← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

219

လက်ဖက်ရည်နှင့်မုန့် အရောင်းပြတင်းပေါက်မှာ ပထမထပ် ဧည့်ခန်းမကြီး၏ ဘယ်ဘက်ခြမ်းတွင် တည်ရှိသည်။ လက်ဖက်ရည်နှင့်မုန့် အရောင်းပြတင်းပေါက်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အမျိုးအစားစုံလင်ပြီး အရောင်အသွေး စိုပြည်လှသည့် လက်ဖက်ရည်နှင့်မုန့်များဖြင့် ပြည့်နှက်နေသော သေသပ်စွာ ချထားသည့် မှန်ဗီရိုအရောင်းကောင်တာများကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။

ရှောင်ယန်မှာ ဝေ့ဝဲကြည့်လိုက်ရာ အနည်းဆုံး အရောင်အမျိုးမျိုးရှိသော မုန့် (၁၀) မျိုးထက်မကကို မြင်လိုက်ရသည်။ မှန်ဗီရိုများ၏ ဘေးတွင်မူ အနုစိတ်ဒီဇိုင်းဖော်ထားသော ထိုင်ခုံနေရာများ ရှိနေပြီး ဧည့်သည်များသည် ဆိုင်အတွင်း၌ပင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသောမုန့်များကို တိုက်ရိုက်မြည်းစမ်းနိုင်ကြပြီ ဖြစ်၏။ အရောင်းဗီရိုများနှင့် ထိုင်ခုံနေရာများကို ကျော်ပြီး ထောင့်တစ်နေရာကို ကွေ့လိုက်လျှင်မူ မုန့်ပြုလုပ်ပုံအဆင့်ဆင့်ကို အနီးကပ်ကြည့်ရှုနိုင်သည့် ဖောက်ထွင်းမြင်ရသော ထုတ်လုပ်မှုပြသရာနေရာ ရှိနေသည်။ ထိုဖောက်ထွင်းမြင်ရသော ထုတ်လုပ်မှုပြသရာနေရာသို့ ရောက်သောအခါမှ ရှောင်ယန်သည် ရင်းနှီးသော ခံစားချက်ကို နောက်ဆုံးတွင် ရရှိလိုက်တော့၏။ ၎င်းကို ဟဲယဲ့တည်းခိုခန်းဟောင်းမှ ပြတင်းပေါက်အတိုင်း လုံးဝဖောက်ထွင်းမြင်ရသည့် မှန်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ယခုအခါ ထုတ်လုပ်မှုဧရိယာမှာ ပို၍ကျယ်ဝန်းလာကာ မှန်များမှာလည်း ပို၍ကြည်လင်နေသလိုပင်။ မှန်တစ်ဖက်မှတစ်ဆင့် ရှောင်ယန်သည် ဟုန်လျန်ကို မြင်လိုက်ရသည်။ သူမ မုန့်လုပ်သည့် အဓိက စားဖိုမှူးကြီးအဖြစ် ရှိနေဆဲပင်။ ဤတစ်ကြိမ်တွင် သူမ၏ ဘေးပတ်လည်၌ မျက်နှာသစ်များစွာ ရှိနေသည်။ စားဖိုမှူးသစ်များမှာ ကျွမ်းကျင်ဖျတ်လတ်ကြပြီး သူတို့၏ လှုပ်ရှားမှုများတွင် ဟုန်လျန်အပေါ် ရိုသေလေးစားမှုများ သိသိသာသာ ပေါ်လွင်နေ၏။ ထိုအခါမှ ရှောင်ယန်မှာ စိတ်အေးသွားရသည်။ စားဖိုမှူးတွေ မပြောင်းလဲသရွေ့တော့ မုန့်အရသာ ဆိုးရွားသွားမှာ မဟုတ်ပါဘူးလေ။

မှန်ဗီရိုများရှေ့တွင် လူများ တန်းစီနေကြပြီ ဖြစ်သည်။ လက်ဖက်ရည်နှင့်မုန့်အရောင်းပြတင်းပေါက်မှ ဝန်ထမ်းများသည် သေသပ်သော ယူနီဖောင်းများကို ဝတ်ဆင်ထားကာ ပြုံးရွှင်သောမျက်နှာဖြင့် ဧည့်သည်များကို မုန့်အမျိုးမျိုး၏ ထူးခြားချက်များနှင့် အရသာများကို စိတ်အားထက်သန်စွာ ရှင်းပြနေကြပြီး ဧည့်သည်များ စိတ်ကြိုက်မုန့်များကို ရွေးချယ်နိုင်ရန် ကူညီပေးနေကြ၏။ ရှောင်ယန်သည် မှန်ဗီရိုထဲမှ မုန့်များကို ကြည့်ကာ စားချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။ မုန့်အသစ်တွေပဲ သူလည်း စားချင်တာပေါ့။

