အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) - သားရဲစွမ်းရည်များ
အန်းရှန်းရွာ…
တိတ်ဆိတ်ငြိမ်သက်နေသော ညသန်းခေါင်ယံအချိန်တွင် မြေသားလမ်းမပေါ်သို့ ထွက်လာသော ရွာသားဟူ၍ အနည်းအကျဉ်းသာ ရှိလေသည်။
အနီးအနားရှိ တောင်တန်းများမှ သားရဲများ၏ တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ကြသဖြင့် ရွာသားများသည် မိမိတို့အိမ်များအတွင်း၌သာ လုံခြုံစွာ နေထိုင်ကြသည်။
လမ်းမ၏အဆုံးတွင် ပြိုကျပျက်စီးလုနီးပါးဖြစ်နေသည့် သစ်သားတဲလေးအပြင်ဘက်မှ တိုးညင်းသော ညည်းညူသံတစ်ခုကို ကြားလိုက်ရပေသည်။
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်သည် တဲအပြင်ဘက်ရှိ မြေသားလမ်းပေါ်တွင် လဲလျောင်းနေလေသည်။
သူသည် ပိန်လှီကာ အားနည်းနေသော်ငြား ကျန်းမာသန်စွမ်းနေမည်ဆိုပါက ချောမောမည့်ရုပ်ရည်မျိုး ရှိနေကြောင်းကိုမူ သူ၏သွင်ပြင်အား ကြည့်ရှုခြင်းဖြင့် သိနိုင်နေလေသည်။
“ဘာတွေဖြစ်သွားတာလဲ... ရေနစ်နေတဲ့ ကလေးကို ငါ ကယ်နေတုန်းလေ”
လင်းဖန်သည် မျက်လုံးများကို ဖွင့်ကာ သူကြုံတွေ့နေရသည့် အခြေအနေကို နားလည်နိုင်ရန် ကြိုးစားလိုက်သည်။
“အား”
သူ၏ခေါင်းမှာ ရုတ်တရက် ထိုးကိုက်သွားပြီး မရင်းနှီးသော မှတ်ဉာဏ်အပိုင်းအစများသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာချေသည်။
အားလုံး ငြိမ်သက်သွားချိန်တွင် လင်းဖန်တစ်ယောက် သူ ဝိညာဉ်ကူးပြောင်းလာခဲ့ကြောင်း နားလည်သွားလေသည်။
ကမ္ဘာမြေမှ အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်သည့် သူသည် အားကောင်းလှသော ဂိုဏ်းကြီးများနှင့် မိစ္ဆာသားရဲများရှိရာ ဤကမ္ဘာလောကရှိ နာမည်တူ အသက်ဆယ့်လေးနှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
ဤကောင်လေးသည် ဤရွာ၌ ဖခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့သော်လည်း သူ၏ဖခင်မှာ မကြာသေးမီကပင် ကွယ်လွန်သွားခဲ့ပြီး အသက်ရှင်ရပ်တည်ရန်အတွက် အစားအစာနှင့် ငွေကြေးများကို မရှာဖွေနိုင်တော့ပေ။
ကောင်လေး၏ မှတ်ဉာဏ်များမှတစ်ဆင့် ဆွေမျိုးများသည် ကောင်လေးအပေါ် မည်မျှစိမ်းကားခဲ့ကြောင်း လင်းဖန် ခံစားသိရှိနေရဆဲ ဖြစ်လေသည်။
မည်သူကမျှ သူ့ကို ကူညီရန် ကမ်းလှမ်းခဲ့ခြင်း မရှိချေ။
ဤကဲ့သို့ လျစ်လျူရှုမှုများအပေါ် လင်းဖန် ဒေါသထွက်မိလေသည်။
သို့သော်ငြား ဒေါသထွက်ရန်ပင် အားအင်မရှိတော့ချေ။
ဆာလောင်မှုကိုသာ သူ ခံစားနေရသည်။
ကောင်လေးသည် ရက်အတော်ကြာ အစာမစားရသဖြင့် ဆာလောင်မွတ်သိပ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။
