အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) - ရွာသူကြီး
“လင်းဖန်၊ မင်း ဒီကို ဘာလာလုပ်တာလဲ”
လင်းဖန်သည် ဦးလေးလျိုအိမ်သို့ ဝင်လာသောအခါ ဦးလေးလျို၏ဇနီး မေဖုန်းမှာ သိပ်ပြီး သဘောကျဟန် မရချေ။
“ကျုပ် ဦးလေးလျိုဆီ ယုန်သားရေ လာရောင်းတာပါ။ အသားတွေ အကုန်လုံးလည်း ကျုပ်တစ်ယောက်တည်း စားလို့မကုန်နိုင်တာနဲ့ အတူတူစားကြရင် ကောင်းမယ် တွေးမိလို့ပါ”
လင်းဖန်က လက်ကိုမြှောက်ကာ သူဖမ်းလာသည့် တောယုန်သုံးကောင်ကို မေဖုန်းအား ပြလိုက်လေသည်။
မေဖုန်းသည် ထိုတောယုန်များကို မြင်သောအခါ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဒီလင်းဖန်ဆိုသည့်ကောင်လေးမှာ မကြာသေးမီကပင် သေလုမျောပါး ဖြစ်နေခဲ့သည် မဟုတ်လော။
ယခုမူ အမဲလိုက်နိုင်နေပြီး သူ့ကိုယ်သူပင် ရှာဖွေကျွေးမွေးနိုင်နေပြီ ဖြစ်သည်။
မေဖုန်းသည် လင်းဖန်အား အထက်အောက် သေချာစေ့စေ့ကြည့်ကာ မည်သည့်အရာများ ပြောင်းလဲသွားသနည်းဟု နားလည်နိုင်ရန် ကြိုးစားလိုက်လေသည်။
သို့သော်လည်း သူမ စဉ်းစား၍မရနိုင်ခဲ့ပေ။
လင်းဖန်၏ ဖြူဖတ်ဖြူရော်မျက်နှာမှာ ပျောက်ကွယ်သွားပြီး ပို၍ တက်ကြွလန်းဆန်းနေပုံ ပေါက်လာသည်မှအပ သူသည် ယခင်ကလိုပင် ပိန်လှီပြီး အားနည်းနေဆဲ ဖြစ်လေသည်။
ထိုစဉ် သူမ၏အတွေးတို့အား ရွှင်လန်းသော အသံတစ်သံက ဖြတ်တောက်လိုက်လေသည်။
“ဝိုး၊ အသားတွေ ထပ်ရပြန်ပြီ”
လျိုဟန်သည် ယုန်များကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ ခုန်ပေါက်နေလေတော့သည်။
“လျိုဟန် ငြိမ်ငြိမ်နေစမ်း။ လင်းဖန် မင်း အရင်ထိုင်ဦး။ ငါ ယုန်သားစွပ်ပြုတ် လုပ်လိုက်ဦးမယ်။ ပြီးတော့ မင်းအတွက် ယုန်သားရေကိုလည်း စီစဥ်ပေးမယ်”
မေဖုန်းသည် လျိုဟန်အား မောင်းထုတ်လိုက်ပြီး လင်းဖန်အား ဆက်ဆံပုံသည်လည်း ပို၍ ပျော့ပျောင်းသွားလေသည်။
သူမသည် လင်းဖန်အား မုန်းတီးနေခြင်း မဟုတ်ပေ။ ဦးလေးလျိုမှ လင်းဖန်အား ကူညီပေးသည့်အခါ သူမတို့မိသားစုအတွက် ပိုမို ခက်ခဲကြပ်တည်းသွားရသောကြောင့်သာ ဖြစ်လေသည်။
“လင်းဖန်၊ မင်း ရောက်နေတာလား။ ငါ့အတွက် ယုန်သားရေတွေ ထပ်ရလာပြန်ပြီလား”
ဦးလေးလျိုက အိမ်ထဲသို့ ဝင်လာစဉ် မေးလိုက်သည်။
“ဒီနေ့ သုံးကောင် ရတယ်”
“သုံးကောင်လား။ မင်း တော်တော်လေး တော်လာတာပဲ။ ဒီမှာ ယုန်သားရေအတွက် ကြေးပြားသုံးပြား”
ဦးလေးလျိုသည် ပြုံးလိုက်ပြီး လင်းဖန်ထံသို့ ကြေးပြားသုံးပြားကို ကမ်းပေးလိုက်သည်။
သူသည် လင်းဖန်အတွက် တကယ်ကို ဝမ်းသာနေခြင်း ဖြစ်လေသည်။
