← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆) - အပြုံး

“ဟီးဟီး... တောင်းပန်ပါတယ်ဗျာ၊ ကျုပ် မထိန်းနိုင်လို့ပါ။ ကျုပ်တို့ရဲ့ အခြေခံခိုင်မာစေတဲ့ ဆေးလုံးတွေ၊ ဆေးရည်တွေ မသုံးဘဲနဲ့ စွမ်းရည်စစ်ဆေးပွဲကို အောင်မြင်သွားတဲ့သူမျိုး တစ်ခါမှ မကြားဖူးလို့ပါ”

ဆိုင်ရှင်က တဟီးဟီးနှင့် ဆက်၍ ရယ်မောနေလေသည်။

အခြားသော ဝယ်သူများကလည်း မျက်ခုံးပင့်ကာ မေးစေ့ကို အသာမော့၍ လင်းဖန်ကို ကြည့်နေကြပြီး သူတို့၏ ရယ်သံများကို မနည်းအောင့်ထားကြသည်။

ဟိုမင်ကတော့ အတော်လေး မကျေမနပ် ဖြစ်သွားကာ ဆိုင်ရှင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“မင်း... ပိုကောင်းတာက...”

ဟိုမင် စကားမဆုံးခင်မှာပင် လင်းဖန်က သူ၏ပုခုံးကို ပုတ်ကာ တားဆီးလိုက်သည်။

“ဒါပေမဲ့ ဒီလူက...”

“ဟိုမင်... ကျုပ်ပဲ ဖြေရှင်းလိုက်မယ်”

ထို့နောက် လင်းဖန်က တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ဆိုင်ရှင်ထံ လျှောက်သွားလိုက်သည်။

ဆိုင်ရှင်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သဖြင့် ဘယ်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။

ဘယ်ဘက်တွင် ရပ်နေသော ဆိုင်၏လုံခြုံရေးအစောင့်က ဆိုင်ရှင်၏အချက်ပြမှုကို နားလည်သွားကာ သူ၏ခါးရှိ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။

‘ဒီလူငယ်က ဘာလို့ ရူးရူးမိုက်မိုက်နဲ့ ချန်ရှို့ဆေးတိုက်ထဲမှာ ပြဿနာလာရှာရဲတာလဲ’

အခြားသော ဧည့်သည်များကလည်း တင်းမာသွားကာ ထိုသို့ တွေးတောလိုက်ကြသည်။

‘ဒီမြို့ထဲက ကျင့်ကြံသူအားလုံးက ဆေးတိုက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို သူ မသိဘူးလား’

လင်းဖန် သူ၏လက်ကို မြှောက်လိုက်သည်ကို မြင်သောအခါ လူတိုင်း အသက်ရှူပင် အောင့်ထားလိုက်ကြသည်။

“ကျုပ် ထင်တာတော့...”

လင်းဖန်က ပြောရင်း သူ၏လက်နှစ်ဖက်ဖြင့် ကောင်တာကို ဝုန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

လုံခြုံရေးအစောင့်က ဓားကို ဆွဲထုတ်လိုက်သည်။

ဆေးတိုက်အတွင်းရှိ အခြားဝယ်သူများသည်လည်း တစ်ခုခုဖြစ်လျှင် ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။

ပြဿနာထဲ ရောယောင်၍ ပါသွားမည်ကို မလိုလားကြပေ။

“...ဒါက တကယ် ရယ်ရတာပဲ။ ကျုပ် ဘာတွေ တွေးနေတာလဲ မသိဘူး။ ကျေးဇူးပြုပြီး စိတ်ကြိုက် ဆက်ရယ်ကြပါဦး”

လင်းဖန်၏မျက်နှာအမူအရာက ရှက်ကိုးရှက်ကန်း အပြုံးတစ်ခုသို့ ပြောင်းလဲသွားသည်။

“တောက်... ဒီကောင်လေးကတော့ ငါ့ကို လန့်သွားအောင် လုပ်လိုက်တာပဲ”

“သူက ဆိုင်ရှင်ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်လို့ ငါ ထင်နေတာ။”

