← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂)

ကံကောင်းထောက်မစွာဖြင့် ရှောင်ရှန်းသည် ထိုအရာကို ခွဲခြားသိမြင်နိုင်ခဲ့ပြီး ထိုနေရာ၌ပင် ထောက်ပြလိုက်ပါက ၊ ရွှမ်ဖူဂိုဏ်း၏ ဂုဏ်သိက္ခာကို လူပုံအလယ်တွင် အရှက်ရစေခြင်း ဖြစ်ရာ အင်အားကြီးမားသော ကျင့်ကြံဂိုဏ်းကြီးတစ်ခုကို စော်ကားခြင်းသည် အဆုံးသတ်မကောင်းနိုင်ပေ။

မည်သို့ပင် ဖြစ်စေ၊ ဤသည်မှာ လွတ်မြောက်ရာလမ်းမရှိသော အကွက်ဆိုးတစ်ခုပင် ဖြစ်သည်။

ဖုန်းထျန်းခန်းမဆောင်အတွင်း၌ လေထုသည် အလွန်ပင် တည်ငြိမ်ကာ လေးနက်နေ၏။

နန်းဆောင်အတွင်း၌ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် မှော်ပစ္စည်းဒါဇင်ပေါင်းများစွာကို စနစ်တကျ ခင်းကျင်းထားသည်။

ဓား၊ လှံ၊ လေး၊ မြား၊ ခေါင်းလောင်း၊ ပုလွေနှင့် တံဆိပ်တော်များစသည့် အရာအားလုံးသည် သိမ်မွေ့သော ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။

ရှောင်ရှန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရာထူးကြီးမားသော အရာရှိများ ရပ်နေကြပြီး၊ ရွှမ်ဖူဂိုဏ်းမှ စေလွှတ်လိုက်သော ဆံပင်ဖြူမုတ်ဆိတ်ဖြူ နှင့် တာအိုဘုန်းကြီးတစ်ပါးသည် ၎င်း၏ မုတ်ဆိတ်ကို သပ်ချရင်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှိနေသည်။

ရှောင်ရှန်းသည် မိန်းမစိုးလေးတစ်ဦး၏ လမ်းပြမှုဖြင့် ဟောဟဲလိုက်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့ရသည်။

မျက်စိရှေ့က ဤတောက်ပနေသော ပစ္စည်းများကို ကြည့်ရသည်မှာ သူ့အတွက် ငြီးငွေ့စရာကောင်းလှပြီး၊ သူ၏စိတ်ထဲတွင် သက်သောင့်သက်သာရှိသော ကုလားထိုင်ပေါ်တွင် လှဲလျောင်းအိပ်စက်ရန်သာ စဉ်းစားနေမိသည်။

" အရှင့်သား… စတင်စစ်ဆေးပါဦး"

မိန်းမစိုးလေးက တိုးတိုးလေး သတိပေးလိုက်သည်။

ရှောင်ရှန်းတစ်ယောက် မတတ်သာသည့်အဆုံး သွားရောက် စစ်ဆေးလိုက်ရသည်။ သူသည် ဤပစ္စည်းများနှင့်ပတ်သက်၍ နည်းနည်းလေးမှ နားမလည်ပေ။

သူ၏အမြင်တွင် ဤမှော်ပစ္စည်းများမှာ အတူတူပင်ဖြစ်ပြီး၊ ပုံစံထုတ်ထားသည်မှာ အနည်းငယ် ပို၍ခမ်းနားနေရုံမျှသာ ဖြစ်သည်။

"အင်း... ဒါလေးတော့ မဆိုးဘူး"

"အို... ဒါလေးလည်း ရတာပါပဲ"

သူသည် စိတ်မပါတပါဖြင့် ရေရွတ်ရင်း ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုလိုက်သည်။

အရာရှိများက သူ၏အပြုအမူကို ကြည့်ကာ ခေါင်းခါသူကခါ ၊ အချို့က စိတ်ထဲကနေ လှောင်ပြောင်နေကြ၏။

ရွှမ်ဖူဂိုဏ်းမှ စေလွှတ်လိုက်သော သံတမန်၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ရှောင်ရှန်းသည် စားပွဲ၏ အဆုံးသို့ ရောက်ခါနီးအချိန်တွင် သူ၏ခြေလှမ်းများက အလိုလို ရပ်တန့်သွားသည်။

သူသည် ကိုယ်ထည်တစ်ခုလုံး နီရဲတောက်ပနေပြီး မီးလျှံပုံသဏ္ဌာန် ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ဓားတစ်လက်ရှေ့တွင် ရပ်တန့်လိုက်သည်။

ဤဓားသည် ခမ်းနားလှပပြီး ဓားသွားပေါ်တွင် ရှုပ်ထွေးသော မှော်သင်္ကေတများကို ထွင်းထုထားကာ အခြားပစ္စည်းများထက် ပိုမိုပြင်းထန်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။

သို့သော် ရှောင်ရှန်းသည် ‘လီဟော်ဓား'ဟု ခေါ်ဆိုသော ထိုပစ္စည်းကို မြင်ပြီးနောက် ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ "အိပ်စက်ခြင်းမှရရှိသော စွမ်းအား" ဟု ခေါ်ဆိုနိုင်သော အားနည်းသော စွမ်းအင်စီးကြောင်းမှာ ရုတ်တရက် မသက်မသာ ဖြစ်သွားရသည်။

ဤခံစားချက်မှာ အလွန်ကို ထူးဆန်းသည်။

တွေ့ရာခြံပေါက် တိုးဝင်တတ်သော ငနွားတစ်ကောင်ကို နွားလိမ္မာအဖြစ် ထင်မှတ်ကာ လက်ခံရန် စဉ်းစားမိသည့် နွားခြံပိုင်ရှင်မကြီးလိုပင်။

