← Chapters

အခန်း (၈၇၉-၈၈၀)

Vol. 44 Ch. 879-880

အခန်း (၈၇၉-၈၈၀)

Vol. 44 Ch. 879-880

အပိုင်း(၈၇၉) ကျင်းရှီရုံ ကျိုးတောက်တောင်သို့ ဝင်ရောက်တိုက်ခိုက်ခြင်း

"သတ်"

"ဝုန်း"

ကျိုးတောက်တောင်က ယွီကျိုးပြည်နယ်၏ အလယ်ပိုင်းတွင် တည်ရှိ၏။

ယခုအချိန်တွင် ကျိုးတောက်တောင်၏ ကောင်းကင်ယံထက်၌ မရေမတွက်နိုင်သော ယာဉ်ပျံများက လေခွင်းသံများပေးကာ ပျံသန်းလာကြသည်။

အမြောက်ဆံများက မိုးပေါက်များအလား ကျိုးတောက်တောင် အနီးရှိ ရေပေါ်ကျွန်းများဆီသို့ ကျဆင်းပေါက်ကွဲနေသည်။

ပင်လယ်ပြင်ထက်တွင်လည်း စစ်သင်္ဘောများက ဝန်းရံထားကြပြီး သင်္ဘောများထက်မှ စွမ်းအင်အမြောက်များက ကျိုးတောက်တောင်၏ အကာအကွယ်အလွှာကို မရပ်မနား ပစ်ခတ်နေကြ၏။

တိမ်လွှာများအထက်တွင်လည်း ပြင်းထန်သော တိုက်ပွဲများ စတင်နေပြီဖြစ်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် မုန်ယာကုမ္ပဏီ၏ တပ်ဖွဲ့များက အသာစီးရနေသည်ကို တွေ့မြင်နိုင်ပေသည်။

များစွာသော အစွမ်းပိုင်ရှင်များက အလုံးအရင်းဖြင့် ထွက်ပေါ်လာကြပြီး မုန်ယာကုမ္ပဏီမှ အစွမ်းပိုင်ရှင်များနှင့် ရောကြိတ်တိုက်ခိုက်နေကြသည်။

မလှမ်းမကမ်းရှိ ရေလွှမ်းမိုးနေသော နေရာများတွင်လည်း မျိုးရိုးဗီဇအသွင်ပြောင်း သားရဲကြီး ဆယ်ကောင်ကျော်ခန့်က အသေအကြေ သတ်ပုတ်နေကြသည်။

ရေလှိုင်းများက လိမ့်တက်နေပြီး တစ်ခါတစ်ရံတွင် ရေဓာတ်သားရဲကြီးများ အသွင်ပေါ်လာကာ ဒြပ်စင်သားရဲများအဖြစ် ပြောင်းလဲသွားတတ်သည်။ တစ်ခါတစ်ရံတွင်လည်း မီးတောက်များက ရေစီးကြောင်းများကို လောင်ကျွမ်းစေပြီး ကြောက်မက်ဖွယ် ရေခိုးရေငွေ့များ ထွက်ပေါ်လာကာ အရပ်မျက်နှာ အနှံ့အပြားကို ဖုံးလွှမ်းသွားစေသည်။

နှစ်ဖက်စလုံးမှ အစွမ်းပိုင်ရှင်များက မိမိတို့၏ အစွမ်းများကို အသီးသီး ထုတ်ဖော်ကာ အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

မလှမ်းမကမ်းရှိ ဧရာမ စစ်သင်္ဘောကြီးတစ်စင်းပေါ်တွင် ကျင်းရှီရုံက ကုလားထိုင်ပေါ်တွင် ထိုင်လျက် ထိုမြင်ကွင်းကို ကြည့်နေပြီး သူ၏ဘေးတွင် ချောမောလှပသော မိန်းမပျိုနှစ်ဦးက အနီးကပ် ပြုစုယုယနေကြသည်။

"သတင်းပို့ပါတယ်... ဥက္ကဌကျင်း... ကျိုးတောက်တောင်ရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်ပါပြီ... ဒါရိုက်တာချန်နဲ့ ဒါရိုက်တာချီတို့လည်း အထဲကို ဝင်တိုက်နေကြပါပြီ"

ထိုစကားကို ကြားသောအခါ ကျင်းရှီရုံက ချက်ချင်းပင် ဟားတိုက်ရယ်မောလိုက်သည်။ "ကောင်းတယ်"

"ကျိုးတောက်တောင်ပေါ်ကို ပထမဆုံး တက်နိုင်တဲ့သူကို ငါ ဆုကြေးအကြီးကြီး ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဥက္ကဌကျင်း"

ကျင်းရှီရုံက ဆက်မေးလိုက်သည်။ "ခိုက်ရီနည်းပညာက ဂျိမ်းစ်တို့ ထွက်မလာကြသေးဘူးလား"

"မထွက်လာသေးပါဘူး... ကျွန်တော်တို့လူတွေက အမြဲတမ်း စိန်ခေါ်နေပေမဲ့ သူတို့က လိပ်ခေါင်းဝှက်ထားသလိုပဲ ပုန်းနေကြတယ်... ဂျိမ်းစ် အပါအဝင် ခိုက်ရီနည်းပညာက ဒါရိုက်တာအဖွဲ့ဝင်တွေ တစ်ယောက်မှ ထွက်တိုက်တာကို မတွေ့ရသေးပါဘူး"

ကျင်းရှီရုံက အေးစက်စွာ ရယ်မောလိုက်သည်။ "ဒီခွေးမသားတွေ ထွက်ပြေးသွားကြတာတော့ မဟုတ်ပါဘူးနော်"

"ဟက်ဟက်... ဆက်တိုက်ကြ... သူတို့ရဲ့ ကျိုးတောက်တောင် ဌာနချုပ်ကြီးကို ဖျက်ဆီးပစ်တာတောင် သူတို့က ဆက်ပြီး သည်းခံနေနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"

"ဟုတ်ကဲ့ပါ"

ကျင်းရှီရုံ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ခိုက်ရီနည်းပညာအပေါ် မုန်ယာကုမ္ပဏီ၏ ထိုးစစ်က ပိုမို ပြင်းထန်လာခဲ့သည်။

ကျင်းရှီရုံ၏ ဘေးတွင်မူ မျက်နှာဖုံးတပ်ထားသော အမျိုးသားလေးဦး ရပ်နေကြ၏။

ဤကိုယ်ပွားလေးခုက ဤတစ်ကြိမ် ခိုက်ရီနည်းပညာကို တိုက်ခိုက်ရာတွင် သူ၏ အဓိက လျှို့ဝှက်လက်နက်ပင် ဖြစ်သည်။

ဂျိမ်းစ်သာ ထွက်လာရဲပါက သူက စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ချက်ချင်း အသက်သွင်းပြီး ကိုယ်ပွားအားလုံးကို စုစည်းကာ ဂျိမ်းစ်ကို နေရာတင် သတ်ပစ်မည်ဖြစ်သည်။

ဂျိမ်းစ်သာ သေဆုံးသွားပါက ခိုက်ရီနည်းပညာ တစ်ခုလုံး ချက်ချင်း ပြိုကွဲသွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် ယွီကျိုးပြည်နယ် အလယ်ပိုင်းရှိ လေပေါ်ကျွန်းများနှင့် ရေပေါ်ကျွန်းများ အားလုံးသည် မုန်ယာကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ ဖြစ်လာတော့မည်တည်း။

ထိုအကြောင်းများကို တွေးမိပြီး ကျင်းရှီရုံက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"ဒီ စွမ်းအင်ချိတ်ပိတ် အစီအရင်နဲ့ ငါ့ရဲ့ ကိုယ်ပွားအစွမ်းသာ ပေါင်းစပ်လိုက်ရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

"ခိုက်ရီနည်းပညာလောက်တော့ အသာလေးပဲ... နတ်ဘုရားနိုင်ငံတော် ဆိုရင်တောင် အနှေးနဲ့အမြန် ငါ ဖျက်ဆီးပစ်ဦးမှာ... အဲဒီအချိန်ကျရင် ယွီကျိုးပြည်နယ် တစ်ခုလုံးကို ငါ အုပ်စိုးမယ်"

ဘေးပတ်ဝန်းကျင်ရှိ လူများက ကျင်းရှီရုံကို အသီးသီး ဂုဏ်ပြုစကားများ ဆိုကြပြီး ဖားယားမြှောက်ပင့်သော အသံများက တစ်ချိန်လုံး ထွက်ပေါ်နေလေသည်။

