← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) - လင်းခယ့်

[ဒင် - မလိုမုန်းတီးသော ရည်ရွယ်ချက်အား အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[လက်စားချေမှတ် + ၅၀]

[လက်ရှိ လက်စားချေမှတ် - ၁၀၀]

[ဝံပုလွေကို သတ်ဖြတ်ပြီးပါပြီ။]

[သားရဲစွမ်းရည်စနစ် စတင်နေပါပြီ - ဝံပုလွေ]

[မုဆိုးအာရုံ ရရှိပါသည် - သားကောင်အား တစ်နာရီကြာ ခြေရာခံနိုင်သည်။]

[သံမဏိလက်သည်း ရရှိပါသည် - လက်ဖြင့် ရက်စက်သောကုတ်ခြစ်မှုအား စက္ကန့် ၃၀ ကြာ အသုံးပြုနိုင်သည်။]

[အုပ်စုခေါင်းဆောင်စွမ်းရည် ရရှိပါသည် - အူသံဖြင့် လူတစ်ဦးအား ၅ စက္ကန့်ကြာ ထိန်းချုပ်နိုင်သည်။]

လင်းဖန်တစ်ယောက် စွမ်းရည်အသစ်များကို စစ်ဆေးကြည့်ရန် မပြင်ရသေးမီမှာပင် ဝံပုလွေ၏ခန္ဓာကိုယ်မှာ သူ၏အပေါ်သို့ အုတ်ခဲကြီးတစ်လုံးပမာ ပိကျလာလေသည်။

“အား...”

လင်းဖန်သည် ပျော့ခွေနေသော အလောင်းကောင်ကြီးအား ဘေးသို့တွန်းဖယ်လိုက်ပြီးနောက် ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်သည်။

သူသည် ကြည်လင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း လှဲချလိုက်ကာ ပြုံးလိုက်လေသည်။

“ငါ လုပ်နိုင်ခဲ့ပြီပဲ”

လင်းဖန်သည် လက်ကိုဆန့်ထုတ်လိုက်ပြီး လက်သီးဆုပ်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

ထို့နောက် စိတ်ထဲမှနေ၍ စနစ်၏ အချက်အလက်ပြဇယားကို ဖွင့်လိုက်သည်။

[လက်ရှိ သားရဲစွမ်းရည် - ၂ ခု]

[တောယုန်စွမ်းရည်အဆင့် - ၁]

[ဝံပုလွေစွမ်းရည်အဆင့် - ၁]

[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၁ (အဆင့်မြှင့်တင်ရန် လက်စားချေမှတ် ၁၀၀ လိုအပ်ပါသည်)]

[လက်ရှိ လက်စားချေမှတ် - ၁၀၀]

[ရုပ်ခန္ဓာအဆင့်အား မြှင့်တင်မည်လား - လုပ်မည် / မလုပ်ပါ]

‘လုပ်မယ်၊ ရုပ်ခန္ဓာအဆင့်ကို မြှင့်တင်မယ်။’

လင်းဖန်က တိတ်တဆိတ် တွေးလိုက်လေသည်။

အမည်မသိသော ဆန်းကြယ်သည့် စွမ်းအင်တစ်ရပ် ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ကြွက်သားများ၊ ကလီစာများနှင့် သွေးကြောများဆီသို့ ပျံ့နှံ့သွားလေသည်။

လင်းဖန်သည် သူ၏တန်းထျန်အတွင်း၌ နွေးထွေးသွားသည်ကို ခံစားလိုက်ရပြီး ထိုနွေးထွေးသော စီးကြောင်းသည် တစ်ကိုယ်လုံးသို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားလေသည်။

ကြွက်သားများထံမှ နာကျင်မှုသည် အာရုံကြောများဆီသို့ ရိုက်ခတ်လာပြီး သူ၏ခန္ဓာကိုယ်မှာ ထိန်းမရသိမ်းမရ တုန်ခါသွားလေသည်။

စွမ်းအင်များ ဝင်ရောက်လာသည့်အရှိန်မှာ မြန်ဆန်သကဲ့သို့ ပျောက်ကွယ်သွားသည်မှာလည်း လျင်မြန်လှပေသည်။

