အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆)
အမဲလိုက်ကွင်းဗဟိုရှိ တော်ဝင် နက္ခတ်တာရာဌာနမှ တည်ဆောက်ထားသော စင်မြင့်ထက်တွင် လက်သီးဆုပ်ခန့်ရှိပြီး အရောင်အဆင်း မှိန်ဖျော့နေသော ကြာစေ့တစ်စေ့ကို ပြသထားသည်။
“ဒါကတော့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ယွင်ချီကြာစေ့ပါပဲ”
မိန်းမစိုးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ ယွင်ချီကြာမှာ ဝိညာဉ်စွမ်းအားရှိပြီး ကမ္ဘာမြေကြီးရဲ့ စည်းချက်ကို ခံစားသိရှိနိုင်ကာ သခင်ကို ရွေးချယ်ပြီးမှ ရှင်သန်ပေါက်ဖွားတတ်ပါတယ်”
“ ဒီနေ့မှာတော့ ပါရမီနက်ရှိုင်းတဲ့သူတစ်ယောက်က ဒီကြာစေ့ကို အပင်ပေါက်အောင် လုပ်နိုင်ရင် ဒီရတနာဟာ အဲဒီလူရဲ့ ပိုင်ဆိုင်မှု ဖြစ်လာပါလိမ့်မယ်”
ထိုစကားသံအဆုံးတွင် စင်အောက်၌ ဆွေးနွေးသံများဖြင့် ဆူညံသွားခဲ့သည်။
ယွင်ချီကြာ၏ အမည်မှာ ကျော်ကြားလွန်းသည်။ ကြာပွင့်လာသည်နှင့် တစ်ပြိုင်နက် ၊ ၎င်းသည် မိုင်တစ်ရာပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များကို ဆွဲဆောင်နိုင်ပြီး ကျင့်ကြံသူများ၏ နယ်ပယ်ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း ၎င်းကို ကြီးထွားရှင်သန်စေရန်အတွက် လိုအပ်ချက်များမှာ များပြားလွန်းသည်။ ကံတရားကြီးမားသူ သို့မဟုတ် ကျင့်ကြံမှု မြင့်မားသူ မဟုတ်ပါက အပင်ပေါက်ရန် မစွမ်းသာချေ။
ဂိုဏ်းကြီးများမှ အကြီးအကဲများအားလုံး စိတ်ဝင်စားနေကြသော်လည်း ၊ မိမိတို့၏ သိက္ခာကို ထိန်းသိမ်းကာ မည်သူက အရင်ဆုံး စတင်မည်ကို စောင့်ကြည့်နေကြသည်။
သို့သော်လည်း ထိုတိတ်ဆိတ်နေသော အခိုက်အတန့်မှာပင် ထူးခြားသော အပြောင်းအလဲတစ်ခု ရုတ်ချည်း ဖြစ်ပွားခဲ့တော့သည်။
ကျောက်စိမ်းလင်ဗန်းထဲတွင် ငြိမ်သက်စွာဖြင့် ရှိနေခဲ့သော ကြာစေ့လေးသည် မည်သည့် အရိပ်အယောင်မျှမပြဘဲ အနည်းငယ် တုန်ခါသွားခဲ့သည်။
“ဝုန်း——”
ခပ်ဖျော့ဖျော့ စိမ်းပြာရောင် အလင်းတန်းတစ်ခုသည် ကြာစေ့အတွင်းပိုင်းမှ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊ စိမ်းစိုနေသော အပင်ပေါက်လေးတစ်ခုက မာကျောလှသော အခွံကို အတင်းအဓမ္မ ဖောက်ထွက်ကာ ထွက်ပေါ်လာခဲ့တော့သည်။
ဤမျှနှင့် မပြီးသေးချေ။
