← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) - သူရဲကောင်း

လင်းဖန်သည် အဘွားလင်း၏ အိမ်အပြင်ဘက်၌ အရိပ်အချို့ကို မြင်လိုက်ရလေသည်။

သူသည် ၎င်းတို့ထံသို့ ဖြည်းညင်းစွာ တိုးကပ်သွားလေသည်။

အနီးသို့ ရောက်သွားသောအခါ အဘွားလင်းသည် မြေပြင်ပေါ်၌ ဂုံနီအိတ်တစ်အိတ်ကို အသည်းအသန် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရလေသည်။

အိတ်၏ တစ်ဖက်စွန်းတွင် ပိန်ချုံးကာ အဝတ်အစား ခပ်နွမ်းနွမ်း ဝတ်ဆင်ထားသည့် လူသုံးယောက်မှာ အဘွားလင်းအား ကန်ကျောက်နေကြပြီး သူမ၏ လက်များအား ဂုံနီအိတ်မှ ခွာချရန် ကြိုးစားနေကြပေသည်။

အဖိုးတန် ဆန်စေ့များသည် မြေပြင်ပေါ်သို့ ပြန့်ကျသွားလေသည်။

လေလွင့်နေသော ဒုက္ခသည်များသည် နောက်ဆုံးတွင် ငတ်မွတ်မှုအား မခံနိုင်တော့ဘဲ ဓားပြတိုက်ရန် ကြိုးစားလာခဲ့ကြချေပြီ။

အဆုံးတွင်မူ အဘွားလင်းသည် ထိတ်လန့်မှုနှင့် နှိပ်စက်ခံရမှုများကို ထပ်မံ၍ ခံနိုင်ရည် မရှိတော့ပေ။

သူမသည် သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

“အသုံးမကျတဲ့ အဘွားကြီး။ အစကတည်းက လွယ်လွယ်ပေးလိုက်ရင် ပြီးနေပြီဟာကို”

ဒုက္ခသည်များသည် အဘွားလင်းအား ဆဲရေးတိုင်းထွာလိုက်ကြပြီး မြေပြင်ပေါ်မှ ဆန်စေ့များကို စတင်ကောက်ယူကြလေသည်။

လင်းဖန် ပိုမိုနီးကပ်လာသောအခါ လူတစ်ယောက်မှာ သူ့အား မြင်သွားလေသည်။

“ခေါင်းဆောင်... ဟိုမှာ ကြည့်ပါဦး၊ လူတစ်ယောက် ရောက်နေတယ်”

ထိုလူများသည် လင်းဖန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြပြီး သူ့အား အကဲခတ်လိုက်ကြလေသည်။

ညအမှောင်ထုထဲတွင် လင်းဖန်သည် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သာဖြစ်ကြောင်း သူတို့ ခပ်ရေးရေးမျှသာ မြင်နိုင်ပေသည်။

အုပ်စုခေါင်းဆောင်သည် ဓားအား ဆွဲထုတ်ကာ လင်းဖန်ကို ချိန်ရွယ်လိုက်ရင်း သတိပေးလိုက်သည်။

“ကိုယ့်အိမ်ကို ပြန်သွားစမ်း။ ဒါ မင်းနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး ကောင်လေး”

လင်းဖန်သည် ပခုံးတွန့်လိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် ကိုယ်ကိုကိုင်းလိုက်လေသည်။

ထိုသူများမှာ သူ၏ လုပ်ရပ်ကို မြင်သောအခါ လင်းဖန်အား လှောင်ပြောင်ရယ်မောလိုက်ကြသည်။

“ဒူးထောက်လိုက်တာနဲ့ ငါတို့က မင်းကို လွှတ်ပေးမယ်ထင်နေတာလား”

“ဟီးဟီး... သောက်ကြောက်ခွေးလေးပဲ”

“မင်းဆီက ဆန်နဲ့ ပိုက်ဆံတွေ ပေးခဲ့၊ ဒါဆိုရင် မင်းကို လွှတ်ပေးလိုက်မယ်”

လင်းဖန်သည် သူတို့အား ဂရုမစိုက်နေပေ။

[ဒင်]

[မကောင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာသည့် ဝိညာဉ် ၃ ခုကို ထောက်လှမ်းမိပါသည်။]

