ရင်ပြင်အလယ်တွင် ကုချင်းကြိုးများပေါ်သို့ လက်တင်ကာ စတင်တီးခတ်နေသည့် ဦးခေါင်းပြောင်နှင့် ဘုန်းကြီးကို ရှင်းလင်းစွာ မြင်နေရသည်။
“ဟန်လုပ်နေတာပဲ”
ဌာနခွဲမှူးဖန်းသည် ဒါဟာ လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း ပိုမိုယုံကြည်သွားသည်။ ဤဦးခေါင်းပြောင်နှင့် လူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းသော်လည်း အကယ်၍ သူသည် တကယ်တမ်း တရားပွဲကျင်းပနေသည့် ဘုန်းကြီးဆိုလျှင် ဘာကြောင့် သင်္ကန်းမဝတ်ရတာလဲ။ ယခုခေတ်တွင် ရဟန်းတစ်ပါးသည် သင်္ကန်းဝတ်ဆင်ပြီး ပြင်ပတွင် လှုပ်ရှားလိုပါက သာသနာရေးဦးစီးဌာနမှ ထုတ်ပေးသည့် လက်မှတ် ရှိရမည် ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် စင်ပေါ်က ဦးခေါင်းပြောင်သည် သေချာပေါက် ရဟန်းအတု ဖြစ်ကြောင်း ညွှန်ပြနေသည်။ ဖန်းခဲ့သည် စင်ပေါ်မှ ကျိပိုင် ကို အပြစ်ရှာသည့်အကြည့်ဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ ဂီတသံတော့ တကယ်ပဲ နားထောင်ကောင်းလှသည်။ သို့သော် ဘာဖြစ်သလဲ။ ငွေကြေးလိမ်လည်ပွဲများတွင် ပရိသတ်ကို လှည့်စားဖို့အတွက် စောင်းတီးကျွမ်းကျင်သည့် လူတစ်ယောက်ကို အထူးတလည် ငှားထားတာလည်း ဖြစ်နိုင်သည် မဟုတ်လား။
“သတိထားရမယ်၊ ငါ သတိထားမှဖြစ်မယ်”
ဖန်းခဲ့ တွေးလိုက်သည်။ ကုချင်းသံနိမ့်ချီမြင့်ချီ ဖြစ်လာသည်နှင့်အမျှ ဖန်းခဲ့၏နှလုံးခုန်သံလည်း မြန်လာသည်။ ကုချင်းသံတွင်မမြင်ရသော မှော်ဆန်မှုတစ်ခု ပါဝင်နေပြီး သူမခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကို ဆွဲဆောင်နေကာ တေးသွားနှင့်အတူ အလိုလိုလိုက်ပါလှုပ်ရှားချင်စိတ် ဖြစ်ပေါ်လာစေ၏။ သို့သော် သူမ သိပါသည်။ သူမ လိုက်ပါလှုပ်ရှား၍ မဖြစ်ပေ။ သူမ တည်ငြိမ်နေရမည်။ ဤဆေးကြောသန့်စင်ပွဲ၏ လှည့်စားမှုများကို သူမ ရှာဖွေရမည်။ သူမခြေချောင်းလေးများသည် မြေပြင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တောင့်ခံထားသည်။ ထိုနည်းလမ်းဖြင့်သာ ကုချင်းသံနှင့်အတူ လိုက်ပါလှုပ်ရှားချင်စိတ်ကို သူမအောင့်အီးထားနိုင်ခြင်း ဖြစ်သည်။
ဖန်းခဲ့နောက်မှ ရှောင်ကျောက်မှာမူ အနည်းငယ် နောင်တရနေသည်။ သူမသည် ဆန့်ကျင်ဘက်မှ မီးချောင်းကို အားရပါးရ ဝေ့ယမ်းနေသည့် သူငယ်ချင်းကို လှမ်းကြည့်လိုက်၏။ သူမလည်း မီးချောင်းတစ်ချောင်းလောက် လိုချင်မိသည်။ တေးသွားတစ်ပုဒ် ပြီးဆုံးသွားသည့်အခါ Fan groups ခေါင်းဆောင်မှာ အော်ဟစ်အားပေးမှုနှင့် လက်ခုပ်သံများကို ထပ်မံဦးဆောင်လိုက်ပြန်ရာ အငွေ့အသက်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ ရှောင်ကျောက်သည် မျက်နှာလေး နီမြန်းကာ အားရပါးရလက်ခုပ်တီးလိုက်မိသော်လည်း ရှေ့မှ ဖန်းခဲ့ကို သတိရကာ လက်ခုပ်သံကို အသာအယာ ပြန်လျှော့လိုက်ရ၏။ နောက်ထပ်သီချင်းကို စောင့်ဆိုင်းနေသည့် အကြားတွင် လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ဖန်းခဲ့နှင့် ရှောင်ကျောက်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကြည်ညိုလေးနက်သည့် ပရိသတ်အုပ်စုမှာ သူတို့ယူဆောင်လာသည့် ပစ္စည်းများကို ရှေ့သို့တိုးပေးနေကြသည်ကို တွေ့လိုက်ရသည်။
