အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) ကျင့်စဉ် ပေါ်ပေါက်သွားခြင်း
“ ရှဲ—”
ပေါက်ကွဲသံကြီးများ မရှိခဲ့သလို၊ ဟိန်းဟောက်သံများလည်း မရှိခဲ့ချေ။
ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနဂါးကြီးသည် ရွှေရောင်အလင်းတန်းနှင့် ထိတွေ့မိသည့် ခဏအတွင်းမှာပင် ပူပြင်းလှသော နေရောင်အောက်မှ နှင်းခဲပမာ အရည်ပျော်ကျသွားသော အသံများသာ ထွက်ပေါ်လာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အဆုံးမရှိသည့် မိစ္ဆာစွမ်းအင်များနှင့် နာကျည်းမှုများသည် ထိုသန့်စင်လှသော အလင်းတန်းကြောင့် လျင်မြန်စွာ သန့်စင်ပြီး အငွေ့ပျံသွားခဲ့ရာ အမည်းရောင် မီးခိုးငွေ့ တစ်စွန်းတစ်စမျှပင် မကျန်ရစ်ခဲ့ချေ။
စက္ကန့်ပိုင်းအတွင်း နတ်ဝိညာဉ်အဆင့်ရှိ စွမ်းအားရှင်ကိုပင် ခြိမ်းခြောက်နိုင်သော မိစ္ဆာနဂါးကြီးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။
ထိုရွှေရောင်အလင်းတန်းများ၏ အရှိန်သည် လျော့ကျသွားခြင်းမရှိဘဲ ပိုမိုလျင်မြန်စွာဖြင့် နတ်ဘုရားတို့၏ ပြစ်ဒဏ်တစ်ခုကဲ့သို့ တုန်ခါနေသော မြေကြီးထဲသို့ တိကျစွာ ထိုးစိုက်ဝင်ရောက်သွားခဲ့သည်။
“ဝုနိး”
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုသည် မြေအောက်အနက်ပိုင်းမှ ထွက်ပေါ်လာခဲ့ပြီး၊ တော်ဝင်အမဲလိုက်ကွင်းတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်၊
မြေကြီးအောက်တွင် ရှိနေသော နဂါးကြီးက နောက်ဆုံး ညည်းတွားသံကို ပြုလုပ်လိုက်သကဲ့သို့ပင်။
ထို့နောက်တွင် မြေအောက်မှ ဖောက်ထွက်လာကြသော အမည်းရောင် စွမ်းအင်တိုင်ကြီးများသည် မြစ်ဖျားခံရာ ဖြတ်တောက်ခံလိုက်ရသော စမ်းရေတွင်းများကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားကြပြီး မြေအောက်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။
“ဖူး ဖူး ဖူး”
အမဲလိုက်ကွင်း၏ အပြင်ဘက်တွင် ကျင့်ကြံသူများအဖြစ် အသွင်ယူထားကြသော မှော်နက်ဂိုဏ်းသား ဆယ်ယောက်သည် တစ်ပြိုင်နက်တည်း သွေးအန်ထွက်ကာ တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။
သူတို့၏ မျက်လုံးထဲက မာနထောင်လွှားမှုနှင့် မကျေနပ်မှုများသည် ချက်ချင်းပင် ထိတ်လန့်မှုနှင့် နာကျင်မှုများအဖြစ် အစားထိုးသွားခဲ့သည်။
သူတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ပြင်ဆင်ထားခဲ့ရသော အဖျက်နဂါးအသက်နှုတ် အစီအရင်၏ ဗဟိုချက်ကြီးသည် ဤတိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရိုက်ချိုးဖျက်ဆီးခံလိုက်ရသည်။
အစီအရင်ကြီးမှာ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။
အမဲလိုက်ကွင်း၏ ဝေဟင်ထက်တွင် ရိုက်ခတ်လှုပ်ရှားနေသော မိစ္ဆာစွမ်းအင်များသည်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ကြီးမှာ ပြန်လည် ကြည်လင်လာခဲ့သည်။
မူလက အသက်လု တိုက်ခိုက်နေကြသော စစ်တလင်းပြင်ကြီးသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဆန်းပြားလှသော တိတ်ဆိတ်မှုကြီးထဲသို့ ကျရောက်သွားလေ၏။
လူတိုင်း မိမိတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။
