← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) အမှုကြီးကို ထပ်မံဖော်ထုတ်ခြင်း

‘ဝီ’

ရှေးဟောင်း ကြေးမုံမှ သာယာသော တိုးညင်းသံတစ်ချက် ထွက်ပေါ်လာပြီး ၊ မှန်ပြင်ထက်တွင် နူးညံ့သော အဖြူရောင်အလင်းတန်းများ လှိုင်းတွန့်သဖွယ် ထွက်ပေါ်ကာ ထိုဓားရှည်ကို လွှမ်းခြုံသွားခဲ့သည်။

ထိုစဉ် အံ့ဩတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မူလက ကိုယ်ထည်တစ်ခုလုံး ထိန်လင်းတောက်ပပြီး မန္တန်စာလုံးများဖြင့် မှိတ်တုတ်မှိတ်တုတ် တောက်‌ပနေခဲ့သော ‘လီဟော်ဓား’ သည် ထိုအဖြူရောင် အလင်းတန်းများအောက်တွင် ၊ ကိုယ်ထည်ပေါ်ရှိ ကြက်သွေးရောင်တောက်ပမှုမှာ ဒီရေအလား ဆုတ်ခွာသွားခဲ့သည်။

စီခြယ်ထားသော ကျောက်မျက်ရတနာများမှာလည်း အရောင်အသွေး မှိန်ဖျော့သွားပြီး ဓားကိုယ်ထည်ပေါ်ရှိ မန္တန်များမှာ တွန့်လိမ်ကောက်ကွေးလျက် ပျောက်ကွယ်သွားခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ၊ တုနှိုင်းမဲ့သော နတ်ဘုရားလက်နက်သည် ၎င်း၏ မူလရုပ်သွင်အတိုင်း ပြန်လည် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် သံချေးတက်နေသော သာမန်သံတုံး တစ်တုံးသာ ဖြစ်ပြီး အပေါ်တွင် အနိမ့်စား ပြဒါးရည်ဖြင့် ကွေးကွေးကောက်ကောက် ရယ်စရာကောင်းသော မျဉ်းအချို့ကို ဆွဲသားထားခြင်းသာ ဖြစ်သည်။

ထိုရုပ်ပျက်ဆင်းပျက် ပုံစံမှာ ရှောင်ရှန်း၏ မီးဖိုချောင်ရှိ ထင်းချောင်းထက်ပင် အသုံးမဝင်လှချေ။

“ဝုန်း—”

ဖုန်းထျန်းခန်းမဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

အရာရှိများမှာ ပါးစပ်အဟောင်းသားဖြင့် ထိုသံတုံးပျက်ကို တစ်လှည့်၊ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ရှိနေသည့် ရှောင်ရှန်းကို တစ်လှည့် ကြည့်ရင်း မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကြသည်။

“ဘုန်း”

ရွှမ်ဖူဂိုဏ်းမှ သံတမန်သည်လည်း ခြေထောက်များ ပျော့ခွေသွားကာ ဆက်၍ မတောင့်ခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

မျက်နှာတစ်ခုလုံးကို ပြာနှမ်းနေပြီး နှုတ်မှလည်း တိုးတိုးလေး ရေရွတ်နေမိသည်။

“မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး...”

အမတ်ချုပ် လင်းပေါ်ရုံသည် သူ၏ အကျင့်အတိုင်း မုတ်ဆိတ်မွေးကို သပ်ရန် လက်လှမ်းလိုက်သော်လည်း လေထဲတွင် တန့်သွားပြီး မိမိ၏လက်များ ပြင်းထန်စွာ တုန်ယင်နေသည်ကို သတိထားမိသွားသည်။

သူသည် ရှောင်ရှန်းကို ကြည့်ရင်း ရင်ထဲတွင် လှိုင်းတံပိုးများ ထန်လို့နေ၏။

‘မနေ့က သူက ချင်းယွီဂိုဏ်းရဲ့ အားနည်းချက်ကို စကားတစ်ခွန်းတည်းနဲ့ ထောက်ပြခဲ့လို့ လူတိုင်းက သူ့နောက်ကွယ်မှာ ဆရာကောင်းရှိတယ်လို့ပဲ ထင်ခဲ့ကြတာ…’

‘ဒီနေ့ကျတော့ သူက နတ်ဘုရားလက်နက်ရဲ့ အစစ်အမှန်နဲ့ အတုကိုတောင် တစ်ချက်ကြည့်ရုံနဲ့ ခွဲခြားနိုင်နေပြီ၊ ဒါဆို... သူက လက်နက်သွန်းလုပ်တဲ့ ပညာရပ်မှာပါ ကျွမ်းကျင်နေတာလား…’

‘ ဒီကောင်လေး နောက်ထပ် ဘယ်လောက်တောင် နက်နက်နဲနဲ ဖုံးကွယ်ထားသေးလဲ’

စစ်သေနာပတိချုပ် ချင်ချန်းသည် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ၊ ရှောင်ရှန်းကို ကြည့်နေသည့် အကြည့်မှာ သိုးရေခြုံထားသော ရှေးသားရဲကြီးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။

လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော ရှောင်ရှန်း တစ်ယောက် စိတ်ထဲတွင် ကြေကွဲနေလေ၏။

