← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) - ဖုန်းရှိုးမြို့

မေဖုန်းသည် လင်းဖန်၏ တွဲကူမှုကို အားယူကာ ခြေတစ်ဖက်ဖြင့် ထော့နဲ့ထော့နဲ့ လျှောက်လာသော ခင်ပွန်းသည်ကို မြင်လိုက်ရသောအခါ အလန့်တကြား ဖြစ်သွားလေသည်။

“အဒေါ်မေဖုန်း စိတ်မပူပါနဲ့။ ဦးလေးလျိုက ခြေသလုံးရိုး နည်းနည်း ထိသွားတာ ဖြစ်နိုင်ပါတယ်”

“ဟုတ်ပါ့။ အညိုအမဲစွဲသွားတာလေးတင်ပါ။ အရင်တုန်းက ကြုံခဲ့ရတာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။”

လင်းဖန်နှင့် ဦးလေးလျိုတို့ နှစ်ယောက်လုံးသည် ဒဏ်ရာသိပ်မပြင်းထန်သယောင် ပြောဆိုကာ ဖုံးကွယ်ရန် ကြိုးစားလိုက်ကြသည်။

မေဖုန်းက ထိုစကားများကို မယုံကြည်ပေ။

သူမသည် အိပ်ခန်းထဲသို့ ဝင်သွားပြီး အဝတ်အစားများကြားတွင် တစ်ခုခုကို အသည်းအသန် ရှာဖွေလေသည်။ နောက်ဆုံးတွင်မူ သူမ ရှာနေသောအရာကို တွေ့သွားသည်။

ပိုးသားဖြင့် ကွပ်ထားသော ဝါဂွမ်းလက်ကိုင်ပုဝါအဖြူရောင်ဖြင့် ထုပ်ထားသော အထုပ်လေးတစ်ခု ဖြစ်ပေသည်။

သူမက ထိုအထုပ်ကို ဖြေလိုက်ရာ အတွင်း၌ ကျောက်စိမ်းဆွဲသီးများနှင့် နားကပ်အချို့ ရှိနေလေသည်။

မေဖုန်းသည် သူမ၏ တင်တောင်းလက်ဖွဲ့အဖြစ် ပါလာခဲ့သော ထိုရတနာပစ္စည်းများကို ခဏမျှ စိုက်ကြည့်နေမိသည်။

သူမအနေဖြင့် ယင်းတို့ကို မခွဲရက်သော်လည်း လက်ရှိရှိသည့် ငွေကြေးများဖြင့် သမားတော်ကို ပင့်၍ ခင်ပွန်းသည်ကို ကုသပေးပါက ဆောင်းဦးရိတ်သိမ်းခွန်ကို ပေးဆောင်နိုင်တော့မည် မဟုတ်ပေ။

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။

မေဖုန်းက ဦးလေးလျိုကို ပြောလိုက်သည်။

“ကျုပ် သမားတော်သွားပင့်ပြီး ရှင့်ဒဏ်ရာကို ကြည့်ခိုင်းလိုက်မယ်။ ရှင် ဒီမှာပဲ ငြိမ်ငြိမ်လေး နေနေစမ်းပါ”

“သမားတော် ဟုတ်လား။ မလိုပါဘူးကွာ”

ဦးလေးလျိုက မေဖုန်းကို တားဆီးရန် ထော့နဲ့ထော့နဲ့ဖြင့် အမြန်လျှောက်သွားသည်။

“ကြည့်စမ်း။ ငါ အကောင်းကြီးပါ။ မနက်ဖြန်ဆို အမဲလိုက်ထွက်နိုင်ပြီ”

သူက ခြေနှစ်ဖက်စလုံးကို မြေကြီးပေါ် ချလိုက်ပြီး မေဖုန်းဆီသို့ ခြေလှမ်းလှမ်းရန် ကြိုးစားလိုက်သော်လည်း နာကျင်မှုက လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စွာ တက်လာချေသည်။

“အား”

သူက အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရလေသည်။

“ရှင် အဆင်ပြေရဲ့လား။”

မေဖုန်းက အမြန်ပြေးသွားပြီး ဦးလေးလျိုကို စစ်ဆေးလိုက်သည်။

ဦးလေးလျိုက မေဖုန်း၏ လက်ထဲတွင် ရှိနေသည့်အရာကို မြင်လိုက်ရသောအခါ ထိုရတနာအားလုံးကို သူမလက်ထဲမှ ပြန်လုရန် ကြိုးစားလိုက်လေသည်။

“မင်း ဘာတွေ တွေးနေတာလဲ။ ဒါတွေက မင်းရဲ့ တင်တောင်းလက်ဖွဲ့တွေလေ။ မင်း မိဘတွေဆီက ရခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရတွေ မဟုတ်ဘူးလား”

“ဒါမှမဟုတ်ရင် ကျမ ဘာလုပ်ရမလဲ။ ဆောင်းဦးရိတ်သိမ်းခွန် ပေးဆောင်ရမယ့် အချိန်က နီးနေပြီလေ”

