← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

218

စိတ်ထဲတွင် တွေးတောနေမိသဖြင့် အဘိုးကြီးဝမ်နှင့် သူ၏ဇနီးဖြစ်သူတို့သည် မနက် (၆) နာရီကတည်းက နိုးနေကြပြီဖြစ်သည်။ သူတို့နှစ်ဦး ခုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေကြရင်း (၆) နာရီခွဲရောက်သည့်အခါတွင်မူ ဆက်အိပ်ရန် ကြိုးစားမှုကို လက်လျှော့လိုက်ပြီး ထလိုက်ကြတော့၏။ လူကြီးနှစ်ယောက်မှာ စောင့်ရင်းစောင့်ရင်းနှင့်ပင် ရှောင်ယန်မှာ နိုးမလာသေးပေ။ သူတို့သည် (၃) မိနစ်၊ (၅) မိနစ်ခြားတစ်ခါ အချိန်ကို ကြည့်နေမိကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အဘိုးကြီးဝမ်မှာ ပို၍ပင် ဂဏာမငြိမ်ဖြစ်လာ၏။ နောက်ဆုံးတွင် မစောင့်နိုင်တော့ဘဲ မမြင်ရရင် စိတ်မပူရဘူး ဟု တွေးကာ အိမ်အောက်သို့ လမ်းဆင်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။

မျှော်လင့်မထားဘဲ အဘိုးကြီးဝမ်တစ်ယောက် အိမ်အောက်တွင် လျန်အိုက်တ ကို တွေ့လိုက်ရသည်။ ဆရာကြီးယွမ်မှာလည်း မြို့သစ်ဟိုတယ်ကို သွားနှင့်ပြီဆိုတော့ လျန်အိုက်တ ဘာလို့ ဒီလောက်စောစော နိုးနေရတာလဲ။ အဘိုးကြီးဝမ်မှာ သိချင်စိတ်ပြင်းပြသွားပြီး အနားသို့သွားကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လျန်အိုက်တ မှာဟိုကြည့်ဒီကြည့်လုပ်ရင်း ဘတ်စ်ကားကြီးတစ်စီးဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရ၏။ အဘိုးကြီးဝမ် ထိတ်လန့်သွားပြီး လျန်အိုက်တ ကို အမြန်လှမ်းခေါ်လိုက်သည်။

“အိုက်တ မင်း ဘယ်သွားမလို့လဲ”

လျန်အိုက်တ ဂုဏ်ယူဝင့်ကြွစွာဖြင့် ပြောလိုက်သည်။

“ဟားဟား ငါတို့က ကားစင်းလုံးငှားပြီး ဆရာကြီးယွမ်နဲ့ ဆရာကျိပိုင်ကို သွားကြည့်မလို့လေ၊ ငါ စကားအကြာကြီး မပြောနိုင်တော့ဘူး၊ ကားထွက်တော့မယ်”

“ဟင်"

အဘိုးကြီးဝမ်တစ်ယောက် စိတ်မသက်မသာ ဖြစ်သွားသည်။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို လျန်အိုက်တ ဘာလို့ သူ့ကို မပြောရတာလဲ။ ကြည့်ရတာ သူတို့မိသားစု ဟဲယဲ့တည်းခိုခန်းမှာ အခန်းဘိုကင်လုပ်ထားတယ်လို့ လျန်အိုက်တ ကို ကြွားခဲ့မိ‌သော‌ကြောင့်ဖြစ်မည်။ လျန်အိုက်တ မနာလိုဖြစ်သွားတာ သေချာသည်။ သို့သော်လည်း ဘတ်စ်ကားကြီးကို ကြည့်ရင်း အဘိုးကြီးဝမ်မှာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။ ဘတ်စ်ကားမှန်ပြတင်းပေါက်မှတစ်ဆင့် လျန်အိုက်တ တင်မကဘဲ လမ်းဟောင်းမှ အိမ်နီးနားချင်းများ၊ ဆရာကျိပိုင်၏ တရားပွဲကို အတူတူ နားထောင်လေ့ရှိသည့် လူအများကြီးကို သူ မြင်လိုက်ရသည်။ မကြာခင်မှာပင် ဘတ်စ်ကားကြီး ထွက်ခွာသွားရာ အဘိုးကြီးဝမ်မှာ ပို၍ပင် စိတ်မကောင်းဖြစ်သွားတော့၏။ သူ အိမ်ကို အမြန်ဆုံး ပြေးပြန်လာခဲ့သည်။ ဒီတစ်ခါတော့ သူ့သားကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နှိုးရတော့မည် အခုချက်ချင်း မထလျှင် ရှေ့ဆုံးမှ နေရာကိုရတော့မည်မဟုတ်ပေ။