ကျင်းရှီရုံမှာ ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားသည်။

မကြာမီမှာပင် တိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။

သေဆုံးဒဏ်ရာရသူ အရေအတွက်က ပို၍ပို၍ များပြားလာ၏။

အနီးအနားရှိ ရေပြင်ထဲတွင်လည်း သန္ဓေပြောင်း ငါးအမြောက်အမြားမှာ မှားယွင်းသတ်ဖြတ်ခံရပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါလောပေါ်လာကြသည်။

ခိုက်ရီနည်းပညာမှ အစွမ်းပိုင်ရှင်များအားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ပေါ်လွင်နေကြသည်။

"ဒါရိုက်တာဂျိမ်းစ် ဘယ်ရောက်သွားတာလဲ"

"ဂျက်ခ်ရော"

"စုန်းမရော"

"ဒါရိုက်တာဝမ်... ဥက္ကဋ္ဌကြီး ဘယ်ရောက်နေတာလဲ... သူသာ ဆက်မလာရင် ကျွန်တော်တို့ တကယ်ကို တောင့်မခံနိုင်တော့ဘူးနော်"

ကျိုးတောက်တောင်ပေါ်ရှိ ယာယီ ကွပ်ကဲရေးအခန်းထဲမှ ပြင်းထန်သော မေးခွန်းထုတ်သံများ ထွက်ပေါ်လာသည်။

ဝမ်ချိုး၏ မျက်နှာကလည်း အလွန် အကျည်းတန်နေပြီး သူက သက်ပြင်းတစ်ချက် ရှိုက်ကာ ပြောလိုက်သည်။ "ဒါရိုက်တာတွေက ပြီးခဲ့တဲ့တစ်ခေါက် ကြယ်တံခွန်ကျွန်းကနေ ထွက်သွားပြီးကတည်းက အခုထိ ပြန်မလာကြသေးဘူး"

"အခု ငါလည်း ဂျိမ်းစ်တို့ကို ဆက်သွယ်လို့ မရတော့ဘူး"

ဝမ်ချိုး၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။

တစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် ဂျိမ်းစ်တို့ ကြယ်တံခွန်ကျွန်းကနေ ထွက်သွားတာက စုန်းမဆီကို သွားပြီး ဖြေရှင်းချက် တောင်းမလို့ မဟုတ်ဘူးလား"

"အခု ဂျိမ်းစ်တို့ကလည်း ပြန်မလာသေးဘူး... ကျင်းရှီရုံကလည်း ငါတို့ကို တိုက်ရိုက် ဝင်တိုက်ရဲတယ်ဆိုတော့... ဒါဆိုရင်..."

"မဖြစ်နိုင်ဘူး... လျှောက်မပြောစမ်းနဲ့... ဂျိမ်းစ်ရဲ့ အစွမ်းက ဘယ်အစွမ်းပိုင်ရှင်ကိုမဆို နှိမ်နင်းနိုင်တယ်... ကျင်းရှီရုံမှာ ပုံတူကူးချအစွမ်း ရှိရင်တောင် ဂျိမ်းစ်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဒါဆိုရင် ကျင်းရှီရုံက ငါတို့ကို ဘာလို့ တိုက်ရိုက် လာတိုက်ရဲတာလဲ... သူ့မှာ ဘယ်ကလာတဲ့ သတ္တိတွေ ရှိနေလို့လဲ"

"ဒါက..."

ခဏချင်းမှာပင် အခန်းထဲတွင် အချေအတင် ငြင်းခုံသံများ ဆူညံသွားပြီး အချို့က ဂျိမ်းစ်ကို ကျင်းရှီရုံက ဖမ်းဆီးသွားနိုင်ကြောင်း၊ ထို့ကြောင့်သာ ကျင်းရှီရုံက ကျိုးတောက်တောင်ကို တိုက်ရိုက် ဝင်တိုက်ရဲသော သတ္တိရှိနေခြင်း ဖြစ်နိုင်ကြောင်း ယူဆကြသည်။

အချို့ကလည်း ဂျိမ်းစ် သေဆုံးသွားလောက်ပြီဟု ထင်မြင်ကြ၏။

မည်သို့ပင်ဆိုစေကာမူ အပြန်အလှန် ဆွေးနွေးပြီးနောက် လူတိုင်း၏ ရင်ထဲတွင် နိမိတ်မကောင်းသော ကြိုတင်ခံစားမှုများ ဖြစ်ပေါ်နေကြသည်။

ဂျိမ်းစ်သာ ထွက်မလာပါက မည်သူမျှ ကျင်းရှီရုံကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဆိုလိုသည်မှာ ခိုက်ရီနည်းပညာသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အချို့သူများဆိုလျှင် ထွက်ပြေးရန်ပင် တွေးတောနေကြပြီ ဖြစ်၏။

ထိုအခြေအနေကို မြင်သောအခါ ဝမ်ချိုးက အော်ဟစ်လိုက်သည်။ "တော်ကြတော့... အားလုံး ပါးစပ်ပိတ်ထားကြစမ်း"

လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။

ဝမ်ချိုးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အခုချိန်မှာ ဒါတွေပြောနေလို့ ဘာထူးမှာလဲ... ရန်သူက ရှေ့ရောက်နေပြီ... အခု အရေးအကြီးဆုံးက မုန်ယာကုမ္ပဏီက ရန်သူတွေကို တားဆီးနိုင်ဖို့ နည်းလမ်းရှာရမှာပဲ"

"ကျင်းရှီရုံက ဘယ်လိုလူမျိုးလဲ ဆိုတာ မေ့မပစ်ကြနဲ့... ဒီခွေးမသားက မိန်းမကိစ္စဆို အသက်တောင် ပေးမယ့်ကောင်... သူသာ အထဲဝင်လာပြီး ခိုက်ရီနည်းပညာ ကုမ္ပဏီကို သိမ်းလိုက်ရင် ငါတို့ကတော့ အသက်လုပြီး ထွက်ပြေးလို့ ရနိုင်ပေမဲ့... ငါတို့ရဲ့ မိသားစုတွေကရော ဘယ်လိုလုပ်ကြမလဲ"

"မင်းတို့မှာ သားမယားတွေ မရှိကြဘူးလား... သူတို့ကို ကျင်းရှီရုံက မျက်စိကျသွားမှာကို မကြောက်ကြဘူးလား"

"အတိအလင်း ပြောထားလိုက်မယ်... ကျင်းရှီရုံ မျက်စိကျသွားပြီဆိုတာနဲ့ ဘယ်သူမှ လွတ်မှာမဟုတ်ဘူး"

"အခု ငါတို့မှာ ဆုတ်လမ်း မရှိတော့ဘူး... ခိုက်ရီနည်းပညာ အတွက်တင် မကဘူး... ငါတို့ရဲ့ မိသားစုတွေ အတွက်ပါ တိုက်ခိုက်ရမယ်"

သူက မတ်တတ်ရပ်ကာ အသက်ကို ဝဝရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "မုန်ယာကုမ္ပဏီရဲ့ ခံယူချက်က ငါတို့နဲ့ လုံးဝ မတူဘူး... သူတို့က အားကြီးသူက အားငယ်သူကို အနိုင်ကျင့်တဲ့ စနစ်ကိုပဲ ယုံကြည်ကြတာ"

"ဒီမှာရှိတဲ့ သာမန် အစွမ်းပိုင်ရှင်တွေသာ မုန်ယာကုမ္ပဏီရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားရင် အဆိုးရွားဆုံး အောက်ခြေလူတန်းစားတွေ ဖြစ်သွားကြမှာပဲ"

"ဒါက မင်းတို့နဲ့ မဆိုင်ဘူးလို့ မထင်လိုက်နဲ့... မင်းတို့ရဲ့ မျိုးဆက်သစ်တွေက ထူးချွန်တဲ့ အစွမ်းပိုင်ရှင်တွေ ဖြစ်လာမယ်လို့... အစွမ်းထက်တဲ့ စွမ်းရည်တွေ နိုးထလာမယ်လို့ အာမခံနိုင်သလား"

"မင်းတို့ရဲ့ မျိုးဆက်တွေဆီမှာသာ အစွမ်းထက်တဲ့ စွမ်းရည်တွေ နိုးထမလာဘူးဆိုရင် မုန်ယာကုမ္ပဏီရဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့အားလုံး အောက်ခြေလူတန်းစားတွေပဲ ဖြစ်သွားကြမှာ"

