အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - သားကောင်နှင့် မုဆိုး
လူမိုက်အနည်းငယ်သည် တောအုပ်အစပ်တွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
မည်သူက စတင်လှုပ်ရှားမည်ကို စောင့်ဆိုင်းနေကြလေသည်။
အိမ်တော်ထိန်းလီ၏ တပည့်သည် ထိုအထဲမှ တစ်ယောက်၏ တင်ပါးကို ကန်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
“မင်းတို့ကို အလုပ်လုပ်ဖို့ ပိုက်ဆံပေးထားတာလေ၊ အခု သွားလုပ်ကြစမ်း”
လူမိုက်တို့သည် သူတို့အချင်းချင်း ညည်းညူမြည်တွန်ကြပြီးနောက် တောအုပ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေသည်။
ညနေစောင်းအချိန် ဖြစ်သော်လည်း တောအုပ်၏ ထူထပ်သော သစ်ရွက်အမိုးအကာတို့မှာ နေရောင်ခြည်အများစုအား ပိတ်ဆို့ထားပေသည်။
မှောင်မိုက်ကာ အန္တရာယ်ငွေ့များ သင်းပျံ့နေသော တောအုပ်ထဲတွင် အသက်အောင့်ထားမိကြစဉ် သူတို့၏ မျက်နှာအမူအရာများမှာ မာနဖောင်လွှားနေခြင်းမှ သတိထားလာသည့် အသွင်သို့ ပြောင်းလဲသွားချေပြီ။
အဝေးဆီမှ ခွေးအူသံများနှင့် သားရဲတို့၏ ဟိန်းဟောက်သံများမှာ သူတို့အား ပို၍ပင် ထိတ်လန့်လာစေသည်။
လင်းဖန်သည် ထူထပ်သော သစ်ပင်ပင်စည်များနောက်တွင် ပုန်းအောင်းနေပြီ သူတို့ ဝင်လာသည်ကို မြင်သောအခါ လှောင်ပြောင်အော်ဟစ်လိုက်လေသည်။
“ငါ့ကို လာဖမ်းကြစမ်း၊ သတ္တိကြောင်တဲ့ကောင်တွေ”
သူ၏အသံက တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားရာ လူမိုက်တို့မှာ ထိုအသံမှာ မည်သည့်နေရာမှ လာသည်ကို မဝေခွဲနိုင်တော့ဘဲ ဇဝေဇဝါ ဖြစ်သွားကြသည်။
“မင်းက ဟိုဘက်ကို သွားစစ်၊ ပြီးတော့ မင်းက ဒီဘက်ကို သွား”
အိမ်တော်ထိန်း၏ တပည့်သည် ၎င်း၏ ဓားကို ဆွဲထုတ်လိုက်ပြီး လူမိုက်တို့အား အမိန့်ပေး အော်ဟစ်လိုက်သည်။
လူမိုက်တို့သည်လည်း သူတို့၏ ဓားများအား အသီးသီး ဆွဲထုတ်ကြကာ ညွှန်ပြရာလမ်းအတိုင်း ထွက်သွားကြလေသည်။
လင်းဖန်သည် လူမိုက်တစ်ယောက်အား ပစ်မှတ်ထားလိုက်ပြီး သူ၏နောက်မှ ဖြည်းညင်းစွာ လိုက်သွားလေသည်။
လုံလောက်စွာ နီးကပ်သွားသောအခါ သူ၏ ‘အံ့ဖွယ်ခုန်ပျံခြင်း’ စွမ်းရည်ကို သက်ဝင်စေလိုက်သည်။
ဖုန်း…
လင်းဖန်သည် လူမိုက်၏ ကျောပြင်အား ပြင်းထန်စွာ ကန်ကျောက်လိုက်လေသည်။
မီတာငါးဆယ်အကွာအဝေးထိ ရောက်နိုင်သော ခုန်ပျံနိုင်စွမ်းနှင့်အတူ သူ၏ကန်ချက်မှာ လူမိုက်၏ ကျောရိုးအား ကျိုးကြေသွားစေခဲ့လေသည်။
လူမိုက်မှာ မြေပြင်ပေါ်တွင် စက္ကန့်အနည်းငယ်ခန့် တဆတ်ဆတ် တုန်ယင်နေပြီးနောက် ငြိမ်သက်သွားလေတော့သည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ကို အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။]