အိမ်ပြန်ရောက်သောအခါ ရှောင်ယန်နှင့် ချွေးမဖြစ်သူ ဖန်းခဲ့တို့မှာ နိုးနေကြပြီဖြစ်သဖြင့် အဘိုးကြီးဝမ်မှာ အံ့သြဝမ်းသာသွားရသည်။ သူ သူ့ဇနီးကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ ဇနီးဖြစ်သူမှာ ခေါင်းခါပြ၏။ ဒီတစ်ခါတော့ ဖန်းခဲ့မှာ ပေါင်ပေါင်နှင့်အတူ စောစောထလာခြင်း ဖြစ်ကြောင်း ဆိုလိုခြင်းပင်။ ရှောင်ယန်မှာတော့ မကျေမနပ်ဖြစ်နေဆဲဖြစ်ကာ တတွတ်တွတ် ညည်းညူနေသည်။

“နားရက်လေး တစ်ရက်တည်းရှိတာကို ဘာလို့ ဒီလောက်စောစော ထရတာလဲ"

သူ စကားမဆုံးသေးခင်မှာပင် အဘိုးကြီးဝမ် သူ့ကို ရိုက်ချလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

“လူကောင်က ဒီလောက်ကြီးနေပြီ၊ အခုထိ အိပ်ရာထဲ လဲနေတုန်းပဲလား ပေါင်ပေါင်အတွက် အတုယူစရာမရှိဘူး"

ရှောင်ယန်မှာ မတရားသလို ခံစားလိုက်ရသော်လည်း သုံးယောက် တစ်ယောက် မယှဉ်နိုင်သဖြင့် အောင့်အီးသည်းခံလိုက်ရသည်။ လူသုံးယောက်၏ တိုက်တွန်းနှိုးဆော်မှုအောက်တွင် ရှောင်ယန်သည် ကားကို အရှိန်အဟုန်ဖြင့် မောင်းနှင်ကာ မိသားစုကို ဟဲယဲ့တည်းခိုခန်းဆီသို့ ခေါ်ဆောင်လာခဲ့တော့၏။

“ဘုရားရေ လူတွေက ဒီလောက်တောင် များနေတာလား”

ရှောင်ယန်မှာ လန့်သွားသည်။ မြို့သစ်စီမံကိန်းနယ်မြေမှာ အသစ်စက်စက် ဖွံ့ဖြိုးလာသည့်နေရာဖြစ်ပြီး အခြေခံအဆောက်အအုံများမှာလည်း အသစ်များပင် ဖြစ်၏။ လမ်းမကြီးများမှာ ခြောက်လမ်းသွား လမ်းမကြီးများ ဖြစ်သော်လည်း ဟဲယဲ့တည်းခိုခန်းအနီးတွင်မူ ကားများ ပိတ်ဆို့နေသည်။ ရှေ့နားတွင် ဘတ်စ်ကားအချို့မှ ခရီးသည်များကို ချပေးနေသည်။ ရှောင်ယန်မှာ ကားပြတင်းပေါက်မှ ခေါင်းပြူကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုကာသည်။

“ဒီလူတွေအကုန်လုံးက လိမ်လည်မှုစနစ်အစည်းအဝေးကို လာကြတာလား”

