← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) - ချွမ်ဝေ့ရွှမ်သို့ ရောင်းချခြင်း

လင်းဖန်သည် သူ၏အသစ်ရရှိထားသော ခွန်အားကို ဆက်လက်စမ်းသပ်ကြည့်လိုသည့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။

သူ့၌ လုပ်ဆောင်ရန် အရေးကြီးသော ကိစ္စတစ်ခု ကျန်ရှိနေသေးပေသည်။

၎င်းမှာ မီးတောက်သမင်ကို ချွမ်ဝေ့ရွှမ်၌ ရောင်းချရန်ပင် ဖြစ်သည်။

အကယ်၍ သူ ကံကောင်းပါက ဤမီးတောက်သမင်သည် ချင်ဖုန်းဂိုဏ်း၏ ဝင်ကြေးအတွက် လုံလောက်ပေလိမ့်မည်။

အချိန်ဖြုန်းမနေတော့ဘဲ လင်းဖန်သည် သူ၏ ပုဆိန်၊ လေးနှင့် မြားများကို သိမ်းဆည်းလိုက်သည်။

ထို့နောက် မီးတောက်သမင်၏ အလောင်းကို ကျောပိုးလိုက်လေသည်။

ယခုတစ်ကြိမ်တွင် သူသည် ရွာသို့ပင် ပြန်မနေတော့ဘဲ ဖုန်းရှိုးမြို့သို့ တိုက်ရိုက် ဦးတည်လိုက်သည်။

ယခင်က သူနှင့် ဟိုဖူတို့ လက်ဗလာဖြင့် လာခဲ့စဉ် ဖုန်းရှိုးမြို့သို့ ရောက်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့လေသည်။

ယခုမူ မီးတောက်သမင်အလောင်းကို ထမ်းပိုးထားသော်လည်း ဖုန်းရှိုးမြို့သို့ ရောက်ရန် နာရီဝက်ခန့်သာ ကြာမြင့်တော့သည်။

သူ ချွမ်ဝေ့ရွှမ်သို့ ရောက်ရှိသောအခါ ထုံးစံအတိုင်း ဧည့်သည်များဖြင့် စည်ကားလျက် ရှိနေသည်။

“ကြိုဆိုပါတယ်ခင်ဗျာ။ လူကြီးမင်းအတွက် ထိုင်ခုံဆီ လိုက်ပို့ပေးပါရစေ...”

စားပွဲထိုးက လင်းဖန်ကို မှတ်မိသွားပြီး သူ၏ကျောပေါ်ရှိ သမင်အလောင်းကို မြင်သောအခါ ရပ်တန့်သွားသည်။

“ဒီနေ့ နေ့လယ်စာစားဖို့ လာတာမဟုတ်ဘူး။ ဒါကို လာရောင်းတာ”

လင်းဖန်က ခေါင်းလှည့်ကာ သူ၏ဘေးရှိ သမင်ခေါင်းကို မေးဆတ်ပြလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော့်နောက် လိုက်ခဲ့ပါ”

စားပွဲထိုးသည် လင်းဖန်ကို အဆောက်အအုံ ဘေးဘက်ရှိ လမ်းကြားမှတစ်ဆင့် ခေါ်ဆောင်သွားလေသည်။

အနောက်ဘက်တွင် မီးဖိုချောင်ရှိပြီး လတ်ဆတ်သော ကုန်ပစ္စည်းများ လာရောက်ရောင်းချသူများသည် ကုန်ပစ္စည်းများ ရောင်းချရန် တန်းစီနေကြလေသည်။

“ဒီမှာပဲ အလှည့်ကျအောင် တန်းစီစောင့်ဆိုင်းပေးပါ။ ကျွန်တော် စားသောက်ခန်းမဘက်ကို ပြန်သွားရဦးမှာမို့ ခွင့်ပြုပါဦး။