[ကလဲ့စားချေခြင်း အမှတ် + ၁၀]
[လက်ရှိ ကလဲ့စားချေခြင်း အမှတ် : ၁၀]
‘နောက်ဆုံးတော့ ကလဲ့စားချေခြင်း အမှတ်လေးတွေ ရလာခဲ့ပြီ’
လင်းဖန်သည် အချိန်ဖြုန်းမနေတော့ဘဲ လူမိုက်၏ ခန္ဓာကိုယ်ပေါ်မှ တန်ဖိုးရှိသည့် ပစ္စည်းများကို စတင်ရှာဖွေလိုက်သည်။
ပြန်လည်အသုံးပြုခြင်းကို ဂရုစိုက်တတ်သူ တစ်ယောက်အနေဖြင့် ဤတန်ဖိုးရှိသော အရာများကို အလဟဿ မဖြစ်စေသင့်ပေ။
‘မဆိုးဘူးပဲ’
လူမိုက်ထံတွင် ကြေးဒင်္ဂါးတစ်တွဲ ပါလာလေသည်။
လင်းဖန်က ကြေးဒင်္ဂါးတွဲကို သိမ်းဆည်းလိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော့်ဆီမှာ ဖွက်ထားတဲ့ ငွေစအချို့ ရှိပါတယ်။ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် အကုန်လုံးကို ယူလိုက်ပါ...”
ကျန်နေခဲ့သော လူမိုက်များမှာ သူ၏အသံကို ကြားသောအခါ ဆဲရေးတိုင်းထွာလိုက်ကြပြီး သစ်ရွက်ချုံပုတ်များဆီသို့ ရမ်းသန်းကာ ဒေါသတကြီး ခုတ်ပိုင်းကြလေသည်။
သူတို့၏ ခေါင်းထဲတွင် တွေးမိသည်မှာ ငွေစများအကြောင်းသာ ဖြစ်ပြီး လင်းဖန်အား ဖမ်းမိခဲ့သူသည် ထိုငွေများကို တစ်ကိုယ်ကောင်းဆန်စွာ သိမ်းမထားပါစေနှင့် ဟူ၍သာ ဖြစ်လေသည်။
လင်းဖန်သည် ထိုအခွင့်အရေးကို အသုံးချကာ လူမိုက်များအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားလေသည်။
“အာ့...”
လူမိုက်မှာ စကားတစ်ခွန်းမျှပင် မဟနိုင်လိုက်ပေ။
လင်းဖန်သည် သူ၏ မြားဖြင့် လူမိုက်၏ လည်ပင်းကို ထိုးစိုက်လိုက်လေသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ကို အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။]
[ကလဲ့စားချေခြင်း အမှတ် + ၁၀]
[လက်ရှိ ကလဲ့စားချေခြင်း အမှတ် : ၂၀]
ယခုတစ်ကြိမ်တွင်မူ လူမိုက်ထံ၌ ပါလာသည့်အရာ သိပ်မရှိလှပေ။
“နှစ်ယောက် ပြီးသွားပြီ။ သုံးယောက်ကျန်သေးတယ်။”
ထို့နောက် လင်းဖန်သည် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာစေရန် အမှောင်ထုထဲတွင် ပုန်းခိုနေလိုက်သည်။
“ငါ့အနားကို လာစုကြစမ်း။ သူက ငါတို့ကို လူခွဲချင်နေတာ။”
အိမ်တော်ထိန်း၏ တပည့်မှာ လင်းဖန်၏ လုပ်ရပ်များကို ရိပ်မိသွားချေပြီ။
သူတို့အား လူစုခွဲစေပြီး တစ်ယောက်ချင်းစီ အဆုံးစီရင်ရန်ပင် ဖဖြစ်လေသည်။
ကျန်ရစ်သော လူမိုက်နှစ်ယောက်မှာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဖြည်းညင်းစွာ နောက်ဆုတဖဖြစ်လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့ သုံးယောက်လုံး ပြန်လည်ပေါင်းဆုံမိသွားကြလေသည်။