[မကောင်းသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါက လက်စားချေမှတ် ၃၀ ရရှိပါမည်။]

လင်းဖန်သည် စနစ်၏ အသိပေးချက်ကို မြင်လိုက်ရသောအခါ လှုပ်ရှားရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။

သူသည် အသက်ပြင်းပြင်းရှူကာ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို သုံးစွဲလိုက်သည်။

ခွပ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖန်၏ ဒူးသည် ခေါင်းဆောင်ဖြစ်သူ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားကာ ဦးခေါင်းခွံကို ကွဲကြေသွားစေလေသည်။

ခေါင်းဆောင်ဖြစ်သူသည် လဲကျသွားပြီး ချက်ချင်းပင် သေဆုံးသွားလေသည်။

ကျန်လူနှစ်ဦး မတုံ့ပြန်နိုင်မီမှာပင် လင်းဖန်သည် သူ၏ သံမဏိလက်သည်းစွမ်းရည်အား သုံးစွဲကာ တစ်ဦးကို ခုတ်ပိုင်းလိုက်လေသည်။

သူ၏ လက်ချောင်းများသည် ထိုလူ၏ လည်ပင်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။

ထိုသူ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာလေသည်။

ထိုအရာကို မြင်လိုက်ရသောအခါ နောက်ဆုံးကျန်သည့် ဒုက္ခသည်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် လှည့်၍ ထွက်ပြေးလေတော့သည်။

လင်းဖန်သည် သူ့အား မသတ်ဘဲ အနောက်မှ တိတ်တဆိတ် လိုက်သွားခဲ့လေသည်။

ဒုက္ခသည်သည် နောက်သို့ လှည့်မကြည့်ရဲဘဲ ပြေးလွှားနေပေသည်။

ထိုသူအား မမြင်သည့်အခါတွင် လင်းဖန်သည် မုဆိုးအာရုံစွမ်းရည်ကို သုံးစွဲလိုက်လေသည်။

ချက်ချင်းပင် ဒုက္ခသည်၏ ခြေရာများသည် လင်းဖန်၏ မျက်စိထဲ၌ လင်းလက်တောက်ပလာလေသည်။

နောက်ဆုံးတွင် ဒုက္ခသည်သည် ရွာအစွန်ရှိ စွန့်ပစ်ခံ ဘုရားကျောင်းတစ်ခု၌ ရပ်တန့်သွားလေသည်။

“ကိစ္စပြီးပြီလား”

ဘုရားကျောင်းထဲမှ လူတစ်ဦးက မေးလိုက်သည်။

“မပြီးသေးဘူး... လူတစ်ယောက် ရှိနေတယ်...”

ဒုက္ခသည်သည် အသက်လုရှူရင်း အမောဖြေနေရသဖြင့် စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်လေသည်။

“လူတစ်ယောက် ရှိနေတယ်ဆိုတာ ဘာသဘောလဲ။ အိမ်တော်ထိန်းလီက ငွေချေပြီးသားဆိုတော့ မင်းတို့ အလုပ်ဖြစ်အောင် လုပ်ရမှာပဲ”

“အဲဒီလူက ရုတ်တရက် ပေါ်လာပြီး ငါတို့ထဲက နှစ်ယောက်ကို ချက်ချင်း သတ်ပစ်ခဲ့တာ။ အဲဒါက သဘောတူညီချက်ထဲမှာ မပါဘူးလေ။ မင်းတို့က ငါတို့ကို တားမယ့်လူ ဘယ်သူမှ မရှိဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား”

ဒုက္ခသည်သည် အိမ်တော်ထိန်းလီ၏ တပည့်ကို ကန့်ကွက်ပြောဆိုလိုက်သည်။

“အင်း... အိမ်တော်ထိန်းလီဆီ ငါပြန်ပြီး အစီရင်ခံလိုက်ဦးမယ်။ လောလောဆယ် မင်း ပုန်းနေလိုက်တာ ပိုကောင်းမယ်”

ထို့နောက် အိမ်တော်ထိန်းလီ၏ တပည့်သည် ဘုရားကျောင်းထဲမှ ထွက်ခွာသွားလေသည်။

ဘုရားကျောင်းထဲတွင် ဒုက္ခသည် တစ်ဦးတည်း ကျန်ရစ်နေချိန်၌ လင်းဖန်သည် အထဲသို့ ဝင်ရောက်သွားလေသည်။

“မင်း...”

