အခန်း (၁၉၇၁-၁၉၇၂)
Vol. 198 Ch. 1971-1972
အခန်း (၁၉၇၁) - မိတ်ဆွေကျင့်ကြံသူအနေနဲ့ ဒါကို ခေတ္တသိမ်းဆည်းထားပေးပါဦး
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် ဤလောကတွင် ကျင့်ကြံအောင်မြင်ပြီး တရားရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူသည် ဤနယ်မြေတစ်ခုလုံးတွင် တစ်ဦးတည်းသော မသေမျိုးအရှင်မြတ်လည်း ဖြစ်ပေသည်။
ရွှမ်ကွန်းသည် သာမန်နိမ့်ကျသော ဘဝနောက်ခံမှ စတင်ခဲ့ပြီး၊ စနစ်တကျ မှန်ကန်သော လက်ဆင့်ကမ်းအမွေအနှစ်များကိုပင် မရရှိခဲ့ဖူးချေ။
ကျင့်ကြံခြင်းအစောပိုင်းနှစ်များတွင် သူသည် ဂိုဏ်းပေါင်းမြောက်မြားစွာသို့ လှည့်လည်အခြေချခဲ့ရပြီး၊ ဂိုဏ်းမှ မောင်းထုတ်ခံရခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်း စသည့် ဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။
သို့သော်လည်း... သူသည် ဤကဲ့သို့သော အကျပ်အတည်း အခက်အခဲများကြားမှပင် နောက်ဆုံးတွင် တရားရရှိသွားခဲ့ပြီး၊ ဤနယ်မြေ၏ ပထမဆုံးသော အဆင့် ၄ မသေမျိုး ဖြစ်လာကာ မသေမျိုးအရှင်မြတ် ဟူသော ဘွဲ့အမည်ကိုပါ ရရှိခဲ့လေသည်။
ကျင့်ကြံခြင်းလောကတွင် ထိုအချက်သည် ဒဏ္ဍာရီတစ်ခုဖြစ်ရန် လုံလောက်နေပြီဖြစ်ရာ၊ လူအများက သူ့ကို အလွန်အမင်း ရိုသေလေးစားကြရသည်။
ယခုအခါ အရှိန်အဝါ အလွန်ကြီးမားနေသော ဟွမ်ဟိုင်မျှော်စင်ပင်လျှင် မသေမျိုးအရှင်မြတ် ရွှမ်ကွန်း၏ ရှေ့မှောက်တွင် မောက်မာရဲခြင်း မရှိချေ။
သို့သော်... ယခုအခါ မသေမျိုးအဆင့်ရှိသူ လေးဦးသာ အခြေစိုက်စောင့်ရှောက်နေသည့် ကျိုရွှမ်မျှော်စင်၏ ဘိုးဘေး အုဝမ်ရှန်းက... မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကို ရွှမ်ကွန်းအဖိုးကြီး ဟု မောက်မာစွာ ခေါ်ဆိုရဲနေသည် တကား။
“အုဝမ်ရှန်း... မင်း အသက်မရှင်ချင်တော့ဘူးလား...”
မိစ္ဆာအိုကြီး ခူရွှေးက တစ်လုံးချင်း အေးစက်စွာ မေးလိုက်သည်။
သူသည် ထိုနေရာတွင် ရှိနေကြသော ဟွမ်ဟိုင်မျှော်စင် ကျင့်ကြံသူအားလုံး၏ စိတ်ထဲမှ စကားကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ကျိုရွှမ်မျှော်စင်ဘက်မှ အတူတူရပ်နေကြသော အဆင့် ၁ မသေမျိုး နှစ်ဦးပင်လျှင်... တစ်ပြိုင်နက်တည်း အုဝမ်ရှန်းကို လှည့်ကြည့်လိုက်ကြရာ၊ ၎င်းတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ခြောက်ခြားခြင်းများ အပြည့်အဝ တင်ကျန်နေတော့သည်။
ဒီသတင်းသာ အပြင်ကို ပျံ့နှံ့သွားရင်... ထိုမသေမျိုးအရှင်မြတ် ရွှမ်ကွန်းက ကျိုရွှမ်မျှော်စင်ကို ဘယ်လိုမျိုး အရေးယူပစ်လိုက်မလဲ။
“ငါ သူ့ကို ဆဲဆဲ၊ မဆဲဆဲ... သူ ငါတို့ ကျိုရွှမ်မျှော်စင်အပေါ် ထားတဲ့ သဘောထားကို ပြောင်းလဲပစ်နိုင်မှာမလို့လား...”
