အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) စုန့်ကိုယ်လုပ်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်း
လွန်ခဲ့သော ခြောက်နှစ်တာကာလအတွင်း အတူတကွ တူတူ နေထိုင်ခဲ့သည့် နန်ကုန်းယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ နန်ကုန်းရိုရွှယ် ချက်ချင်း သတိထားမိလိုက်သည်။
သူမသည် နန်ကုန်းယွီ၏ အနီးသို့ ခြေလှမ်းနှစ်လှမ်း တိုးသွားကာ တိုးညှင်းစွာ မေးလိုက်၏။
"ရှောင်ယွီ... တစ်ခုခု သံသယရှိစရာများ တွေ့လို့လား..."
နန်ကုန်းယွီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"အစ်မတော်... ကျွန်တော် သိသလောက်ဆိုရင် ဦးရီးတော်က ဒုတိယ အစ်မတော်တို့ကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ပေးထားတယ်လေ... အဲ့ဒီရဲ့ တစ်ဝက်လောက်သာ ဆိုရင်တောင် ဒုတိယ အစ်ကိုတော်ရဲ့ ပါရမီနဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာဆိုတော့ နတ်ဘုရားပေါင်းစည်းခြင်းအဆင့် ထိတောင် ရောက်နိုင်တယ်လေ... ဘယ်လိုလုပ် ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် လောက်ပဲ ရှိနေရမှာလဲ..."
ဤစကားကို ကြားချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြပြီး သူတို့သည် ဤအချက်ကို အမှန်တကယ်ပင် လျစ်လျူရှုထားခဲ့မိသည်။
နန်ကုန်းရိုရွှေက ခန့်မှန်း၍ ပြောလိုက်၏။
"သူက စိတ်မတည်ငြိမ်လို့ သေချာ မကျင့်ကြံနိုင်ခဲ့တာများ ဖြစ်မလား..."
"ဒါလည်း ဖြစ်နိုင်ပါတယ်..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဤကိစ္စ၏ နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်နေသူ နှစ်ဦးရှိကြောင်း သူ ဖွင့်ပြော၍ မရနိုင်ပေ။
သူ သေချာ ရှင်းပြနိုင်မည် မဟုတ်ချေ။
နန်ကုန်းကျင်းချီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။
"ကျင်းလင် သေဆုံးသွားပြီဖြစ်လို့ ဒီကိစ္စကို အဆုံးသတ်လိုက်သင့်ပေမဲ့ တကယ်လို့ ဒီအထဲမှာ တကယ်ပဲ လျှို့ဝှက်ကြံစည်မှု တစ်ခုခု ရှိနေတယ်ဆိုရင်တော့ ကျင်းလင်ကို ဒုက္ခပေးတဲ့သူက နန်းတော်ထဲမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ... ဒီကိစ္စကို အလွတ်ပေးထားလို့ မရဘူး... သွားစုံစမ်းချေ..."
"ဟုတ်ကဲ့ပါ..."
နန်းတွင်း သက်တော်စောင့်တစ်ဦးက အမိန့်ကို လက်ခံကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
နန်ကုန်းယွီသည် ထိုသက်တော်စောင့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားခဲ့၏။
‘နန်းတွင်း သက်တော်စောင့်တပ်ဖွဲ့ထဲမှာ လျှို့ဝှက်သက်တော်စောင့်တွေကို ထည့်သွင်းထားတာလား...