“မင်္ဂလာပါ ဘယ်မုန့်က အကောင်းဆုံးလဲဆိုတာ အကြံပေးလို့ရမလား”

ဗီရိုထဲမှ မုန့်တိုင်းမှာ အမည်ကပ်ပြားလေးတွေ ပါသော်လည်း ရှောင်ယန်မှာ ဘာရွေးရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေသည်။ အရောင်းဝန်ထမ်းလေးမှာ မှန်ဗီရိုကို ညွှန်ပြရင်း ရှင်းပြ၏။

“ရုယီကိတ် ၊ ဆီးသီးနဲ့ အာလူးကိတ် ၊ သစ်အယ်သီးမှုန့်ကိတ်နဲ့ ခရင်မ်ပါတဲ့ ထင်းရှူးစေ့လိပ်မုန့်တွေက ကျွန်မတို့ရဲ့ နာမည်ကြီး မုန့်တွေပါရှင်၊ ဧည့်သည်တော် ဒီမှာ မြည်းစမ်းကြည့်ဖို့ နမူနာမုန့်တွေ ရှိပါတယ်၊ မြည်းကြည့်လို့ ရပါတယ်ရှင်”

မြည်းစမ်းဖို့ နမူနာတွေ ရှိတာလား။ ရှောင်ယန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ပထမဆုံးအကြိမ် လာဖူးသည့် ဖောက်သည်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ မုန့်အမျိုးအစားတိုင်းကို မြည်းစမ်းကြည့်လိုက်သည်။ အရသာရှိလိုက်တာ မူလအရသာအတိုင်းပါပဲ သူအကြိုက်ဆုံးကတော့ ခရင်မ်ပါတဲ့ ထင်းရှူးစေ့လိပ်မုန့်ဖြစ်နေတုန်းပင်။

“ခရင်မ်ပါတဲ့ ထင်းရှူးစေ့လိပ်မုန့် နှစ်ဘူး အရင်ပေးပါ”

မြည်းစမ်းပြီးနောက် ရှောင်ယန်မှာ မုန့်အရသာကြောင့် စိတ်ချသွားရသည်။ သူမှတ်မိနေသည့် အရသာနဲ့ တစ်ထပ်တည်းပင်။ စားပွဲထိုးလေးမှာ ဗီရိုထဲမှ မုန့်နှစ်ဘူးကို ထုတ်ယူကာ အိတ်ထဲ ထည့်ပေးရင်း ဆက်လက် မိတ်ဆက်သည်။

“အကယ်၍ ဧည့်သည်တော်က လမုန့်ပုံစံမုန့်တွေကို ကြိုက်တယ်ဆိုရင်တော့ ဖရုံစေ့ထင်းရှူးစေ့ လမုန့်၊ ကန်စွန်းဥဖတ်မုန့်နဲ့ ဘဲဥငန်ပါတဲ့ လမုန့်၊ ပြီးတော့ အသားနဲ့ အသီးအရွက်ချဉ်ပါတဲ့ လမုန့်တွေကို ကြည့်နိုင်ပါတယ်ရှင်”

“အသားနဲ့ အသီးအရွက်ချဉ်လား”

ရှောင်ယန် အနည်းငယ် အံ့သြသွားသည်။ အချိုမဟုတ်ဘဲ အငန်အရသာရှိသော လမုန့်များရှိသည်ကို သိသော်လည်း အသားပါသော လမုန့်ဆိုသည်မှာ သူ့အတွက် ထူးဆန်းနေ၏။ စားပွဲထိုးလေးမှာ နမူနာမုန့်တစ်ခုကို ကမ်းပေးလိုက်သည်။

“ဒါက အခုလေးတင် ဖုတ်ထားတာပါ ဧည့်သည်တော်၊ မြည်းကြည့်ပါဦး”