အကယ်၍ လင်းဖန်သာ ဤအတိုင်း ဆက်လုပ်သွားနိုင်ပါက မကြာမီ မိန်းမတစ်ယောက်ရပြီး အခြေတကျ နေထိုင်နိုင်ပေလိမ့်မည်။
ညစာ အဆင်သင့်ဖြစ်သောအခါ သူတို့ အတူတကွ ထိုင်လိုက်ကြပြီး ဆန်ပြုတ်နှင့် ယုန်သားစွပ်ပြုတ်ကို မြိန်ယှက်စွာ စားသောက်ကြလေသည်။
“ဖြည်းဖြည်းစားစမ်းပါ။ အစားအသောက်တွေကို ဟိုဖိတ်ဒီဖိတ် မဖြစ်စေနဲ့”
မေဖုန်းသည် မကျေမနပ်ဖြစ်ကာ သူမ၏တူဖြင့် လျိုဟန်၏လက်ကို ရိုက်လိုက်သည်။
ဦးလေးလျိုသည် သက်ပြင်းချကာ ခေါင်းခါရင်း ဆိုလိုက်လေသည်။
“ငါသာ ပိုက်ဆံအလုံအလောက် ရှာနိုင်မယ်ဆိုရင် သူ့ကို ကျောင်းထားပေးမယ်။ ဒါက ငါတို့လို ဆင်းရဲသားတွေအတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ။”
“တစ်ခုတည်းသော ထွက်ပေါက်လား။ တခြားနည်းလမ်းရော မရှိဘူးလား။”
လင်းဖန်က မေးလိုက်သည်။
သူ၏မှတ်ဉာဏ်ထဲတွင် စွမ်းအားကြီးမားသော ဂိုဏ်းကြီးများအကြောင်း ဝေဝါးဝါး ရှိနေသော်လည်း ဤရွာလေးတွင် နေထိုင်သော လူငယ်လေးတစ်ယောက်အနေဖြင့် သိပ်ပြီး သိနိုင်မည် မဟုတ်ချေ။
လင်းဖန်၏မေးခွန်းကို ကြားသောအခါ ဦးလေးလျို အံ့သြသွားလေသည်။
သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်လက်ဖြေကြားလိုက်လေသည်။
“မင်း စွမ်းအားကြီးတဲ့ ဂိုဏ်းတစ်ခုခုကို ဝင်ပြီး သူတို့ရဲ့ ကျင့်စဉ်တွေကို သင်ယူနိုင်မယ်ဆိုရင် လေးစားခံရတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်”
“သိုင်းပညာရှင်တွေဆိုတော့... သူတို့ရဲ့ ကျင့်စဉ်တွေက ဘယ်လောက်တောင် အစွမ်းထက်တာလဲ။”
လင်းဖန်သည် စဉ်းစားရင်း မေးလိုက်သည်။
“ငါလည်း သိပ်တော့ မသိပါဘူး။ ကြားဖူးတာတော့ သူတို့က ငါ့အရပ်လောက်ရှိတဲ့ ကျောက်တုံးကြီးကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်တဲ့။ မင်း ရွာသူကြီးရဲ့သား ဟိုမင်ကို မေးကြည့်လို့ ရတယ်။ သူက ချင်ဖုန်းဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုကို ဝင်ဖို့ ပြင်ဆင်နေတာ”
“ကျေးဇူးပါပဲ ဦးလေးလျို။ ဂိုဏ်းတွေအကြောင်းကို ကျုပ် ဟိုမင်ဆီ သွားမေးကြည့်ပါ့မယ်”
ဦးလေးလျိုသည် လင်းဖန်၏စိတ်အားထက်သန်နေမှုကို မြင်သောအခါ လင်းဖန်အား ထိုအတွေးကို လက်လျှော့သွားစေရန် ဖျောင်းဖျချင်သွားလေသည်။