လင်းဖန်တစ်ယောက် နောက်ထပ် ဝံပုလွေတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ရသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သောအခါ အရင်ကကဲ့သို့ ပိန်လှီအားနည်းမနေတော့ချေ။

ယခုအခါတွင် သူသည် ကျစ်လျစ်သန်စွမ်းနေပြီး စွမ်းအင်များ ပြည့်ဝနေပေပြီ။

[ဒင် - သင့်ရုပ်ခန္ဓာအဆင့်အား မြှင့်တင်ခြင်းအောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်]

[ခန္ဓာကိုယ်ကြံ့ခိုင်မှု / ခံနိုင်ရည်အား ၂ ဆ တိုးလာပါပြီ။]

[စွမ်းရည်အသုံးပြုနိုင်မှု ၂ ဆ တိုးလာပါပြီ။]

အသစ်ရရှိလာသော ခွန်အားများနှင့်အတူ လင်းဖန်သည် မတ်တပ်ရပ်လိုက်ပြီး ဝံပုလွေ၏ခန္ဓာကိုယ်ထဲမှ ကလီစာများနှင့် အူများကို ရှင်းလင်းဖယ်ရှားလိုက်လေသည်။

တတ်နိုင်မည်ဆိုပါက ထိုနေရာ၌ပင် ဝံပုလွေ၏ အရေခွံအား ခွာချင်နေမိလေသည်။

တခြားသူများ သတိမထားမိစေရန် ဝံပုလွေ၏အရေခွံကိုသာ သယ်ဆောင်သွားခြင်းက ပိုမိုလွယ်ကူပေသည်။

သို့သော် သူ၏ပုဆိန်တစ်ခုတည်းနှင့် သေသပ်စွာခွာယူရန်မှာမူ မလုံလောက်ပေ။

လင်းဖန်သည် အရေခွံ ပျက်စီးသွားပြီး ဈေးနှိမ်ခံရမည့် အန္တရာယ်ကို မစွန့်စားလိုချေ။

ထို့ကြောင့် ဝံပုလွေ၏အလောင်းကို ကောက်မကာ ကျောပေါ်တင်လိုက်ပြီး ရွာဘက်သို့ ပြန်လျှောက်လာခဲ့လေသည်။

လှည့်လည်သွားလာနေသူများနှင့် ဒုက္ခသည်များမှ သူ့အားမြင်သောအခါ အမြန်ပြေးပုန်းကြတော့သည်။

အဝေးမှနေ၍ လင်းဖန်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခိုးကြောင်ခိုးဝှက်သာ ကြည့်ရဲကြလေသည်။

ဝံပုလွေတစ်ကောင်အား သတ်နိုင်စွမ်းရှိသည့် ထိုတစ်ယောက်အား အနှောင့်အယှက်ပေးရန် မသင့်တော်ပေ။

“အဲဒါ လင်းဖန် မဟုတ်ဘူးလား။ သူ့ကျောပေါ်က ဘာကြီးလဲ”

“နေပါဦး၊ ငါထင်တာ ဖြစ်နေလောက်လား”

“ကျစ်.. ဝံပုလွေကြီးပဲ။ လင်းဖန်က သူ့ဘာသာသူ သတ်ခဲ့တာလား”

လင်းဖန်တစ်ယောက် ကျောပေါ်တွင် ဝံပုလွေကြီးအား ထမ်းလာသည်ကို မြင်လိုက်ရသောအခါ ရွာသူရွာသားများမှာ အံ့သြမှင်တက်သွားကြလေသည်။

မည်သည့်အရာများ ဖြစ်ကုန်သနည်း။

လင်းဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် သေလုမျောပါး ဖြစ်နေခဲ့လေသည်။

ထိုလူအုပ်ထဲတွင် လင်းဖန်၏ဦးလေးဖြစ်သူ လင်းခယ့်လည်း ပါဝင်နေလေသည်။

“ဒီကောင် လင်းဖန်... သူ့မှာ စားစရာဝယ်ဖို့ ပိုက်ဆံစုထားတာ ရှိရမယ်။ အရင်က ငါ့ဆီလာပြီး ပိုက်ဆံလာချေးရဲသေးတယ်ပေါ့လေ။ သူ့အလိမ်အညာတွေကို ငါမယုံခဲ့လို့ တော်သေးတာပေါ့။”