"ဒါကြောင့် အခု ငါတို့ တိုက်ပွဲဝင်နေတာက ငါတို့ကိုယ်တိုင် အတွက်တင် မဟုတ်ဘူး... ငါတို့ရဲ့ မျိုးဆက်သစ်တွေ အတွက်ပါ တိုက်ပွဲဝင်နေကြတာ... ငါတို့အထဲမှာ မုန်ယာကုမ္ပဏီကနေ ထွက်ပြီး ဒီကို လာပူးပေါင်းတဲ့သူ ဘယ်နှစ်ယောက်တောင် ရှိလဲ"

"မုန်ယာကုမ္ပဏီရဲ့ ခံယူချက်တွေကို သည်းမခံနိုင်တော့လို့ ထွက်လာခဲ့ကြတာ မဟုတ်ဘူးလား"

"ခိုက်ရီနည်းပညာ ကုမ္ပဏီမှာကျတော့ အနည်းဆုံး အားလုံးက အချင်းချင်း ကူညီဖေးမပြီး အတူတူ ကြိုးစားရုန်းကန်ကြတယ်... ဒါမှသာ ကျန်းမာတဲ့ ခိုလှုံရေးစခန်း တစ်ခုရဲ့ ပတ်ဝန်းကျင်ကောင်း မဟုတ်ဘူးလား"

"ညီအစ်ကိုတို့... ငါတို့မှာ ဆုတ်လမ်း မရှိတော့ဘူးနော်"

ဝမ်ချိုးက လူအားလုံးကို လေးနက်စွာ ကြည့်ရင်း သူတို့ကို စိတ်ဓာတ်ခွန်အားပေးရန် အစွမ်းကုန် ကြိုးစားနေသည်။

သို့သော် လူအုပ်ကြီးထဲတွင် လူနည်းစုကသာ သူ၏ စကားကို တုံ့ပြန်ကြ၏။

လူအများစုမှာမူ တိတ်ဆိတ်စွာပင် ရှိနေကြဆဲဖြစ်သည်။

သူတို့၏ ရင်ထဲတွင် ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ခံယူချက်ကို လက်ခံကောင်း လက်ခံနိုင်သော်လည်း သူတို့တွင် ဆုတ်လမ်း လုံးဝမရှိသည်တော့ မဟုတ်ပေ။

မုန်ယာကုမ္ပဏီက မည်မျှပင် အင်အားကြီးစေကာမူ သူတို့သာ ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ထားပါက မုန်ယာကုမ္ပဏီက တားဆီးနိုင်မည်ဟု မသေချာပေ။

ထိုအချိန်ကျလျှင် အခြား ခိုလှုံရေးစခန်းတစ်ခုခုသို့ သွားရောက် နေထိုင်ရန်မှာ သူတို့၏ စွမ်းရည်များနှင့်ဆိုလျှင် သိပ်တော့ မခက်ခဲလှပေ။

တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါရိုက်တာဝမ်... ဂျိမ်းစ်ကို ချက်ချင်း အကြောင်းကြားဖို့ တခြားနည်းလမ်းတွေရော မရှိတော့ဘူးလား... ကျွန်တော်တို့ တကယ်ကို တောင့်မခံနိုင်တော့လို့ပါ"

ထိုစကားကို ကြားသောအခါ ဝမ်ချိုးလည်း အခက်တွေ့သွားသည်။

သူ အမှန်တကယ်ပင် ဂျိမ်းစ်ကို ဆက်သွယ်၍ မရတော့ပေ။

သူ အကြပ်ရိုက်နေစဉ်မှာပင် အပြင်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

"စစ်ကူတွေ ရောက်လာပြီ... ဥက္ကဋ္ဌဂျိမ်းစ် ပြန်ရောက်လာပြီ"

"ဟားဟားဟား... ဆုတ်သွားပြီ... မုန်ယာကုမ္ပဏီက လူတွေ ဆုတ်သွားကြပြီ"

"ဥက္ကဋ္ဌဂျိမ်းစ် ကျန်းမာပါစေ"

"ဆရာဂျက်ခ် ကျန်းမာပါစေ"

...

ဝမ်ချိုးလည်း ထိုအသံကို ကြားသည်နှင့် ချက်ချင်း မတ်တတ်ရပ်ကာ အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေသည်။

ယာယီ အစည်းအဝေးခန်းထဲရှိ အခြားသူများကလည်း အပြင်သို့ အပြေးအလွှား ထွက်သွားကြသည်။

ကောင်းကင်ယံသို့ ကြည့်လိုက်ရာ ယာဉ်ပျံ ဆယ်စင်းကျော်ခန့် ထပ်မံ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

သို့သော် ထိုလေယာဉ်များပေါ်ရှိ အမှတ်အသားမှာ ခိုက်ရီနည်းပညာ၏ အမှတ်အသားလည်း မဟုတ်သလို မုန်ယာကုမ္ပဏီ၏ အမှတ်အသားလည်း မဟုတ်ပေ။ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော တောင်တန်း၊ ရေပြင်နှင့် နေထွက်နေသော ပုံစံမျိုး ဖြစ်နေသည်။

လူအားလုံး အံ့အားသင့်နေကြသော်လည်း ဝမ်ချိုးကမူ ကောင်းကင်ထက်မှ ဦးချိုတစ်ခု၊ လက်တံများစွာ ပါရှိသော သားရဲကြီးကို တစ်ချက်တည်းဖြင့် မြင်လိုက်သည်။

"ဒါရိုက်တာဂျိမ်းစ်"

သူက ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ဒါရိုက်တာဂျိမ်းစ်က တိတ်ဆိတ်ဇုန် အစွမ်းကို ထုတ်ဖော်လိုက်ပြီဖြစ်ရာ မုန်ယာကုမ္ပဏီဘက်ရှိ ထိုအစွမ်း၏ လွှမ်းခြုံခံရသူ အားလုံးမှာ အစွမ်းများ ချက်ချင်း ပျောက်ဆုံးသွားပြီး တိုက်ခိုက်နိုင်စွမ်းများ သိသိသာသာ ကျဆင်းသွားတော့သည်။

ခိုက်ရီနည်းပညာမှ အစွမ်းပိုင်ရှင်များကလည်း တစ်ဖက်သတ် ပြန်လည် ထိုးစစ်ဆင်ကာ လိုက်လံ သတ်ဖြတ်ကြလေသည်။

ဤအချိန်တွင် မုန်ယာကုမ္ပဏီမှ ရန်သူများမှာ အဆက်မပြတ် အော်ဟစ်နေကြပြီး တဖြည်းဖြည်း နောက်ဆုတ်သွားကြရသည်။

မူလက ရရှိထားသော အသာစီးရမှုမှာ ချက်ချင်းပင် ပြိုလဲပျက်စီးသွားတော့၏။

ကျိုးတောက်တောင်၏ အကာအကွယ်အလွှာမှာ ထပ်မံ ပွင့်လာပြီး မုန်ယာကုမ္ပဏီမှ ရန်သူများကို အပြင်ဘက်သို့ ဖယ်ထုတ်လိုက်သည်။

ဝမ်ချိုးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။ "အားလုံးပဲ... ငါ့နောက်ကနေ လိုက်ပြီး အပြင်ထွက်တိုက်ကြ"

"ရွှပ်"

သူက ဂျိမ်းစ်ရှိရာသို့ ပထမဆုံး ပျံသန်းသွားလေသည်။

စောစောက အစည်းအဝေးခန်းထဲတွင် ရှိနေသူများ၏ မျက်နှာပေါ်တွင်လည်း ဝမ်းသာရွှင်လန်းသော အရိပ်အယောင်များ ပေါ်လာကြသည်။

မည်သူမျှ တုံ့ဆိုင်းမနေကြတော့ဘဲ အစည်းအဝေးခန်းထဲမှ အသီးသီး ပြေးထွက်လာကြကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဂျိမ်းစ်တို့နှင့် သွားရောက် ပူးပေါင်းကြသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်ထက်၌ ကျင်းရှီရုံက ကောင်းကင်ထက်မှ ဂျိမ်းစ် ပေါ်လာသည်ကို ကြည့်ကာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ဟက်ဟက်... ဂျိမ်းစ်... နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့"

သူ၏ ကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး အနောက်မှ ကိုယ်ပွားလေးခုကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