ရှောင်ယန် အနည်းငယ် သတိထားပြီး အစမ်းသဘော အကိုက်လေး တစ်ချက် ကိုက်လိုက်သည်။ ရွှေဝါရောင်သန်းနေပြီး ကြွပ်ဆတ်နေသော မုန့်သားကို သူ ညင်သာစွာ ကိုက်လိုက်ရာ ပထမဆုံးအနေဖြင့် လမုန့်အပေါ်ယံလွှာ၏ ကြွပ်ဆတ်နူးညံ့မှုကို ခံစားလိုက်ရသည်။ ၎င်းသည် ပါးစပ်ထဲတွင် အိခနဲ ပျော်ဝင်သွားပြီး ဂျုံနံ့သင်းသင်းနှင့် ဆီရနံ့လေးကို ထုတ်လွှတ်လိုက်၏။ ဟဲယဲ့တည်းခိုခန်းရဲ့ မုန့်သား ပြုလိုက်ပုံမှာ အရင်အတိုင်းပင် အထူးကောင်းမွန်နေဆဲပင်။ ထို့နောက်တွင်မူ အရသာရှိသော အသားအစာသွပ်၏ အရည်အဆီများမှာ ပါးစပ်အတွင်း၌ ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်။ အသားကို အဆင့်မြင့် ဝက်သုံးထပ်သားဖြင့် ပြုလုပ်ထားပြီး အသေအချာ အနုစိတ် နယ်ဖတ်ထားသဖြင့် အသားမှာ နူးညံ့ကာ အရည်ရွှမ်းပြီး အရသာ ကြွယ်ဝလှသည်။ ထို့အပြင် အသီးအရွက်ချဉ် ထည့်ထားခြင်းမှာ တကယ့်ကို အထိမိဆုံးပင်။ အသီးအရွက်ချဉ်၏ အငန်ဓာတ်နှင့် ကြွပ်ဆတ်မှုမှာ အသားအစာသွပ်၏ အရသာနှင့် လိုက်ဖက်ညီလှပြီး ထူးခြားသော အရသာအလွှာများကို ဖန်တီးပေးထားသည်။ အသီးအရွက်ချဉ်၏ အငန်ဓာတ်မှာ အသား၏ အဆီပြန်မှုကို အချိုးကျကျ ထိန်းညှိပေးထားသဖြင့် လမုန့်တစ်ခုလုံး၏ အရသာမှာ အလွန်ပင် မျှတသွားစေသည်။ သူ ဝါးလိုက်သည့်အခါ အသားနှင့် အသီးအရွက်ချဉ်တို့၏ အရသာများသည် လမုန့်သား၏ ကြွပ်ဆတ်မှုနှင့်အတူ ပါးစပ်ထဲတွင် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ထူးခြားသော အရသာအတွေ့အကြုံကို ပေးစွမ်းလေ၏။ ရှောင်ယန် စားပြီးနောက် ခေါင်းကို အဆက်မပြတ် ညိတ်ရင်း ပြောသည်။

“ဒီမုန့်ကိုလည်း တစ်ဘူး ပေးပါဦး”

စားပွဲထိုးလေး ဆက်လက် မိတ်ဆက်ပြန်သည်။

“ဧည့်သည်တော်က ရိုးရာမုန့်တွေကို တကယ်ကြိုက်တာပဲနော်၊ ကျွန်မတို့ အသစ်ထွက်ထားတဲ့ ရေမုန်ညင်းမှုန့်ကိတ် ၊ ကြက်ဆီလိပ်မုန့်နဲ့ ခရင်မ်ပါတဲ့ သစ်သီးမုန့်လေးတွေလည်း ရှိပါသေးတယ်၊ မုန့်ချည်းပဲစားရင် လည်ချောင်းခြောက်နိုင်လို့ ပေါင်းထားတဲ့ သကြားဒိန်ခဲ နဲ့ နို့ငှက်သိုက်တို့ကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်ရှင်”

ရှောင်ယန် နားထောင်ရင်း ခေါင်းညိတ်သည်။

“ကောင်းပြီ၊ ကောင်းပြီ”

သူသည် မုန့်အမျိုးအစားတိုင်းကို တစ်ပွဲစီ စားချင်နေမိတော့သည်။ မိသားစု (၅) ယောက်သား အနီးအနားက စားပွဲတစ်ခုတွင် ထိုင်ကာ ဗိုက်တွေ တင်းကားနေအောင် စားကြတော့၏။ ပေါင်ပေါင်၏ မျက်နှာလေးမှာတောင် မုန့်အမှုန့်လေးတွေ ပေကျံနေလေသည်။ မုန့်များ စားပြီးနောက် မိသားစုဝင်များသည် တင်းကားနေသော ဗိုက်များကို ပွတ်ရင်း တည်းခိုခန်းအတွင်း ဆက်လက် လှည့်လည်ကြည့်ရှုကြသည်။ မုန့်အရောင်းပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင်တွင် စားသောက်ခန်းမ ရှိနေပြီး အဘိုးကြီးဝမ်သည် လျန်အိုက်တနှင့် သူ၏အဖွဲ့ ဆန်ပြုတ်သောက်နေသည်ကို မြင်လိုက်ရ၏။ အဘိုးကြီးဝမ် လေတက်လိုက်သည်။ သူ တကယ်ကို ထပ်မစားနိုင်တော့ပေ။ မဟုတ်ရင်တော့ ဆန်ပြုတ်အနည်းငယ် ဝင်သောက်မိမှာ သေချာသည်။