လင်းခယ့်က မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်ပြီး လင်းဖန်အား ကျိန်ဆဲလိုက်လေသည်။

လင်းဖန်၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သော်ငြား၊ လင်းဖန် အကူအညီအလိုအပ်ဆုံးအချိန်၌ လင်းခယ့်မှ တစ်စက်ကလေးမျှပင် ကူညီမပေးခဲ့သည်မှာ လှောင်ပြောင်ချင်စရာပင် ဖြစ်သည်။

“ကျွန်တော်သတ်တာ မဟုတ်ပါဘူး။ ဒီဝံပုလွေကို တွေ့တော့ သေနေပြီးသားပါ”

လင်းဖန်က ရွာသားများကို ပြောလိုက်လေသည်။

ဤသည်ကို ကြားသောအခါ လင်းခယ့်က လင်းဖန်ကို ပို၍ပင် ကျိန်ဆဲလိုက်တော့သည်။

‘ကံကောင်းလိုက်တဲ့ ကောင်စုတ်’

‘ဘာလို့ လင်းဖန်လိုကောင်မျိုးဆီကိုမှ ဒီလိုကံကောင်းမှုမျိုး ရောက်လာရတာလဲ’

လင်းခယ့်တစ်ယောက် ယုတ်မာသော အတွေးများဖြင့် ဆက်၍ တွေးတောနေမိလေသည်။

ဤအဖြစ်အပျက်များကို လင်းဖန်ကမူ လုံးဝသတိမထားမိခဲ့ပေ။

လင်းဖန်အတွက် ယခုအခါတွင် အရေးပါသော မိသားစုမှာ ဦးလေးလျို၏ မိသားစုသာ ဖြစ်တော့သည်။

သူသည် လင်းခယ့်၏ မျက်လုံးများကိုပင် ဆုံကြည့်ချင်စိတ် မရှိတော့ချေ။

…

“အဖေ... ကယ်ပါဦး”

လင်းဖန်က ဦးလေးလျိုအိမ်သို့ ရောက်ရှိသွားချိန်တွင် လျိုဟန်သည် ဝံပုလွေကိုမြင်၍ ကြောက်လန့်တကြား အော်ဟစ်ငိုယိုကာ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

ဦးလေးလျိုသည် ဆူညံသံများကို ကြားသောအခါ ဓားကိုအမြန်ဆွဲယူကာ အခြေအနေကို ထွက်ကြည့်လိုက်သည်။

လင်းဖန်မှ ဝံပုလွေအသေကောင်ကြီးအား ထမ်းလာသည်ကို မြင်လိုက်ရမှသာ သူစိတ်အေးသွားပြီး မေးလိုက်လေသည်။

“လင်းဖန်... မင်း ဒီဝံပုလွေကို သတ်ခဲ့တာလား”

“ကျွန်တော် ကံကောင်းသွားတာပါ။ ကျွန်တော်တွေ့တဲ့အချိန်မှာ ဒဏ်ရာရပြီး သေတော့မလို့လေ။ သိပ်အများကြီး မလုပ်လိုက်ရပါဘူး၊ ပုဆိန်နဲ့ နောက်ဆုံးတစ်ချက်ပဲ အဆုံးသတ်ပေးလိုက်ရတာ။”

လင်းဖန်သည် ဝံပုလွေအလောင်းအား မြေကြီးပေါ်ချလိုက်ပြီး ပုဆိန်ကြောင့်ရထားသော ဒဏ်ရာအား ဦးလေးလျိုကို ပြသလိုက်လေသည်။

သူ၏စွမ်းရည်များကို ဦးလေးလျိုအား မသိစေချင်ပေ။ လျှို့ဝှက်ထားပြီး အေးအေးဆေးဆေး နေခြင်းကသာ ပိုကောင်းလေသည်။

“ဘုရားရေ မင်းအဆင်ပြေသွားလို့ တော်သေးတာပေါ့။ နောက်တစ်ခါ အန္တရာယ်များတဲ့ကိစ္စတွေကို သိပ်မစွန့်စားနဲ့”

