အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) - ကျင့်ကြံသူများ
သူတို့အလှည့် ရောက်ရှိလာသောအခါ ဆိုင်အကူက လင်းဖန်နှင့် ဟိုမင်တို့ကို ထောင့်စွန်းရှိ စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။
ဆိုင်အကူသည် ပုခုံးပေါ်တွင် တင်ထားသော ပဝါကိုယူကာ စားပွဲကို သုတ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“ဒီနေ့ လူကြီးမင်းတို့ ဘာများ သုံးဆောင်ကြမလဲ ခင်ဗျာ”
“ခေါက်ဆွဲနှစ်ပွဲနဲ့ လက်ဖက်ရည်တစ်အိုး ပေးပါ”
ဟိုမင်က ပြောလိုက်သည်။
“ဒါပဲလားခင်ဗျာ။ အခုက ရာသီဥတုက အေးလာပြီလေ။ ကျုပ်တို့ဆီမှာ ယုန်သားတော့ ပြတ်နေပေမဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေမယ့် မြွေသား ဒါမှမဟုတ် သမင်သားတွေ ရှိပါတယ်၊ စိတ်ဝင်စားကြလား ခင်ဗျာ”
ဆိုင်အကူက လင်းဖန်နှင့် ဟိုမင်တို့ကို ဟင်းလျာအသစ်များအား တက်တက်ကြွကြွ မိတ်ဆက်ပေးနေလေသည်။
“ယုန်သားလား။ တကယ်လို့ လိုအပ်မယ်ဆိုရင် ကျုပ် သွင်းပေးလို့ ရပါတယ်၊ ကံကောင်းရင် သမင်သားပါ ရနိုင်တာပေါ့”
လင်းဖန်က မေးလိုက်သည်။
အကယ်၍ ချွမ်ဝေရွှမ်စားသောက်ဆိုင်သို့ ယုန်သားများ သွင်းပေးနိုင်မည်ဆိုပါက လင်းဖန်အတွက် ငွေရှာရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ချီစုစည်းမှုဆေးလုံးများ၏ ဈေးနှုန်းကို သိရှိပြီးနောက်တွင် လင်းဖန်သည် ငွေကြေးပိုမိုရှာဖွေရန် မည်မျှအရေးကြီးကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
လင်းဖန်က ကြေးဒင်္ဂါးတစ်ခုကို ထုတ်ယူကာ ဆိုင်အကူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
အောင်မြင်သော စီးပွားရေးသမားတစ်ဦးအဖြစ် ရှင်သန်ခဲ့သည့် သူ၏အရင်ဘဝ အတွေ့အကြုံများအရ လူမှုဆက်ဆံရေး နယ်ပယ်တွင် ငွေကြေးဖြင့် လမ်းခင်းရခြင်း၏ အရေးပါမှုကို ကောင်းစွာ သိရှိထားပေသည်။
“ဟင်း...”
ဆိုင်အကူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျုပ် ဆိုင်ရှင်ကို တစ်ချက်လောက် မေးကြည့်ပါရစေဦး”
“အဲဒီအတောအတွင်း ခေါက်ဆွဲလာတာကို ခဏစောင့်ပေးပါဦး”
ဆိုင်အကူသည် လှည့်ထွက်သွားကာ မီးဖိုချောင်သို့ မှာယူသည့်ဟင်းလျာများကို အော်ပြောလိုက်ပြီး ကောင်တာသို့ သွားကာ ဆိုင်ရှင်နှင့် တီးတိုးစကားပြောနေလေသည်။
ဆိုင်ရှင်က ခေါင်းမော့ကြည့်ကာ လင်းဖန်ကို မသေချာသလို အကဲခတ်လိုက်သည်။
သို့သော် ဆိုင်အကူက ဆိုင်ရှင်အား ဆက်လက်၍ တိုက်တွန်းနေပြန်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဆိုင်ရှင်က သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် ဆိုင်အကူသည် လင်းဖန်တို့ စားပွဲဆီသို့ ပြန်ရောက်လာသည်။
“ဆိုင်ရှင်က သဘောတူပါတယ်ဗျာ။ ယုန်တစ်ကောင်ကို ကြေးဒင်္ဂါးတစ်ပြား၊ သမင်တစ်ကောင်ကိုတော့ ကြေးဒင်္ဂါးဆယ်ပြား ပေးပါမယ်တဲ့။ လူကြီးမင်းတို့ အဆင်ပြေတဲ့အချိန် ယူလာပေးလို့ ရပါပြီ”
ဆိုင်အကူက ပြုံးရွှင်စွာ ပြောလိုက်သည်။
“သဘောတူတယ်”
လင်းဖန်က လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဂုဏ်ပြုသည့်အမူအရာဖြင့် တစ်ငုံတည်း သောက်လိုက်လေသည်။
သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီးနောက် အခြားကြေးဒင်္ဂါးတစ်ပြားကို ထုတ်ကာ ဆိုင်အကူ၏လက်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။
ဆိုင်အကူက အစပိုင်းတွင် အားနာဟန်ဖြင့် ငြင်းဆန်နေသော်လည်း လင်းဖန်က မိနစ်အနည်းငယ်ကြာအောင် အတင်းအကျပ် ပေးနေသဖြင့် နောက်ဆုံးတွင် ထိုကြေးဒင်္ဂါးကို လွှဲမရှောင်သာဟန်ဖြင့် လက်ခံလိုက်လေသည်။
ဆိုင်အကူက အလွန်အမင်း ဝမ်းသာသွားကာ ပြုံးရွှင်လျက် လှည့်ထွက်သွားသည်။