အုဝမ်ရှန်းက အေးစက်စွာ လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... ရွှမ်ကွန်းအဖိုးကြီး တရားမရခင်တုန်းက၊ သူ ကျိုရွှမ်မျှော်စင်မှာ နေခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ ကျိုရွှမ်မျှော်စင်မှာ နေရတာ စိတ်တိုင်းမကျဖြစ်ခဲ့လို့... မင်းတို့ ဟွမ်ဟိုင်မျှော်စင်ဘက်မှာ သွားပြီး အခွင့်အရေး အနည်းငယ် ရခဲ့တယ်၊ အဲဒီက မင်းတို့ရဲ့ ဘိုးဘေးတစ်ယောက်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ရှိခဲ့တာပေါ့...။
အဲဒီအချိန်ကစပြီး... ရွှမ်ကွန်းအဖိုးကြီးက သိသိသာသာရော၊ မသိမသာရော မင်းတို့နဲ့အတူ ပူးပေါင်းပြီး ငါ့ရဲ့ ကျိုရွှမ်မျှော်စင်ကို ဖိနှိပ်ခဲ့တာပဲ...။
တကယ်လို့ သူက... ဆရာကို သစ္စာဖောက်ပြီး ဂိုဏ်းကို ဖျက်ဆီးတယ်၊ ကျေးဇူးကန်းတယ်လို့ ကွယ်ရာမှာ အတင်းပြောခံရမှာကို မကြောက်ရင်... သူကိုယ်တိုင်ပဲ လာပြီး လက်စဖျောက်လိုက်တာ ကြာလှပြီ၊ ဘာလို့ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေဦးမှာလဲ...”
“ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်...”
မိစ္ဆာအိုကြီး ခူရွှေးသည် အလွန်အမင်း ဒေါသထွက်သွားရာမှ အားရပါးရ ရယ်မောလိုက်ပြီး
“ငါက ဝါစဉ်မမီလို့... ဒီကိစ္စကို မှတ်ချက်မပေးချင်ဘူး၊ ဒါဆိုရင်တော့ မသေမျိုးအရှင်မြတ် ရွှမ်ကွန်း ကိုယ်တိုင်ပဲ... ဒီနေရာကို ကြွလာပြီး တရားစီရင်ခိုင်းလိုက်တာပေါ့...”
စကားပြောနေစဉ်မှာပင်... သူသည် ဟင်းလင်းပြင်ဆီသို့ ဦးညွှတ်ဂါရဝပြုရင်း အော်ဟစ်လိုက်သည်။
“မသေမျိုးအရှင်မြတ် ရွှမ်ကွန်း... ဒီကိစ္စကို အရှင်မြတ်ကိုယ်တိုင်ပဲ ထွက်လာပြီး ဖြေရှင်းပေးပါတော့ခင်ဗျာ...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းလည်း ဒီမှာ ရှိနေတာလား။
ဟွမ်ဟိုင်မျှော်စင် ကျင့်ကြံသူများသည် ချက်ချင်းပင် အားတက်သရော ဖြစ်သွားကြပြီး၊ အပြန်အလှန်အားဖြင့် ကျိုရွှမ်မျှော်စင်ဘက်မှ ကျင့်ကြံသူများသည်မူ... တစ်ဦးချင်းစီ မိဘသေဆုံးသွားသကဲ့သို့ မျက်နှာများ ဖြူလျော် ညှိုးငယ်သွားကြတော့သည်။
