အခန်း ၂၁၆
Vol. 22 Ch. 216
216
လက်ကမ်းစာစောင်၏ ထိပ်ပိုင်းတွင် စာလုံးကြီးများဖြင့် ရေးသားထားသည်မှာ "ဟဲယဲ့တည်းခိုခန်းအသစ် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခြင်း" ဟူ၍ ဖြစ်သည်။ လက်ကမ်းစာစောင်၏ နောက်ခံတွင် ဆရာကျိပိုင် ကုချင်းကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံနှင့် ဟဲယဲ့တည်းခိုခန်းသစ်၏ ခန့်ညားထည်ဝါသော အဆောက်အအုံပုံရိပ်ကို ရိုက်နှိပ်ထား၏။ ရှောင်ကျောက်မှာ လက်ကမ်းစာစောင်ကို ဆက်လက်ဖတ်ရှုလိုက်သည်။
"ဆရာကျိပိုင်၏ အခမဲ့ဖျော်ဖြေပွဲကို ယခုလာမည့် စနေနေ့ နံနက် (၉) နာရီတွင် ဟဲယဲ့တည်းခိုခန်းအသစ်၏ ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်"
"အထူးအစီအစဉ် - ဟဲယဲ့တည်းခိုခန်းသစ်တွင်တည်းခိုရင်း ဆရာကျိပိုင်၏ သီးသန့်ဖျော်ဖြေပွဲကို ခံစားနားဆင်လိုက်ပါ၊ ဆရာကျိပိုင်၏ အမှတ်တရလက်ဆောင်တစ်ခုကိုလည်း ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်၊ နေရာ အကန့်အသတ်ရှိသဖြင့် အစောဆုံးလာရောက်သူသာရရှိမည်ဖြစ်ရာ လက်မလွှတ်စေရန် သတိပြုပါ၊ အခန်းကြိုတင်ဘိုကင်ပြုလုပ်ရန် QR ကုဒ်ကို စကန်ဖတ်ပါ၊ အနိမ့်ဆုံးအခန်းအမျိုးအစားအတွက် ယွမ် (၄၀၀) မှ စတင်ပါသည်၊ ထို့အပြင် လက်ရေးလှအနုပညာ နှင့် ရက်ကန်းအတွေ့အကြုံကဲ့သို့သော ကြွယ်ဝသည့် လှုပ်ရှားမှုများတွင်လည်း အခမဲ့ ပါဝင်ဆင်နွှဲရန် စောင့်ကြိုနေပါသည်၊ လိပ်စာ - ဟဲယဲ့တည်းခိုခန်း (မြို့သစ်စီမံကိန်း)၊ ယခုပဲ စကန်ဖတ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ရယူလိုက်ပါ "
ရှောင်ကျောက်သည် လက်ကမ်းစာစောင်ကို အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် ဖတ်ရှုကြည့်သော်လည်း လိမ်လည်လှည့်ဖြားမှု၏ အရိပ်အယောင်ကို လုံးဝရှာမတွေ့ပေ။ ဆရာကျိပိုင်၏ ဖျော်ဖြေပွဲအသေးစားကို နားထောင်ရန် ယွမ် (၄၀၀) ပေးရခြင်းမှာ အတော်လေးတန်သည့်ကိစ္စဟု သူမ ထင်မြင်မိသည်။
“ရှောင်ဖန်း မင်းဘာလို့ ဒီရောက်နေတာလဲ”