“နောက်တစ်ခါကျရင် ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှ မဟုတ်ဘူးဆိုတာကို အရင်နားလည်ထားစမ်းပါဟာ”

ဝယ်သူများက သူတို့ကို လန့်သွားအောင် လုပ်သဖြင့် လင်းဖန်ကို ကြည့်ကာ ဗြစ်တောက်ဗြစ်တောက် ပြောနေကြသည်။

ဆိုင်ရှင်မှာ လင်းဖန်၏နောက်ပြောင်မှုကို ခံလိုက်ရသဖြင့် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ တုန်ရီနေလေသည်။

“မင်းလို လူမိုက်က... ဘယ်လိုတောင်... ဟားဟားဟားဟား...”

ဆိုင်စောင့်မှာ စကားမဆုံးနိုင်ဘဲ အဆက်မပြတ် ရယ်မောတော့သည်။

လင်းဖန်နှင့် ဟိုမင်မှလွဲ၍ ကျန်ရှိနေသူအားလုံးကလည်း လိုက်၍ ရယ်မောကြလေသည်။

“ဟားဟားဟားဟား...”

ခဏအကြာတွင် သူတို့ ရယ်မောခြင်း ရပ်သွားကြသည်။

သို့သော်လည်း ဆိုင်ရှင်မှာမူ ဆက်၍ ရယ်နေဆဲပင်။

ပထမတွင် ဝယ်သူများက ဆိုင်ရှင်အနေဖြင့် ရယ်စရာ တစ်ခုခုကို တွေးမိ၍ ရယ်နေသည်ဟု ထင်ခဲ့ကြလေသည်။

သို့သော် ရယ်သံက တော်တော်နှင့် မရပ်ဘဲ ဆက်တိုက် ထွက်ပေါ်နေသည်။

မိနစ်အနည်းငယ် ကြာသောအခါ ဝယ်သူများမှာ တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိသွားကြသည်။

ဆိုင်ရှင်မှာ မည်သည့်အကြောင်းအရာကြောင့် ဒီလောက်အထိ အတင်းအဓမ္မ ရယ်နေရသနည်း။

သူတို့သည် စိုးရိမ်တကြီး ကြည့်နေကြသည်။

လုံခြုံရေးအစောင့်က အနားသို့ လာကာ ဆိုင်စောင့်၏ကျောကို ပုတ်၍ အဆင်ပြေရဲ့လားဟု မေးလိုက်သည်။

“ဟားဟားဟား...”

မည်သို့မျှ အရာမထင်ပေ။

ဆိုင်စောင့်မှာ ဆက်က်၍ ရယ်နေတုန်းပင်။

ယခုအခါ သူ၏မျက်နှာမှာ ထိတ်လန့်စရာ ကောင်းလာလေသည်။ မျက်လုံးများက ကြောက်လန့်တကြား ပြူးကျယ်နေသော်လည်း ပါးစပ်ကတော့ မထိန်းချုပ်နိုင်ဘဲ ရယ်မောနေဆဲ ဖြစ်သည်။

မျက်ရည်များမှာလည်း ပါးပြင်ပေါ်သို့ စီးကျလာသည်။

‘ဘာတွေ ဖြစ်နေတာလဲ။ ငါ ဘာလို့ ရယ်နေတာကို ရပ်လို့မရတာလဲ’

ဆိုင်ရှင်မှာ မည်သည့်အရာများဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ဖြစ်နိုင်ခြေ အမျိုးမျိုးမှာ သူ၏ခေါင်းထဲတွင် လည်ပတ်နေသည်။

‘ဟိုမင်နဲ့ အတူပါလာတဲ့ ဒီကောင်လေးကြောင့်များလား’

သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်ပေ။

သူ့ကို ကြည့်ရသည်မှာ ကျင့်ကြံသူတစ်ဦးနှင့် မတူသကဲ့သို့ အစောပိုင်းတွင် ဟိုမင်နှင့် ပြောသောစကားအရ သူသည် မည်သည့်ဂိုဏ်းဝင်မှ မဟုတ်သေးပေ။