ရှင်းပြရန်မဖြစ်နိုင်သော စိတ်ထဲလေးလံမှု နှင့် အတုအယောင် ဖြစ်လွန်းသည့် ခံစားချက်မျိုးကို ခံစားနေမိသည်။

"အမ်”

ရှောင်ရှန်း တစ်ယောက် မျက်မှောင်ကြုတ်မိလိုက်သည်။ ထိုခံစားချက်က သူ့ကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသည်။

သူ၏ မသိစိတ်က အဆိုပါ ခမ်းနားလှပသော ဓားကို လက်ညှိုးဖြင့် ခပ်ဖွဖွ ခေါက်ကြည့်လိုက်မိသည်။

" ခွက် ခွက်"

ထွက်ပေါ်လာသော အသံမှာ ထိုင်းမှိုင်းလွန်းသည်။ သတ္တုစစ်စစ်တွင် ရှိရမည့် ကြည်လင်သော အသံမျိုး မဟုတ်ချေ။

သူသည် နှုတ်ခမ်းစူလိုက်ပြီး သူ၏ဘေးတွင် မှတ်တမ်းစာအုပ်ကို ကိုင်ထားသော မိနိးမစိုးလေးထံသို့ လှည့်ကာ လူတိုင်းကြားနိုင်လောက်သည့် အသံဖြင့် ရိုးရှင်းစွာ ပြောလိုက်သည်။

"ဒီပစ္စည်းက အတုမဟုတ်လား…ငါတို့မီးဖိုချောင်က ထင်းချောင်းအတိုင်းပဲ ၊ အပြင်မှာ ရွှေမှုန်လေး နည်းနည်းသုတ်ပြီး ပုံစံလုပ်ထားရုံပဲ”

ထိုစကားသံအဆုံးတွင် ၊ နန်းဆောင်တစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

လူတိုင်း၏ အကြည့်များက ရှောင်ရှန်းဆီသို့ စုပြုံရောက်ရှိသွားသည်။

ရွှမ်ဖူဂိုဏ်းမှ သံတမန်၏မျက်နှာပေါ်ရှိ အပြုံးမှာလည်း ရုတ်တရက် အေးခဲသွားပြီးနောက် ၊ ချက်ချင်းဆိုသလို ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာကာ ထပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်သွားသည်။

နန်းပလ္လင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေသော ဧကရာဇ်မင်း ရှောင်ယွမ်သည်လည်း ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ၏ နက်ရှိုင်းသော မျက်ဝန်းတစ်စုံမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းများ ဖြာထွက်လာပြီးနောက် တည်ငြိမ်သော အသံဖြင့် မိန့်ကြားလိုက်သည်။

"လာစမ်း ၊ ဒီဓားကို နက္ခတ်တာရာဌာနက ‘စစ်မှန်ရတနာကြေးမုံ’ နဲ့ သေသေချာချာ စစ်ဆေးကြည့်ကြ”

ဧကရာဇ် ရှောင်ယွမ်၏ အမိန့်သံအဆုံးတွင် နန်းတော်ထဲရှိ လေထုမှာ ရုတ်ချည်း တင်းမာသွားခဲ့သည်။

ရွှမ်ဖူဂိုဏ်းမှ သံတမန်၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလို ဖြူဖျော့သွားပြီး၊ သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးမှာလည်း ရေခဲရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းသွားခဲ့သည်။

မကြာမီမှာပင် နက္ခတ်တာရာဌာနမှ အကြီးအကဲဖြစ်သူသည် မိန်းမစိုးနှစ်ဦး၏ အလောတကြီး ပင့်ဆောင်မှုကြောင့် နေရာသို့ ရောက်ရှိလာသည်။

သူသည် အသက်ခြောက်ဆယ်ကျော် အရွယ်ရှိ အဖိုးအိုတစ်ဦးဖြစ်ပြီး တရုန်းရုန်းဖြင့် ပြေးလာခဲ့ရသောကြောင့် နဖူးပြင်တစ်ခုလုံးတွင် ချွေးစက်များဖြင့် ပြည့်နှက်နေကာ ၊ သူ၏ရင်ဘက်ထဲတွင် ရှေးဟောင်းကြေးမှန်တစ်ချပ်ကို အသက်နှင့်လဲ၍ ပွေ့ပိုက်ထားသည်။

ဤ ‘စစ်မှန်ရတနာကြေးမုံ’ ဆိုသည်မှာ တော်ဝင်မိသားစု၏ လျှို့ဝှက်ရတနာတစ်ပါး ဖြစ်ပြီး လောကရှိ လှည့်စားမှုနှင့် အတုအယောင်မှန်သမျှကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

သာမန်အချိန်များတွင် ထုတ်မသုံးသော်လည်း၊ ယနေ့တွင်မူ ဤစကားတစ်ခွန်းကြောင့် နန်းရင်ပြင်သို့ ပင့်ဆောင်ခံလိုက်ရလေသည်။

လူတိုင်း၏ အကြည့်များအောက်တွင် ၊ အကြီးအကဲသည် တုန်တုန်ရင်ရင်ဖြင့် ကြေးမုံကို ‘လီဟော်ဓား’ ဆီသို့ ချိန်ရွယ်လိုက်သည်။

သူသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း၊ ထို့နောက် မန္တန်တစ်ခုကို ရွတ်ဆိုကာ မှန်ချပ်ထဲသို့ အနည်းငယ်မျှသော ဝိညာဉ်စွမ်းအားတစ်ခုကို ထည့်သွင်းလိုက်၏။

All Chapters