သူသည် လင်းဖန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“လင်းဖန်၊ သာမန်ပဲ အခြေကျပြီး မိသားစုတစ်စု ထူထောင်လိုက်တာ ပိုကောင်းတယ်။ သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့ဆိုတာ အန္တရာယ်များတယ်။ ငါတို့လို အောက်ခြေလူတန်းစား ရွာသားတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ငါတို့ရဲ့ ကံကြမ္မာကို တွန်းလှန်တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လင်းဖန်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
သူသည် မိသားစုတစ်စု ထူထောင်ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရန်အား သိပ်ပြီး စိတ်မဝင်စားပေ။
ယခုအချိန်အထိ သူ၏ အတွေ့အကြုံများအရ ဤနေရာသည် အားနည်းသူများအတွက် မဟုတ်ချေ။
အသက်ရှင်သန်ရန် သေချာစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ အင်အားကြီးမားလာရန်နှင့် မိမိလမ်းအား ပိတ်ဆို့နေသူများကို ရှင်းလင်းပစ်ရန်ပင် ဖြစ်လေသည်။
ယခုအချိန်တွင် သူ ဖြေရှင်းရမည့်သူမှာ အိမ်တော်ထိန်းလီပင် ဖြစ်လေသည်။
နောက်တစ်ဆင့်မှာ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအား မြှင့်တင်၍ ချင်ဖုန်းဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။
ထိုသို့ဆိုလျှင် အိမ်တော်ထိန်းလီသည် သူ့အား ထပ်မံနှောင့်ယှက်ရဲတော့မည် မဟုတ်ဘဲ သူသည်လည်း ဂိုဏ်းမှ ကျင့်စဉ်များကို သင်ယူကာ ပိုမို၍ အင်အားကြီးမားလာနိုင်ပေလိမ့်မည်။
…
နောက်တစ်နေ့…
လင်းဖန်သည် လယ်ကွင်းပြင်ဆီသို့ တိုက်ရိုက် မသွားခဲ့ပေ။
သူသည် လူမိုက်များ သေဆုံးနေသည့် တောအုပ်ထဲသို့ စွန့်စားဝင်ရောက်သွားလေသည်။
သူ့အတွက် အကောင်းဆုံးမှာ ပတ်ဝန်းကျင်၌ အလောင်းများ မကျန်ရစ်စေရန် သေချာအောင် လုပ်ထားခြင်း ဖြစ်ပေသည်။
ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မရှိပါက ထိုလူများ ပျောက်ဆုံးသွားမှုအတွက် အိမ်တော်ထိန်းလီသည် သူ့အား စွပ်စွဲနိုင်မည် မဟုတ်ပေ။
လင်းဖန်အနေဖြင့် ထန်မိသားစုသည် မည်မျှ တန်ခိုးအာဏာ ကြီးမားကြောင်း အသေအချာ မသိသေးသဖြင့် လောလောဆယ်တွင် သူတို့အား အသေခံတိုက်ခိုက်ခြင်းမျိုး မလုပ်သည်ကသာ ပိုကောင်းပေလိမ့်မည်။
“သားရဲတွေ စားသောက်ပွဲကြီး ကျင်းပသွားတဲ့ပုံပဲ။”
လင်းဖန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထိုလူမိုက်များ၏ အရိပ်အယောင်များအား မတွေ့တော့ချေ။
ထို့နောက် သူသည် လယ်ကွင်းပြင်ဘက်သို့ အမြန်ထွက်လာခဲ့လေသည်။
သားရဲများ တောအုပ်အစွန်အဖျားအထိ ရောက်ရှိလာခြင်းမှာ ကောင်းသောလက္ခဏာ မဟုတ်ပေ။
ဆောင်းရာသီ ရောက်လာတော့မည်ဖြစ်ရာ ဤသားရဲများသည် ဆောင်းတွင်းအား ဖြတ်သန်းရှင်သန်နိုင်ရန် အစာအတွက် အပြင်းအထန် ငတ်မွတ်နေကြပုံ ရလေသည်။