ဖန်းခဲ့ သူ့ကို အဖက်မလုပ်ပေ။ ဘာပဲဖြစ်ဖြစ် ဆရာကျိပိုင် ကုချင်းတီးတာကို နားထောင်ပြီးရင် သူ သိသွားမှာပဲလေ။ (၁၀) မိနစ်ခန့် ကြာပြီးနောက် ဖန်းခဲ့နှင့် အခြားသူများသည် ကားကို ပါကင်ထိုး၍ ဆင်းလာခဲ့ကြပြီး ဟဲယဲ့တည်းခိုခန်း အဓိကဝင်ပေါက်ရှေ့ရှိ ရင်ပြင်ငယ်ဆီသို့ အပြေးအလွှား သွားကြသည်။ (၁၆) ထပ်ရှိသော ဟဲယဲ့တည်းခိုခန်းမှာ တကယ့်ကို ခန့်ညားထည်ဝါလှ၏။ အဆောက်အအုံ၏ ထိပ်ပိုင်းကို အကွေးအဆန့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး သဘာဝထဲမှ ကြာရွက်ပုံစံကို လိမ္မာပါးနပ်စွာ အတုယူထားသည်။ အဆောက်အအုံတစ်ခုလုံးမှာ ရေပြင်ထက်မှ လှပစွာ ပွင့်အာလာသော ကြာရွက်ကြီးတစ်ရွက်ကဲ့သို့ ဖန်တီးမှုအပြည့်နှင့် ရှိနေ၏။ နေရောင်အောက်တွင် အဆောက်အအုံ၏ မှန်စီရွှေချ နံရံကြီးမှာ ရောင်ပြန်ဟပ်နေပြီး၊ နံနက်ခင်း နေရောင်အောက်တွင် တလက်လက်တောက်ပနေသော ကြာရွက်ပေါ်မှ နှင်းစက်ကလေးများကဲ့သို့ သက်ဝင်လှပသော အသွင်ကို ဆောင်ကြဥ်းပေးထားသည်။ ဟဲယဲ့တည်းခိုခန်း အဓိကဝင်ပေါက်၏ ရှေ့တည့်တည့်တွင် ကွန်ကရစ်ခင်းထားသော ရင်ပြင်ငယ်တစ်ခု ရှိပြီး ၎င်းမှာ ကားပါကင် ဖြစ်ပုံရသည်။ သို့သော် မြေကွက်လပ်ပေါ်တွင် စင်မြင့်တစ်ခုကို ဆောက်လုပ်ထားကာ အသံချဲ့စက်များကိုလည်း တပ်ဆင်ထား၏။ စင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် ပန်းခြင်းတောင်းများကို အစီအရီ ချထားသည်။ ပန်းခြင်းများမှာ အရောင်အသွေးစုံလင်ပြီး ပုံစံအမျိုးမျိုး ရှိကြသော်လည်း အားလုံးကို အနီရောင်ဖဲကြိုးများဖြင့် တန်ဆာဆင်ထားသဖြင့် အလွန်ပင် ပွဲလမ်းသဘင်အငွေ့အသက် ရှိလှသည်။ ဤပန်းခြင်းတောင်းများသည် ဟဲယဲ့တည်းခိုခန်းသစ် ဖွင့်ပွဲကို ဂုဏ်ပြုရန်အတွက် ပေးပို့ထားကြခြင်းဖြစ်၏။ ရှောင်ယန် လှမ်းကြည့်လိုက်ရာ 'ကျင်းရှန်းစားသောက်ဆိုင်' မှ ပေးပို့သော ပန်းခြင်းကို မြင်လိုက်ရသည်။ ကျင်းရှန်းစားသောက်ဆိုင် သူ မရောက်တာ ကြာပြီပဲ။ နှစ်သစ်ကူးကျရင် မိသားစုကို အဲဒီမှာ သွားကျွေးရမယ်ဟု သူ တွေးလိုက်မိ၏။ ရှောင်ယန်မှာ ပန်းခြင်းများကို ကြည့်ရင်း တွေးနေစဉ် အနောက်ကို လှည့်ကြည့်လိုက်ရာ သူ၏ဇနီးနှင့် မိဘများမှာ ကလေးကိုချီကာ အဝေးကြီးသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ယနေ့တွင် ရင်ပြင်၌ ပလတ်စတစ်ထိုင်ခုံများကိုလည်း အများအပြား ချထားပေးသည်။ စောစောရောက်သူမှာ နေရာရခြင်းပင်။ ဖန်းခဲ့နှင့် အဘိုးကြီးဝမ်တို့ ဇနီးမောင်နှံမှာ မျက်စိသွက် လက်သွက်ရှိစွာဖြင့် နောက်ဆုံးကျန်သည့် ထိုင်ခုံ (၃) လုံးကို လုယူနိုင်ခဲ့ကြ၏။ ရှောင်ယန်မှာမူ နောက်ဘက်တွင် သနားစရာကောင်းလောက်အောင် မတ်တပ်ရပ်နေရတော့သည်။