ဒီ ဧကရာဇ်အစ်ကိုတော်ကလည်း ကစားကွက် ကောင်းကောင်း တတ်တာပဲ…’
လျှို့ဝှက်သက်တော်စောင့်များ ဆိုသည်မှာ ဧကရာဇ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းယိုအင်ပါယာ နေရာအနှံ့အပြားတွင် လျှို့ဝှက်လှုပ်ရှားနေသော အင်အားစုတစ်ခုဖြစ်ပြီး သူတို့၏ တိကျသော အရေအတွက်ကို ဧကရာဇ်မှလွဲ၍ မည်သူမျှ မသိရှိကြပေ။
ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်း နန်ကုန်းအောက်ထျန်း နှင့် ကောင်းကင်နတ်ဘုရား တမန်တော် တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် လျှို့ဝှက်သက်တော်စောင့်တပ်ဖွဲ့မှာ အလွန်အမင်း ကြီးမားလာခြင်း မရှိသော်လည်း အရေးအကြီးဆုံး လျှို့ဝှက်သက်တော်စောင့် သုံးထောင်ခန့်မှာ နတ်ဘုရားပေါင်းစည်းခြင်း နောက်ပိုင်းအဆင့် နှင့် အထက်တွင် ရှိနေကြပေသည်။
အစွမ်းအထက်ဆုံး လျှို့ဝှက်သက်တော်စောင့် သုံးရာခန့်မှာမူ ဝိညာဉ်အရှင်မြတ်အဆင့် သို့ပင် ရောက်ရှိနေပြီဖြစ်ရာ ချင်းယိုအင်ပါယာ ဧကရာဇ်၏ လက်ထဲတွင်ရှိသော အင်အားအကြီးမားဆုံး တပ်ဖွဲ့ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် နန်းတွင်း သက်တော်စောင့် သုံးသောင်းခန့်၏ အများစုမှာ ယခုအခါ ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် တွင် ရှိနေကြပြီး ရာနှင့်ချီသော လူများမှာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့မဟုတ် နတ်ဘုရားပေါင်းစည်းခြင်းအဆင့် သို့ပင် ရောက်ရှိနေကြလေ၏။
နန်းတွင်း သက်တော်စောင့်တပ်ဖွဲ့၏ တပ်မှူးမှာ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် သို့ပင် ရောက်ရှိနေပြီဖြစ်ရာ ချင်းယိုအင်ပါယာ၏ အင်အားကြီးမားမှုကို ဖော်ပြရန် လုံလောက်လှပေသည်။
ထို့အပြင် ဤတပ်ဖွဲ့နှစ်ခုအပြင် နန်ကုန်းအောက်ထျန်း သည် အခြားသော တပ်ဖွဲ့နှစ်ခုကိုလည်း လျှို့ဝှက်စွာ လေ့ကျင့်ပေးထားပြီး တစ်ဖွဲ့လျှင် လူအင်အား သုံးထောင်စီ ရှိကြောင်းကို နန်ကုန်းယွီ ရှင်းလင်းစွာ သိရှိထားပေသည်။
ထိုတပ်ဖွဲ့များအနက် တစ်ဖွဲ့မှာ ယခုအခါ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိနေပြီး တောင်တန်းတစ်သိန်း ၏ အပြင်ဘက်ပိုင်းတွင် ပုန်းအောင်းကာ အတွေ့အကြုံ ယူနေကြပြီး လွန်ခဲ့သောနှစ်များက ကျန်းပေ့တပ်မ များနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
အခြားတစ်ဖွဲ့မှာမူ ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် တွင်ရှိပြီး အရှေ့ဘက်ရှိ ချန်လင်တောင်တန်းများတွင် အခြေစိုက် တပ်စွဲထားလေ၏။
ဤတပ်ဖွဲ့နှစ်ခုသည်လည်း ဧကရာဇ်၏ လက်အောက်တွင်ရှိပြီး ချင်းယိုအင်ပါယာ၏ နောက်ဆုံးလျှို့ဝှက်ဖဲချပ်များ ဖြစ်ကြပေသည်။
နန်ကုန်းယွီသည် များများစားစား တွေးတောမနေတော့ဘဲ နန်ကုန်းရိုရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အစ်မရွှယ်... ဒုတိယ အစ်ကိုတော် သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုန့်ကိုယ်လုပ်တော် ကို လာဖို့ ခေါ်ခိုင်းထားတဲ့သူ ရှိလား..."