“ဆိုင်အကူ။ ဒုတိယထပ်က ဝမ့်ကျန်းကော အခန်းကို ပြင်ထားလိုက်စမ်း။ နာမည်ကြီး ဟင်းလျာအားလုံးကို အမြန်ဆုံး ပြင်ဆင်ထား။ ငါ့ဧည့်သည်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရင်တော့ မင်းတို့ကို ငါ အရှင်ထားမှာ မဟုတ်ဘူး”
ဟိန်းထွက်လာသော အသံကြီးနှင့်အတူ လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ချွမ်ဝေရွှမ်ဆိုင်ထဲသို့ ဝင်လာလေသည်။
ထိုသူသည် ထူထဲသော မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများ ရှိသည်။
သူသည် ခါးပတ်အနက်ရောင်နှင့် ဖိနပ်အနက်ရောင်တို့ကို ဝတ်ဆင်ထားပြီး အနီရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ထိုအမျိုးသား၏ နောက်တွင် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါလာလေသည်။
သူတို့သည် မီးခိုးရောင် ကျင့်ကြံသူဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ထိုသူတို့ထဲတွင် အကြီးဆုံးဟု ထင်ရသော အမျိုးသမီးမှာ ချောမောလှပပြီး ချောမွတ်သော အသားအရေနှင့် ဝိုင်းစက်သော မျက်ဝန်းကြီးများကို ပိုင်ဆိုင်ထားလေသည်။
ကျန်ရှိသော လူငယ်နှစ်ဦးမှာ ထိုအမျိုးသမီး၏ ဂိုဏ်းတူမောင်လေးများ ဖြစ်ဟန်တူပြီး ပစ္စည်းများနှင့် ဓားများကို သယ်ဆောင်လာကြသည်။
ထိုဧည့်သည်များကို မြင်လိုက်ရသောအခါ ဆိုင်အတွင်းရှိ ဆူညံသံများအားလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။
အချို့ဆိုလျှင် ထိုကျင့်ကြံသူများ၏ လမ်းတွင် အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သူတို့၏ ထိုင်ခုံများကိုပင် ခပ်ဝေးဝေးသို့ ဆွဲထုတ်လိုက်ကြသည်။
ဆိုင်အကူသည် အပြေးအလွှား သွားရောက်ကာ ထိုအရာရှိ၏ ဘေးတွင် ဦးညွှတ်လိုက်ပြီးနောက် တောင်းပန်လိုက်သည်။
“စောင့်ခိုင်းမိတာ တောင်းပန်ပါတယ် အရာရှိချိုက်။ ဝမ့်ကျန်းကော အခန်းဆီကို ကျုပ်နောက်က လိုက်ခဲ့ပေးပါ ခင်ဗျာ”
အရာရှိချိုက်နှင့် ကျင့်ကြံသူသုံးဦးတို့သည် ဆိုင်အကူနောက်သို့ လိုက်ပါသွားကြလေသည်။
‘ဒီလူတွေက တောအုပ်ကို ရှင်းလင်းဖို့ တာဝန်ပေးခံရတဲ့ အဖွဲ့ဖြစ်ရမယ်’
လင်းဖန်က သူ့ဘာသာ တွေးလိုက်မိသည်။
အကယ်၍ သူတို့သာ တောအုပ်ကို ရှင်းလင်းပေးနိုင်မည်ဆိုပါက ရွာသားများအတွက် ဆောင်းရာသီကို ဘေးကင်းစွာ ဖြတ်သန်းနိုင်မည် ဖြစ်ပေသည်။
သို့သော် လင်းဖန်၏စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရသည်။
အိမ်တော်ထိန်းလီနှင့် ထိုသောင်းကျန်းသူများ၏ နောက်ကွယ်တွင် ရှိနေသူသည် ဤမျှနှင့် ရပ်တန့်သွားမည် မဟုတ်သေးပေ။
လင်းဖန်နှင့် ဟိုမင်တို့ စားသောက်ပြီးသောအခါ ဟိုဖူနှင့် ပြန်လည်ဆုံတွေ့ရန် အချိန်ရောက်လာပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဟိုမင်က လင်းဖန်ကို လမ်းဘေးအစားအစာများဖြင့် ဧည့်ခံလေသည်။
ဟိုမင် နှစ်သက်သော သစ်သီးသကြားအုပ်များနှင့် ကြက်သွန်မြိတ်မုန့်များကို လင်းဖန်နှင့်အတူ ဝေမျှစားသောက်လေသည်။
သစ်သီးတုတ်ထိုးများကို ပျော်ရွှင်စွာ စားနေသော ဟိုမင်ကို ကြည့်ရင်း သူတို့သည် လူငယ်လေးများသာ ရှိသေးသည်ကို လင်းဖန် သတိရသွားမိသည်။
သို့သော် ကံကြမ္မာက ဟိုမင်အား ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် မိသားစု၏ တာဝန်ကို ပုခုံးပေါ် ထမ်းတင်ခိုင်းထားလေပြီ။
“ဘာတွေ ကြာနေတာလဲ။ ပျော်နေလိုက်တာ ငါ့ကိုတောင် မေ့သွားပြီလား”
ဟိုဖူက ဟိုမင်ကို ပြောလိုက်ရင်း ဆေးတံကို တစ်ချက် အားပါးတရ ရှိုက်ဖွာလိုက်သည်။
“ကျွန်တော့်ကြောင့်ပါ ရွာသူကြီး။ ဟိုမင်ကို ဟိုဟိုဒီဒီ လိုက်ပြခိုင်းလိုက်လို့ပါ။ ဦးလေးလျိုရဲ့ ဆေးဖိုးအတွက် ဓားကို ရောင်းဖို့ လိုနေလို့လေ”
လင်းဖန်က ပြောလိုက်သည်။
“ဟင်း...”