စင်္ကြံလမ်းအတိုင်း ရှေ့သို့ ဆက်လျှောက်လာရာ မိသားစုဝင်များသည် ပြင်ပပန်းခြံတစ်ခုသို့ ရောက်ရှိလာကြသည်။ ပန်းခြံအတွင်း၌ ပန်းနံရံများမှာ အရောင်အသွေးစုံလင်သော ကန့်လန့်ကာများကဲ့သို့ ရှိနေကြပြီး ပန်းခြံတစ်ခုလုံးကို အပိုင်းပိုင်း ခွဲခြားထားကာ ရွေ့လျားနေသော ရှုခင်းအလှကို ဖန်တီးပေးထား၏။ ပန်းနံရံများကို ပန်းဥယျာဉ်မှူးများမှ ထူးခြားသော ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်အောင် ကျွမ်းကျင်စွာ ပုံဖော်ထားကြရာ အနုပညာရသ အပြည့်ရှိလှသဖြင့် ပေါင်ပေါင်မှာ လမ်းတစ်လျှောက်လုံး စိတ်ဝင်တစား ငေးကြည့်နေခဲ့သည်။ ပန်းခြံအတွင်းရှိ လမ်းကလေးများမှာ ကွေ့ကောက်နေပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပန်းပင်များနှင့် သစ်ပင်စိမ်းစိမ်းများမှာ လေပြေထဲတွင် ညင်သာစွာ ယိမ်းနွဲ့ရင်း လန်းဆန်းသော ရနံ့များကို ထုတ်လွှတ်နေကြသည်။ လမ်းကွေ့တိုင်းတွင် မတူညီသော အံ့သြစရာများ ဖုံးကွယ်နေပြီး အချို့နေရာတွင် ပွင့်အာနေသော နှင်းဆီအုပ်စုများ အချို့နေရာတွင်မူ တင့်တယ်လှပသော သစ်ခွအုပ်စုများကို တွေ့ရတတ်ရာ နေရာတိုင်းမှာ ရပ်တန့်ကြည့်ရှုပြီး ဓာတ်ပုံရိုက်ရန် ထိုက်တန်လှသည်။

ပန်းခြံ၏ ထောင့်အသီးသီးတွင်လည်း ခုံတန်းရှည်များနှင့် စားပွဲများကို ထားရှိပေးထားသဖြင့် လူများ ထိုင်ကာ လှပသော ရှုခင်းများကို ကြည့်ရင်း အပန်းဖြေနိုင်ကြသည်။ ပို၍အံ့သြစရာကောင်းသည်မှာ တည်းခိုခန်းမှ အဆင်ပြေသော ဝန်ဆောင်မှုများကိုလည်း ပေးထားခြင်းပင်။ ပန်းခြံထဲမှ QR ကုဒ်ကို စကန်ဖတ်လိုက်ရုံဖြင့် ကော်ဖီနှင့် မုန့်များကို လာရောက်ပို့ဆောင်ပေးရန် ဝန်ထမ်းကို အလွယ်တကူ ခေါ်ယူနိုင်၏။ ဧည့်သည်များသည် ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ မွှေးပျံ့သော ကော်ဖီကို သောက်ရင်း၊ ရှေ့မှ လှပသော ရှုခင်းများကို ခံစားကာ အေးချမ်းဆိတ်ငြိမ်မှုကို ရရှိနိုင်ကြသည်။ ပန်းခြံ၏ အဆုံးတွင် သံဇကာစည်းရိုးတစ်ခု ရှိသည်။ သံဇကာပေါ်တွင် နှင်းဆီအပင်များ နွယ်တက်နေကြပြီး သူတို့၏ အကိုင်းအခက်များမှာ တစ်ခုနှင့်တစ်ခု ရောယှက်ကာ သဘာဝ အစိမ်းရောင် အကာအကွယ်တစ်ခုကို တည်ဆောက်ထားသည်။ ထိုအပင်များကြားတွင် အနီရောင်၊ ပန်းရောင်နှင့် အဖြူရောင် ပန်းလေးများမှာ စိမ်းလန်းသော နောက်ခံတွင် ကြယ်ကလေးများကဲ့သို့ စုံလင်စွာ ပွင့်နေကြသည်။ သံဇကာပေါ်မှ တံခါးငယ်လေးမှာ ဤဆန်းကြယ်သော ပန်းခြံသို့ သွားရာ တစ်ခုတည်းသော လမ်းဖြစ်၏။

