← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁) - စပါးခင်းများ

‘ကိုယ်ခန္ဓာအဆင့် တက်လှမ်းနိုင်ဖို့ လက်စားချေအမှတ် ၇၀ လောက် လိုနေသေးတာပဲ’

လင်းဖန်သည် စနစ်၏ အချက်အလက်ဇယားကို ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်မိသည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း စွမ်းရည်များကို အသုံးပြုခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်မှုကြောင့် မောဟိုက်နေလေသည်။

ကွင်းပြင်ကျယ်ကြီးထဲရှိ လေထုထဲတွင် သွေးတို့၏ ချိုမြိန်သော သတ္တုနံ့များ လွှမ်းမိုးနေပြီ ဖြစ်သည်။ ဤအနံ့ကား သူ ရင်းနှီးကျွမ်းဝင်စပြုလာသော အနံ့တစ်ခု ဖြစ်ပေသည်။

အသက်ရှူနှုန်း ပြန်လည်တည်ငြိမ်လာပြီးနောက် လင်းဖန်သည် အင်အားပြန်ပြည့်ရန် စောင့်ဆိုင်းရင်း ‘ပြန်လည်အသုံးချ’ နိုင်မည့် ပစ္စည်းများကို စ၍ရှာဖွေလေတော့သည်။

ကမ္ဘာမြေမှ ပညာတတ်တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူသည် ပတ်ဝန်းကျင်ကို ဂရုစိုက်ရမည့် မြင့်မြတ်သော ကျင့်ဝတ်ကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ အလဟဿ အဖြစ်မခံနိုင်ပေ။

ထိုလူများ၏ အလောင်းများကို ရှာဖွေကြည့်ရာ ကြေးပြားအနည်းငယ်နှင့် ‘လွင့်မျောတိမ်တိုက် ဓားသိုင်း’ အမည်ရသော လက်ရေးမူတစ်ခုကို တွေ့ရှိခဲ့လေသည်။

“ဒါက ဒီလူတွေ သုံးခဲ့တဲ့ ဓားသိုင်းပဲ ဖြစ်ရမယ်”

လင်းဖန် ပြောလိုက်သည်။

သူသည် ကျင့်ကြံရန်ဖြစ်စေ၊ ငွေကြေးအတွက် ပြန်လည်ရောင်းချရန်ဖြစ်စေ ထိုလက်ရေးမူကို သိမ်းဆည်းလိုက်သည်။ အရာအားလုံး ပြီးစီးသွားသောအခါ လင်းဖန်သည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ခလွမ်း…

မထွက်ခွာမီ လင်းဖန်သည် မြေပြင်ပေါ်ရှိ အရာတစ်ခုကို နင်းမိသွားလေသည်။ ကြာပန်းပုံ ထွင်းထုထားသော အနက်ရောင် သစ်သားပြားတစ်ခုပင် ဖြစ်ပေသည်။

‘တိုက်ပွဲဖြစ်တုန်းက တစ်ယောက်ယောက်ဆီက ကျန်ခဲ့တာ ဖြစ်မယ်’

လင်းဖန်သည် သူ့ဘာသာ တွေးလိုက်မိသည်။

သူသည် ထိုသစ်သားပြားကို ကောက်ယူသိမ်းဆည်းလိုက်သည်။

ဤအရာသည် ထိုလူများ၏ သရုပ်မှန်အား သိရှိနိုင်မည့် အရေးကြီးသော သဲလွန်စ ဖြစ်နိုင်ပေသည်။

ယခုအချိန်တွင် သူ အတည်ပြုနိုင်သည်မှာ ဤလူများသည် သူ့ကို ချုံခိုတိုက်ခိုက်ရန် အိမ်တော်ထိန်းလီမဇ လွှတ်လိုက်သူများ ဖြစ်သည်ဆိုသောအချက်ပင်။

ထို့နောက် လင်းဖန်သည် ကျေးရွာသို့ အမြန်ဆုံးပြန်နိုင်ရန် အစွမ်းကုန် ပြေးလေတော့သည်။ သူ့အထင်သာ မှန်မည်ဆိုပါက အိမ်တော်ထိန်းလီသည် ရွာ၏ ကာကွယ်ရေးအဖွဲ့အတွက် တစ်ခုခု ပြင်ဆင်ထားနိုင်ပေသည်။

…

ရွာနှင့် မလှမ်းမကမ်းရှိ စပါးခင်းများဆီတွင်…

ဆောင်းဦးပေါက် စပါးများအားလုံး ရိတ်သိမ်းပြီးပြီဖြစ်ရာ ရွှံ့ဗွက်အိုင်များသာ ကျန်ရှိတော့သည်။

အဝေးမှကြည့်လျှင် လှည့်လည်သွားလာနေသူများနှင့် ဒုက္ခသည်များစွာတို့မှာ ရွှံ့ထဲတွင် ဆောင့်ကြောင့်ထိုင်ရင်း ရွာသားများ ချန်ရစ်ခဲ့သည့် စပါးနှံအကြွင်းအကျန်များအား ရှာဖွေနေကြသည်ကို မြင်တွေ့ရပေသည်။