ဓားကို ဆွဲထုတ်ကာ အရှင်မင်းကြီးကို ကာကွယ်နေသော ချင်ချန်းဖြစ်စေ၊ မှော်လက်နက်များကို ထုတ်သုံးနေသော ဂိုဏ်းအသီးသီးမှ စွမ်းအားရှင်များဖြစ်စေ၊ ထိတ်လန့်တုန်လှုပ်နေကြသော ငယ်ရွယ်သည့် တပည့်များဖြစ်စေ၊
ယခုအခါတွင် ၎င်းတို့အားလုံးသည် ပွဲကြည့်စင်မြင့်၏ အမြင့်ဆုံးနေရာကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြတော့သည်။
ထိုနေရာတွင်မူ အိမ်ရှေ့စံ ရှောင်ရှန်းသည် စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည့် ပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး ၊ စိတ်အနှောင့်အယှက်ပေးသော ယင်ကောင်တစ်ကောင်ကို မောင်းထုတ်လိုက်သကဲ့သို့ပင်။
‘ ခုနက စွမ်းအားက... သန့်စင်လွန်းတယ်၊ ပြင်းထန်လွန်းတယ်၊ ကျယ်ပြောလွန်းတယ်…’
‘ ခုလိုမြင့်မြတ်ပြီး မချိုးဖျက်နိုင်တဲ့ အရှိန်အဝါကြီးက ဒီနေရာမှာ ရှိတဲ့ နတ်ဝိညာဉ်အဆင့် အကြီးအကဲအားလုံးကိုတောင် စိတ်နှလုံးသားထဲကနေ တုန်လှုပ်အောင် လုပ်နိုင်ခဲ့တယ်..ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုလဲ’
ဤအရာအားလုံးကို ပြုလုပ်ခဲ့သော ဇာတ်မင်းသားကြီး ရှောင်ရှန်းမှာမူ တစ်ကွက်တည်း ထုတ်သုံးရုံမျှဖြင့် မိမိခန္ဓာကိုယ်အတွင်းရှိ ခွန်အားများ စိတ်ဝိညာဉ်ပါမကျန် ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မိမိရှေ့က ကမ္ဘာကြီးသည် စတင်၍ ချာချာလည်လာခဲ့ပြီး လှုပ်ခါနေ၏။
သူသည် မျက်လုံးများက ဘယ်ညာလှည့်နေကာ ခန္ဓာကိုယ်ကြီးမှာလည်း ပျော့ခွေသွားပြီး ကုလားထိုင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားခဲ့တော့သည်။ သတိမလစ်မီ ၊ သူ၏ရင်ထဲ၌ မျှော်လင့်ချက်မဲ့သည့် အတွေးတစ်ခုသာ ကျန်ရှိခဲ့သည်။
‘သွားပြီ... ဒီတစ်ခါတော့ ဟန်ဆောင်လို့ မရတော့ဘူး…အိမ်ရှေ့စံ ရာထူးကနေ ဖယ်ရှားခံရဖို့ဆိုတာ လုံးဝကို မျှော်လင့်ချက် မရှိတော့ဘူးပဲ...’
“အိမ်ရှေ့စံမင်းသား”
သူနှင့် အနီးဆုံးတွင် ရှိနေသော အကြီးအကဲကူထုံသည် အရင်ဆုံး သတိဝင်လာခဲ့ပြီး စီနီယာ၊ ဂျူနီယာ အဆင့်အတန်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ၊ ရှောင်းရှန်း၏ ဦးခေါင်းနောက်စေ့ နှင့် ကုလားထိုင် မဆောင့်မိခင်မှာပင် ရှေ့သို့ အပြေးလှမ်းကာ သူ့ကို ရင်ခွင်ထဲသို့ မြဲမြံစွာ ဖမ်းထိန်းထားလိုက်သည်။
ဤအခိုက်အတန့်တွင်မှ လူအုပ်ကြီးသည် အေးခဲနေရာမှ နိုးထလာခဲ့ကြသကဲ့သို့ ဆွေးနွေးသံများ အကြီးအကျယ် ထွက်ပေါ်လာခဲ့တော့သည်။
မငိးသား(၃) ရှောင်ကျင်း၏ မျက်နှာထက်ရှိ နူးညံ့သော အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ၊ သေမင်းတမန်လို အေးစက်သော တိတ်ဆိတ်ခြင်းသာ ရှိတော့သည်။
ထိန်းချုပ်၍မရသော နာကျည်းမှုများနှင့် သံသယများက သူ၏ နက်ရှိုင်းသော မျက်ဝန်းအောက်ခြေမှ လျှံထွက်လုမတတ် ဖြစ်နေခဲ့သည်။
ထောင့်တစ်နေရာတွင်မူ စူးဝမ်ချင်း၏ မျက်နှာဖုံးအောက်ရှိ လှပသော မျက်ဝန်းအစုံတွင် မယုံကြည်နိုင်သော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
စစ်သေနာပတိချုပ် ချင်ချန်းမှာလည်း ပါးစပ် အဟောင်းသားဖြစ်နေခဲ့ပြီး လက်ထဲမှ အဖိုးတန်ဓားကြီးမှာ “ချလွမ်” ခနဲမြည်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင် သတိမထားမိဘဲ တိုးတိုးလေး ရေရွတ်နေမိသည်။
“လတ်စသတ်တော့..ဒီကောလာဟလတွေ အားလုံးဟာ နှိမ့်ချတဲ့စကားလုံးသက်သက်ပဲကိုးး…”