ထိုအချိန်၌ လင်းဖန် ကူးပြောင်းလာပြီး ဤကိုယ်ခန္ဓာကို ဆက်ခံလိုက်ခြင်း ဖြစ်ပေသည်။
“စားစရာတစ်ခုခု ရှာမှဖြစ်မယ်”
ဤလောကတွင် ကြီးပွားတိုးတက်ရန်အတွက် သူသည် ဦးစွာ အသက်ရှင်ကျန်ရစ်ရန် လိုအပ်ပေသည်။
သူသည် အားယူ၍ ထလိုက်ပြီး သူ၏သစ်သားတဲလေးထဲသို့ ဖြည်းညင်းစွာဖြင့် ယိုင်နဲ့နဲ့ လျှောက်သွားလိုက်သည်။
သစ်သားတဲထဲတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးမှလွဲ၍ ဘာမျှမရှိချေ။
လင်းဖန်သည် တဲအား ထောင့်စေ့အောင် မွှေနှောက်ရှာဖွေလိုက်သော်လည်း ဘာတစ်ခုမျှ မတွေ့ရပေ။
ဆန်တစ်စေ့ပင် မရှိပေ။
“အိမ်နီးချင်းတွေဆီက စားစရာနည်းနည်းလောက် သွားချေးရင် ကောင်းမလား”
လင်းဖန် တွေးလိုက်မိသော်လည်း ထိုသို့ မလုပ်ဖြစ်ခဲ့ချေ။
သူ၏အိမ်နီးချင်းဖြစ်သူ ဦးလေးလျိုသည် သူ့အား တတ်နိုင်သမျှ ကူညီပေးခဲ့ဖူးလေသည်။
သို့သော်လည်း ဦးလေးလျိုမှာ ပြည့်စုံလှသည်မဟုတ်ဘဲ ပြုစုစောင့်ရှောက်ရမည့် ကိုယ်ပိုင်မိသားစု ရှိနေသေးသည်။
“လျို၊ ရှင့်ဟာလေ အဲဒီကလေးကို ထပ်ကူညီရဲကူညီကြည့်၊ အိမ်ကို ဘယ်တော့မှ ပြန်မလာနဲ့တော့။ ရှင့်သားအတွက်လည်း စားစရာလိုသေးတယ်”
“ဒါပေမဲ့ လင်းဖန်လေးက ဘယ်သူမှမရှိဘဲ တစ်ကောင်ကြွက်လေး ဖြစ်နေရှာတာကိုကွာ”
လင်းဖန် ထိုအကြောင်း တွေးနေစဉ်မှာပင် ဦးလေးလျိုနှင့် သူ၏ဇနီးတို့မှာ သူ့အား ကူညီမည့်ကိစ္စနှင့်ပတ်သက်၍ ရန်ဖြစ်နေသံကို ကြားလိုက်ရလေသည်။
၎င်းက အိမ်နီးချင်းများထံမှ အစားအစာမချေးရန် လင်းဖန်၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေသည်။
သူ့အတွက် ကျန်ရှိနေသော တစ်ခုတည်းသော ရွေးချယ်စရာမှာ အစားအစာအတွက် အမဲလိုက်ရန်သာ ဖြစ်ပေတော့သည်။
လင်းဖန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်ရာ မိုးလင်းလုနီးပါး ဖြစ်နေပြီကို တွေ့လိုက်ရသည်။
အကယ်၍ သူသာ ကံကောင်းပါက နေမထွက်မီ အစာရှာထွက်လာသော တောယုန် သို့မဟုတ် အခြားသော သားကောင်ငယ်များကို ဖမ်းမိနိုင်ချေ ရှိလေသည်။
လင်းဖန်သည် တောထဲသို့ မထွက်ခွာမီ ထင်းခုတ်ရာတွင်သုံးသော ပုဆိန်ကို ကောက်ယူလိုက်သည်။
ထိုအရာက တဲထဲ၌ရှိသော တစ်ခုတည်းသော လက်နက်ဖြစ်ပေသည်။
သူသည် ပုဆိန်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် လေထဲသို့ ရမ်းခုတ်ကြည့်လိုက်သည်။
လင်းဖန်သည် သတိထားခြင်းနှင့် ကြိုတင်ပြင်ဆင်မှုရှိခြင်းအပေါ် အမြဲယုံကြည်သူ ဖြစ်သည်။
ပုဆိန်နှင့် အတော်အတန် အဆင်ပြေသွားသည်ဟု ခံစားရသောအခါ သူ တဲထဲမှ ထွက်လာခဲ့လေသည်။