မေဖုန်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာလေသည်။

ထိုအဖြစ်အပျက်ကို မြင်သောအခါ လျိုဟန်လေးကလည်း ကျယ်လောင်စွာ ငိုကြွေးတော့သည်။

“ဖေဖေ နေကောင်းသွားမှာပါ”

လင်းဖန်သည် ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အံ့အားသင့်သွားမိသည်။

သူက ဦးလေးလျိုကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်ကို ဖုန်းရှိုးမြို့ကို သွားခွင့်ပြုပါ။ ဒီဓားက တန်ဖိုးရှိပုံရတယ်။ ကျုပ် သွားရောင်းလိုက်ပါမယ်။ ရတဲ့ငွေနဲ့ သမားတော်ကို ပေးလို့ရတာပေါ့”

“ဒါပေမဲ့ မင်း ချင်ဖုန်းဂိုဏ်းကို ဝင်တဲ့အခါ ဒီဓားက လိုအပ်မှာလေ”

ဦးလေးလျိုက ပြောလိုက်သည်။

“ကျုပ်ကိုပဲ လုပ်ခွင့်ပေးပါ ဦးလေးလျို။ ကျုပ်က ဓားသိုင်းပညာရပ်တွေကို သိပ်စိတ်မဝင်စားပါဘူး။ ဒါက ကျုပ် ဦးလေးအတွက် လုပ်ပေးနိုင်တဲ့ အနည်းဆုံးအရာပါပဲ”

လင်းဖန်သည် ဦးလေးလျို ငြင်းဆန်ခွင့် မရခင်မှာပင် အိမ်ပြင်သို့ လှည့်ထွက်သွားလေသည်။

“အဒေါ်မေဖုန်း ဦးလေးလျိုကို ဂရုစိုက်ပေးထားပါ။ ကျုပ်ဆီက သတင်းကောင်းကို စောင့်နေလိုက်ပါ”

လင်းဖန်က မေဖုန်းကို စိတ်ချစေပြီးနောက် လျိုဟန်ကို ပြုံးပြကာ လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားလေသည်။

မေဖုန်းသည် ထွက်ခွာသွားသော လင်းဖန်၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မိနေလေသည်။

‘အရင်တုန်းက ငါ ဘာတွေများ တွေးနေခဲ့မိသလဲ။ လင်းဖန်ကို ဦးလေးလျိုအပေါ် မှီခိုနေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ပဲ မြင်ခဲ့မိတာ’

သူမ မှားယွင်းခဲ့ချေပြီ။

လင်းဖန်သည် မြေသားလမ်းအတိုင်း လျှောက်လာစဉ် တစ်လမ်းလုံးတွင် ကုသစရိတ်အတွက် ငွေရှာနေကြသော အလားတူ စကားဝိုင်းများကို ကြားနေရလေသည်။

လှည့်လည်သွားလာသူများနှင့် ဒုက္ခသည်များ၏ ဖြစ်ရပ်က ရွာသားများကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

လာမည့် ဆောင်းရာသီ၌ ဖြတ်သန်းရ ခက်ခဲတော့မည် ဖြစ်ပေသည်။

လင်းဖန် ရွာသူကြီးအိမ်သို့ ရောက်သောအခါ ရွာသူကြီးနှင့် ဟိုမင်တို့က အပြင်တွင် စောင့်နေကြလေပြီ။

“ရွာသူကြီး။ အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနောက်ကွယ်မှာ ထန်မိသားစုရဲ့ အိမ်တော်ထိန်းလီ ပါဝင်ပတ်သက်နေမယ်လို့ ကျုပ် ထင်တယ်”

“ကျုပ် ကွင်းပြင်ကို ရောက်တဲ့အချိန်မှာ လူတချို့က ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ”

“ပြီးတော့ ဒါကိုလည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ဒါက အိမ်တော်ထိန်းလီ လွှတ်လိုက်တာလို့ သက်သေပြဖို့တော့ ခက်လိမ့်မယ်”

လင်းဖန်က ကြာပန်းပုံ ထွင်းထုထားသော သစ်သားပြားလေးကို ကမ်းပေးလိုက်သည်။

ဟိုဖူက ထိုသစ်သားပြားကို ယူ၍ အသေးစိတ် ကြည့်ရှုလိုက်သည်။

ဤသစ်သားပြားမှာ မည်သည့်အရာ ဖြစ်သည်ကိုမူ သူလည်း မသေချာပေ။

သူသည် ဖုန်းရှိုးမြို့မှ မြို့ဝန်ဆီတွင် စစ်ဆေးကြည့်ရမည် ဖြစ်ပေသည်။

“ဒါက ဘာလဲဆိုတာ ငါလည်း မသေချာဘူး”

“မြို့ဝန်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်မယ်”

“အိမ်တော်ထိန်းလီနဲ့ ပတ်သက်ရင်တော့ ငါလည်း မင်းနဲ့ သဘောတူတယ်။ သူ တစ်နည်းနည်းနဲ့ ပါဝင်နေမှာပဲ”

“ဒါပေမဲ့ ငါ တစ်ခုခု မလုပ်ခင်မှာ သက်သေရအောင် အရင် ကြိုးစားရလိမ့်မယ်”