‘ဒါမှမဟုတ် ငါလုပ်သမျှကို ကြည့်နေတဲ့ လျှို့ဝှက်ဆရာတစ်ယောက်ယောက် သူ့မှာ ရှိနေတာလား။ ဟုတ်တယ်... ငါ အဲဒီလျှို့ဝှက်ဆရာကို ဒေါသထွက်အောင် လုပ်လိုက်မိပြီ ထင်တယ်’

ဆိုင်ရှင်ကက တွေးတောလိုက်ပြီးနောက် သူသည် လင်းဖန်၏နောက်ကွယ်ရှိ လျှို့ဝှက်ဆရာကို ဒေါသထွက်အောင် လုပ်မိပြီဟု ဆုံးဖြတ်လိုက်သည်။

ဘုန်း…

ဆိုင်ရှင်သည် ချက်ချင်းပင် ဒူးထောက်လိုက်ကာ မထိန်းချုပ်နိုင်ဘဲ ရယ်မောနေရင်းဖြင့် လင်းဖန်ကို ဦးတိုက်တော့သည်။

“ဆိုင်ရှင်က ပျော်နေပုံပဲ... ကျုပ်တို့ သွားကြစို့”

လင်းဖန်က ဟိုမင်၏ကျောကို ပုတ်ကာ သူ့ကို ဆွဲ၍ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

လင်းဖန်နှင့် ဟိုမင်တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါမှ ဆိုင်ရှင်၏ရယ်သံများ ရပ်တန့်သွားသည်။

သူက ဒေါသတကြီးဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

အစောပိုင်းက အဆက်မပြတ် ရယ်မောခဲ့ရသဖြင့် အောက်ဆီဂျင် ပြတ်လပ်ကာ သတိလစ်မတတ် ဖြစ်သွားခဲ့ရသည်။

“ဟင်း... ဟင်း...”

သူ အသက်ရှူနေရင်းပင် သူ၏ထင်မြင်ချက် မှန်ကန်ကြောင်း ယုံကြည်သွားတော့သည်။

သူ ဒူးထောက် တောင်းပန်လိုက်သောကြောင့် လင်းဖန်၏လျှို့ဝှက်ဆရာက သူ့ကို လွှတ်ပေးလိုက်ခြင်းပင် ဖြစ်မည်။

‘နောက်တစ်ခါကျရင် အဲဒီလူငယ်နဲ့ ရင်းနှီးအောင် နေရမယ်။’

…

“အဲဒါ ဘာဖြစ်တာလဲဗျ”

ဟိုမင်မှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကြောင့် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

ဆိုင်ရှင် ဤကဲ့သို့ ပြုမူသည်ကို သူ တစ်ခါမှ မမြင်ဖူးပေ။

“အဲဒါက ရောဂါတစ်မျိုးလို့ ကျုပ် ကြားဖူးတယ်။ အဲဒီရောဂါဖြစ်ရင် ရယ်နေတတ်ပြီး စိတ်က တဖြည်းဖြည်း လွတ်သွားတတ်တာ။ ခွေးရူးပြန်ရောဂါလား ဘာလားပဲ။ ခွေးရူးကိုက်ခံရရင် ဖြစ်တတ်တာလေ”

လင်းဖန်က ဆင်ခြေတစ်ခု ရှာတွေ့သွားသဖြင့် ဟိုမင်ကို ရှင်းပြလိုက်သည်။

“ဟား... ဒီလိုမျိုး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ဆေးတိုက်က ဆရာတွေ ကုပေးနိုင်မှာပါလေ”

ဟိုမင်က ပြောလိုက်သည်။

“ကျုပ် ဗိုက်ဆာပြီ၊ တစ်ခုခု သွားစားရအောင်”

လင်းဖန် ပြောလိုက်သည်။

အုပ်စုခေါင်းဆောင်စွမ်းရည်ကို အသုံးပြုလိုက်ခြင်းက သူ၏စွမ်းအင်များကို ကုန်ခမ်းစေသဖြင့် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေလေသည်။

“ဗိုက်ဆာရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ငါ သိတယ်”