နန်ကုန်းရိုရွှယ်က ခေါင်းယမ်းလိုက်သည်။
"ငါ မသိဘူးလေ... ငါ ဒီကို မလာတာ အတော်ကြာပြီဆိုတော့ အသေးစိတ်ကို သေချာ မသိဘူး..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းကျင်းချီကို ကြည့်လိုက်သည်။
နန်ကုန်းကျင်းချီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"စုန့်ကိုယ်လုပ်တော်က ဘယ်လိုပဲဖြစ်ဖြစ် ကျင်းလင်ရဲ့ မယ်တော်ဖြစ်နေတာပဲလေ... ခုလေးတင် ငါ လူလွှတ်ပြီး သွားခေါ်ခိုင်းထားတယ်... အခုလောက်ဆို ရောက်လာလောက်ပြီ ထင်တယ်..."
သို့သော် သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မိန်းမစိုးငယ်လေးတစ်ဦး ထိတ်လန့်တကြား ပြေးလာခဲ့သည်။
ဤသည်ကို မြင်သောအခါ နန်ကုန်းကျင်းချီ၏ နှလုံးသား တင်းကြပ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမိန်းမစိုးလေးသည် မြေပြင်ပေါ်သို့ 'ဒူးထောက်' ချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
"အရှင်မင်းကြီး... စုန့်ကိုယ်လုပ်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါပြီ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြသည်။
နန်ကုန်းကျင်းချီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။
"ဘာဖြစ်တာလဲ... မင်းကို စုန့်ကိုယ်လုပ်တော်ဆီ သွားခေါ်ခိုင်းတာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတာလဲ..."
ထိုမိန်းမစိုးငယ်လေးသည် ခေါင်းငုံ့ကာ မြေပြင်ကို ဆောင့်၍ တုန်ရီစွာဖြင့် ပြောလိုက်သည်။
"ဒီအစေခံက အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း စုန့်ကိုယ်လုပ်တော်ကို ခေါ်ဖို့ အအေးနန်းတော် ကို သွားခဲ့ပါတယ်... ဒါပေမဲ့ အန်းလဲ့ မင်းသား သေဆုံးသွားတဲ့ သတင်းကို ကြားတဲ့အခါ သူမက ရူးသွပ်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး..."
"ဒီအစေခံက ပေါ့ဆဖို့ မဝံ့ရဲဘဲ နန်းတွင်းသမားတော်ကို သွားခေါ်ခိုင်းဖို့ ပြင်နေတုန်းမှာပဲ သူမက သူမရဲ့နဖူးကို ရိုက်ချလိုက်လိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး..."
"ဒီအစေခံက အလျင်အမြန် ရှေ့တိုးပြီး သွားစစ်ဆေးကြည့်တော့ စုန့်ကိုယ်လုပ်တော်ရဲ့ ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ဝိညာဉ်သန္ဓေသားလည်း တိတ်ဆိတ်သွားပြီး သေဆုံးသွားခဲ့ပြီဆိုတာ တွေ့လိုက်ရပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းချီ၏ မျက်နှာမှာ ရှုပ်ထွေးသွားပြီး သက်ပြင်းချကာ ညင်သာစွာ ပြောလိုက်၏။
"သေဆုံးခြင်းကလည်း သူမအတွက် လွတ်မြောက်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ..."
ထိုနေရာရှိ လူတိုင်း၏ မျက်နှာအမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေကြသည်။
လွန်ခဲ့သော ခြောက်နှစ်က သူမ၏ အဓိက မှီခိုအားထားရာများ သတ်ဖြတ်ခံခဲ့ရပြီး သူမ၏ဖခင်၊ အစ်ကိုနှင့် အခြားသူများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
နန်ကုန်းကျင်းလင် ဟူသော သားတစ်ယောက်သာ မရှိခဲ့လျှင် သူမသည် ပြိုလဲသွားလောက်ပြီ ဖြစ်သည်။
ယခုအခါ သူမ၏ တစ်ဦးတည်းသော သားဖြစ်သူမှာလည်း သေဆုံးသွားပြီဖြစ်ရာ ရူးသွပ်နေသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ ယုတ္တိတန်လှပေသည်။
နန်ကုန်းကျင်းချီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်၏။
"ရှောင်အန်းကျစ် ... မင်း လူအချို့ကို ခေါ်သွားပြီး စုန့်ကိုယ်လုပ်တော်ရဲ့ အလောင်းကို သေချာ ပြင်ဆင်ပြီး ဒီကို ယူလာခဲ့... နောက်နေ့ကျရင် ကျင်းလင်နဲ့ အတူတူ မြှုပ်နှံပေးလိုက်..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."