“ဟုတ်ကဲ့ပါ ဦးလေးလျို။ ကျွန်တော် ဒီအရေခွံကို အရမ်းရောင်းချင်နေလို့ပါ။ ဆောင်းဦးရာသီ ရိတ်သိမ်းခွန် ကောက်မယ့်အချိန်ကလည်း နီးလာပြီလေ”

ဦးလေးလျိုက သက်ပြင်းချလိုက်လေသည်။ ဤသည်မှာ သူသည်လည်း အပြည့်အဝ ကိုယ်ချင်းစာနိုင်သော နာကျင်မှုတစ်ခုပင်။

“ဦးလေး ဒီအတွက် ကြေးပြား နှစ်ဆယ်ပဲ ပေးနိုင်မယ်။ ဒါပေမဲ့ မင်းကို ပိုက်ဆံမရှင်းပေးခင် မုဆိုးဈေးကွက်မှာ သွားရောင်းဖို့တော့ လိုသေးတယ်”

“သဘောတူပါတယ်။ ဦးလေးလျိုကို ကျွန်တော် ယုံတယ်”

“ကောင်းပြီ။ ကျန်တာ ဦးလေးကိုသာ လွှဲထားလိုက်တော့။”

ဦးလေးလျိုက အိမ်ဘက်သို့လှည့်ကာ လှမ်းအော်လိုက်လေသည်။

“မေဖုန်းရေ ညစာပြင်ထားလိုက်၊ လင်းဖန်လည်း ငါတို့နဲ့ အတူတူ စားလိမ့်မယ်”

“ပြင်လိုက်ပါ့မယ်ရှင်”

မေဖုန်းသည် အပြင်သို့လှမ်းကြည့်ကာ လင်းဖန်အား ပြုံးပြလိုက်လေသည်။

လင်းဖန်အပေါ်ထားရှိသော သူမ၏အမြင်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ယုန်သားစားခဲ့ရခြင်းနှင့် ယုန်ရေခွံရောင်းရ၍ ခင်ပွန်းဖြစ်သူအတွက် အပိုဝင်ငွေရခဲ့ခြင်းတို့က သူမအား ပျော်ရွှင်စေခဲ့လေသည်။

ဦးလေးလျိုမှ လင်းဖန်အား မည်သည့်အရာမျှ ပြန်မရဘဲ စားကြွင်းစားကျန်များ ပေးရသည့် နေ့ရက်များသည် ကုန်ဆုံးသွားခဲ့လေပြီ။

…

လင်းဖန်သည် ညစာစားပြီး အိမ်သို့ပြန်ရောက်သောအခါ စွမ်းရည်အသစ်များအား စမ်းသပ်ကြည့်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

ဝှစ်...

သံမဏိလက်သည်းစွမ်းရည်ဖြင့် သူ၏လက်ချောင်းများမှ ကြည်လင်သော အပြာရောင်လက်သည်းတစ်ခု ထွက်ပေါ်လာလေသည်။

၎င်းသည် အလွန်ထက်မြက်လှပြီး သံမဏိကိုပင် တို့ဟူးတုံးတစ်တုံးကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်နိုင်စွမ်းရှိပေသည်။

မုဆိုးအာရုံ စွမ်းရည်အတွက်မူ၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော ခြေရာများကိုပင် သူ၏မျက်စိရှေ့၌ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိလာခဲ့လေသည်။

အုပ်စုခေါင်းဆောင်စွမ်းရည်နှင့်ပတ်သက်၍မူ စမ်းသပ်ရန် လူမရှိသဖြင့် သင့်တော်သောအခွင့်အရေးတစ်ခု ရှာဖွေရဦးမည် ဖြစ်သည်။

“ကယ်ကြပါဦး။ ငါ့အနားကနေ ထွက်သွားစမ်း”

အိမ်အနည်းငယ်အကွာမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

လင်းဖန်သည် သူ၏ပုဆိန်ကို ဆွဲယူလိုက်ပြီး အခြေအနေအား စစ်ဆေးရန် အပြင်သို့ ထွက်လာခဲ့လေသည်။

All Chapters