ထိုအပင်ပေါက်လေးသည် မျက်စိရှေ့တင် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကြီးထွားလာပြီး အကိုင်းအခက်များ ဖြာထွက်ကာ အရွက်များပင် ပေါက်ရောက်လာခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် လူတစ်ဝက်ခန့် မြင့်မားသော ကြာပင်တစ်ပင် ဖြစ်လာခဲ့သည်။
ကြီးမားလှပြီး ဖူးပွင့်လုဆဲဆဲ ဖြစ်နေသော ကြာဖူးကြီးသည် စင်မြင့်ထက်တွင် တင့်တယ်လှပစွာ ပေါက်ဖွားလာခဲ့၏။
အဆန်းကြယ်ဆုံးအချက်မှာ ထိုကြာဖူး၏ ထိပ်ဖျားသည် အနည်းငယ် လှုပ်ခါသွားပြီး၊ မယိမ်းယိုင်သော ဆုံးဖြတ်ချက်နှင့်အတူ အရပ်မျက်နှာတစ်ခုသို့ လှည့်သွားခဲ့ခြင်းပင်။
ထိုအရပ်ကို ကြည့်မည်ဆိုပါက ၊ ပွဲကြည့်စင်မြင့်၏ အမြင့်ဆုံးနေရာသို့ ဦးတည်နေခြင်းပင် ဖြစ်သည်။
“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ”
“ယွင်ချီကြာက... အလိုအလျောက် အပင်ပေါက်လာတာလား”
“မြန်မြန်ကြည့်လိုကိကြစမ်း၊ သူက ပွဲကြည့်စင်မြင့်ဘက်ကို လှည့်နေတာ ဒါဆိုရင်...”
တစ်ကွင်းလုံးရှိ လူပေါင်းများစွာ၏ အကြည့်များသည် ကြာဖူးညွှန်ပြရာ အရပ်မျက်နှာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
သူတို့၏ အကြည့်များသည် လူပေါင်းများစွာကို ဖြတ်ကျော်လျက် ဂိုဏ်းအကြီးအကဲများကိုပင် ကျော်ဖြတ်ကာ နောက်ဆုံးတွင် ထိုင်ခုံနောက်သို့ မှီကာ အိပ်မောကျနေသည့် အိမ်ရှေ့စံမင်းသားပေါ်သို့ အတိအကျ ကျရောက်သွားခဲ့တော့သည်။
တစ်ကွင်းလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ လေထုကြီးသည်ပင် အေးခဲသွားဟန်ရသည်။
လူတိုင်း ဤထူးခြားဆန်းကြယ်သော မြင်ကွင်းကြောင့် ဆွံ့အနေကြသည်။
“ယွင်ချီကြာက သခင်ကို ရွေးချယ်ပြီးမှ အပင်ပေါက်တာဆိုတော့… သူ ရွေးချယ်လိုက်တဲ့ သခင်က... တခေါခေါနဲ့ အိပ်ပျော်နေတဲ့ အိမ်ရှေ့စံမင်းသားကြီးလား…”
“ လူကို လာနောက်နေတာလား”
မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာထက်ရှိ အပြုံးမှာလည်း တောင့်တင်းသွားပြီး အရက်ခွက်ကို ကိုင်ထားသော လက်မှာ တဆက်ဆက် တုန်ယင်နေလေ၏။
မင်းသား(၅) ရှောင်ယန်မှာမူ မျက်လုံးအပြူးသားဖြင့် ရှ်ိနေပြီး၊ ပါးစပ်ထဲသို့ ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင် အထိ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင်၊ မမြင်သာသော ထောင့်တစ်နေရာမှ ကျင့်ကြံလောက၏ ထိပ်တန်းဂိုဏ်းဖြစ်သော ‘ထျန်းယန်ဂိုဏ်း’ မှ နတ်ဝိညာဉ်အဆင့်ရှိ အကြီးအကဲ ကူထုံသည် ယခုအခါတွင် ပွဲကြည့်စင်မြင့်ထက်ရှိ ရှောင်ရှန်းကို စူးစိုက်ကြည့်ရင်း ထိတ်လန့်အံ့အားသင့်လျက် ရှိသည်။