အဘိုးကြီးဝမ် နှင့် သူ၏ဇနီးတို့သည် မြေးလေး ပေါင်ပေါင်ကို ချီရင်း လက်ကမ်းစာစောင်အကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေစဉ် နောက်သို့ လှည့်ကြည့်လိုက်ရာ သူတို့ချွေးမဖြစ်သူကို အနောက်တည့်တည့်တွင် တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားကြသည်။ အထူးသဖြင့် မနေ့ကမှ ဤကိစ္စနှင့် ပတ်သက်၍ သူတို့ချွေးမမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည် မဟုတ်ပါလား။ အငွေ့အသက်မှာ အနည်းငယ် ပုံမှန်မဟုတ်သည်ကိုမြင်သောအခါ ရှောင်ကျောက်သည် ဖန်းခဲ့ကို ခေါင်းညိတ်ပြနှုတ်ဆက်ပြီး သူမသူငယ်ချင်းကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ ယွမ် (၄၀၀) တန် ဟိုတယ်မှာ ဈေးမကြီးကြောင်းနှင့် အကယ်၍ သူမ သူငယ်ချင်းနှင့် အတူတည်းမည်ဆိုပါက တစ်ယောက်လျှင် ယွမ် (၂၀၀) သာကျသင့်မည်ဟု သူမ တွေးလိုက်၏။ ပုံမှန်ဆိုလျှင် သူမနှင့် သူငယ်ချင်းမှာ တိုက်ရိုက်ဂီတဖျော်ဖြေပွဲ သွားလျှင် နောက်ဆုံးတန်းမှာ မတ်တပ်ရပ်ကြည့်ရသည်တောင် တစ်ယောက်လျှင် ယွမ် (၃၈၀) ကျသင့်သည် မဟုတ်ပါလား။
အဘိုးကြီးဝမ်နှင့် သူ၏ဇနီးတို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချွေးမဖြစ်သူကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သို့သော် ချွေးမဖြစ်သူမှာ စကားတစ်ခွန်းမှမဆိုဘဲ ငြိမ်နေခြင်းမှာ အခြေအနေမှာ အလွန်ပင်ပြင်းထန်နေပြီဟု ဆိုလိုခြင်းဖြစ်၏။ အဘိုးကြီးဝမ်တို့ ဇနီးမောင်နှံမှာ စကားစရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘာပြောရမှန်း မသိသဖြင့် အိမ်သို့သာ တိတ်တဆိတ် ပြန်လာခဲ့ကြတော့သည်။ သူတို့အိမ်ထဲသို့ ဝင်ထိုင်လိုက်ရုံရှိသေး ဖန်းခဲ့၏ ယောကျ်ားဖြစ်သူ ရှောင်ယန်မှာလည်း အလောတကြီး ပြန်ရောက်လာသည်။ ရှောင်ယန်သည် အိမ်ထဲသို့ ချွေးပြန်ကာ ပြေးဝင်လာပြီး အော်ဟစ်လိုက်၏။
“အဖေ အမေ၊ ပေါင်ပေါင်ကို အဲဒီပွဲဆီ ထပ်ခေါ်သွားပြန်ပြီလား၊ မနေ့ကမှ ကျွန်တော်နဲ့ အားဖန်း က ပြောထားတယ်မဟုတ်လား ပေါင်ပေါင်က ငယ်သေးတော့ လူထူတဲ့နေရာတွေနဲ့ မသင့်တော်ဘူးဆိုတာလေ၊ ပြီးတော့ အဲဒီ ဆေးကြောသန့်စင်ပွဲ ဆိုတာကလည်း လုံးဝကို အဓိပ္ပာယ်မရှိတဲ့ လိမ်လည်မှုကြီးပါ၊ အဖေတို့က ဒါကိုဘယ်လိုများ ယုံရတာလဲ၊ အွန်လိုင်းပေါ်မှာ လိမ်လည်မှုတိုက်ဖျက်ရေး သတင်းစကားတွေကို ဘယ်နှစ်ခါတောင် ဖတ်ဖူးကြပြီလဲ၊ ဒီလောက် သိသာတဲ့ လိမ်လည်မှုကို ဘယ်လိုလုပ်ပြီး ယုံနေကြတာလဲဗျာ”
ရှောင်ယန်မှာ လုံးဝကိုနားမလည်နိုင်အောင် ဖြစ်နေသည်။
“အဟမ်း"
ဖန်းခဲ့ အရင်ဆုံးစကားစလိုက်သည်။
“တချို့အရာတွေကို အပေါ်ယံအမြင်နဲ့တင် ဆုံးဖြတ်လို့မရဘူး"