သူ တဲပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏စိတ်ထဲတွင် စက်သံတစ်ခု မြည်ဟည်းလာချေသည်။
[ဒင်]
[စနစ်ပိုင်ရှင်၏ ရှင်သန်ကြီးပွားလိုသော ရဲစွမ်းသတ္တိနှင့် စိတ်ပိုင်းဖြတ်မှုကို စနစ်က ထောက်လှမ်းသိရှိသွားပါပြီ]
[သားရဲစွမ်းရည်စနစ်ကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
[မည်သည့်သားရဲကိုမဆို သတ်ဖြတ်ပါက ၎င်းတို့၏ စွမ်းရည်များကို ဆုလာဘ်အဖြစ် ရရှိပါမည်]
[သင့်အား အန္တရာယ်ပြုလိုသော မကောင်းဆိုးဝါးအင်အားစုများကို သတ်ဖြတ်ခြင်းဖြင့် လက်စားချေမှတ်များ ရယူနိုင်ပါသည်]
[လက်စားချေမှတ်များကို အသုံးပြု၍ သင့်စွမ်းရည်များနှင့် ရုပ်ခန္ဓာကို အဆင့်မြှင့်တင်နိုင်ပါသည်]
[လက်ရှိ သားရဲစွမ်းရည် - ၀]
[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၁ (အဆင့်မြှင့်တင်ရန် လက်စားချေမှတ် ၁၀၀ လိုအပ်သည်)]
[လက်ရှိ လက်စားချေမှတ် - ၀]
[ကြိုဆိုသည့် လက်ဆောင် - ပြန်လည်နာလန်ထစွမ်းအင်]
ချက်ချင်းဆိုသလိုပင် လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ အားအင်များ ပြန်လည်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
စနစ်၏ ဆုလာဘ်ကြောင့် သူ အံ့သြစိတ်ဝင်စားသွားလေသည်။
သားရဲတစ်ကောင်၏ စွမ်းရည်အား ရရှိခြင်းမှာ မည်သည့်အရာကိုဆိုလိုသနည်း။
ရုပ်ခန္ဓာအား အဆင့်မြှင့်တင်ခြင်းမှာလည်း မည်သို့သောအရာနည်း။
“သိနိုင်မယ့် နည်းလမ်းက တစ်ခုတည်းပဲ ရှိတာပေါ့”
လင်းဖန်သည် မိမိဘာသာ ရေရွတ်ရင်း ပုဆိန်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ကီလိုမီတာအနည်းငယ်အကွာရှိ တောအုပ်အစပ်ဆီသို့ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။
ထိုသို့သွားရာလမ်းတွင် နေ့သစ်ကို စတင်နေကြသော ရွာသားများသည် လင်းဖန်အား မြင်သောအခါ အံ့အားသင့်သွားကြသည်။
သူတို့အများစုမှာ သူ့အား ညဘက်တွင် အသက်ရှင်လိမ့်မည်ဟု မထင်ထားခဲ့ကြဘဲ အဆိုးရွားဆုံး အခြေအနေအတွက်ပင် ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်လေသည်။
သူသည် သူတို့အား ဂရုမစိုက်တော့ဘဲ ပြုံးပြခေါင်းညိတ်ကာ သူ၏ခရီးကို ဆက်နှင်ခဲ့လေသည်။
“သူက အမဲလိုက်ဖို့ တောထဲသွားမလို့လား”
“ဟုတ်မယ် ထင်တယ်။ ဒီရာသီက သားရဲတွေ သွားလာကျက်စားနေတတ်တော့ အန္တရာယ်များတယ်လေ”
“ဟုတ်ပါ့၊ လျိုဆို ပြီးခဲ့တဲ့လက မီးဝံပုလွေတစ်ကောင်နဲ့ သီသီလေး လွတ်လာတာ။ ငါတောင် လွန်ခဲ့တဲ့ အပတ်တွေကတည်းက အစာရှာဖို့ အမဲလိုက် မထွက်ရဲတော့ဘူး”
