အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄)
ချင်ချန်း သတင်းပို့နေသည့် အချိန်မှာပင်၊
မင်းသား (၃) ၏ အိမ်တော်ရှိ စာကြည့်ခန်းအတွင်း၌။
ရှောင်ကျင်း သည် လျှို့ဝှက်ထောက်လှမ်းရေးသမား၏ သတင်းပေးမှုကို တည်ငြိမ်စွာဖြင့် နားထောင်နေသော်လည်း သူ၏ မျက်ဝန်းများမှာ ညို့မှိုင်းနေခဲ့သည်။
အခွန်ဝန်ကြီးဌာန၏ လက်ထောက်အမတ် ဝမ်ချန့်သည် သူ ဂရုတစိုက် ထည့်သွင်းထားသော အရေးကြီးသည့် နယ်ရုပ်တစ်ရုပ် ဖြစ်သည်။
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လက်ဖက်ရည်ခွက်ကို မကာ အပေါ်ယံ အမြှုပ်များကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ သူ၏ လေသံမှာ မည်သည့် ဂယက်ထခြင်းမျှမရှိဘဲ တည်ငြိမ်နေခဲ့သည်။
“အမတ်မင်းဝမ်က... တိုင်းပြည်အတွက် အလုပ်အကျွေးပြုရင်း ပင်ပန်းနေပြီ ၊ ကြည့်ရတာ သူ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး ထင်တယ်…လူလွှတ်ပြီး သူ့ကို လိုက်ပို့ပေးလိုက်ပါဦး၊ သူ့ကို သိက္ခာရှိရှိလေး ထွက်ခွာသွားခွင့် ပေးလိုက်ပါ”
“အမိန့်အတိုင်းပါ”
မှောင်ရိပ်ထဲမှ လူရိပ်သည် ပြန်လည် ဖြေကြားပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
လက်ဖက်ရည်တစ်ခွက် မော့သောက်ပြီးနောက် ရှောင်ကျင်းသည် ခွက်ကို ချလိုက်ကာ သူ၏ မျက်ဝန်းများက ပုံမှန်အတိုင်း တည်ငြိမ်သွားခဲ့သည်။
အမြီးကို ဖြတ်တောက်လိုက်ရခြင်းသည် နှမြောစရာကောင်းသော်လည်း ၊ မိမိကိုယ်ကို မီးကူးစက်ခံရခြင်းထက် ပို၍ ကောင်းမွန်ပေသည်။
သို့သော်လည်း ရှောင်ရှန်းအပေါ် ထားရှိသော သူ၏သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
နန်းရင်ပြင်အတွင်း၌ ဧကရာဇ်မင်း ရှောင်ယွမ်သည် ချက်ချင်းပင် အမိန့်တော်ချမှတ်ခဲ့သည်။
ပြစ်မှုအတွက် ကြောက်ရွံ့သဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော (သို့မဟုတ် မိမိကိုယ်ကိုသတ်သေရန် အတင်းအကျပ်ခိုင်းစေခံလိုက်ရသော) ဝမ်ချန့်၏ မိသားစုပ်ိုင်ဆိုင်မှုများကို သိမ်းဆည်းကာ မျိုးသုံးဆက်တိုင်တိုင် ကွပ်မျက်စေခဲ့သည်။
အမတကွပ်ကဲရေးဌာနကိုလည်း ရွှမ်ဖူဂိုဏ်း၏ နောင်နှစ်ပေါင်းငါးဆယ်စာ လှူဒါန်းမှုအားလုံးကို ဖြတ်တောက်ရန်နှင့် ၎င်းတို့၏ ဂိုဏ်းချုပ်ကို သုံးရက်အတွင်း မြို့တော်သို့လာရောက်၍ ပြစ်မှုအတွက် ဝန်ချတောင်းပန်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဤအရာအားလုံးကို ဖြေရှင်းပြီးနောက် ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်မှာ ရှောင်ရှန်းဆီသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူ၏ မျက်နှာထက်တွင် “ကျေနပ်အားရမှု” အပြုံးများဖြင့် ပြည့်နှက်နေလေ၏။
“ငါ့ရဲ့ သားတော် ရှောင်ရှန်းဟာ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတယ်၊ သူဟာ တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ”
သူသည် အမတ်မင်းများကို ကျယ်လောင်စွာဖြင့် ပြောကြားလိုက်သည်။
“ငါကိုယ်တော် တကယ်ကို ဝမ်းမြောက်မိတယ်၊ ဆုတော်ချီးမြှင့်စေ …ရွှေစင်တစ်သောင်း၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ရာ နဲ့ တော်ဝင်လျှို့ဝှက်တိုက်ခန်းထဲက ကျင့်ကြံခြင်း ကျမ်းစာသုံးအုပ်ကို စိတ်ကြိုက် ရွေးချယ်စေ”