ဟိုဖူက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း သူတို့အား နောက်ကလိုက်ခဲ့ရန် အချက်ပြလိုက်သည်။
“အရာရှိနဲ့ မိစ္ဆာသားရဲ နှိမ်နင်းရေးအဖွဲ့က နောက်ရက်အနည်းငယ်အတွင်း ငါတို့ရွာကို ရောက်လာလိမ့်မယ်။ အရာရှိက အိမ်တော်ထိန်းလီအကြောင်းကို စုံစမ်းစစ်ဆေးလိမ့်မယ်၊ နှိမ်နင်းရေးအဖွဲ့ကတော့ တောအုပ်ကို သွားရှင်းကြလိမ့်မယ်”
“ဒါ သတင်းကောင်းပဲ”
လင်းဖန်က ပြောလိုက်သည်။
“ဟင်း... သတင်းကောင်း ဟုတ်လား။ အခွန်အရာရှိတွေက သူတို့နဲ့အတူ လိုက်လာပြီး ဆောင်းဦးရိတ်သိမ်းခွန် လာကောက်ကြလိမ့်မယ်။ ဒီနှစ်တော့ ဘယ်သူမှ အလုပ်ကြမ်းနေရာဆီ အပို့မခံရပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”
ဟိုဖူက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် သူတို့သုံးဦးသည် နေမဝင်မီ ရွာသို့ အမြန်ပြန်လာခဲ့ကြလေသည်။
…
“ကျွန်တော် ပြန်လာပြီ ဦးလေးလျို”
ဦးလေးလျို၏ အိမ်ထဲသို့ ဝင်လာရင်း လင်းဖန်က ပြောလိုက်သည်။
ဦးလေးလျိုက ခုတင်ပေါ်တွင် လဲလျောင်းနေပြီး မေဖုန်းက ညစာ ပြင်ဆင်နေလေသည်။
မေဖုန်းသည် လင်းဖန်ကို မြင်သောအခါ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လင်းဖန်အတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။
သူမက လင်းဖန်ကို ရေခွက် ကမ်းပေးလိုက်သည်။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ခုခု ပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို လင်းဖန် မြင်လိုက်ရသည်။
“စိတ်မပူပါနဲ့ အန်တီမေဖုန်း။ ဒီမှာ ကြေးဒင်္ဂါး တစ်ဆယ့်ရှစ်ပြား ရှိပါတယ်။ ဦးလေးလျိုရဲ့ ကုသစရိတ်နဲ့ ဆေးဖိုးအတွက် လုံလောက်တာထက်တောင် ပိုပါတယ်”
လင်းဖန်က ကြေးဒင်္ဂါးများကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။
“လင်းဖန်... ကျေးဇူးတင်ပါတယ်ကွယ်”
မေဖုန်းသည် စားပွဲပေါ်မှ ကြေးဒင်္ဂါးများကို ကြည့်ရင်း မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာလေသည်။
“မဖြစ်ဘူး လင်းဖန်။ ဒါတွေအားလုံးကို ငါတို့ မယူနိုင်ဘူး။”
ဦးလေးလျိုက ထရန် ကြိုးစားသော်လည်း မရချေ။ သူ၏ခြေထောက်မှာ ရောင်ရမ်းနေပြီး လှုပ်ရှားရန် အလွန်နာကျင်နေလေပြီ။
“ယူထားရမှာနော် ဦးလေး။ ကျွန်တော့်မှာ သတင်းဆိုးတစ်ခု ရှိသေးတယ်...”