လေလွင့်သူသည် လင်းဖန်ကို မြင်သောအခါ စကားများထစ်အသွားပြီး လင်းဖန်ကို လက်ညှိုးထိုးလိုက်ကာ တစ်လက်မပင် မရွေ့ရဲလောက်အောင် ကြောက်ရွံ့သွားလေသည်။

“ပြောစမ်း... အိမ်တော်ထိန်းလီရဲ့ အမိန့်က ဘာလဲ”

လင်းဖန်က မေးလိုက်သည်။

“ငါပြောပြရင် မင်းငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးမလား...”

“ကတိပေးတယ်”

လင်းဖန်သည် ပုဆိန်ကို မြေပြင်ပေါ်သို့ ချလိုက်ပြီး သူရိုးသားကြောင်း ပြသရန် လက်နှစ်ဖက်လုံးကို မြှောက်ပြလိုက်လေသည်။

“အိမ်တော်ထိန်းလီက ရွာသားတွေ ဒုက္ခရောက်အောင် လုပ်ခိုင်းတာ။ ရွာသားတွေကို ငါတို့လို ခိုကိုးရာမဲ့ ဒုက္ခသည်တွေ ဖြစ်သွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲတဲ့”

“ဒါပဲလား”

“ငါသိတာ အဲဒီလောက်ပါပဲ။ အခု ငါသွားလို့ ရပြီလား”

လင်းဖန်က ပြုံးလိုက်ရင်း ပြောလိုက်သည်။

“သွားခွင့်ပြုတယ်။”

ဒုက္ခသည်သည် လှုပ်ရှားချင်သော်လည်း မလှုပ်နိုင်ဖြစ်နေပေသည်။

လူတစ်ယောက်မှ သူ၏ စိတ်အား ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။

ထို့နောက် သူသည် ပုဆိန်ရှိရာသို့ လျှောက်သွားပြီး ကောက်ယူလိုက်လေသည်။

“နေ... နေဦး... မလုပ်နဲ့...”

ဒုက္ခသည်သည် မိမိကိုယ်ကို တားဆီးရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။

ဒုက္ခသည်၏ လက်သည် တုန်ယင်စွာဖြင့် ဖြည်းညင်းစွာ မြောက်တက်လာပြီး သူ၏လည်ပင်းပေါ်သို့ ပုဆိန်ကို တင်လိုက်လေသည်။

“အား...”

ဒုက္ခသည်သည် မိမိလည်ပင်းကို မိမိကိုယ်တိုင် ပြန်ခုတ်လိုက်ရာ သွေးများ ပန်းထွက်လာချေတော့သည်။

လင်းဖန်က ပခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။

“ငါက ကတိတည်ပါတယ်။ မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလဲဆိုတာတော့ မသိဘူးလေ”

“မင်း...”

ဒုက္ခသည်သည် နောက်ဆုံးစကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီးနောက် မျက်စိမှိတ်သွားချေပြီ။

လင်းဖန်သည် ဒုက္ခသည်အပေါ်သို့ အုပ်စုခေါင်းဆောင်စွမ်းရည်အား အသုံးပြုခဲ့ခြင်းဖြစ်လေသည်။

‘ဒီစွမ်းရည်က စွမ်းအင်တွေ အရမ်းကုန်တာပဲ။ ဘယ်အချိန် သုံးရမလဲဆိုတာ သတိထားဖို့ လိုလိမ့်မယ်’

လင်းဖန်သည် သူ၏ စွမ်းအင်များအားလုံး ကုန်ခမ်းသွားသကဲ့သို့ ခံစားရရင်း စိတ်ထဲမှ တွေးလိုက်လေသည်။

သူသည် စွမ်းအင်ပြန်လည်ပြည့်ဝလာစေရန် ထိုင်ချလိုက်ပြီး အရာအားလုံးကို ဆက်စပ်တွေးတောကြည့်လေသည်။

အိမ်တော်ထိန်းလီသည် ရွာသားများအား ရွာထဲမှ ထွက်သွားစေချင်နေသည်။

သို့သော် မည်သည့်အတွက်ကြောင့်နည်း။

မြေယာကြောင့်လား။

ထန်မိသားစုသည် ဆန္ဒရှိပါက မြေယာအားလုံးကို သိမ်းပိုက်နိုင်လောက်အောင် ချမ်းသာကြွယ်ဝလှပေသည်။