အင်အားမရှိတော့သော အိမ်ခြေရာမဲ့တချို့မှာမူ လက်ကလေးများဖြင့် ထောက်ကာ ရွှံ့ဗွက်ထဲတွင် ထိုင်နေကြပြီး ကောင်းကင်ကို မော့ကြည့်ရင်း ကရုဏာတော်ကို တောင်းခံနေသယောင် ရှိလေသည်။

“မင်းတို့အားလုံး ငါတို့လယ်ကွင်းထဲက ထွက်သွားစမ်း”

ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် လယ်ကွင်းထဲရှိ ဒုက္ခသည်များမှာ ထိတ်လန့်သွားကြသည်။

ရွာသား အယောက်နှစ်ဆယ်ဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့သည် လက်နက်များကို ကိုင်ဆောင်ကာ စပါးခင်းများဆီသို့ ချဉ်းကပ်လာကြသည်။

“လင်းခယ့်... မင်း ဘာလုပ်နေတာလဲ။ ရွာသူကြီးက သူ့အမိန့်ကို စောင့်ဖို့ ပြောထားတယ်လေ”

“ဟိုဖူလား။ အဲဒီအဖိုးကြီးကို မေ့လိုက်စမ်းပါ။ ကြည့်စမ်း... ဒီကောင်တွေမှာ ဘာမှမရှိဘူး။ အားလုံးက ပိန်ချုံးနေတာ။ ငါတို့ ရှင်းပစ်လို့ရတယ်။”

လင်းခယ့်သည် အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မစောင့်ဆိုင်းလိုဘဲ ဦးစွာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အနည်းဆုံးတော့ လျိုရဲ့အဖွဲ့ လာတာကို စောင့်ပါဦး။ သူရှိရင် ပိုစိတ်ချရတာပေါ့”

“ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ ထင်တယ်”

လျို၏ အမည်ကို ကြားလိုက်ရသောအခါ လင်းခယ့်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“မင်းတို့ကတော့ အလိုက်တာ။ ဟိုဖူက အဲဒီလျိုဆိုတဲ့ကောင်ကို ဘက်လိုက်နေတာ သိသာနေတာပဲ။ သူ့ကို အန္တရာယ်ကင်းအောင် ဖယ်ထားပေးတာလေ”

“စဉ်းစားကြည့်တော့လည်း... လင်းခယ့်... မင်းပြောတာ မှန်နိုင်တယ်”

“ဟူး... ငါတို့ကလည်း ဘာလို့ ဒီလောက်တုံးနေရတာလဲ”

“အဲဒီဟိုဖူ။ ဒီဒုက္ခသည်တွေကို မောင်းထုတ်ပြီးရင် ငါတို့ တရားမျှတမှုအတွက် ပြန်တောင်းဆိုရမယ်”

ကျန်ရှိသော ရွာသားများသည် လင်းခယ့်၏ စည်းရုံးမှုအောက်တွင် နားယောင်သွားကြလေသည်။

၎င်းတို့သည် လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အသက်ကို ပြင်းပြင်းရှူပြီးနောက် ဒုက္ခသည်များကို မောင်းထုတ်ရန် ပြေးဝင်သွားကြတော့သည်။

၎င်းတို့ မသိသည်မှာ ဦးလေးလျို၏အဖွဲ့သည် ဒုက္ခသည်များ၏ နောက်ကွယ်မှ ဝင်တိုက်နိုင်ရန်အတွက် အခြားတစ်လမ်းမှ ပတ်သွားရန် တာဝန်ပေးအပ်ခံရလေသည်။

လင်းခယ့်၏ ဆုံးဖြတ်ချက်သည် ဟိုဖူ၏ အစီအစဉ်ကို ပျက်စီးစေပြီး ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့လုံးကို အန္တရာယ်ထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပေသည်။

“ငါတို့လယ်ကွင်းထဲက ထွက်သွား”

လင်းခယ့်သည် ရှေ့မှ ဒုက္ခသည်ကို တုတ်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ထိုဒုက္ခသည်က လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

“မပြုံးနဲ့... မင်း...”

လင်းခယ့် စကားမဆုံးမီမှာပင် ဒုက္ခသည်က ရွှံ့ထဲတွင် ဝှက်ထားသော ဓားကို ဆွဲထုတ်ကာ ခုတ်လိုက်လေတော့သည်။

လင်းခယ့်သည် တုတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဓားကို ခုခံရန် ရှေ့တွင် ကာလိုက်သော်လည်း ဓား၏ ထက်မြက်မှုအား မတောင့်ခံနိုင်ဘဲ ကျိုးထွက်သွားလေသည်။

“အား...”