အခြားသူများသည် ယွင်ချီကြာ၏ ထူးခြားမှုကိုသာ မြင်ကြသော်လည်း၊ သူသည် ထိုအချိန်အတောအတွင်း၌ ဖျတ်ခနဲ ပျောက်ကွယ်သွားသည့် မိမိ၏ မူလစိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သော သန့်စင်လွန်းသည့် တာအိုစည်းချက်ကို ခံစားမိလိုက်သည်။
ထိုစည်းချက်၏ မြစ်ဖျားခံရာမှာ ထိုအိမ်ရှေ့စံမင်းသားထံမှပင် ဖြစ်သည်။
အကြီးအကဲ ကူထုံမှာ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ရပြီး သူ၏အိုမင်းသော မျက်ဝန်းများမှ မကြုံစဖူးသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
‘အိပ်ပျော်နေတာလား… မဟုတ်ဘူး ဒါက လုံးဝ အိပ်ပျော်နေတာ မဟုတ်ဘူး’
‘ ဒီအိမ်ရှေ့စံမင်းသားဟာ အပြင်ပန်းမှာ အိပ်ပျော်နေသလို ထင်ရပေမဲ့၊ တကယ်တော့ စိတ်ဝိညာဉ်က ဗလာနတ္ထိထဲမှာ လှည့်လည်သွားလာနေပြီး …သူ့ရဲ့ ခန္ဓာကိုယ်က သဘာဝတရားနဲ့ ပေါင်းစည်းနေတာပဲ’
‘ဒါက ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ ‘ထိုင်ရင်းနဲ့ အရာရာကို မေ့လျော့သွားတဲ့’ အမြင့်ဆုံး ကျင့်ကြံအားထုတ်မှုပဲ…’
‘သူက ဘာကျင့်စဉ်မှ မရှိဘူးလို့ ထင်ရပေမဲ့ တကယ်တော့ သဘာဝအတိုင်း ပြန်လည်ရောက်ရှိသွားပြီး မိုးမြေကို တုန်လှုပ်စေတဲ့ ကျင့်ကြံမှုနဲ့ အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားတာပဲ’
‘ကမ္ဘာမြေကြီးက မွေးဖွားလာတဲ့ ယွင်ချီကြာလို ရတနာမျိုးမှ မဟုတ်ရင် ဘယ်သူမှ ရိပ်မိနိုင်မှာ မဟုတ်ဘူး၊ သူ့ဆီကနေ ထွက်ပေါ်နေတာက ကျင့်ကြံထားတဲ့ ဝိညာဉ်စွမ်းအင် မဟုတ်ဘူး၊ ဒါက... ဒဏ္ဍာရီထဲက ‘မွေးရာပါ တာအိုစည်းချက်’ ပဲ ၊ ဒါကြောင့်... ဒါကြောင့်မို့လို့ ငါကိုယ်တိုင်လည်း သူ့ရဲ့ အနက်အရှိုင်းကို လုံးဝ မခန့်မှန်းနိုင်ခဲ့တာကိုး’
‘ဒီလိုပဲ ဖြစ်ရမယ်…သာရှတော်ဝင် မိသားစုထဲမှာ ဒီလိုမျိုး လောကကြီးကို နောက်ပြောင်ပြီး ပုန်းကွယ်နေတဲ့ တုနှိုင်းမဲ့ ပါရမီရှင်ကြီး တစ်ပါး ရှိနေခဲ့တာပဲ…’
အကြီးအကဲ ကူထုံမှာ တွေးလေ တွေးလေ ပို၍ ထိတ်လန့်လာလေဖြစ်ပြီး ၊ တွေးလေ တွေးလေ ဤသည်မှာ ပို၍ ကျိုးကြောင်းဆီလျော်သည်ဟု ထင်လာလေ ဖြစ်သည်။