အချိန်မကြာမီမှာပင် ရှောင်အန်းကျစ်သည် လူအချို့နှင့်အတူ ရွှေရောင် ခေါင်းတလားတစ်ခုကို သယ်ဆောင်လာပြီး နောင်တခန်းမ ရှေ့ရှိ ရွှေရောင် ခေါင်းတလားဘေးတွင် ချထားလိုက်၏။
နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို ဆွဲခေါ်ကာ အမွှေးတိုင်တစ်တိုင် ထွန်းညှိလိုက်ပြီး နန်ကုန်းကျင်းချီကို နှုတ်ဆက်ပြီးနောက် သူ့ကို ဆွဲကာ လှည့်ထွက်သွားခဲ့သည်။
သူတို့ လာရောက်နှုတ်ဆက်ခြင်းမှာ ယဉ်ကျေးမှုအရသာ ဖြစ်သည်။
ယခုအခါ ယဉ်ကျေးမှုအရ လုပ်ဆောင်ပြီးပြီဖြစ်ရာ သဘာဝကျကျပင် သူမသည် ဆက်လက်နေထိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤလူနှစ်ဦးကို သူမ မျက်စိကျနေသည် မဟုတ်ပေ။
ဤသည်ကို မြင်သောအခါ နန်ကုန်းရိုရွှေသည် အလျင်အမြန် အမွှေးတိုင်တစ်တိုင် ထွန်းညှိလိုက်ပြီး နန်ကုန်းကျင်းချီကို ကြည့်ကာ ပြောလိုက်၏။
"အရှင်မင်းကြီး... ကျွန်မမှာ ကိစ္စလေးနည်းနည်း ရှိသေးလို့ အရင်သွားနှင့်ပါရစေ..."
ထိုသို့ ပြောပြီးနောက် သူမသည် နန်ကုန်းရိုရွှယ်တို့ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။
ဤသည်ကို မြင်သောအခါ နန်ကုန်းကျင်းချီသည် ဘာမှ ထပ်မပြောတော့ပေ။ တကယ်တော့ သူကိုယ်တိုင်လည်း အချိန်အကြာကြီး နေချင်သည် မဟုတ်ချေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် ဧကရာဇ်ဖြစ်ပြီး မောင်နှမသုံးယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသားဖြစ်သည်။
ယခုအခါ ဖခင်၏ ကိုယ်လုပ်တော်နှင့် သူ၏ညီတော် သေဆုံးသွားပြီဖြစ်ရာ သူ၏တာဝန်ဖြစ်သင့်ပေသည်။
မဟုတ်ပါက ထိုစာတတ်ပေတတ်များနှင့် စာရေးဆရာများက သမိုင်းကို ရုပ်ဆိုးစေပေလိမ့်မည်။
အခြားသူများ၏ အမြင်များကို သူ သိပ်ဂရုမစိုက်သော်လည်း နားထောင်၍တော့ မကောင်းလှပေ။
အခြားတစ်ဖက်တွင် နန်ကုန်းရိုရွှေသည် နန်ကုန်းရိုရွှယ်တို့ကို အလျင်အမြန် လိုက်မီသွားပြီး နန်ကုန်းယွီ၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။
"ရှောင်ယွီ... မင်းတို့ ဘယ်သွားကြမလို့လဲ..."