“လာပြီ ဆရာကျိပိုင် လာပြီ”

ရင်ပြင်ရှိ လူအုပ်ကြီးမှာ ဆူညံသွားသည်။ ဆရာကျိပိုင် ကုချင်းတီးတာကို မကြားရတာ တစ်ရက်တောင် ရှိသွားပြီ မဟုတ်ပါလား။ ကျိပိုင်သည် ညင်သာစွာ ထိုင်ချလိုက်ပြီး ထိုင်ခုံကို အနေအထားညှိလိုက်၏။ ထို့နောက် ကုချင်းကြိုးများကို အသာအယာ ပွတ်သပ်ရင်း စတင်တီးခတ်လိုက်တော့သည်။ ပထမဆုံး ဂီတသံစဉ် ထွက်ပေါ်လာသည်နှင့် ရင်ပြင်အတွင်းရှိ လေထုမှာ ခေတ္တမျှ ရပ်တန့်သွားသလို ခံစားရပြီးမှ ပြန်လည်စီးဆင်းလာကာ ပုံမှန်အေးချမ်းမှုသို့ ပြန်ရောက်သွားသည်။ ကုချင်းသံစဉ်များ စီးဆင်းလာသည်နှင့်အမျှ လူများ၏ မျက်နှာတွင် မိန်းမောနေသော အမူအရာများ ပေါ်လာသည်။ သူတို့သည် လှပသော တေးသွားတွင် နက်ရှိုင်းစွာ စီးမျောသွားကြပြီး အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားကြသလိုပင်။ ရှောင်ယန်မှာလည်း ပါးစပ်အဟောင်းသားဖြင့် ငေးမောကာ မတ်တပ်ရပ်နေမိသည်။

ဒါ ဒဏ္ဍာရီထဲကဆေးကြောသန့်စင်ပွဲ လား။ ဒုက္ခပဲ ဒီဆေးကြောသန့်စင်ပွဲက ဝိညာဉ်ကို တကယ်ပဲ သန့်စင်ပေးနိုင်တာကို ဘယ်သူမှ ဘာလို့ သူ့ကိုမပြောကြတာလဲ။ ဆရာကျိပိုင်၏ ကုချင်းသံမှာ တကယ့်ကို မှော်ဆန်လှသည်။ ၎င်းသည် ဘာသာစကားနှင့် ယဉ်ကျေးမှု အတားအဆီးများကို ကျော်လွှားနိုင်ပြီး နှလုံးသားဆီသို့ တိုက်ရိုက်ထိမှန်ကာ ပဲ့တင်ထပ်စေ၏။ ရှောင်ယန်တစ်ယောက် ထိုဆန်းကြယ်သော ခံစားချက်မှ နိုးထလာချိန်တွင် ဖန်းခဲ့မှာ အဘိုးကြီးဝမ်တို့ ဇနီးမောင်နှံကို ခေါ်ပြီး အခန်းဘိုကင်သွားလုပ်နှင့်နေပြီ ဖြစ်သည်။ ရှောင်ယန်သည် ဟဲယဲ့တည်းခိုခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ချက်ချင်းပင် ဆွံ့အသွားပြီး ရင်ထဲတွင် မယုံနိုင်လောက်အောင် တုန်လှုပ်သွားရ၏။ ဒါက သူမှတ်မိတဲ့ ဟောင်းနွမ်းရိုးရှင်းတဲ့ တည်းခိုခန်း ဟုတ်ရဲ့လား။ သူ့ခမျာကိုယ့်မျက်စိကိုပင် မယုံနိုင်အောင်ဖြစ်နေရသည်။