ရှောင်ယန်မှာ ဇဝေဇဝါဖြစ်သွားသည်။ အဘိုးကြီးဝမ်နှင့် သူ၏ဇနီးမှာလည်း ဖန်းခဲ့ကို ကြည့်လိုက်ကြ၏။ လူတိုင်းမှာ သူမကို စိုက်ကြည့်နေကြသဖြင့် ဖန်းခဲ့မှာ အနည်းငယ် ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ ဆက်ပြောလိုက်သည်။
“တကယ်တော့ ဒီဆရာကျိပိုင်ဆိုတာ လိမ်လည်သူမဟုတ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်”
အဘိုးကြီးဝမ်တို့ ဇနီးမောင်နှံမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။ ရှောင်ယန်မှာတော့ လုံးဝကို ပေါက်ကွဲသွားတော့၏။ သူ နောက်ကျောကိုဓားနှင့်ထိုးခြင်း ခံလိုက်ရပြီလား။ ယနေ့တွင် သူ့ဇနီးဖြစ်သူမှာ သူမ အလုပ်စောစောဆင်းပြီး ထိုဆေးကြောသန့်စင်ပွဲလုပ်သည့် နေရာသို့ သွားကာ လူကြီးနှစ်ယောက်ကို သွားဖမ်းမည်ဖြစ်ကြောင်းနှင့် သူလည်း အိမ်ကို စောစောပြန်လာပြီး လူကြီးတွေကို နားဝင်အောင် ပြောပေးဖို့ မက်ဆေ့ခ်ျ ပို့ထားခဲ့သည်။ မက်ဆေ့ခ်ျ ရပြီးနောက် ရှောင်ယန်မှာ အိမ်ကို အမြန်ဆုံးပြေးလာခဲ့ခြင်းဖြစ်၏။ မီးပွိုင့်မိနေစဉ်အတွင်း သူ၏ဖုန်းကို အကြိမ်ကြိမ် စစ်ဆေးသော်လည်း ဇနီးဖြစ်သူမှာ ဘာအကြောင်းကြောင့်မှန်းမသိ မက်ဆေ့ခ်ျတစ်စောင်မှ ပြန်မပို့တော့ဘဲ အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။ သူ့ဇနီးနှင့် မိဘများမှာ အကြီးအကျယ် စကားများနေသဖြင့် ဖုန်းစစ်ရန် အချိန်မရခြင်းဖြစ်လိမ့်မည်ဟု ရှောင်ယန် ထင်မှတ်ထားခဲ့သည်။ မိသားစုပဋိပက္ခမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူအိမ်ကို အမြန်ဆုံး မောင်းလာခဲ့ခြင်းဖြစ်၏။ညသို့သော် ယခုမူ သူ့ဇနီး၏ သဘောထားမှာ အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။
ငွေကြေးလိမ်လည်မှု ဒါ သေချာပေါက် လိမ်လည်မှုပဲ။
လိမ်လည်မှုစနစ်တွေမှာသာ ဒီလောက် ကြောက်စရာကောင်းသည့် ကူးစက်ပြန့်ပွားမှု စွမ်းအားရှိတတ်ကြသည်။ လိမ်လည်မှုစနစ်ထဲသို့ လူတစ်ယောက် ရောက်သွားပြီဆိုလျှင် ချစ်ရသူများနှင့်ပင် စိမ်းသက်သွားတတ်သည်ဟု သူ ကြားဖူး၏။
သွားပါပြီ။
သူ့ဇနီးနှင့် မိဘများအားလုံး ဦးနှောက်ဆေးခြင်းခံလိုက်ရပြီ ဖြစ်သည်။ ရှောင်ယန်မှာ ခုန်ထ၍ သူတို့ သုံးဦးကို ရန်သူကဲ့သို့ ခုခံကာကွယ်သည့်ပုံစံဖြင့် ရပ်လိုက်၏။ ဖန်းခဲ့မှာမူ သူမတွင် မည်သည့်ပြဿနာမျှရှိသည်ဟု မထင်ပေ။ သူမသည် လက်ကမ်းစာစောင်ကို အသေအချာလေ့လာခဲ့ပြီး ဖြစ်ကာ လှည့်စားထားသည့် အချက်အလက်များ လုံးဝမပါရှိပေ။ QR ကုဒ်မှာလည်း အခန်းဘိုကင်စာမျက်နှာသို့သာရောက်ရှိသွားပြီး ထို့အပြင် ဆရာကျိပိုင်၏သီဆိုသံမှာ တကယ်ပင် လှပလွန်း၏။