စားပွဲထိုးက နှုတ်ဆက်ကာ ချွမ်ဝေ့ရွှမ်၏ အရှေ့ဘက်သို့ ပြန်လျှောက်သွားလေသည်။

လင်းဖန်သည် သူ၏ညွှန်ကြားချက်အတိုင်း တန်းစီနေသူများကြားသို့ ဝင်လိုက်သည်။

ထိုတန်းစီနေသူများထဲတွင် ကုန်ပစ္စည်းအမျိုးမျိုး လာရောက်ပို့ဆောင်သူများ ရှိနေကြသည်။

ဟင်းသီးဟင်းရွက်များ၊ ကြက်ငှက်များ၊ အမဲသားများ၊ ယုန်များနှင့် လင်းဖန်ကဲ့သို့ သမင်လာရောင်းသည့် မုဆိုးများလည်း ရှိကြသည်။

အစပိုင်းတွင် အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့ပြီး ရောင်းချသူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို အချိန်တွက်ကာ ကြေးဒင်္ဂါးများကို ရရှိသွားကြသည်။

လင်းဖန်၏ အရှေ့မှလူ အလှည့်ရောက်သောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

အမဲသားလာရောင်းသူသည် အချိန်တွက်ပြီးနောက် မီးဖိုချောင်ဝန်ထမ်းများကို စစ်ဆေးခိုင်းရန် အသားများကို သယ်ဆောင်လာသာ်။

မီးဖိုချောင်ဝန်ထမ်းက အသားကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းနားအထိ ကပ်၍ အနံ့ခံကြည့်လိုက်၏။

“မင်း ဘယ်လိုတောင် သတ္တိရှိရတာလဲ”

ချွမ်ဝေ့ရွှမ်မှ မီးဖိုချောင်ဝန်ထမ်းက စားပွဲကို အရှိန်ဖြင့် ရိုက်ကာ ထရပ်လိုက်သည်။

ထို့နောက် သူသည် ဘေးရှိသားလှီးဓားကို ကောက်ကိုင်ကာ အမဲသားတုံးကို နှစ်ခြမ်းခွဲလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

အမဲသားတုံးထဲတွင် လောက်ကောင်များ တွားသွားနေလေသည်။

အမဲသားလာရောင်းသူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အမြန် ဒူးထောက်ကာ တောင်းပန်တိုးလျှိုးတော့သည်။

“ခွင့်လွှတ်ပေးပါဦး။ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ဒီကိုလာတဲ့လမ်းမှာ အသားက ပုပ်သွားတာ ဖြစ်ရပါမယ်”

မီးဖိုချောင်ဝန်ထမ်းက ဂရုမစိုက်ဘဲ သူ၏ဘေးရှိ အစောင့်ကို မျက်ရိပ်ပြလိုက်သည်။

အစောင့်က အချက်ပြမှုကို နားလည်ကာ အမဲသားရောင်းသူကို ထိုးကြိတ်ပြီးနောက် ဆွဲခေါ်သွားလေသည်။

“မိုက်မဲလိုက်တာ။ အခုတော့ သူက တစ်သက်လုံး ပိတ်ပင်ခံရပြီး လိမ်လည်မှုနဲ့ ရုံးတော်ကို ပို့ခံရတော့မယ်”

“မြို့စားမင်းဆီလား။ ဝန်ခံတဲ့အထိ အရိုက်ခံရမယ်လို့ ငါကြားဖူးတယ်”

“အေးလေ။ ရုံးတော်ကနေ ဒဏ်ရာမရဘဲ ပြန်ထွက်လာနိုင်သူ တစ်ယောက်မှ မရှိဘူး။”

“ငါ့အိမ်နီးချင်းဆိုရင် သူ့အဖေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ငွေသုံးကျပ်သားလောက်ကို ချေးငှားပြီး တောင်းပန်ခဲ့ရတာ။”

အခြားရောင်းချသူများသည် ထိုအမဲသားရောင်းသူ ကြုံတွေ့ရမည့် အခြေအနေကို အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။