ရှောင်ရှန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို ညှိုးငယ်သွားလေတော့သည်။
သို့သော်လည်း ဤမျှနှင့် မပြီးသေးချေ။
“နောက်ပြီး”
ဧကရာဇ်မင်း ရှောင်ယွမ်သည် အသံကို ထပ်မြင့်လိုက်ပြီး ၊
“နောက်တစ်လနေရင် ငါတို့ သာရှမင်းဆက်ရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ‘ မသေမျိုး မဟာညီလာခံ’ ရောက်တော့မယ်”
“အဲဒီအချိန်ကျရင် အရပ်ရပ်က ဂိုဏ်းပေါင်းစုံက ကျင့်ကြံသူတွေ မြို့တော်မှာ စုဝေးကြလိမ့်မယ်”
“ဒါ့ကြောင့် ငါကိုယ်တော် ကြေညာတယ်…ဒီညီလာခံရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ဆိုင်ရာ ကိစ္စရပ်အားလုံးကို အိမ်ရှေ့စံမင်းသား အုပ်ချုပ်တဲ့ အမတကွပ်ကဲရေးဌာနကပဲ အပြည့်အဝ တာဝန်ယူ စီမံရမယ်”
ထိုစကားများ ထွက်လာသည်နှင့် ၊ ရှောင်ရှန်းတစ်ယောက် ခေါင်းနားပန်းကြီးသွားတော့သည်။
မိန်းမစိုးများက တောက်ပနေသော ဝိညာဉ်ကျောက်တုံးများနှင့် ထူထဲလှသော စာအုပ်များကို သူ၏ရှေ့သို့ သယ်ဆောင်လာသည်ကို ကြည့်ရင်း၊ ရှောင်ရှန်းတစ်ယောက် မျက်နှာရှုံ့မဲ့နေတော့၏။
‘ဘာ ‘ မသေမျိုးမဟာညီလာခံ’ လဲ၊ မိုးပြိုရင်တောင် အိပ်တာထက် ပိုအရေးကြီးလို့လား…’
ရှောင်ရှန်းမှာ အသက်ရှင်လိုစိတ် မရှိတော့သော မျက်နှာအမူအရာလေးဖြင့် လူအများ၏ ဝန်းရံမှုအောက်တွင် အရှေ့နန်းဆောင်သို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ထိုညတွင် ရှောင်ရှန်းသည် သူ၏ ခေါင်းအုံးအသစ်ဖြစ်သော ‘အိပ်မက်မဟာကျမ်းစာ’ ကို ဖက်တွယ်ကာ မိမိ၏ နတ်ဘုရားဖြစ်ရေး အိပ်စက်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်၊
လှပသော ပုံရိပ်တစ်ခုသည် သူ၏ စာကြည့်ခန်းအတွင်းသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
သူမသည် စူးဝမ်ချင်းပင်။
သူမ၏မျက်နှာအမူအရာမှာ ယခင်ကကဲ့သို့ တည်ငြိမ်မှုမျိုး မရှိဘဲ ထူးထူးခြားခြား လေးနက်နေခဲ့သည်။ သူမသည် မည်သည့်စကားတစ်ခွန်းမျှ မဆိုဘဲ ခေါက်ထားသော စာရွက်ငယ်လေးတစ်ခုကို ရှောင်ရှန်း၏ စားပွဲခုံပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။
ရှောင်ရှန်းသည် သံသယစိတ်ဖြင့် ဖွင့်ကြည့်လိုက်သည်။ စာရွက်ပေါ်တွင် လှပသော လက်ရေးဖြင့် စာသားတစ်ကြောင်းသာ ရေးသားထားသည်။
“ရွှမ်ဖူဂိုဏ်းက မှော်နက်ဂိုဏ်းနဲ့လည်း ဆက်နွှယ်မှုရှိနေတယ်၊ မသေမျိုးမဟာညီလာခံမှာ မငြိမ်မသက်မှုတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်…မင်းသား(၃)ကို သတိထားပါ”
ရှောင်ရှန်းသည် ထိုပေါ့ပါးလှသော စာရွက်ငယ်လေးကို ကိုင်ထားသော်လည်း ၊ စိတ်ထဲတွင်မူ တန်ချိန်ပေါင်းများစွာ လေးလံနေသကဲ့သို့ ခံစားရသည်။
သူသည် ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်လှသော ညဉ့်နက်သန်းခေါင်ယံကို မော့ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
‘ ဒီပြဿနာတွေက ဘယ်လိုဖြစ်ပြီး နှင်းဘောလုံး လှိမ့်နေသလိုမျိုး တဖြည်းဖြည်းနဲ့ ပိုကြီးလာတာတုန်း..’
စူးဝမ်ချင်း ချန်ထားခဲ့သော ထိုမှတ်စုသည် ရှောင်ရှန်းကို ညဉ့်ဝက်မျှ ရှားရှားပါးပါး အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့သည်။
မှော်နက်ဂိုဏ်း၊ မင်းသား(၃)၊ မသေမျိူးမဟာညီလာခံ...
ဤစကားလုံးများသည် သူ၏ဦးနှောက်ထဲတွင် လှည့်ပတ်နေပြီး သူ့ကို အေးချမ်းစွာ မနေရအောင် နှောင့်ယှက်နေတော့၏။