“ရှင် အရမ်းကြိုက်တဲ့မုန့်တွေကို မှတ်မိသေးလား”
ဖန်းခဲ့ မေးလိုက်သည်။ ရှောင်ယန်မှာ သတိကြီးစွာဖြင့် ပြောလိုက်၏။
“ဘာလို့ အဲဒါကို ပြောတာလဲ၊ မုန့်နဲ့ လာဖြားယောင်းလည်း ကိုယ်လုံးဝအလျှော့မပေးဘူးနော်”
ဖန်းခဲ့မှာ စကားပင် ဆွံ့သွားသည်။
“အဲဒီမုန့်တွေကို ဘယ်မှာဝယ်တာလဲဆိုတာ ရှင် မှတ်မိလားလို့”
“မှတ်မိတာပေါ့၊ ကိုယ်တို့အိမ်နားက ဟဲယဲ့တည်းခိုခန်းက ဝယ်တာလေ၊ ပေါင်ပေါင်ကိုတောင် အတူတူ ခေါ်သွားကြသေးတယ် မဟုတ်လား”
ရှောင်ယန် ပြန်ဖြေလိုက်သည်။ ဒါ မှတ်ဉာဏ် စစ်ဆေးနေတာလား။ ဖန်းခဲ့ ဆက်ပြောသည်။
“အဲဒီ ဟဲယဲ့တည်းခိုခန်းက အခု ပြောင်းရွှေ့တော့မယ်၊ မြို့သစ်စီမံကိန်းဆီကို ပြောင်းမှာ”
“အဲဒါ ကိုယ်သိပါတယ်၊ ဆန်းကျုံးကျောင်းတော်ရှေ့က လမ်းတစ်လမ်းလုံးကို ဖျက်တော့မှာလေ”
ရှောင်ယန် ပြန်ထိုင်လိုက်သည်။ သူ့ဇနီး ဘာပြောချင်နေမှန်း သူ မသိတော့ပေ။ ဖန်းခဲ့မှာ ပြောလိုက်သည်။
“ဖေဖေနဲ့ မေမေက ကလေးထိန်းပေးရတာ ပင်ပန်းနေကြတာ၊ ဟဲယဲ့တည်းခိုခန်းအသစ် ဖွင့်တော့မှာဆိုတော့ ဒီစနေနေ့မှာ အခန်းတစ်ခန်းဘိုကင်လုပ်ပြီး ဖေဖေနဲ့ မေမေကို ဟဲယဲ့တည်းခိုခန်းမှာ တစ်ညသွားတည်းခိုင်းရအောင်”
ရှောင်ယန်မှာ ပို၍ပင်ဇဝေဇဝါဖြစ်သွားတော့သည်။ သူတို့ လိမ်လည်မှုစနစ်အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဟဲယဲ့တည်းခိုခန်းအကြောင်း ရောက်သွားရတာလဲ။ သို့သော်လည်း သူ့အဖေနှင့်အမေမှာ ကလေးထိန်းပေးရသဖြင့် တကယ်ပင် ပင်ပန်းနေကြသည်မှာ မှန်ပါသည်။ ဟဲယဲ့တည်းခိုခန်းမှာ တစ်ည သွားတည်းခြင်းမှာလည်း ဘာမှထိခိုက်စရာ မရှိပေ။ သူတို့လမ်းဟောင်းမှာ နေလာတာကြာပြီဖြစ်သော်လည်း မုန့်ဝယ်ရုံမှလွဲ၍ ဟဲယဲ့တည်းခိုခန်းထဲသို့ တကယ်တမ်း မဝင်ဖူးကြပေ။ ယခု ဟဲယဲ့တည်းခိုခန်းမှာ မြို့သစ်စီမံကိန်းဆီ ပြောင်းရွှေ့တော့မည်ဖြစ်ရာ သွားရောက်လည်ပတ်ပြီး မုန့်များကို မြည်းစမ်းကြည့်ခြင်းမှာ ကောင်းမွန်သည့် ကိစ္စပင်။
“ကောင်းပြီလေ၊ အဲဒါဆို မိန်းမပဲ အခန်းဘိုကင် လုပ်လိုက်တော့”