နန်ကုန်းယွီက အနည်းငယ် ပြုံး၍ ပြောလိုက်၏။
"ဦးရီးတော်တို့ရော အဒေါ်တော်တို့ရော မြင့်မြတ်နယ်မြေကို သွားကြပြီဆိုတော့ နန်းတော်ထဲမှာ ကျွန်တော့်အတွက် ရင်းနှီးတဲ့ အကြီးအကဲဆိုလို့ တစ်ယောက်ပဲ ကျန်တော့တယ်လေ..."
"အခု ကျွန်တော် ပြန်ရောက်လာတာ နှစ်ရက်ရှိပြီဆိုတော့ အရီးတော်(အဒါ်တော်) ချင် ဆီ သွားလည်သင့်နေပါပြီ..."
ထိုသို့ ပြောရင်း နန်ကုန်းယွီသည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ခါးသက်သက် ပြုံး၍ ပြောလိုက်သည်။
"မူလက ဒီနေ့ သွားလည်မလို့ စဉ်းစားထားတာ... ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... အဲ့ဒါကြောင့် နောက်နှစ်ရက်နေမှ သွားတော့မယ်လို့ တွေးထားတာ... ဒါပေမဲ့ အစ်မတော်က ဒီနေ့ သွားလည်း အဆင်ပြေပါတယ်လို့ ပြောလို့ သွားလည်မလို့ လုပ်နေတာ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ငါလည်း အဒေါ်တော် ချင် ကို မတွေ့ရတာ အတော်ကြာပြီဆိုတော့ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်လေ..."
နန်ကုန်းရိုရွှယ်တို့ နှစ်ယောက်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လူသုံးယောက်သည် သူတို့၏ သက်ဆိုင်ရာ အစေခံများကို ခေါ်ဆောင်ကာ ရှိုးရှန်းနန်းဆောင်သို့ ထွက်ခွာသွားကြသည်။
ချွန်းကျီတို့ လေးယောက်အပြင် နန်ကုန်းရိုရွှယ်တို့ နှစ်ယောက်တွင်လည်း ယုံကြည်ရသော အစေခံတစ်ယောက်စီ ရှိကြပေသည်။
သူတို့နှစ်ယောက်လုံး၏ သက်ဆိုင်ရာ နန်းဆောင်များတွင် နန်းတွင်း အစေခံများနှင့် မိန်းမစိုးများ ရှိကြသော်လည်း အစေခံအဖြစ် ခေါ်ဆိုနိုင်သူမှာ ဤနှစ်ယောက်သာ ရှိပြီး သူတို့၏ အမည်များမှာ ချိုင့်ဝှမ်းနှင်းပန်း နှင့် ခေါင်ရန်းပန်းတို့ အသီးသီး ဖြစ်ကြသည်။
မင်းသမီးတစ်ပါး၏ ကိုယ်ရေးကိုယ်တာ အစေခံများ ဖြစ်သည့်အတွက် သူတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားမှာ သဘာဝကျကျပင် ကောင်းမွန်လှပြီး ချွန်းကျီတို့ လေးယောက်နှင့် အဆင့်တူညီကာ နန်ကုန်းရိုရွှယ်တို့ နှစ်ယောက်နှင့် နှိုင်းယှဉ်ပါက တစ်ဆင့်သာ ကွာခြားပေသည်။
သူတို့ သုံးယောက်သည် အလျင်စလို မရှိဘဲ ဖြည်းညင်းစွာ လမ်းလျှောက်သွားကြပြီး ရင်ထဲတွင်လည်း ကြီးကြီးမားမား လေးလံမှုမျိုး မရှိခဲ့ကြချေ။
ထိုအချိန်၌ နန်ကုန်းရိုရွှေသည် နန်ကုန်းယွီကို ကြည့်ကာ မျက်တောင်ခတ်၍ မေးလိုက်၏။
"ရှောင်ယွီ... နန်ကုန်းကျင်းလင်ရဲ့ ကျင့်ကြံမှု ကိစ္စက တကယ်ပဲ လျှို့ဝှက်ကြံစည်မှု တစ်ခုခု ရှိနေတယ်လို့ မင်း ထင်လား..."