တစ်ချိန်တည်းမှာပင် မုန်ယာကုမ္ပဏီမှ အစွမ်းထက်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် အသီးသီး ပျံသန်းလာကြ၏။

ဂျိမ်းစ်က ခေါင်းမော့ကာ ကျင်းရှီရုံကို ကြည့်လိုက်သည်။ "ဟက်ဟက်... ငါက ဘာလို့ ထွက်မလာရဲရမှာလဲ"

ကျင်းရှီရုံက လှောင်ပြုံးပြုံးကာ ခေါင်းခါလိုက်သည်။ "မင်းက ကြောက်လန့်ပြီး ယွီကျိုးပြည်နယ်ကနေ စောစောစီးစီး ထွက်ပြေးသွားပြီလို့တောင် ထင်နေတာ... ဒါပေမဲ့လည်း ဟုတ်ပါတယ်လေ... မင်းတို့ ခိုက်ရီနည်းပညာက လူတွေက အမြဲတမ်း ဟန်ဆောင်ကောင်းကြတယ်... မင်းရဲ့ မိန်းမတွေကလည်း ဒီမှာရှိနေတော့ မင်းလည်း ထွက်မပြေးရက်ဘူးပေါ့"

"နှမြောစရာပဲ... မင်း ထွက်မပြေးမှတော့ ဒီမှာပဲ သေရုံရှိတော့တာပေါ့"

ဂျိမ်းစ်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ "ကျင်းရှီရုံ... မင်းက ငါ့ကို အနိုင်ရပြီလို့ တကယ် ထင်နေတာလား"

ကျင်းရှီရုံက ဟားတိုက်ရယ်မောလိုက်သည်။ "ဟားဟားဟား... မင်းရဲ့ တိတ်ဆိတ်ဇုန် အစွမ်းက သိပ်စွမ်းတယ် ဆိုပေမဲ့ အခု ငါက အဲဒါကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာတွေ့ထားပြီကွ"

"ပြောစမ်းပါဦး... မင်းမှာ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ့် လျှို့ဝှက်လက်နက် ဘာတွေ ရှိသေးလဲ"

ထိုသို့ ပြောရင်း ကျင်းရှီရုံက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် အောက်ဘက်ရှိ စစ်သင်္ဘောကြီးများမှ အမြောက်များ စတင် ပစ်ခတ်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပြင်းထန်သော အမြောက်ဆံများက ကောင်းကင်ယံသို့ ပေါက်ကွဲသွားပြီး ချက်ချင်းပင် ကောင်းကင်ထက်၌ များပြားလှသော သင်္ကေတများ ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် စွမ်းအင်ချိတ်ပိတ် သင်္ကေတများက စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားကာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ကျိုးတောက်တောင်၏ ကောင်းကင်ယံ အပါအဝင် အားလုံးကို ဖုံးလွှမ်းသွားပြီး ကျိုးတောက်တောင် တစ်ခုလုံး၏ အကာအကွယ်အလွှာမှာ လျှပ်စစ်မီး ပြတ်တောက်သွားသကဲ့သို့ ချက်ချင်းပင် ငြိမ်းသတ်သွားတော့သည်။

ထိုမျှမက ထိုသင်္ကေတများကြားတွင် ရှိနေသူ အားလုံးမှာလည်း ၎င်းတို့၏ သန္ဓေပြောင်းစွမ်းအင်များကို အသုံးပြု၍ မရတော့ကြောင်း ချက်ချင်း သတိထားမိလိုက်ကြသဖြင့် လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာကြ၏။

ကျင်းရှီရုံက ပြုံးကာ ပြောလိုက်သည်။ "ဂျိမ်းစ်... မင်းက တခြားသူတွေရဲ့ အစွမ်းတွေကို တိတ်ဆိတ်ဇုန်ဖြစ်အောင် လုပ်ရတာ သဘောကျတယ် မဟုတ်လား"

"ဒါဆိုရင် ဒီနေ့ မင်းလည်း စမ်းကြည့်လိုက်ဦး... အစွမ်းတွေကို သုံးမရတော့ဘဲ ခန္ဓာကိုယ် ခွန်အားသက်သက်နဲ့ပဲ ငါတို့ သေချာ ကစားကြည့်ကြတာပေါ့"

"တိုက်"

နောက်တစ်ခဏတွင် ကျင်းရှီရုံ၏ အနောက်မှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင်များက အသီးသီး မျိုးရိုးဗီဇ သားရဲကြီးများ အသွင်သို့ ပြောင်းလဲသွားကြသည်။

ထို့နောက် မျက်နှာချင်းဆိုင်ရှိ ခိုက်ရီနည်းပညာမှ လူများထံသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

ဂျိမ်းစ်က အေးစက်စွာ ရယ်မောလိုက်ပြီး အော်ဟစ်လိုက်သည်။ "ကျင်းရှီရုံ... ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့ ယှဉ်ရမယ်ဆိုရင်တောင် ငါက မင်းကို ကြောက်မယ် ထင်နေလား... ဒီနေရာက ခိုက်ရီနည်းပညာကွ... လူအင်အားကို ယှဉ်မယ်ဆိုရင် ငါ့လူတွေက မင်းထက် မနည်းဘူး"

"မင်းက မင်းရဲ့ ကိုယ်ပွားအစွမ်းကို သုံးပြီး လူပင်လယ် စစ်ဗျူဟာကို ဖန်တီးချင်နေတာလား... မင်းမှာ ကိုယ်ပွား ဘယ်လောက်များများ ရှိနိုင်မလဲ ဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့"

"အားလုံး အမိန့်နာခံ... တိုက်"

ချက်ချင်းပင် ခိုက်ရီနည်းပညာမှ လူများက ခေါင်းဆောင်ကောင်းကို တွေ့ရှိသွားသကဲ့သို့ အားလုံး ဝိုင်းဝန်း အော်ဟစ်လိုက်ကြပြီး မျိုးရိုးဗီဇ အသွင်များသို့ ချက်ချင်း ပြောင်းလဲကာ တိုက်ရိုက် ပြေးဝင်သွားကြသည်။

သို့သော် ကျင်းရှီရုံက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်၏။ "ငါ့မှာ ကိုယ်ပွားအစွမ်း ရှိမှန်း သိနေရက်နဲ့ ငါ့ရဲ့ လူပင်လယ် စစ်ဗျူဟာက အသုံးမဝင်ဘူးလို့ မင်းက ထင်နေတုန်းပဲလား"

ထို့နောက် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ စစ်သင်္ဘောကြီး၏ သင်္ဘောခန်းများ ရုတ်တရက် ပွင့်သွားပြီး အထဲတွင် မျက်နှာဖုံးတပ် အမျိုးသား ငါးဆယ်ကျော်ခန့် သပ်ရပ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။

"တိုက်"

ဆက်ရန်...

အပိုင်း(၈၈၀) စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖြေရှင်းမည့်နည်းလမ်း

ကျင်းရှီရုံက အမိန့်ပေးလိုက်သည်နှင့် ထိုလူများသည် လေကိုခွဲကာ ဟိန်းဟောက်လိုက်ကြပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။

ဧရာမ သတ္တဝါဆိုးကြီးများသည် လေထဲတွင် အသွင်ပြောင်းသွားကြပြီး ဤဘက်သို့ လေတဟူးဟူးနှင့် ပျံသန်းလာကြသည်။

ဤအရာများက အံ့သြစရာကောင်းစွာပင် သူ၏ ကိုယ်ပွားများသာ ဖြစ်နေကြပေသည်။

အရေအတွက်အားဖြင့် ငါးဆယ်ကျော်သော မျိုးရိုးဗီဇ ဧရာမသတ္တဝါကြီးများက ဤတိုက်ပွဲတွင် အမြင့်ဆုံးသော စစ်အင်အားဟု ဆိုရမည်သာ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဂျိမ်းစ်နှင့် အခြားသူများ၏ မျက်နှာများလည်း သိသိသာသာ ပျက်ယွင်းသွားကြသည်။

ကျင်းရှီရုံ၏ ဤကိုယ်ပွားများအားလုံးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်များချည်း ဖြစ်သော်လည်း ယခင်အကောင်များနှင့်မူ မတူညီကြပေ။