ရှောင်ယန်မှာ သူ၏ဆံပင်များကို လက်ဖြင့် ထိုးဖွလိုက်သည်။ အဘိုးကြီးဝမ်နှင့် သူ့ဇနီးတို့သည် ဤစကားကို ကြားသောအခါ ဝမ်းသာပီတိဖြစ်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူတို့ ကြားလိုက်ရတာ တကယ်ပဲလား။ သူတို့သားနှင့် ချွေးမမှာ သူတို့ကို ဟဲယဲ့တည်းခိုခန်းအသစ်ဆီ ခေါ်သွားပြီး ဆရာကျိပိုင်၏ဖျော်ဖြေပွဲကို နားထောင်ခိုင်းတော့မည်လား။ အဘိုးကြီးဝမ်၏ လက်များမှာ တုန်ယင်လာသည်။ သူ့သူငယ်ချင်းဟောင်းများကို သွားပြီး ကြွားချင်စိတ်များ ထိန်းမရအောင် ဖြစ်လာတော့သည်။ သူ့မိဘများ၏ ပျော်ရွှင်နေသော မျက်နှာများကိုကြည့်ကာ ရှောင်ယန်မှာ ပို၍ပင်ထူးဆန်းသလို ခံစားလိုက်ရ၏။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖန်းခဲ့မှာ သူ့ကိုထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။ ရှောင်ယန်မှာ တကယ်ကို မျက်စိလည်နေပြီ ဖြစ်သည်။
“တကယ် ဘာတွေ ဖြစ်နေတာလဲ၊ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ”
“တကယ်တော့ အဲဒီ ဆေးကြောသန့်စင်ပွဲဆိုတာက နားလည်မှုလွဲတာပါ၊ ဒါက တကယ်တော့ ဟဲယဲ့တည်းခိုခန်းရဲ့ဖွင့်ပွဲပါ၊ ဆရာကျိပိုင်ကို ရင်ပြင်မှာ အခမဲ့ ဖျော်ဖြေပေးဖို့ သူတို့ဖိတ်ထားတာ”
ဖန်းခဲ့ တိုးတိုးလေး ရှင်းပြလိုက်သည်။ ရှောင်ယန်မှာ ခေါင်းကို တရစပ်ခါလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ၏ပင်ကိုယ်သိစိတ် မှန်နေပုံရသည်။ သူ့ဇနီးမှာ တကယ်ပင် ဦးနှောက်ဆေးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ဟဲယဲ့တည်းခိုခန်းသစ်မှာတည်းရင် ဆရာကျိပိုင်ရဲ့ ဖျော်ဖြေပွဲကို အခမဲ့ နားထောင်နိုင်မှာလေ၊ ဒါက မကောင်းဘူးလား၊ ဖေဖေနဲ့ မေမေကလည်း သွားချင်နေကြတာဆိုတော့ မိသားစုလိုက်ပဲ သွားရအောင်”
ဖန်းခဲ့ ဆက်လက် ဖျောင်းဖျနေသည်။ ရှောင်ယန်မှာ ရင်ကျိုးရတော့မည့်အလား ခံစားလိုက်ရ၏။ လိမ်လည်ခံလိုက်ရသူတွေ၏ ပုံစံမှာ ဘယ်လိုရှိလဲဆိုတာ သူ အခုမှနားလည်သွားတော့၏။
“မင်းတော့ တကယ်ကြီး အလိမ်ခံလိုက်ရပြီပဲ”
ဖန်းခဲ့မှာတော့ အလွန်ပင်တည်ငြိမ်နေသည်။ သူမသည် ရှောင်ယန်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်း သိသည်။
“အကယ်၍ ကျွန်မတို့ လိမ်လည်ခံရမှာကို ရှင် စိုးရိမ်တယ်ဆိုရင် ရှင်ကိုယ်တိုင် ကျွန်မတို့နဲ့အတူ လိုက်ခဲ့လေ”
ရှောင်ယန်မှာ အံတင်းတင်းကြိတ်လိုက်ရင်း ဆိုသည်။
“ဒါပေါ့ သေချာပေါက် လိုက်မှာပေါ့”
အမှန်ပင် ဤမိသားစုကို ကာကွယ်ရန်အတွက် သူရှိနေဖို့လိုအပ်နေသေးသည် မဟုတ်ပါလား။