“သူ့ကိုလည်း ကြည့်ဦးလေ၊ အရမ်းကို ပိန်လှီပြီး အားနည်းနေတာ။ သူ့မှာ တခြားရွေးချယ်စရာ ရှိမယ်မထင်ဘူး”
လင်းဖန် တောထဲသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ ရွာသားများက သူ၏အမဲလိုက်ခရီးစဉ်အကြောင်း အတင်းအဖျင်း ပြောနေကြလေသည်။
တောအုပ်ဘေးရှိ ကွင်းပြင်ဖြစ်သော သူ၏အမဲလိုက်ရာနေရာသို့ ရောက်သောအခါ သူသည် မြေပြင်တွင် ဝပ်လျားမှောက်ကာ သားကောင်ကို စောင့်ဆိုင်းနေလိုက်သည်။
သူ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် တောယုန်အချို့ကို သူ မြင်လိုက်ရပေသည်။
အစပထမတွင် သူသည် အစာရှာရန် ယုန်တွင်းထဲမှ ထွက်လာသော တောယုန်များထံသို့ ချဉ်းကပ်ကာ ခုန်အုပ်ရန် ကြိုးစားခဲ့သော်လည်း သူ အနီးသို့ မရောက်မီမှာပင် ယုန်များမှာ အမြဲတမ်း ထွက်ပြေးသွားတတ်ကြသည်။
ထိုနည်းဗျူဟာဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။
နောက်ထပ် သူကြိုးစားခဲ့သည့်အရာမှာ တောယုန်များအား ပုဆိန်ဖြင့် ပစ်ပေါက်ခြင်းပင် ဖြစ်လေသည်။
ပစ်လိုက်သော ပုဆိန်၏အရှိန်မှာ အကြားအာရုံနှင့် အမြန်နှုန်း ကောင်းမွန်လွန်းသော ယုန်များကို မီအောင် မမြန်ဆန်ခဲ့ပေ။
“တခြားနည်းလမ်း ရှိရမယ်”
လင်းဖန် သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
သိမ်းငှက်တစ်ကောင်သည် စက်ဝိုင်းပုံစံ ဝဲပျံနေလေသည်။
၎င်းသည်လည်း ယုန်များအား အမဲလိုက်နေခြင်း ဖြစ်ပေသည်။
ထိုအရာသည် လင်းဖန်အား အကြံတစ်ခု ရသွားစေခဲ့သည်။
သိမ်းငှက် တိုက်ခိုက်မည့်အချိန်ကို စောင့်ကာ၊ တိုက်ခိုက်မှုကြောင့် မူးဝေသွားမည့် တောယုန်များအား သူ အမဲလိုက်နိုင်ပေမည်။
ထို့ကြောင့် သူသည် ဝဲပျံနေသော သိမ်းငှက်၏နောက်သို့ လိုက်သွားလိုက်သည်။
ဝှစ်…
ထို့နောက် သိမ်းငှက်သည် ကျည်ဆန်တစ်တောင့်ကဲ့သို့ ဆင်းသက်လာပြီး ကံမကောင်းရှာသော တောယုန်လေးပေါ်သို့ ခုန်အုပ်လိုက်လေသည်။
အနီးအနားရှိ အခြားသော တောယုန်များသည်လည်း လန့်ဖြန့်ကာ အသက်လုပြေးကြတော့သည်။
၎င်းတို့ထဲမှ တစ်ကောင်မှာ လင်းဖန်ဆီသို့ ပြေးလာရာ ထိုအခိုက်တွင် ဗြတ်ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းဖန်၏ပုဆိန်သည် ထိုတောယုန်၏ခေါင်းအား ပိုင်းဖြတ်လိုက်လေသည်။
တောယုန်လေးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် မဖြစ်သွားမီ ခြေထောက်များမှာ တစ်ခဏမျှ တဆတ်ဆတ် တုန်ခါသွားလေသည်။
ထို့နောက် ရင်းနှီးနေသော အသံတစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်ထွက်လာချေသည်။
[ဒင်]
[တောယုန်ကို သတ်ဖြတ်ပြီးပါပြီ]
[သားရဲစွမ်းရည် စတင်နေပါပြီ - တောယုန်]