လင်းဖန်သည် ဤကိစ္စကို ရွာသူကြီးအား အကြောင်းကြားရန် ဆုံးဖြတ်လိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ ချင်ဖုန်းဂိုဏ်းသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဟိုမင်ကို မေးမြန်းရန်ပါ ရည်ရွယ်လိုက်သည်။
ထိုနေ့၏ အမဲလိုက်ခရီးမှာ အဆင်ပြေချောမွေ့ခဲ့ပြီး လင်းဖန်သည် တောယုန်လေးကောင်အား ဖမ်းမိခဲ့လေသည်။
ထိုနေ့၏ သားကောင်များနှင့်အတူ လင်းဖန်သည် ရွာသို့ ပြန်လာခဲ့လေသည်။
ပြန်ရာလမ်းတွင် ရွာအစွန်သို့ လျှောက်လှမ်းလာနေကြသည့် လူစုငယ်လေးများကို သူ သတိပြုမိလိုက်သည်။
ထိုလူများသည် အဝတ်အစားများ ဟောင်းနွမ်းစုတ်ပြတ်နေပြီး နံရိုးများ ပေါ်လွင်နေသည်အထိ ပိန်လှီနေကြလေသည်။
သူတို့သည် လင်းဖန်၏လက်ထဲရှိ ယုန်များကို ဆာလောင်မွတ်သိပ်စွာ စိုက်ကြည့်နေကြလေသည်။
လင်းဖန်သည် မကောင်းသော ရည်ရွယ်ချက်ရှိသူများအား သတိပေးရန် သူ၏ပုဆိန်ကို ထုတ်လိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်လေသည်။
မည်သူမျှ ဝင်ရောက်လုယက်ရဲလောက်အောင် ရဲတင်းခြင်း မရှိကြချေ။
‘သူတို့တွေ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းခွန် မပေးနိုင်လို့ ရွာကနေ ထွက်ပြေးလာကြတာ ဖြစ်ရမယ်’
လင်းဖန်သည် ထိုလေလွင့်နေသူများကို ကျောခိုင်းလာရင်း သူ့ဘာသာ တွေးလိုက်လေသည်။
…
“ရွာသူကြီး၊ အိမ်မှာ ရှိလား”
လင်းဖန်သည် ရွာသူကြီးဟိုဖူ၏အိမ် အပြင်ဘက်မှနေ၍ အော်ခေါ်လိုက်သည်။
ထိုအိမ်မှာ အဖြူရောင်နံရံများနှင့် အစိမ်းရောင်အုတ်ကြွပ်မိုးများဖြင့် တည်ဆောက်ထားကာ အတော်အတန် ကြီးမားလှပေသည်။
လင်းဖန်၏ သစ်သားတဲလေးနှင့်ဆိုပါက များစွာ ကွာခြားလှသည်။
ခဏအကြာတွင် ဆေးတံကိုကိုင်ထားသော အဘိုးအိုတစ်ဦးက သစ်သားတံခါးကို ဖွင့်လာလေသည်။
လင်းဖန်ဖြစ်နေသည်ကို မြင်သောအခါ သူက ပြုံးလိုက်ပြီး လင်းဖန်အား အိမ်ထဲဝင်ရန် လက်ဟန်ဖြင့် ပြလိုက်သည်။
လင်းဖန် အံ့သြသွားရသည်မှာ ဟိုမင်သည်လည်း အိမ်ထဲတွင် ရှိနေခြင်းပင် ဖြစ်လေသည်။
တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ပိုင်ရှင် ဟိုမင်သည် မျက်စိကိုမှိတ်ကာ တင်ပျဥ်ခွေထိုင်နေလေသည်။
ဟိုမင်သည် သူ သင်ယူထားသော ကျင့်စဉ်အချို့အား လေ့ကျင့်နေခြင်း ဖြစ်ရမည်ဟု လင်းဖန် တွေးလိုက်မိသည်။
“မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ”
ရွာသူကြီးက မေးလိုက်လေသည်။