ယခင်က ကျင်းရှီရုံ၏ ကိုယ်ပွားများသည် အခြေခံအားဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၈၀% ဝန်းကျင်ရှိပြီး မျိုးရိုးဗီဇ ဧရာမသတ္တဝါကြီးများအဖြစ် အသွင်ပြောင်းသွားချိန်တွင် အများစုမှာ အရပ် ပေ ၂၆၀ ကျော်ရှိကြကာ အချို့ဆိုလျှင် ပေ ၂၈၀ နီးပါးခန့်အထိပင် ရှိကြသည်။

စွမ်းအင်ချိတ်ပိတ် အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကိုသာ အသုံးပြု၍ ယှဉ်ပြိုင်နိုင်လေသည်။

ထိုသို့ဆိုလျှင် အရွယ်အစား ကြီးမားလေလေ အသာစီးရလေလေ ဖြစ်မည်မှာ သဘာဝပင်။

သို့သော် မျက်မှောက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားသော ကိုယ်ပွား ငါးဆယ်ကျော်အနက် ထက်ဝက်ကျော်မှာ အရပ် ပေ ၃၀ မှ ၆၀ ဝန်းကျင်သာ ရှိကြသည်။

ဤကိုယ်ပွားများ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းထားမှာ မမြင့်မားကြောင်း သိသာထင်ရှားနေသည်။

ကျင်းရှီရုံ မကြာသေးမီကမှ ခွဲထုတ်ထားသော ကိုယ်ပွားအသစ်များ ဖြစ်နိုင်ချေရှိသည်။

ယခုအချိန်တွင် ကိုယ်ပွား ငါးဆယ်ကျော်တို့က စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲသို့ တပြိုင်နက် ဝင်ရောက်လာကြသဖြင့် မုန်ယာအဖွဲ့ဘက်မှ တိုက်ခိုက်ရေးစွမ်းအားမှာ ချက်ချင်းပင် အဆမတန် တိုးတက်သွားလေသည်။

ဤအခြေအနေကို မြင်လိုက်ရသောအခါ ဂျိမ်းစ်က ဘာမှထပ်မပြောနေတော့ဘဲ နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်ပြီး ဧရာမ သွေးစုပ်လင်းနို့ကြီးအဖြစ် အသွင်ပြောင်းထားပြီးဖြစ်သော ဂျက်ခ်အား လှမ်းအော်လိုက်သည်။ "အစီအစဉ်အတိုင်း လုပ်ကြမယ်"

"ကောင်းပြီ... သူတို့ကို ငါ ထိန်းထားပေးမယ်" ဟု ဂျက်ခ်က ချက်ချင်း ပြန်အော်လိုက်သည်။

ကျင်းရှီရုံက ဂျိမ်းစ်နောက်သို့ အလျင်အမြန် လိုက်ပါသွားရင်း အော်ဟစ်လိုက်သည်။ "ပြေးချင်တာလား... ရပ်စမ်း"

ဧရာမ သတ္တဝါဆိုးကြီး နှစ်ကောင်သည် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ထက်မြက်သော လက်သည်းများက တစ်ဖက်လူ၏ အရေပြားကို ဆွဲဖြဲပစ်ကြရာ ရေပြင်ဆီသို့ သွေးများ စီးကျလာပြီး ဟိန်းဟောက်သံများကလည်း အဆက်မပြတ် တုန်ခါနေလေသည်။

ယခု မျက်မှောက်ရှိ ကျင်းရှီရုံမှာ သိသာထင်ရှားစွာပင် ခွန်အားအမျိုးအစား မျိုးရိုးဗီဇ သတ္တဝါအသွင် ဖြစ်နေသည်။

ဂျိမ်းစ်က ဓားနှင့် ဒိုင်းလွှာကို ကိုင်ဆောင်ထားသော်လည်း အဆက်မပြတ် နောက်ဆုတ်နေရဆဲ ဖြစ်သည်။

အကယ်၍ ဤပစ္စည်းများကိုသာ ကြိုတင်ပြင်ဆင်မထားခဲ့လျှင် သူ ရှုံးနိမ့်သွားလောက်ပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် ဂျိမ်းစ်သည် တိုက်ပွဲကို အချိန်ဆွဲမနေဘဲ အကြိမ်အနည်းငယ် ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲထဲမှ အတင်းရုန်းထွက်ကာ စွမ်းအင်ချိတ်ပိတ် အစီအရင် နယ်မြေထဲမှ လွတ်မြောက်သွားခဲ့သည်။

စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲမှ ထွက်လာသည်နှင့် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်ထပ် မဆုတ်ခွာတော့ပေ။

ကျင်းရှီရုံသည်လည်း ချက်ချင်း ရပ်တန့်သွားပြီး လှောင်ပြုံးပြုံးကာ မေးလိုက်သည်။ "ဂျိမ်းစ်... မင်းက ထွက်ပြေးဖို့ပဲ သိတာလား"

ဂျိမ်းစ်ကလည်း အေးစက်စွာ ပြုံးလိုက်သည်။ "မင်းရော... ဒီအစီအရင်ထဲမှာပဲ ပုန်းနေတတ်တာလား... လိပ်လို ခေါင်းဝှက်နေတာပေါ့လေ"

"ဟားဟားဟား... လိပ်လို ခေါင်းဝှက်နေတယ် ဟုတ်လား... ဒီတော့ ငါ ဆက်ပြီး မင်းရဲ့ ကျိုးတောက်တောင်ကို ဖျက်ဆီးပစ်နိုင်မလား၊ မဖျက်ဆီးပစ်နိုင်ဘူးလား ဆိုတာ မင်း ခန့်မှန်းကြည့်လေ"

စွမ်းအင်ချိတ်ပိတ် အစီအရင်က ကျိုးတောက်တောင် တစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံထားပြီး ဖြစ်သည်။

ဂျိမ်းစ်က တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ကိစ္စတွေက ဒီအထိ ရောက်လာမှတော့ ကျိုးတောက်တောင်ကိုလည်း ငါ မကာကွယ်ချင်တော့ဘူး... မင်း ဖျက်ဆီးချင်ရင်လည်း ဖျက်ဆီးလိုက်ပါတော့"

"ဒါပေမဲ့ မင်းသာ ငါ့ရဲ့ ကျိုးတောက်တောင်ကို ဖျက်ဆီးလိုက်ရင်... အနှေးနဲ့အမြန် ငါ မင်းရဲ့ ချီတောင်ကို လာသတ်မှာပဲ"

"ငါ မသေသရွေ့တော့ နောက်ကွယ်ကနေ လုပ်ကြံတိုက်ခိုက်ရမယ် ဆိုရင်တောင် မင်းရဲ့ မုန်ယာအဖွဲ့ကို ငါ ဖျက်ဆီးပစ်နိုင်တယ်"

ထိုစကားကြောင့် ကျင်းရှီရုံ၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

ဤအရာက မူလက ဂျိမ်းစ်ကို ကိုင်တွယ်ရန် သူသုံးမည့် နည်းဗျူဟာ ဖြစ်သည်။

သို့သော် ယခု ဂျိမ်းစ်မှာ သူ၏ ဖိအားပေးမှုကြောင့် လမ်းဆုံးသို့ ရောက်သွားပြီး ဤနည်းဗျူဟာကို သူ့အပေါ် ပြန်အသုံးပြုလာခြင်း ဖြစ်သည်။

ဂျိမ်းစ်၏ အစွမ်းအစအရသာဆိုလျှင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ကြိုတင် တပ်ဆင်မထားပါက သူ့ကို တားဆီးနိုင်မည့်သူ တကယ်ကို မရှိနိုင်ပေ။

"ဟားဟား... ဂျိမ်းစ်... မင်း ငါ့ရဲ့ မုန်ယာအဖွဲ့ထဲ ဝင်လာနိုင်မှပဲ ဆက်ပြောကြတာပေါ့"

ကျင်းရှီရုံက အေးစက်စွာ ပြုံးလိုက်ပြီး ဂျိမ်းစ်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။

သူသည် စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ပိုင်နိုင်စွာ တတ်ကျွမ်းထားပြီဖြစ်ရာ ဆက်လက်၍ ၎င်းကို အခြေခံပြီး ပိုမို အဆင့်မြင့်သော လက်နက်ကိရိယာများကို ဖန်တီးနိုင်ပေသည်။

ဂျိမ်းစ်သာ ပေါ်လာလျှင် သူ့ကို ဖမ်းဆီးနိုင်မည့် နည်းလမ်းပေါင်းများစွာ သူ့ထံတွင် ရှိသည်။

ယခုကဲ့သို့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကိုသာ အားကိုးပြီး သတ်မှတ်ထားသော နေရာတစ်ခုကိုသာ ပိတ်ဆို့ထားရမည် မဟုတ်တော့ပေ။

ယခုအချိန်တွင် ဂျိမ်းစ် ထွက်ပြေးနိုင်ကောင်း ထွက်ပြေးနိုင်မည် ဖြစ်သော်လည်း အနာဂတ်တွင် သူက ပိုမိုအဆင့်မြင့်သော စွမ်းအင်ချိတ်ပိတ် သင်္ကေတ အသုံးပြုနည်းကို လေ့လာဖော်ထုတ်နိုင်လာသောအခါ...