တိမ်တိုက်များနှင့် မြူခိုးများ တရိပ်ရိပ် လှုပ်ခတ်သွားပြီးနောက်... ၎င်းတို့အထဲမှ ပုံရိပ်တစ်ခု လှမ်းလျှောက်ထွက်လာခဲ့သည်။ ထိုသူသည် အမည်းနှင့် အဖြူရောင် ရောယှက်နေသော ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး၊ ဆံပင်ထုံးကိုလည်း စနစ်တကျ သေသပ်စွာ ထုံးဖွဲ့ထားရာ...ကောင်းကင်ပြင်တွင် ရပ်နေသည့် အမူအရာကပင် ထူးခြားဆန်းပြားသော မသေမျိုးအရှိန်အဝါကို ထုတ်လွှတ်နေပေသည်။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက်... အားနည်းသော ဖိအားတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ဟွမ်ဟိုင်မျှော်စင် ကျင့်ကြံသူအားလုံးသည် တစ်ပြိုင်နက်တည်း ဦးညွှတ်ဂါရဝပြုကြပြီး... 'မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကို ဖူးမြော်ပါတယ်' ဟု ကျယ်လောင်စွာ အော်ဟစ်ကြလေသည်။
ကျိုရွှမ်မျှော်စင်ဘက်မှ ကျင့်ကြံသူများမှာမူ... အလွန်အမင်း စိတ်အကျပ်ရိုက်ကာ အိုးတိုးအမ်းတမ်း ဖြစ်သွားကြရသည်။ ၎င်းတို့၏ ဘိုးဘေးအိုကြီးက ခုနတင်ပဲ တစ်ဖက်လူကို ဆဲဆိုထားခဲ့ရာ... ယခုအခါ ၎င်းတို့အနေဖြင့် ဂါရဝပြုရမလို၊ မပြုရမလိုဖြင့် အကျပ်ရိုက်နေကြခြင်း ဖြစ်သည်။
“မိတ်ဆွေကျင့်ကြံသူ အုဝမ်... ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမဲ့ သေချာ ရှင်းပြလိုက်ရင်တော့... ဒါက ဘာမှမဟုတ်ပါဘူး...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းက အုဝမ်ရှန်းကို မပြုံးမရယ်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။
“နားလည်မှုလွဲတာ ဟုတ်လား... ဘာတွေ နားလည်မှုလွဲလို့လဲ၊ ငါပြောခဲ့တာတွေက... အားလုံး အမှန်တရားတွေချည်းပဲ...”
အုဝမ်ရှန်းက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။
ရွှမ်ကွန်းသည်လည်း ဒေါသထွက်မလာဘဲ... အေးအေးလူလူပင် ဆက်လက်မေးမြန်းလိုက်သည်။
“မင်းရဲ့လက်ထဲမှာ... ဟော်ဟွန်းမြက် တစ်ပင် ရှိနေတယ်လို့ လူတွေဆီက ကြားတယ်၊ အဲဒါ အမှန်ပဲလား...”
အုဝမ်ရှန်း၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ သူသည် မိမိ၏စိတ်ထဲတွင် ဤပစ္စည်းက သာမန်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းမိခဲ့၍သာ... စိုးစဉ်းမျှ မဝေခွဲဘဲ ဖန့်ချန်ထံသို့ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်မှသာ... ဂိုဏ်းအပေါ် ကျရောက်မည့် တကယ့် ဘေးဒုက္ခကြီးကို ရှောင်လွှဲနိုင်မည် မဟုတ်ပါလား။
“ရှိတော့ ရှိတယ်... ဒါပေမဲ့ ငါ အဲဒီအပင်ကို စီနီယာတစ်ယောက်ဆီ... ပေးလိုက်ပြီ...”
အုဝမ်ရှန်းက အသာအယာ ပြုံးရင်း ဆိုလိုက်သည်
“အဲဒီ စီနီယာကလည်း... မသေမျိုးအရှင်မြတ် တစ်ဦးပဲ...”