“ထန်မိသားစုက ငါ အမှားတစ်ခုခု လုပ်မိမှာကို စောင့်နေကြတာ။ အကွက်ချ ချောင်းနေကြတာပဲ”

ဟိုဖူက သူ၏ ဆေးတံကို တစ်ချက်ဖွာလိုက်ရင်း ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီး အိမ်တော်ထိန်းလီကို မည်သို့ အမိဖမ်းရမည်ကို တွေးတောနေမိသည်။

“သိပ်ပြီးလည်း လေးနက်မနေစမ်းပါနဲ့။ ဒါ မင်းအတွက် မြို့ကို ပထမဆုံးအကြိမ် သွားဖူးတာ မဟုတ်လား။ အဲဒီရောက်ရင် ငါ မင်းကို လိုက်ပြပေးမယ်”

ဟိုမင်က လင်းဖန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

“ဟုတ်ပါပြီ။ ဒါဆို သွားကြစို့”

လင်းဖန်က ပြန်ပြောလိုက်သည်။

…

ဖုန်းရှိုးမြို့…

မြို့အား လေးထောင့်ကျကျ ပုံစံဖြင့် တည်ဆောက်ထားသည်။

အလယ်ဗဟိုတွင်မူ မြို့တော်ဝန် နေထိုင်ပြီး တရားရုံးတော် ရှိလေသည်။

ရုံးတော်မှ ဖြာထွက်နေသော လမ်းမကြီးများသည် ဖြောင့်တန်းနေပြီး လမ်းဘေးတစ်လျှောက်တွင် ကုန်ပစ္စည်းမျိုးစုံ ရောင်းချနေသော ဆိုင်ခန်းများ တန်းစီနေသည်။

အုပ်ကြွပ်မိုးထားသော အိမ်ခေါင်မိုးများဖြင့် တည်ဆောက်ထားသည့် ထိုအဆောက်အအုံများသည် အန်းရှန်းရွာမှ သစ်သားတဲလေးများထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်လေသည်။

လမ်းမပေါ်တွင် လူများဖြင့် စည်ကားလှုပ်ရှားနေပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် ဆူညံနေလေသည်။

လူဦးရေ ကျဲပါးသော အန်းရှန်းရွာနှင့်စာလျှင် လုံးဝ ခြားနားနေပေသည်။

“မင်းတို့နှစ်ယောက် ပြဿနာမရှာကြနဲ့။ တစ်နာရီကြာရင် ရုံးတော်မှာ လာတွေ့ကြ”

ဟိုဖူက ဟိုမင်ကို ကြေးပြားအချို့ ကမ်းပေးလိုက်ပြီးနောက် ရုံးတော်သို့ ဦးတည်သွားလေသည်။

“ဒီဓားကို ဘယ်မှာ ရောင်းလို့ရမလဲဆိုတာ မင်း သိလား”

လင်းဖန်က ဟိုမင်ကို မေးလိုက်သည်။

“ဟိုး။ ဒီဓားက တော်တော် တန်ဖိုးရှိမယ့်ပုံပဲ။ လက်နက်ဆိုင်မှာ သွားပြီး ကံစမ်းကြည့်ကြတာပေါ့”

ဟိုမင်က လင်းဖန်ကို လမ်းများတစ်လျှောက် လမ်းပြခေါ်ဆောင်သွားပြီး လမ်းထောင့်ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်လေသည်။

ဆိုင်ရှေ့တွင် ကိုယ်ပေါ်၌ အမာရွတ်များနှင့် ဆေးမင်ကြောင်များ ရှိနေသော ကြမ်းတမ်းသည့်ပုံစံရှိသည့် လူအချို့က စောင့်ကြပ်နေကြသည်။

၎င်းတို့က ဟိုမင်နှင့် လင်းဖန်ကို အထဲမဝင်ရန် တားဆီးသော်လည်း ဟိုမင်က သူ၏ ကြေးပြားများကို ထုတ်ပြလိုက်သောအခါမှသာ အထဲသို့ ဝင်ခွင့်ပြုလိုက်လေသည်။

ဆိုင်ထဲသို့ ရောက်သောအခါ လင်းဖန်မှာ အံ့အားသင့်သွားရသည်။

ရောင်းချရန် ခင်းကျင်းထားသော ဓားများ၊ ဓားမြှောင်များ၊ လှံရှည်များနှင့် ပုဆိန်များကိုပါ တွေ့ရလေသည်။

လင်းဖန်က အနီးကပ်သွားပြီး သေသေချာချာ ပြုလုပ်ထားသော လက်နက်များကို ကြည့်ရှုနေမိသည်။

“ဘာများ ကူညီပေးရမလဲခင်ဗျ”

ဆိုင်အကူတစ်ယောက်က သူ့ဆီသို့ လျှောက်လာကာ မေးလိုက်သည်။

“ဒီဓားကို ဘယ်လောက်နဲ့ ရောင်းလို့ရမလဲ”

လင်းဖန်က ပြောရင်း သူ၏လက်ထဲမှ ဓားကို မြှောက်ပြလိုက်လေသည်။

ဆိုင်အကူသည် ထိုဓားကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

All Chapters