ဟိုမင်က ပြန်ပြောလိုက်သည်။

ထို့နောက် သူတို့သည် ‘ချွမ်ဝေရွှမ်’ အမည်ရှိ စားသောက်ဆိုင်ကြီးသို့ ရောက်လာကြသည်။

၎င်းမှာ နှစ်ထပ်အဆောက်အဦဖြစ်ပြီး သစ်သားပန်းပုများဖြင့် လှပစွာ အလှဆင်ထားသည်။

ပထမထပ်တွင် စားပွဲများပေါ်၌ ဟင်းလျာများ ပြည့်နှက်နေသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။

ဝယ်သူများမှာလည်း ပျော်ရွှင်စွာဖြင့် စကားပြောခြင်း၊ စားသောက်ခြင်းများ ပြုလုပ်နေကြသည်။

စားပွဲထိုးများမှာလည်း ကောင်းမွန်သော ဟင်းလျာများကို သယ်ဆောင်လာကာ ကချေသည်များကဲ့သို့ လူအုပ်ကြားထဲတွင် ဟင်းရည်တစ်စက်ပင် မဖိတ်စေဘဲ ကျွမ်းကျင်စွာ သွားလာနေကြသည်။

ဤမြင်ကွင်းမှာ အန်းရှန်းရွာတွင် လင်းဖန် မြင်တွေ့ခဲ့ရသည်များနှင့် များစွာ ကွာခြားလှသည်။

အန်းရှန်းရွာတွင် ဟင်းနှစ်မျိုးနှင့် ထမင်းစားရခြင်းမှာပင် ဇိမ်ခံနေရခြင်းဟုပင် သတ်မှတ်ရမည် ဖြစ်သည်။

စားသောက်ဆိုင်မှာ လူပြည့်နေသဖြင့် လင်းဖန်နှင့် ဟိုမင်တို့မှာ နေရာရရန် ခေတ္တခဏ စောင့်ဆိုင်းခဲ့ရသည်။

စောင့်ဆိုင်းနေစဉ်တွင် လင်းဖန်က ဆိုင်၏ဒုတိယထပ်ကို လှမ်းကြည့်လိုက်သည်။

အပေါ်ထပ်မှာမူ အတော်လေး လူရှင်းနေသည်။ လူအနည်းငယ်သာ ဒုတိယထပ်တွင် စားသောက်နေကြသည်။

“သူတို့က ဘာလို့ ဒုတိယထပ်မှာ လူတွေကို အများကြီး ပေးမထိုင်တာလဲ”

လင်းဖန်က မေးလိုက်သည်။

နေရာလွတ်ကြီး ထားထားခြင်းမှာ ထူးဆန်းနေသကဲ့သို့ ခံစားရသည်။

“ငါလည်း အဲဒီမှာ ထိုင်ချင်တာပေါ့၊ ဒါပေမဲ့ ဒုတိယထပ်က အရာရှိတွေ၊ ဂိုဏ်းတပည့်တွေနဲ့ ကျင့်ကြံသူတွေအတွက်ပဲ သီးသန့်ထားတာလေ။ ငါတို့လို သာမန်လူတွေက သွားလို့မရဘူး”

ဟိုမင်က ဆက်လက်၍ ပြောလိုက်သည်။

“ဒါကြောင့်လည်း ငါ့အဖေက ငါ့ကို ချင်ဖုန်းဂိုဏ်းထဲ ဝင်စေချင်တာ။ အဲဒါက ငါတို့မိသားစုရဲ့ ကံကြမ္မာအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာ”

လင်းဖန်က မည်သည့်အရာမျှမပြောဘဲ ခေါင်းငြိမ့်လိုက်သည်။

ဂိုဏ်းတပည့်များ သို့မဟုတ် ကျင့်ကြံသူများနှင့် အခြားသူများကြားရှိ အဆင့်အတန်း ကွာဟချက်ကို သူ ယခုမှပင် လက်တွေ့ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

‘ဒါဆိုရင် ငါ ချင်ဖုန်းဂိုဏ်းကို ရောက်တဲ့အခါ အကောင်းဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာစေရမယ်’

လင်းဖန်က ဒုတိယထပ်ကို မော့ကြည့်ရင်း သူ့ဘာသာ တိတ်တဆိတ် တွေးလိုက်မိသည်။

All Chapters