သူတို့ လိုချင်နေသည့် အခြားအရာတစ်ခုခု ရှိရပေမည်။

လင်းဖန်သည် ထိုအချက်ကို မှတ်သားထားလိုက်ပြီး ထပ်မံစုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။

သူသည် စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ယူလိုက်ပြီး သူ၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

[လက်ရှိ သားရဲစွမ်းရည် - ၂]

[တောယုန်စွမ်းရည် အဆင့် - ၁]

[ဝံပုလွေစွမ်းရည် အဆင့် - ၁]

[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၂ (အဆင့်မြှင့်တင်ရန် လက်စားချေမှတ် ၂၀၀ လိုအပ်ပါသည်)]

[လက်ရှိ လက်စားချေမှတ် - ၃၀]

ဒုက္ခသည် သုံးဦးကို သတ်ဖြတ်ခြင်းမှ သူ့အား လက်စားချေမှတ် ၃၀ ရရှိစေခဲ့လေသည်။

သူ၏ ရုပ်ခန္ဓာအား အဆင့် ၃ သို့ မြှင့်တင်နိုင်ရန် နောက်ထပ် အမှတ်များစွာ လိုအပ်နေသေးလေသည်။

သူ၏ ခွန်အားများ ပြန်လည်ပြည့်ဝလာပြီးနောက် သူသည် ရွာသို့ ပြန်လျှောက်လာခဲ့လေသည်။

ရွာသားအချို့သည် အဘွားလင်း၏ အိမ်ဝန်းကျင်၌ စုရုံးနေကြပေသည်။

အဘွားလင်းသည် ဖြစ်ပျက်ခဲ့သမျှကို သူတို့အား ပြန်လည်ပြောပြနေသည်။

ဒုက္ခသည်များ မည်သို့ဝင်လာကာ သူမအား ဓားပြတိုက်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ဒုက္ခသည်များနှင့် လုံးထွေးသတ်ပုတ်ရင်း သူမ သတိလစ်သွားခဲ့ရကြောင်းတို့ကို ပြောပြနေခြင်းဖြစ်သည်။

သူမ နိုးလာသောအခါ တိုက်ခိုက်သူများသည် အံ့ဖွယ်ကောင်းလောက်အောင် သေဆုံးနေကြပြီး သူမ၏ ဆန်များမှာလည်း ထိုနေရာ၌ပင် ရှိနေသေးကြောင်း ပြောပြနေလေသည်။

“သူရဲကောင်းတစ်ယောက်ယောက်က အဲဒီဒုက္ခသည်တွေကို သတ်ပေးသွားတာ ဖြစ်ရမယ်”

“ဘယ်သူကများ အဲဒီလောက် သတ္တိကောင်းနေတာလဲ”

“ငါတော့ ဘယ်သူ့ကိုမှ စဉ်းစားလို့မရဘူး၊ လျို ဒါမှမဟုတ် ဟိုမင်များလား”

“အင်း၊ သူတို့နှစ်ယောက် ဖြစ်နိုင်ချေ အများဆုံးပဲ။ တစ်ယောက်က မုဆိုး၊ နောက်တစ်ယောက်က သိုင်းပညာရှင်လောင်းလျာလေ။”

ရွာသားများသည် ထိုကိစ္စများ၏ တာဝန်ရှိသူမှာ သူတို့၏ အရှေ့တည့်တည့်၌ပင် ရှိနေကြောင်းအား မသိကြပေ။ သူတို့သည် လေလွင့်သူများအား မည်သူ သတ်ဖြတ်နိုင်မည်နည်းဟု ဆွေးနွေးနေကြလေသည်။

“တိတ်စမ်း... မနက်ဖြန်ကျရင် ရွာကာကွယ်ရေးတပ်ဖွဲ့ကို ငါဖွဲ့စည်းရမယ်။ ဒီလူတွေက တော်တော်ကို မိုက်ရူးရဲဆန်လာပြီပဲ”

ရွာသူကြီးဟိုဖူက လေပူတစ်ချက် မှုတ်ထုတ်ကာ ပြောလိုက်လေသည်။

All Chapters