သစ်ရွက်ချုံပုတ်များ သိပ်မရှိသော တောအုပ်ထဲမှ လွင်ပြင်ငယ်လေးတစ်ခုတွင် သူတို့အုပ်စုမှာ ရပ်နေကြသည်။
အမှောင်ထဲသို့ ဝင်ရောက်စွန့်စားကာ လင်းဖန်၏ ချုံခိုတိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခံတော့မည် မဟုတ်ပေ။
လင်းဖန်က သူတို့ ရှိနေသည့် နေရာကို ကြည့်လိုက်ပြီး အစီအစဉ်တစ်ခုကို စတင်ရေးဆွဲလေသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးတွင် မြားတစ်စင်း တပ်ဆင်လိုက်ကာ ထိုသုံးယောက်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဖုတ်…
သူတို့ မတုန့်ပြန်နိုင်ခင်မှာပင် လူမိုက်တစ်ယောက်၏ ခေါင်းအား မြားမှန်သွားလေသည်။
ထို့နောက် လင်းဖန်သည် သူ၏ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို သက်ဝင်စေလိုက်ပြီး အိမ်တော်ထိန်းတပည့်၏ ခေါင်းကို ဒူးဖြင့် တိုက်ချလိုက်သည်။
“အာ့...”
ထိုတပည့်မှာ နောက်သို့ လန်ကျသွားပြီး ချက်ချင်းပင် ငြိမ်သက်သွားလေတော့သည်။
“သေလိုက်စမ်း”
နောက်ဆုံးကျန်နေသည့် လူမိုက်သည် လင်းဖန်အား ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
လင်းဖန်မှာ ဤအချိန်အား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ရာ သူ၏ ‘ခြေမြန်’ စွမ်းရည်ကို သက်ဝင်စေလိုက်လေသည်။
သူသည် ဘေးသို့ ရှောင်ထွက်လိုက်သည်။ သူ၏ စွမ်းရည်ကြောင့် သူ၏အမြန်နှုန်းမှာ အလင်းရောင်တစ်ချက် လက်သွားသကဲ့သို့ မြန်ဆန်လွန်းလှပြီး လူမိုက်၏ ကျောဘက်သို့ ရောက်သွားချေပြီ။
လူမိုက် နောက်သို့ မလှည့်နိုင်မီမှာပင် လင်းဖန်သည် လူမိုက်၏ လည်ပင်းထဲသို့ မြားတစ်စင်း စိုက်သွင်းလိုက်သည်။
လူမိုက်မှာ ဒဏ်ရာကို ဖိကိုင်ထားရင်း လေကို ရှူရှိုက်ရန် ကြိုးစားနေစဉ် မသဲကွဲသောအသံများ ထွက်ပေါ်လာလေသည်။
အရာအားလုံး အဆုံးသတ်သွားသောအခါ လင်းဖန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကြီးတစ်ချက်ကို ချလိုက်သည်။
သူသည် မောပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း အနားယူရမည့်အချိန် မဟုတ်သေးချေ။
အလျင်စလိုပင် သူသည် ပြန်လည်အသုံးပြုနိုင်မည့် အခြားအရာများကို ထပ်မံရှာဖွေလိုက်လေသည်။
ကြေးဒင်္ဂါးတွဲ အနည်းငယ်ကို ထပ်မံတွေ့ရှိခဲ့လေသည်။
အံ့ဩစရာကောင်းသည်မှာ အိမ်တော်ထိန်း၏ တပည့်ထံတွင် ငွေစအချို့ ပါလာခြင်းပင်။
‘နေ့တစ်ဝက်လောက် အလုပ်လုပ်လိုက်ရပေမဲ့ မဆိုးလှဘူးပဲ’
လင်းဖန်သည် အလောင်းများကို မြှုပ်နှံရန် တူးဆွနေသော်လည်း သားရဲတို့၏ ဟိန်းဟောက်သံများကို ကြားလိုက်ရချိန်တွင် ရပ်တန့်လိုက်လေသည်။