သူ၏ စိတ်ထဲတွင် အသားကုန် ညည်းညူအော်ဟစ်နေမိသည်။

‘ အမ် …ဘာများ မှားသွားပြန်ပြီတုန်း၊ ငါက အဲဒီအရာကြီးကို ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေလို့ စကားအဖြစ် ညည်းညူလိုက်တာလေ ဘာလို့ဖြစ်ပြီး မှန်သွားရပြန်တာလဲ…

‘ပြီးတော့ ငါ ထပ်ပြီး အကျိုးဆောင်လိုက်ပြန်ပြီလား… ငါ့ရဲ့ “ရာထူးချခံရမယ့်”စီမံကိန်းကြီးက ဘယ်လိုလုပ်ပြီး ပြီးမြောက်တော့မှာလဲ…ငါ ဒီလိုနေ့ရက်တွေကို ဆက်ပြီး မဖြတ်သန်းချင်တော့ဘူးလေ….’

နဂါးပလ္လင်ထက်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်ဝန်းတစ်စုံသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများဖြင့် တောက်ပလာလေ၏။

သူသည် စားပွဲခုံကို “ဘုန်း” ခနဲမြည်အောင် ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် နန်းဆောင်တစ်ခုလုံး ငြိမ်ကျသွားခဲ့သည်။

“ကောင်းလှချေလား ရွှမ်ဖူဂိုဏ်း၊ သတ္တိ အတော်ကောင်းနေတာပေါ့လေ…”

ဧကရာဇ်မင်း ရှောင်ယွမ်၏ လေသံသည် ဆောင်းရာသီတွင် တိုက်ခတ်သွားသော လေပြင်းကဲ့သို့ အေးစက်နေခဲ့သည်။

“သာမန်သံတုံး တစ်တုံးကို နတ်ဘုရားလက်နက်အဖြစ် အတုအယောင်လုပ်ပြီး ငါ့ကို လှည့်စားရဲတယ်ပေါ့… ဒါက ငါကိုယ်တော်ရဲ့ သာရှမင်းဆက်ကို အလေးမထားတာလား’

“ချင်ချန်း”

“အမိန့်ရှိပါ အရှင်မင်းကြီး”

ချင်ချန်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ ချက်ချင်းဆိုသလို ပြန်ထူးလိုက်သည်။

“အခုချက်ချင်း ကျင်းဝူတပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တော်မှာရှိတဲ့ ရွှမ်ဖူဂိုဏ်းရဲ့ စခန်းတွေအားလုံးကို ဝင်ရောက်စီးနင်း ရှာဖွေစေ”

“ သေသေချာချာ စုံစမ်းစမ်း ၊ အမြစ်ကနေ အဖျားအထိ စုံစမ်းရမယ်…သူတို့ကို ဘယ်သူကများ ဒီလိုသတ္တိတွေ ပေးထားတာလဲဆိုတာ ငါ ကိုယ်တော် သိချင်သေးတယ်”

“အမိန့်တော်အတိုင်းပါ”

ချင်ချန်းသည် အမိန့်ကို ခံယူကာ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

သံချပ်ကာအင်္ကျီချင်း ထိခတ်သံများနှင့်အတူ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လျက် ရှိသည်။ ဤသို့ဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ရှာဖွေစီးနင်းမှုသည် အရှိန်အဟုန်ဖြင့် စတင်ခဲ့သည်။

တစ်နာရီပင် မပြည့်မီ အချိန်အတွင်းမှာပင် ချင်ချန်းသည် နန်းရင်ပြင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ၏ လက်ထဲတွင်မူ အမည်းရောင် စာရင်းစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်”

ချင်ချန်းသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး စာရင်းစာအုပ်ကို ခေါင်းပေါ်သို့ မြှောက်ကာ တင်ပြလိုက်သည်။

“ရွှမ်ဖူဂိုဏ်းရဲ့ လျှို့ဝှက်အခန်းထဲကနေ ဒီအရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်..အထဲမှာ သူတို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အခွန်ဝန်ကြီးဌာနရဲ့ လက်ထောက်အမတ် ဝမ်ချန့်နဲ့ ပူးပေါင်းပြီး၊ လက်နက်အတုတွေကို တင်သွင်းခဲ့ပါတယ်”

“နတ်ဘုရားလက်နက် အစစ်တွေကိုတော့ တိတ်တဆိတ် ပြန်လည်ရောင်းချခဲ့သလို၊ တော်ဝင်နန်းတော်က ချီးမြှင့်တဲ့ ကျင့်ကြံအရင်းအမြစ် အမြောက်အမြားကိုလည်း ဘယ်လိုအလွဲသုံးစား လုပ်ခဲ့တာတွေအထိ အသေးစိတ် မှတ်တမ်းတင်ထားပါတယ်”

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တုန်လှုပ်သွားကြသည်။

ဒုတိယအဆင့်ရှိသော ကျင့်ကြံဂိုဏ်းကြီးနှင့် တော်ဝင်နန်းတော်၏ လက်ထောက်အမတ်တို့ ပါဝင်ပတ်သတ်နေသည့် ကြီးမားသော အကျင့်ပျက်ခြစားမှု အမှုကြီးသည် အိမ်ရှေ့စံမင်းသား၏ ပေါ့ပေါ့တန်တန် ညည်းညူလိုက်သော စကားတစ်ခွန်းကြောင့် လုံးဝ ဥဿုံ ပေါ်ပေါက်သွားခဲ့ရလေပြီ။

All Chapters