ထိုအချိန်ရောက်လျှင်တော့ ဂျိမ်းစ်သည် သူ၏ လက်တွင်းမှ လွတ်မြောက်နိုင်ရန် တွေးတောင် တွေးရဲမည် မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် သူက ဂျိမ်းစ်ကို ထပ်မံ ဂရုမစိုက်တော့ဘဲ ခိုက်ရီနည်းပညာမှ အခြားသူများကို သတ်ဖြတ်ရန် လှည့်ထွက်သွားလေသည်။

"ဝုန်း"

"ဝုန်း"

"ဝုန်း"

သူ လှည့်ထွက်သွားသည့် အချိန်လေးအတွင်းမှာပင် သူ၏ နောက်ကျောဘက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျင်းရှီရုံမှာ လန့်ဖျပ်သွားပြီး တုံ့ပြန်ရန် အချိန်ပင် မရလိုက်ခင် ဧရာမ သံမဏိလှံရှည်ကြီး သုံးချောင်းက သူ၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားလေသည်။

ကျင်းရှီရုံ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

ထိုအခါ စွမ်းအင်ချိတ်ပိတ် အစီအရင် အပြင်ဘက်တွင် ရပ်နေသော ဂျိမ်းစ်သည် မည်သည့်အချိန်ကတည်းက ထုတ်ယူထားမှန်းမသိသော ဧရာမ စွမ်းအင်အမြောက်ကြီး သုံးလက်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုစွမ်းအင်အမြောက်များထဲမှ ပစ်ခတ်လိုက်သည်က စွမ်းအင်ကျည်ဆန်များ မဟုတ်ဘဲ ဧရာမ သံမဏိလှံရှည် လက်နက်ကြီးများသာ ဖြစ်နေပေသည်။

လှံရှည် တစ်ချောင်းစီတိုင်းက အရှည် ပေ ၁၆၀ ကျော်ရှိကြပြီး ထက်မြက်သော မြှားတံကြီးများနှင့် တူလှသည်။

စွမ်းအင်အမြောက်များ ပစ်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလှံရှည်ကြီးများသည် တိုက်ရိုက် ပြင်းထန်စွာ ပျံသန်းလာကြခြင်း ဖြစ်သည်။

ဤစွမ်းအင်အမြောက်များသည် စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ နယ်ပယ်အတွင်း၌ မရှိသောကြောင့် ၎င်းတို့မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ရွေ့လျားစွမ်းအင်များက ဤလှံရှည်ကြီးများ၏ ရွေ့လျားစွမ်းအင်အဖြစ် ဆက်လက် ပြောင်းလဲသွားခြင်း ဖြစ်သည်။

လှံရှည်ကြီးများသည် ရွေ့လျားစွမ်းအင်ကို ရရှိပြီးနောက် စွမ်းအင်ချိတ်ပိတ် သင်္ကေတ နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသောအခါတွင်မူ စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ လွှမ်းမိုးမှုကို မခံရတော့ပေ။

အဘယ်ကြောင့်ဆိုသော် လှံရှည်များကိုယ်တိုင်က မည်သည့် သန္ဓေပြောင်းစွမ်းအင်၏ ပံ့ပိုးမှုကိုမှ ရရှိထားခြင်း မရှိသောကြောင့် ဖြစ်သည်။

စွမ်းအင်ချိတ်ပိတ် သင်္ကေတသည် အရာဝတ္ထုများ၏ မူလရွေ့လျားစွမ်းအင်ကို ချိတ်ပိတ်နိုင်ခြင်း မရှိဘဲ သန္ဓေပြောင်းစွမ်းအင်များကိုသာ သီးသန့် ပစ်မှတ်ထား ချိတ်ပိတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် တစ်ပတ်လှည့်လိုက်သည့် အချိန်လေးအတွင်းမှာပင် ကျင်းရှီရုံ၏ ဤကိုယ်ပွားမှာ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ခံလိုက်ရလေသည်။

သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးထဲမှ သွေးများက အဆက်မပြတ် ပန်းထွက်နေသည်။

"မင်း..."

"ဝုန်း"

ကျင်းရှီရုံက စကားကို ဆုံးအောင်ပင် မပြောနိုင်လိုက်ဘဲ သူ၏ ခန္ဓာကိုယ်ကြီးမှာ အောက်သို့ လျင်မြန်စွာ ကျဆင်းသွားပြီး အောက်ဘက်ရှိ ကျိုးတောက်တောင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားရာ ဧရာမ ခန္ဓာကိုယ်ကြီးကြောင့် တောင်ထိပ်တစ်ခုပင် ပြိုကျပျက်စီးသွားလေသည်။

ကျောက်စရစ်ခဲများ ဆူညံစွာ ပြုတ်ကျလာပြီး သွေးများကလည်း ရေတံခွန်အလား စီးကျနေသည်။

ဂျိမ်းစ်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ "ကျင်းရှီရုံ... ဒီနေရာက ကျိုးတောက်တောင်ကွ... ငါ့ရဲ့ နယ်မြေပဲ"

သူက နောက်သို့ လှည့်ကာ ဝမ်ချိုးကို အလျင်အမြန် ရှာဖွေလိုက်ပြီး အော်ဟစ် အမိန့်ပေးလိုက်သည်။ "ဝမ်ချိုး... ဟင်းလင်းပြင် ပစ္စည်းတွေ ပိုင်ဆိုင်ထားတဲ့ လူအားလုံးကို ချက်ချင်း စုစည်းလိုက်... ပြီးရင် လေယာဉ်ပျံတွေနဲ့ စွမ်းအင်ချိတ်ပိတ် အစီအရင် အပြင်ဘက်ကို ထွက်ပြီး ကောင်းကင်ပေါ်ကနေ လှံရှည်တွေ အောက်ကို ပစ်ချခိုင်း... အားကုန်သုံးပြီး ပစ်ခတ်ခိုင်းလိုက်"

ဤမြင်ကွင်းကို မြင်လိုက်ရသော ဝမ်ချိုးမှာလည်း ချက်ချင်း သတိဝင်လာပြီး အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။ "ဒါရိုက်တာ ဂျိမ်းစ်... ဒါ... ဒါက စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ဖြေရှင်းမယ့် နည်းလမ်းလား"

ဂျိမ်းစ်က ဟားတိုက် ရယ်မောလိုက်သည်။ "ဒါပေါ့ကွ... မြန်မြန်သွားလုပ်"

သဘာဝကျစွာပင် ဤနည်းလမ်းကို သူ တွေးတောခဲ့ခြင်း မဟုတ်ပေ။

"ကံကောင်းလို့ ခရီးမထွက်ခင် ဆရာလင်းက ငါ့ကို ဒီနည်းလမ်းကို ပြောပြလိုက်လို့ပေါ့"

သူ၏ စိတ်ထဲတွင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။

အမှန်တကယ်တော့ စွမ်းအင်ချိတ်ပိတ် သင်္ကေတကို အစောဆုံး ပိုင်ဆိုင်ခဲ့ပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ကို သုတေသနပြု ဖန်တီးခဲ့သည့် ထိုက်ယန်တောင် သည် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖြေရှင်းမည့်နည်းလမ်းကို မလေ့လာဘဲ မည်သို့ နေနိုင်မည်နည်း။

အဘယ်ကြောင့်ဆိုသော် စွမ်းအင်ချိတ်ပိတ် အစီအရင်သည် မည်သည့် အဆင့်မြင့် နည်းပညာမျိုးမှ မဟုတ်သောကြောင့်ပင်။

ရန်သူက စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ခိုးယူရရှိသွားသည်နှင့် တစ်ပြိုင်နက် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖော်ထုတ်ရန် နည်းလမ်းများစွာ ရှိလာမည်မှာ သဘာဝပင် ဖြစ်သည်။