ဓားချက်သည် လင်းခယ့်၏ ရင်ဘတ်အား ထိမှန်သွားပြီး သွေးများမှာ အဝတ်အစားများပေါ်သို့ စိမ့်ထွက်လာကာ ရဲရဲနီသွားလေသည်။

လင်းခယ့်သည် နောက်သို့ ဆုတ်လိုက်သော်လည်း ဟန်ချက်ပျက်ကာ လဲကျသွားသည်။

ဒုက္ခသည်သည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ လင်းခယ့်ကို ဆက်လက် ခုတ်ပိုင်းရန် ပြင်လိုက်သည်။ လင်းခယ့်သည် ဘေးသို့ လူးလိမ့်ကာ အချိန်မီ ရှောင်တိမ်းလိုက်ရသည်။

“နေပါဦး။ ကျုပ်တူမှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊ သူဘယ်မှာ ဝှက်ထားလဲဆိုတာ ကျုပ်သိတယ်။ ကျုပ်ကို လွှတ်ပေးရင် အဲဒါတွေ အကုန်ပေးပါ့မယ်”

မျက်နှာတစ်ခုလုံး ရွှံ့များပေကျံနေသော လင်းခယ့်က အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးနေတော့သည်။

ဒုက္ခသည်က ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ဒါမှမဟုတ် ငါမင်းကို သတ်လိုက်ရင်လည်း အဲဒီပိုက်ဆံတွေ ရမှာပဲ။ ဟားဟားဟား”

ဒုက္ခသည်က သူ့ကို လွှတ်ပေးမည်မဟုတ်သည်ကို မြင်သောအခါ လင်းခယ့်သည် ထိုလူနှင့် ဝေးရာသို့ တရွတ်တိုက်တွားသွားကာ ထွက်ပြေးရန် ကြိုးစားလေသည်။

ကံကောင်းထောက်မစွာဖြင့် ရွာသားတစ်ဦးသည် လင်းခယ့်ကို ကယ်တင်ရန် ရောက်ရှိလာ၏။ ထိုရွာသားသည် ဒုက္ခသည်ကို ဝင်တိုက်လိုက်ရာ ဒုက္ခသည်မှာ မြေပြင်ပေါ်တွင် သတိလစ်ကာ လဲကျသွားတော့သည်။

“လင်းခယ့်... မင်း အဆင်ပြေရဲ့လား”

ရွာသားက လင်းခယ့်ကို ဆွဲထူရင်း မေးလိုက်သည်။

“မင်း ဒီထက်စောစော လာသင့်တာပေါ့။ ဟိုဖူနဲ့ အဲဒီကောင် လျိုက ဘယ်ရောက်နေတာလဲ။”

ရွာသားသည် ခေါင်းကိုသာ ခါလိုက်မိသည်။

ဤလင်းခယ့်ဆိုသူသည် အမြဲတမ်း သူတစ်ပါးကို အပြစ်တင်နေတတ်သူပင် ဖြစ်သည်။

လင်းဖန်နှင့် ပတ်သက်ပြီး လင်းခယ့် ပြောသမျှကို သူ သံသယဝင်စပြုလာလေသည်။

လင်းဖန်သည် တကယ်ပင် အကူအညီမဲ့နေသောသူ ဖြစ်နိုင်ပြီး လင်းခယ့် ဖော်ပြသကဲ့သို့ ကျေးဇူးကန်းသော တူတစ်ယောက် မဟုတ်နိုင်ပေ။

သို့သော် ယခုအချိန်တွင်မူ စိုးရိမ်စရာ အခြားကိစ္စများ ရှိနေသည်။

“အား...”

“တစ်ယောက်ယောက် ကယ်ပါဦး”

“အား... ငါ့လက်... ငါ့လက်”

လယ်ကွင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေလေသည်။ ဒုက္ခသည်များ၏ အလစ်အငိုက် တိုက်ခိုက်မှုမှာ ထိရောက်မှုရှိပြီး ၎င်းတို့က အသာစီးရနေပေသည်။

“သေစမ်း”

ဒုက္ခသည်တစ်ဦးက ဓားကို မြှောက်လိုက်ပြီး မြေပြင်ပေါ်ရှိ ရွာသားကို ခေါင်းဖြတ်ရန် ကြည့်လိုက်သည်။

ဝှစ်…

လေထုကို ခွဲထွက်လာသည့် မြားတစ်စင်း၏ အသံက ဝီခနဲ မြည်ဟည်းသွားသည်။

ဒုက္ခသည်မှာ လည်ပင်းတွင် မြားစိုက်ကာ တောင့်တင်းသွားပြီး သွေးများ ပန်းထွက်လာလေတော့သည်။

“အားလုံး တောင့်ခံထားကြ။ ငါတို့ လာပြီဟေ့”

ဦးလေးလျို၏ အသံက လေထဲတွင် ဟိန်းထွက်သွားလေတော့သည်။

All Chapters