သူ့မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ ကျယ်ဝန်းတောက်ပသော ဧည့်ခန်းမကြီး ဖြစ်ကာ ချောမွေ့နေသော စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် နူးညံ့သော မီးရောင်များ ထင်ဟပ်နေသည်။ ဧည့်ခန်းမ၏ အလယ်ဗဟိုတွင် အနုစိတ်ဒီဇိုင်းထုတ်ထားသော ထူးခြားသည့် ကြာရွက်ရေပန်းကြီးတစ်ခု ရှိ၏။ ရေပန်း၏ အလယ်ဗဟိုမှာ နူးညံ့သော အနုစိတ်လက်ရာများပါသည့် ကြေးဝါကြာရွက်ကြီးတစ်ခု ဖြစ်သည်။ ရေပန်းတစ်ခုလုံးမှာ လေပြေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေသည့် ကြာရွက်တစ်ရွက်၏ အသွင်သဏ္ဌာန်ကို ဖော်ပြထားသည်။ ကြာရွက်၏ အနားသတ်များမှ စိမ့်ထွက်လာသော စမ်းရေများမှာ ကြာရွက်ကြောများအတိုင်း စီးဆင်းသွားပြီး ကြည်လင်သော ရေကန့်လန့်ကာများကို ဖြစ်ပေါ်စေ၏။ ရေပန်း၏ ပတ်ပတ်လည်တွင် ကြာပန်းငယ်လေးအချို့ဖြင့်လည်း အလှဆင်ထားသည်။ အချို့မှာ ငုံနေကြပြီး အချို့မှာမူ ပွင့်ချပ်ကြီးများဖြင့် လှပစွာ ပွင့်အာနေကြရာ အသက်ဝင်လွန်းလှသဖြင့် ကြာပန်းရနံ့ကိုပင် ရရှိနိုင်တော့မည့်အလား ထင်မှတ်ရ၏။ ဝေ့ဝဲနေသော မြူခိုးမြူငွေ့များနှင့်အတူ ထိုရေပန်းသည် ဧည့်ခန်းမကြီးကို လန်းဆန်းအေးမြမှု ပေးစွမ်းနေပြီး သဘာဝဆန်သည့် အဆင့်အတန်းမြင့်မှုကိုလည်း ပေးစွမ်းထားသည်။

“မင်္ဂလာပါရှင်၊ ဒီမှာ Check-in လုပ်လို့ရပါတယ်”

ခန့်ညားသော ဝန်ထမ်းလေးမှာ သူတို့၏ အိတ်များကို သယ်ဆောင်ပေးပြီး အဘိုးကြီးဝမ်တို့ မိသားစုကို ဧည့်ကြိုကောင်တာဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားသည်။ ဟဲယဲ့တည်းခိုခန်း ဧည့်ကြိုကောင်တာ၏ နောက်ခံနံရံကို အဆောက်အအုံ၏ အပြင်ဘက်ဒီဇိုင်းနှင့် လိုက်ဖက်အောင် အကွေးအဆန့် ပုံစံ ပြုလုပ်ထားပြီး အနုစိတ်လှပသော ကြာရွက်ပုံစံများဖြင့် တန်ဆာဆင်ထားရာ ကြာရွက်များ နံရံပေါ်တွင် ဝေ့ဝဲနေသလိုပင်။ ဧည့်ကြိုကောင်တာကို စကျင်ကျောက်ဖြင့် ပြုလုပ်ထားပြီး အဆင့်မြင့်လှပကာ ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းများမှာလည်း နွေးထွေးပျူငှာသော အမူအရာဖြင့် ကြိုဆိုရန် အဆင်သင့် ရှိနေကြသည်။ ၎င်း၏ဘေးတွင် အဆင့်မြင့် ကိုယ်တိုင် Check-in လုပ်နိုင်သည့် စက်များ နှင့် စမတ်လမ်းညွှန်မျက်နှာပြင်များကိုလည်း ထားရှိပေးထားရာ သီးသန့်နေလိုသူများနှင့် လူအများရှေ့ စကားမပြောလိုသော ဧည့်သည်များအတွက် အဆင်ပြေစေ၏။ Check-in လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိသဖြင့် ဆရာကျိပိုင်၏ ဖျော်ဖြေပွဲ နားထောင်ပြီးပြီးချင်း ဧည့်သည်အများအပြား လာရောက်ကြသော်လည်း ဧည့်ကြိုကောင်တာတွင် လူများ မပြည့်ကျပ်နေပေ။