ထို့ကြောင့် ထိုက်ယန်တောင် အနေဖြင့် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖြေရှင်းမည့်နည်းလမ်းကို မဖြစ်မနေ ရှာဖွေထားရမည် ဖြစ်သည်။

စစ်ပွဲဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ သင့်၏ လက်နက်က အဆင့်မြင့်နေပါက ရန်သူကလည်း အောင်ပွဲကို အလျင်အမြန် ဆွတ်ခူးနိုင်ရန်အတွက် ပိုမို အဆင့်မြင့်သော လက်နက်များကို မဖြစ်မနေ သုတေသနပြု ဖန်တီးရမည် ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဖြစ်ပွားခဲ့သော ကမ္ဘာစစ်ကြီးများသည် လက်နက်များ အဆင့်မြှင့်တင်မှု အမြန်ဆန်ဆုံး ခေတ်ကာလများပင် ဖြစ်သည်။

ယခုအချိန်တွင်လည်း အတူတူပင် ဖြစ်သည်။

သန္ဓေပြောင်းစွမ်းအင်များ ပေါ်ပေါက်လာပြီးနောက် လက်နက်အမျိုးမျိုးကလည်း အဆုံးအစမရှိ ထွက်ပေါ်လာခဲ့သည်။

ထိုက်ယန်တောင် သည်လည်း စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖန်တီးပြီးနောက် ရှေ့ဆက်မတိုးဘဲ ရပ်တန့်နေမည် မဟုတ်သည်မှာ သေချာလှသည်။

အမှန်တကယ်တော့ လင်းယွမ် သည် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ကတည်းက ဤဖြေရှင်းနည်းကို စဉ်းစားမိခဲ့ပြီး ဖြစ်သည်။

စွမ်းအင်ချိတ်ပိတ် အစီအရင်၏ အကြီးမားဆုံး အားနည်းချက်မှာ ရွှေ့ပြောင်း၍ မရနိုင်ခြင်းနှင့် လွှမ်းခြုံနိုင်သော ဧရိယာ ကန့်သတ်ချက် ရှိနေခြင်းပင် ဖြစ်သည်။

ထိုလွှမ်းခြုံထားသော ဧရိယာမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သန္ဓေပြောင်းစွမ်းအင် အားလုံးကို လွတ်လပ်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ထိုအချက်အပေါ် မူတည်ပြီး လှုပ်ရှားကစားနိုင်မည့် အခွင့်အရေး တစ်ခု သဘာဝကျစွာပင် ရှိလာလေသည်။

၎င်းမှာ စွမ်းအင်ချိတ်ပိတ် အစီအရင် အပြင်ဘက်မှနေ၍ သန္ဓေပြောင်းစွမ်းအင် တိုက်ခိုက်မှုများကို ပြုလုပ်ကာ အစီအရင် အတွင်းရှိ ရန်သူများကို သတ်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် ထိုတိုက်ခိုက်မှုသည် သန္ဓေပြောင်းစွမ်းအင်များ ပါဝင်နေခြင်းမျိုး မဖြစ်ရပေ။ သို့မဟုတ်ပါက စွမ်းအင်ချိတ်ပိတ် အစီအရင်၏ ချိတ်ပိတ်ခြင်းကို ခံရမည် ဖြစ်သည်။

သို့ဖြစ်ရာ အဝေးပစ် လေးနှင့်မြှားများ၊ ဒူးလေးမြှားများ၊ မီးတောက်လက်နက် ဒုံးကျည်များ၊ သေနတ်များ စသည်တို့က ဤအာနိသင်ကို ရရှိစေနိုင်ပေသည်။

ထိုက်ယန်တောင် သည် ယခင်က ဘာသာရေးဂိုဏ်းကြီး သုံးခု၏ တိုက်ခိုက်မှုများကို ခုခံရာတွင် အမှန်တကယ်ပင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို အသုံးပြုခဲ့ဖူးသည်။

သို့သော် ထိုအချိန်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားသော အစွမ်းပိုင်ရှင်များ မရှိခဲ့သလို လူများက မျိုးရိုးဗီဇ ဧရာမသတ္တဝါကြီးများအဖြစ် အသွင်ပြောင်းနိုင်လိမ့်မည်ဟုလည်း မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။

ထို့ကြောင့် ထိုအချိန်က စွမ်းအင်ချိတ်ပိတ် အစီအရင်မှာ အမှန်တကယ်တော့ လွှမ်းခြုံနိုင်သော ဧရိယာ သိပ်မကျယ်ဝန်းခဲ့ပေ။

မိုင်အနည်းငယ် ပတ်လည်လောက်ဆိုလျှင်ပင် ရန်သူများကို ပိတ်လှောင်ထားရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုအချိန်က အစီအရင် အပြင်ဘက်တွင် နေထိုင်ကာ လေး၊ ဒူးလေး၊ မြှား၊ သေနတ် စသည်တို့ကို အားကိုးပြီး အစီအရင် အတွင်းရှိ ရန်သူများကို ချုံခိုတိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် သန္ဓေပြောင်းစွမ်းအင်များ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ မျိုးရိုးဗီဇ ဧရာမသတ္တဝါကြီးများ ပေါ်ထွက်လာခဲ့သည်။

ထိုကဲ့သို့ မိုင်အနည်းငယ် ပတ်လည်သာ လွှမ်းခြုံနိုင်သော စွမ်းအင်ချိတ်ပိတ် အစီအရင်မှာ သိသိသာသာပင် မလုံလောက်တော့ပေ။

ဥပမာအားဖြင့် ယခုလက်ရှိ ကျင်းရှီရုံတို့ ဖန်တီးထားသော စွမ်းအင်ချိတ်ပိတ် အစီအရင်သည် မိုင်ဆယ်ချီ ကျယ်ဝန်းသော ဧရိယာကို တိုက်ရိုက် လွှမ်းခြုံထားပြီး ကျိုးတောက်တောင် တစ်ခုလုံးကိုပင် တိုက်ရိုက် ချိတ်ပိတ်ထားခြင်း ဖြစ်သည်။

မျိုးရိုးဗီဇ အသွင်ပြောင်းထားသော အစွမ်းပိုင်ရှင်များပင် ဖြစ်လင့်ကစား ဤမျှ ကျယ်ဝန်းသော ချိတ်ပိတ်မှု နယ်ပယ်ထဲမှ အချိန်တိုအတွင်း လွတ်မြောက်နိုင်ရန် မစဉ်းစားသင့်ပေ။

ဤမျှ ကျယ်ဝန်းသော စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို ရင်ဆိုင်ရာတွင် အဝေးပစ် တိုက်ခိုက်ရေး လက်နက်များမှာလည်း သဘာဝကျစွာပင် ရိုးရှင်းသော လေးနှင့်မြှား ကဲ့သို့သော အရာများ ဖြစ်နိုင်မည် မဟုတ်တော့ပေ။

ထိုကဲ့သို့ ရွေ့လျားစွမ်းအား မပြင်းထန်သော လက်နက်များသည် မျိုးရိုးဗီဇ ဧရာမသတ္တဝါ အသွင်ပြောင်းထားသော အစွမ်းပိုင်ရှင်များကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် အမြောက်ဆန်ပုံစံ ဒူးလေးမြှားများ သဘာဝကျစွာပင် ထွက်ပေါ်လာခဲ့သည်။

မျက်မှောက်ရှိ ဤအမြောက်ဒူးလေး သုံးလက်မှာ ထိုက်ယန်တောင် ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တီထွင်ဖန်တီးထားခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော အမြောက်ဒူးလေးများ ထိုက်ယန်တောင် တွင် အများအပြား ရှိနေသေးသည်။

ယခု ဂျိမ်းစ်ကို သုံးလက် ငှားရမ်းထားရာ ယခု ထုတ်ယူအသုံးပြုလိုက်သောအခါ တကယ်ကိုပင် မျှော်လင့်မထားသော ရလဒ်များကို ရရှိစေခဲ့သည်။

အလွန်အမင်း အင်အားကြီးမားလှသော ကျင်းရှီရုံ၏ မျိုးရိုးဗီဇအသွင်ဖြင့် ပေ ၂၆၀ ကျော် အရပ်ရှိသော ခွန်အားအမျိုးအစား ကိုယ်ပွားပင်လျှင် ချက်ချင်း ဖောက်ထွင်းခံလိုက်ရလေသည်။