ဖန်းခဲ့သည် တံခါးရှေ့တွင် ရပ်ကာ စပ်စုချင်စိတ်များ ပြင်းပြလာသည်။ သူမသည် တံခါးကြားမှတစ်ဆင့် ပန်းခြံ၏ အတွင်းပိုင်းအထိ ငေးကြည့်ကာ ၎င်း၏ လျှို့ဝှက်ချက်များကို ရှာဖွေချင်နေမိ၏။ ပန်းအုပ်စုများကို ကျော်ဖြတ်ကြည့်လိုက်ရာ ဖန်းခဲ့၏ အကြည့်မှာ စင်မြင့်တစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ ၎င်းမှာ အသေအချာ တည်ဆောက်ထားသော စင်မြင့်တစ်ခုဖြစ်ပြီး စိုပြည်သော အပင်များဖြင့် ဝန်းရံထားကာ စင်မြင့်၏ နောက်ခံမှာ ပန်းအစစ်များနှင့် သစ်ရွက်စိမ်းများဖြင့် ပြုလုပ်ထားသည်။ နံရံပေါ်မှ ပန်းများသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ပွင့်နေကြပြီး သစ်ရွက်စိမ်းများမှာလည်း ဝေဆာနေကာ သက်ဝင်လှပသော သုံးဖက်မြင် ပန်းချီကားတစ်ချပ်သဖွယ် ရှိနေသည်။ သစ်ရွက်များကြားမှ တိုးဝင်လာသော နေရောင်ခြည်မှာ စင်မြင့်ပေါ်သို့ ဖြာကျနေပြီး မြင်ကွင်းတစ်ခုလုံးကို နွေးထွေးနူးညံ့သော အလင်းအမှောင်များဖြင့် အလှဆင်ပေးထားသည်။ ဖန်းခဲ့ ရှောင်ယန်ကို လှမ်းဆွဲလိုက်သည်။

“လာကြည့်ပါဦး ဒီစင်မြင့်က လက်ထပ်ခွင့်တောင်းဖို့ နေရာပဲ၊ ရှင်တုန်းကကျတော့ ဘာလို့ ရင်ပြင်ငယ်လေးမှာ လက်ထပ်ခွင့်တောင်းခဲ့တာလဲ၊ အဲဒါက တကယ့်ကို အနုပညာမဆန်လိုက်တာ”

ရှောင်ယန်သည်လည်း သံဇကာကြားမှ ထိုလှပသော မြင်ကွင်းကို ချောင်းကြည့်လိုက်ရာ အနုပညာအမြင် သိပ်မရှိသော သူပင်လျှင် ပန်းများဝန်းရံနေသည့် ထိုစင်မြင့်၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

“ပြီးတော့ ဒီမှာ မက်မွန်သီးနံ့လိုမျိုး အနံ့လေးသင်းနေတာပဲ”

ဖန်းခဲ့ ထိုစင်မြင့်ကို ကြည့်ရင်း ပို၍ပင် အားကျလာသည်။ တံခါးပိတ်ထားသည်မှာ နှမြောစရာပင်။ မဟုတ်လျှင် ရှောင်ယန်သည် ဖန်းခဲ့ကိုခေါ်ပြီး ထိုစင်မြင့်ပေါ်တွင် အမှတ်တရဓာတ်ပုံ လှလှလေး ရိုက်ချင်မိမှာ သေချာ၏။ သူတို့နှစ်ဦးမှာ နှမြောတသစိတ်ဖြင့် ထွက်ခွာခဲ့ကြသည်။ အစိမ်း‌ရောင်နံရံကြီးနှင့် ရောယှက်နေသော အကိုင်းအခက်တစ်ခုမှာ စင်မြင့်နောက်ဘက်သို့ ဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာသွားသည်ကိုတော့ ထိုမိသားစု လုံးဝ သတိမထားမိလိုက်ကြပေ။ စင်မြင့်နောက်ဘက်တွင်မူ မည်သူမှ မသိနိုင်သည့် စိုက်ပျိုးရေးမြေကွက်တစ်ခု ရှိနေပြီး ထိုနေရာတွင် မက်မွန်ပင်တန်းများနှင့် သီးသန့်နေရာတစ်ခုကို ပိုင်ဆိုင်ထားသည့် ဝက်သစ်ချပင်ကြီးတစ်ပင်ကို စိုက်ပျိုးထားလေသည်။

All Chapters