ဒုတိယမြောက် ကုချင်းတေးသွားတွင် ရွတ်ဆိုသံ ပါဝင်လာသည်။ ၎င်းမှာ သုတ်တော်များကို ရွတ်ဆိုခြင်းဖြစ်၏။ ရှောင်ကျောက် ချက်ချင်းနားလည်သွားသည်။ ထိုလူတွေ သူတို့ပစ္စည်းတွေကို ရှေ့တိုးပေးနေတာဟာ ဘုန်းတော်ကြီးဆီမှ ‘မေတ္တာစာပို့’ ပေးတာကို လိုချင်ကြလို့ဖြစ်ပေသည်။ ရှောင်ကျောက်သည် သီဆိုမှုတွင် လုံးဝ နစ်မြုပ်သွားတော့သည်။ အချို့လူတွေမှာ ဒီဂီတဖျော်ဖြေမှုကို ဘာကြောင့် ‘စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ’ ဟု ခေါ်ကြသလဲဆိုတာကို သူမ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်၏။ ဤဖော်ပြချက်မှာ တကယ့်ကို မှန်ကန်လှသည်။ သူမ၏ဝိညာဉ် ဆေးကြောသန့်စင်ခံလိုက်ရသလို ခံစားရပြီး ဖျော်ဖြေနေသည့် ဘုန်းတော်ကြီးနှင့် ပိုမိုနီးကပ်သော နေရာတွင်သာ ရပ်နေချင်မိတော့သည်။
“အာ ပြီးသွားပြီလား”
ကုချင်းတေးသွား သုံးပုဒ်ပြီးဆုံးသွားသည့်အခါ ရှောင်ကျောက်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ နှမြောတသ မျက်နှာအမူအရာ အလိုလို ပေါ်လာတော့သည်။ သူမသည် ဖန်းခဲ့နှင့်အတူလာခဲ့သည်ကိုပင် လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်၏။ ရှေ့ဘက်မှ အသံချဲ့စက်သံ ထွက်ပေါ်လာသည်။
“ဒီနေ့အတွက် ဆရာကျိပိုင်ရဲ့ဖျော်ဖြေမှု ပြီးဆုံးပါပြီ”
အသံချဲ့စက်မှာ ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိုက်သည်။
“နောက်တစ်ကြိမ်အနေနဲ့ ဆရာကျိပိုင်ဟာ လာမယ့် စနေနေ့ မနက်ခင်းမှာ ဟဲယဲ့တည်းခိုခန်းသစ်ရဲ့ရင်ပြင်မှာ အခမဲ့ ထပ်မံဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်၊ ဟဲယဲ့တည်းခိုခန်းအသစ်မှာ တည်းခိုနေတဲ့ ဧည့်သည်တော်တွေလည်း ဆရာကျိပိုင်ရဲ့ ဖျော်ဖြေပွဲငယ်လေးကို တက်ရောက်နိုင်မှာပါ၊ နေရာအကန့်အသတ် ရှိလို့ အမြန်ဆုံး လာရောက်နိုင်ဖို့ အသိပေးအပ်ပါတယ် ”
အသံချဲ့စက်သံ ဆုံးသွားသည်နှင့် လူအုပ်စုတစ်စု ရုတ်တရက် ပေါ်လာပြီး လက်ကမ်းစာစောင်များကို လိုက်ဝေကြတော့သည်။ ရှောင်ကျောက်နှင့် ဖန်းခဲ့တို့လည်း လက်ကမ်းစာစောင်များကို ရရှိလိုက်ကြ၏။ ရှောင်ကျောက်မှာ လက်ကမ်းစာစောင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ဒါ ဖန်းခဲ့ပြောသည့် ‘မုန်လာဥတွေ ရိတ်သိမ်း’ ဆိုတဲ့ အပိုင်းလား။ သို့သော် သူမစိတ်ထဲမှာတော့ ဒါက တကယ့်ကိုတန်တဲ့ အစီအစဉ်တစ်ခုလို့သာ ထင်နေမိတော့သည်။