သို့ဆိုလျှင် အမြောက်ဒူးလေးများ မရှိပါက ဤနည်းလမ်းကို ဆက်လက် အသုံးပြု၍ ရနိုင်သေးမည်လား။

အဖြေကတော့ ရနိုင်သေးသည်ဟူ၍ပင်။

၎င်းမှာ ယခု ဂျိမ်းစ်က ဝမ်ချိုးနှင့် လက်အောက်ငယ်သားများကို အမိန့်ပေး ခိုင်းစေနေသော ကိစ္စပင် ဖြစ်သည်။

လေယာဉ်ပျံများကို လုံလောက်သော အမြင့်သို့ ပျံသန်းစေပြီးနောက် ကောင်းကင်ပေါ်မှ ဧရာမ ဒူးလေးမြှားများကို စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်းရှိ ရန်သူများထံသို့ ဦးတည် ပစ်ချခြင်းပင် ဖြစ်သည်။

ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသော အရှိန်တိုးနှုန်း နိယာမကို အသုံးပြုကာ ဧရာမ ဒူးလေးမြှားများကို စွမ်းအင်ဖြည့်တင်းပေးပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်စွမ်းအားကို ရရှိစေခြင်း ဖြစ်သည်။

သေချာသည်ကတော့ ဤတိုက်ခိုက်မှု နည်းလမ်းသည် အမြောက်ဒူးလေးမှ မြှားများကို ပေးစွမ်းသော ရွေ့လျားစွမ်းအင်လောက် ပြင်းထန်မည် မဟုတ်ပေ။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း မြင့်မားသူများကို ရင်ဆိုင်ရာတွင် ဒဏ်ရာရစေနိုင်ရုံသာ ဖြစ်နိုင်ပြီး တစ်ချက်တည်းဖြင့် သေချာပေါက် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း မမြင့်မားဘဲ ၁၀% မှ ၄၀% ကြားသာ ရှိသူများအတွက်မူ တစ်ချက်တည်းဖြင့် အသေသတ်နိုင်သည်မှာ သေချာလှသည်။

အဘယ်ကြောင့်ဆိုသော် သန္ဓေပြောင်းစွမ်းအင် ဆုံးရှုံးသွားသော မျိုးရိုးဗီဇ ဧရာမသတ္တဝါကြီးများသည် အသားတောင်ကြီးများသာ ဖြစ်သွားသောကြောင့်ပင်။

သန္ဓေပြောင်းစွမ်းအင် အကာအကွယ် မရှိတော့ဘဲ ၎င်းတို့တွင် ကြမ်းတမ်းသော ခွန်အားသက်သက်သာ ကျန်ရှိတော့သည်။

ယခုအခါ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၈၀% အထိ မြင့်မားသော ကျင်းရှီရုံ၏ ကိုယ်ပွားတစ်ခု သေဆုံးသွားသောကြောင့် ကျန်ကိုယ်ပွားများလည်း ချက်ချင်း သတိဝင်လာကြသည်။

"အကာအကွယ် ရှာကြ"

"ရန်သူ့ ယာဉ်ပျံတွေကို အရင် ဖျက်ဆီးကြ"

"ခိုက်ရီနည်းပညာက လူတွေကို ဖမ်းပြီး အကာအကွယ် လုပ်ကြ"

...

တစ်ချိန်တည်းမှာပင် အော်ဟစ်သံ မျိုးစုံ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ကောင်းကင်ပေါ်မှ ဧရာမ အရာဝတ္ထုများ အဆက်မပြတ် ပြုတ်ကျလာသည်။

တခါတရံတွင် ကျင်းရှီရုံ၏ ကိုယ်ပွားတစ်ခုကိုသော်လည်းကောင်း၊ ခိုက်ရီနည်းပညာမှ လူတစ်ယောက်ကိုသော်လည်းကောင်း သွားရောက် ထိမှန်တတ်သည်။

ကောင်းကင်ပေါ်မှ အရာဝတ္ထုများ ပစ်ချ၍ ရန်သူကို သတ်ဖြတ်သော နည်းလမ်းသည် သဘာဝကျစွာပင် တိကျမှု သိပ်မရှိလှပေ။

ထို့ကြောင့် ဂျက်ခ်နှင့် အခြားသူများသည် အလျင်အမြန် ဆုတ်ခွာကြပြီး စွမ်းအင်ချိတ်ပိတ် အစီအရင် နယ်ပယ်ထဲမှ လျင်မြန်စွာ လွတ်မြောက်သွားကြသည်။

ကျင်းရှီရုံ၏ ကိုယ်ပွားများမှာမူ စွမ်းအင်ချိတ်ပိတ် အစီအရင် အပြင်ဘက်သို့ လိုက်လံ တိုက်ခိုက်ရဲသည်နှင့် တစ်ပြိုင်နက် ဂျိမ်းစ်၏ တိတ်ဆိတ်ဇုန် သန္ဓေပြောင်းစွမ်းအင်ဖြင့် ချက်ချင်း ထိန်းချုပ်ခံလိုက်ရလေသည်။

ထို့နောက် ဘေးတွင် စောင့်ဆိုင်းနေသော ခိုက်ရီနည်းပညာမှ အစွမ်းပိုင်ရှင်များ၏ ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဤသို့ဖြင့် ကြီးမားခမ်းနားပုံရသော ဤစွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးသည် မုန်ယာအဖွဲ့၏ လူများအတွက် အကျဉ်းထောင်ကြီးတစ်ခု ဖြစ်လာခဲ့လေသည်။

ကျင်းရှီရုံ၏ ကိုယ်ပွားများမှာ ဒေါသတကြီးဖြင့် အဆက်မပြတ် ဆဲရေးတိုင်းထွာနေကြပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲမှ အလျင်အမြန် ဆုတ်ခွာကာ အခြားလမ်းကြောင်းများမှတစ်ဆင့် ဖရိုဖရဲ ထွက်ပြေးကြရတော့သည်။

ဤတိုက်ပွဲတွင် ခိုက်ရီနည်းပညာ ကုမ္ပဏီက အနိုင်ရရှိသွားခဲ့ပြီဟု ဆိုရမည်။

သူတို့က မုန်ယာအဖွဲ့၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

သို့သော် အနိုင်ရရှိခဲ့လျှင်ပင် သီသီလေး အနိုင်ရခဲ့ခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင်းရှီရုံ၏ တပ်မကြီးက ခိုက်ရီနည်းပညာကို စတင်တိုက်ခိုက်ခဲ့သော အချိန်သည် အတော်လေး စောနေသောကြောင့်ပင်။

ဂျိမ်းစ်နှင့် အခြားသူများ ပြန်ရောက်လာချိန် နောက်ကျသွားသဖြင့် ခိုက်ရီနည်းပညာ တစ်ခုလုံး အကြီးအကျယ် ဆုံးရှုံးသွားပြီး သေဆုံးဒဏ်ရာရသူ အလွန်များပြားခဲ့သည်။

သို့သော် ဂျိမ်းစ်သည် လင်းယွမ် ပေးအပ်ထားသော တာဝန်ကို အဆုံးသတ်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့လေသည်။

သူသည် ကျင်းရှီရုံနှင့် မုန်ယာ တပ်မကြီးတို့ကို အချိန်ဆွဲထားနိုင်ခဲ့လေပြီ။

ဆက်ရန်...

နောက်တစ်အုပ်မှာ... လင်းယွမ်တို့မုန်ယာကို တစ်ဖက်က ဝင်တိုက်နေတာ အဆင်ပြေပါ့မလား၊ ကျင်းရှီရုံကိုယ်ပွားတွေနဲ့ရော တိုက်ပွဲဖြစ်ကြမလား၊ ကျင်းရှီရုံရဲ့မူလခန္ဓာကိုယ်ကရော ဘယ်မှာရှိနေတာလဲ၊ ရှာတွေ့လို့လွယ်ပါ့မလား၊ ကျန်တဲ့ထိပ်တန်းအဖွဲ့အစည်းဖြစ်တဲ့ နတ်ဘုရားနိုင်ငံတော်ကရော ဝင်ပါလာမလား၊ လင်းယွမ် မျိုးရိုးဗီဇပြန်လည်ဖွဲ့စည်းခြင်း ၁၀၀ရာခိုင်နှုန်းပြည့်သွားရင် ဘာဖြစ်သွားမလဲ စတာတွေကိုဆက်ပြီး စောင့်မျှော်အားပေးကြပါဦးနော်

All Chapters