“နောက်တစ်ယောက်”

မီးဖိုချောင်ဝန်ထမ်းက အော်ဟစ်လိုက်ရာ လင်းဖန် ရှေ့သို့ တိုးထွက်လာခဲ့သည်။

“သမင်ကို ဟိုဘက်က အချိန်ခွင်ပေါ် တင်လိုက်”

မီးဖိုချောင်ဝန်ထမ်းက ညွှန်ကြားလိုက်သည်။

လင်းဖန်က လိုက်နာကာ သမင်ကို အချိန်ခွင်ပေါ် တင်လိုက်သည်။

အချိန်ခွင်၌ ရှိနေသော အကူများသည် ရလဒ်ကို ကြည့်ကာ ခဏတာ တုံ့ဆိုင်းသွားကြသည်။

သူတို့သည် ခေါင်းခါလိုက်ကြပြီး သမင်ကို နောက်တစ်ကြိမ် ပြန်လည်ချိန်တွက်ကြပြန်သည်။

“ဘာတွေ ကြန့်ကြာနေတာလဲ”

မီးဖိုချောင်ဝန်ထမ်းက မကျေမနပ် ဖြစ်နေလေသည်။

“ကျွန်တော်တို့ မသေချာလို့ပါ...”

“ဘာကို မသေချာတာလဲ”

မီးဖိုချောင်ဝန်ထမ်းက ဒေါသတကြီး မေးလိုက်သည်။

“အချိန်ခွင်မှာ ပေါင် ၄၀၀ လို့ ပြနေတာဗျ။ ဒါပေမဲ့ ကျွန်တော်တို့ မြင်ဖူးသမျှ အလေးဆုံးသမင်တောင် ပေါင် ၂၀၀ ပဲ ရှိတာလေ”

မီးဖိုချောင်ဝန်ထမ်းသည် အတည်ပြုရန် ကိုယ်တိုင် လျှောက်လာသည်။

သူ ပြန်လည်ချိန်တွက်ကြည့်သောအခါတွင်လည်း ထိုရလဒ်ကိုပင် ရရှိလေသည်။

ထို့နောက် မီးဖိုချောင်ဝန်ထမ်းသည် သမင်ကို မကြည့်ရန် ကြိုးစားသော်လည်း မနိုင်ပေ။

“ငါ့ကို လာကူကြဦး”

အကူတစ်ယောက် လာကူသော်လည်း မရပေ။

နောက်ထပ်တစ်ယောက် ထပ်တိုးလာသော်လည်း ရလဒ်က အတူတူပင် ဖြစ်သည်။

နောက်ဆုံးတွင် လူလေးယောက် ဝိုင်းမမှမှသာ ထိုသမင်ကို ရွှေ့နိုင်တော့သည်။

“ပေါင် ၄၀၀ လား။ မဖြစ်နိုင်လိုက်တာ”

“အဲ့ဒီလူငယ်က ပေါင် ၄၀၀ ကို ချွေးတစ်စက်မှ မထွက်ဘဲ ထမ်းလာတာလား”

“သူက သဘာဝအလျောက် ချီအခြေခံကောင်းသူတွေထဲက တစ်ယောက်များလား”

“အဲဒီလိုလူမျိုးဆိုရင် ဂိုဏ်းတွေက အကြာကြီးကတည်းက လုယူသွားကြမှာပေါ့။ သူက ဂိုဏ်းတပည့်နဲ့မှ မတူတာ”

ရောင်းချသူများအားလုံးသည် လင်းဖန်၏ ခွန်အားကို အံ့ဩနေကြပြီး စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

သူတို့ စကားပြောနေစဉ်တွင် မီးဖိုချောင်ဝန်ထမ်းသည် သမင်အလောင်းကို ဂရုတစိုက် စစ်ဆေးနေလေသည်။

ခဏအကြာတွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး လင်းဖန်ကို ကြည့်လိုက်လေသည်။

“မင်း...”