‘ပြေးမှပဲ’
ထိုသားရဲများအား မယှဉ်နိုင်ကြောင်းကို သူ၏ အသိစိတ်မှ သတိပေးနေလေသည်။
လင်းဖန်သည် သူ၏ ပစ္စည်းများကို ကောက်ယူလိုက်ပြီး သူ၏ အံ့ဖွယ်ခုန်ပျံခြင်း စွမ်းရည်ဖြင့် တောအုပ်ထဲမှ ခုန်ထွက်လာခဲ့လေသည်။
သူ အဝေးသို့ ရောက်သွားစဉ်တွင် တရှပ်ရှပ် အသံများကို ကြားလိုက်ရလေသည်။
သားရဲများမှ အလောင်းများအား ဆွဲချသွားသည့် အသံများ ဖြစ်ဖို့ များပေသည်။
လင်းဖန် ရွာသို့ ပြန်ရောက်သောအခါ ရွာရေတွင်းတွင် သန့်စင်ဆေးကြောလိုက်သည်။
သွေးစွန်းနေမှုများမှာ ရွာသားများအား သံသယဝင်စေနိုင်သည် မဟုတ်ပါလော။
ည၏ အေးမြမှုနှင့်အတူ သူသည် သူ၏ စိတ်ထဲရှိ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။
[လက်ရှိ သားရဲစွမ်းရည် : ၁]
[တောယုန်စွမ်းရည် အဆင့် : ၁]
[လက်ရှိ ခန္ဓာကိုယ်အဆင့် : ၁ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၁၀၀)]
[လက်ရှိ ကလဲ့စားချေခြင်း အမှတ် : ၅၀]
ခန္ဓာကိုယ်အား အဆင့်မြှင့်တင်ရန် ကလဲ့စားချေခြင်း အမှတ် ၅၀ သာ လိုအပ်တော့လေသည်။
…
“ဘာလိုချင်လို့လဲ၊ ဒီနေ့တော့ ဆိုင်ပိတ်ပြီကွ”
လင်းဖန် သူ၏ဆိုင်သို့ ထပ်မံရောက်ရှိလာသည်ကို တွေ့သောအခါ ပန်းပဲဆရာက ပြောလိုက်သည်။
“ကျွန်တော် ယုန်တချို့ ဖမ်းမိခဲ့လို့ပါ။ လေးနဲ့ မြားတွေအတွက် တစ်ကောင်လောက် ယူထားပေးပါ။”
လင်းဖန်က လက်ကိုမြှောက်ကာ သူ ဖမ်းမိခဲ့သော တောယုန်များကို ပြသလိုက်သည်။
“ငါ မင်းကို သိပ်အများကြီး မကူညီနိုင်ဘူးဆိုတာ... နေပါဦး၊ မင်းက ယုန်တွေ ဖမ်းမိခဲ့တယ်ဟုတ်လား”
ပန်းပဲဆရာက ခေါင်းခါပြလိုက်ပြီး လင်းဖန်၏ တကယ့်ရည်ရွယ်ချက်ကို သတိမပြုမိခင် ကြိုတင်ပြင်ဆင်ထားသော စကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။
သူက စကားကို ရပ်လိုက်ပြီး လင်းဖန် ကိုင်ထားသည်ကို ကြည့်လိုက်သည်။
လင်းဖန် တကယ် လုပ်နိုင်ခဲ့သည်ပင်။
ကူကယ်ရာမဲ့နေသော ထိုကလေးသည် လေးနှင့် မြားအား ယူကာ အမဲလိုက်ထွက်ပြီးနောက် ယုန်တချို့ကို ဖမ်းမိလာခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ မည်သို့များ ဖြစ်နိုင်မည်နည်း။
“ကျေးဇူးပဲ။ အပြင်သွားရင်လည်း သတိထားဦး၊ တောအုပ်ထဲက သားရဲတွေက လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရတာ မဟုတ်ဘူး။”
ပန်းပဲဆရာက သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်ထားလိုက်ပြီး ယုန်တစ်ကောင်ကို ယူကာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
အကြွေးဆပ်ပြီးသွားသောအခါ လင်းဖန်သည် ဦးလေးလျို၏ နေရာသို့ ထွက်လာခဲ့လေတော့သည်။