ဧည့်ကြိုကောင်တာ၏ တစ်ဖက်တွင် ဧည့်သည်များ အနားယူစောင့်ဆိုင်းနိုင်ရန် သက်သောင့်သက်သာရှိသော ဆိုဖာများနှင့် စားပွဲငယ်များပါသည့် အနားယူခန်း ရှိသည်။ ထိုနေရာရှိ နံရံများတွင်လည်း လှပသော အနုပညာလက်ရာ ပန်းချီကားအချို့ ချိတ်ဆွဲထား၏။ ရှောင်ယန်မှာ ပေါင်ပေါင်ကိုခေါ်ပြီး အနားယူခန်းတွင် ခေတ္တသွားထိုင်ရန် ကြံရွယ်နေစဉ်မှာပင် သူ၏ဇနီးမှာ Check-in လုပ်ပြီးသွားသည်ကို မြင်လိုက်ရသည်။

“ဘာလို့ ကိုယ့်ကို လှမ်းမခေါ်တာလဲ”

ရှောင်းယန်မှာ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဟိုတယ်တွေမှာ Check-in လုပ်ရင် မျက်နှာစကန် ဖတ်ရမှာ မဟုတ်ဘူးလား။ အိတ်များကို သယ်ထားသော ဝန်ထမ်းလေးမှာ ပြုံးရင်း ပြန်ဖြေသည်။

“ဧည့်သည်တွေရဲ့ သီးသန့်လုံခြုံမှုကို ကာကွယ်ပေးတဲ့အနေနဲ့ အခုဆိုရင် အော်ဒါအချက်အလက်နဲ့ မှတ်ပုံတင်ပြရုံနဲ့ Check-in လုပ်လို့ရပါပြီ၊ မျက်နှာစကန်ဖတ်ဖို့က မဖြစ်မနေ မဟုတ်တော့ပါဘူးခင်ဗျာ”

“ဪ အဲဒါကတော့ တော်တော်လေး အဆင်ပြေသားပဲ”

ရှောင်းယန် ခေါင်းကို ညိတ်လိုက်သည်။

“ဧည့်သည်တော်တို့ရဲ့ မိသားစုအခန်းက (၁၅) ထပ်မှာပါခင်ဗျာ၊ ကျွန်တော် အိတ်တွေကို အပေါ် သယ်သွားပေးပါ့မယ်၊ အရင်ဆုံး တည်းခိုခန်းကို လှည့်လည်ကြည့်ရှုလို့ ရပါတယ်”

ဝန်ထမ်းလေး၏ ဝန်ဆောင်မှုမှာ တကယ့်ကို အပြည့်အဝ ကောင်းမွန်လှသည်။ အိတ်များ မရှိတော့သဖြင့် သွားလာရသည်မှာ ပို၍ လွယ်ကူသွား၏။ ဆရာကျိပိုင်၏ ဖျော်ဖြေပွဲမှာ မွန်းလွဲပိုင်းမှ ပြန်စမည်ဖြစ်ရာ မိသားစုလိုက် တည်းခိုခန်းကို လှည့်လည်ကြည့်ရှုရန် အခွင့်ကောင်းပင် ဖြစ်ပါတော့သည်။

All Chapters