သူက လင်းဖန်ကို လက်ညှိုးထိုးကာ ပြောလိုက်သော်လည်း ကျန်ရှိသော စကားလုံးများမှာ ထွက်မလာတော့ပေ။

ရောင်းချသူများအားလုံးမှာလည်း အသက်ကိုပင် အောင့်ထားမိကြသည်။

ဤလူငယ်သည်လည်း ချွမ်ဝေ့ရွှမ်သို့ ပုပ်သိုးနေသော အလောင်းကို လာရောင်းခြင်းလော။

သို့မဟုတ် လေးလံစေရန် သမင်ဗိုက်ထဲသို့ တစ်ခုခု ထည့်ထားခြင်းလော။

ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရတော့မည်ဟု အားလုံးက တွေးတောရင်း လင်းဖန်အတွက် စိုးရိမ်နေကြသည်။

“မင်း... ခဏစောင့်ဦး...”

မီးဖိုချောင်ဝန်ထမ်းက စကားများ ထစ်ငေါ့နေပြီး ဆိုင်ရှင်ကို သွားရောက်ခေါ်ယူရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလေသည်။

လင်းဖန်သည် ဝန်ထမ်း ဘာလိုချင်သည်ကို မသေချာသဖြင့် သူ၏ပုဆိန်လက်ကိုင်ပေါ်သို့ လက်တင်ကာ အသင့်အနေအထားဖြင့် သတိထားစောင့်ကြည့်နေလိုက်သည်။

“ဟိုမှာ သူရှိနေတယ်”

ခဏအကြာတွင် မီးဖိုချောင်ဝန်ထမ်း၏ အသံမှာ ဟိန်းထွက်လာသည်။

ယခုတစ်ကြိမ်တွင် မီးဖိုချောင်ဝန်ထမ်းနှင့်အတူ လူနှစ်ယောက် ပါလာသည်။

၎င်းတို့မှာ ဆိုင်ရှင်နှင့် လင်းဖန် ယခင်က တွေ့ဖူးသည့် ကျင့်ကြံသူအမျိုးသမီးတို့ ဖြစ်၏။

‘ကျင့်ကြံသူလား’

‘ဒီလူငယ် ဘာတွေလုပ်မိပြန်ပြီလဲ’

‘ငါကတော့ အဲဒီထဲမှာ မပါချင်ဘူး’

ရောင်းချသူများသည် ကျင့်ကြံသူအမျိုးသမီးကို မြင်သောအခါ ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် သူတို့ရပ်နေသော နေရာမှ အနောက်သို့ ဆုတ်ခွာသွားကြလေသည်။

သို့သော် သူတို့ ထင်ထားသည်များ ဖြစ်မလာခဲ့ပေ။

ကျင့်ကြံသူအမျိုးသမီးသည် သမင်အနားသို့ လျှောက်သွားကာ စစ်ဆေးကြည့်လိုက်သည်။

“ရှင် ပြောတာ မှန်တယ်။ ဒါက မီးတောက်သမင်ပဲ”

ကျင့်ကြံသူအမျိုးသမီးသည် စစ်ဆေးပြီးနောက် ကျေနပ်သွားပုံ ရလေသည်။ သူမက ဆက်လက်ပြောဆိုလိုက်လေသည်။

“ဒါ ဘယ်သူ့သမင်လဲ။ ငါ ဒါကို ငွေနှစ်စပေးပြီး ဝယ်မယ်”

“မီးတောက်သမင်လား။ ဒါက မိစ္ဆာသားရဲ မဟုတ်ဘူးလား။”

“သားရဲဆိုတာကို ခဏထားလိုက်ဦး။ ငါ ငွေနှစ်စလို့ ကြားလိုက်တာလား”

“ဟုတ်တယ်။ မင်း ကြားတာ မမှားဘူး။ ငွေနှစ်စတောင်တဲ့”

All Chapters