သူကလည်း မသေမျိုးအရှင်မြတ် တစ်ဦး ဟုတ်လား။
ထိုနေရာရှိ လူအားလုံး မှင်သက်သွားကြပြီး၊ မိစ္ဆာအိုကြီး ခူရွှေးသည်လည်း... ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားရသည်။ အဘယ်ကြောင့် အုဝမ်ရှန်းက မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကို မျက်နှာချင်းဆိုင် ဆဲဆိုရဲနေသနည်းဟူသော အဖြေကို... သူ သိလိုက်ရပြီ ဖြစ်သည်။
“မင်းပြောတဲ့ စီနီယာက... အခု ကျိုရွှမ်မျှော်စင်ထဲမှာ ရှိနေတာလား...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်း၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး... ကျိုရွှမ်မျှော်စင်၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းမြော်ကြည့်ရှုလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကျိုရွှမ်မျှော်စင်အတွင်းရှိ အရာအားလုံးသည် သူ၏ မျက်စိအောက်တွင် အထင်အရှား ပေါ်ထွက်လာခဲ့သည်။ ကာကွယ်ရေးစွမ်းအားများ ဖြစ်စေ၊ စုန်းကဝေအတတ် များ ဖြစ်စေ... သူ၏ အကြည့်ကို မတားဆီးနိုင်ချေ။
မကြာမီ... သူ၏ အကြည့်သည် ဖန့်ချန်၏ အပေါ်သို့ ဖြတ်သန်းသွားပြီး၊နတ်မိမယ်ယွီ ၏ အပေါ်သို့လည်း ဖြတ်သန်းသွားခဲ့သည်။ သို့သော်... သူသည် ဘာကိုမှ မမြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေတော့သည်။
“စီနီယာက ကျိုရွှမ်မျှော်စင်မှာ ဧည့်သည်အဖြစ် သီတင်းသုံးနေတာပဲ၊ တကယ်လို့ မိတ်ဆွေကျင့်ကြံသူ ရွှမ်ကွန်းက ဟော်ဟွန်းမြက်ကို လိုချင်တယ်ဆိုရင်... ငါ စီနီယာ့ကို ထွက်လာပေးဖို့ တောင်းဆိုပေးရမလား...။ ဒါပေမဲ့ စီနီယာက မင်းကို တွေ့ချင်၊ မတွေ့ချင်တော့... ငါလည်း မပြောတတ်ဘူးနော်...”
အုဝမ်ရှန်းက ပြုံး၍ ဆိုလိုက်သည်။
“ဟော်ဟွန်းမြက်က... ငါ့အတွက် အဓိပ္ပာယ် အလွန်ကြီးမားတယ်၊ ဒါကြောင့် ဒီစီနီယာက ဘယ်နေရာကပဲ လာလာ၊ ဘယ်လောက်ပဲ ကျင့်ကြံခြင်းအဆင့် မြင့်မြင့်... သူ့ကို ထွက်လာပြီး တွေ့ဆုံပေးဖို့... ဖိတ်ခေါ်ပေးပါဦး...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းက တိုးညှင်းစွာ သက်ပြင်းချရင်း ဆိုလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အုဝမ်ရှန်းသည် လှည့်၍ လူခေါ်ရန် ပြင်လိုက်သော်လည်း... ဖန့်ချန်က သူ၏ ဘေးနားတွင် ဘယ်အချိန်ကတည်းက ရောက်ရှိရပ်နေမှန်းမသိ... ရောက်ရှိနေသည်ကို မြင်လိုက်ရတော့သည်။
“ငါ နည်းနည်းလေးတောင်... သတိမထားမိလိုက်ပါလား...။ ဒီလိုမျိုး စွမ်းပကားက... သာမန် အဆင့် ၄ မသေမျိုးအရှင်မြတ်အဆင့်... မဟုတ်တာတော့ သေချာတယ်...”
အုဝမ်ရှန်းသည် စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရသည်။
ထိုအချိန်တွင်... မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည်လည်း ဖန့်ချန်ကို မြင်တွေ့လိုက်ရသဖြင့်... သူ၏ မျက်နှာထားသည် ချက်ချင်းပင် အလွန်အမင်း လေးနက်တည်ကြည်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို... လုံးဝ ထိုးဖောက်မမြင်နိုင်သောကြောင့် ဖြစ်သည်။
ဤအချက်က... တစ်ဖက်လူသည် အဆင့် ၅ သို့မဟုတ် အဆင့် ၆ ရှိနေကြောင်း... သက်သေပြနေပေသည်။
“ဂျူနီယာ ရွှမ်ကွန်း... စီနီယာ့ကို ဂါရဝပြုပါတယ်...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် ချက်ချင်းပင် လက်အုပ်ချီ၍ ဦးညွှတ်ဂါရဝပြုလိုက်တော့သည်။
စီနီယာ ဟုတ်လား
အုဝမ်ရှန်းသည်... မိမိ၏ လောင်းကြေး ထပ်လိုက်မှု ကွက်တိမှန်ကန်သွားကြောင်း သိလိုက်ရပြီ ဖြစ်သည်။
စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူ၏ မျက်ဝန်းထဲတွင်လည်း... စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက်၊ မျက်နှာတစ်ခုလုံး ပြာနှမ်းနေသော မိစ္ဆာအိုကြီး ခူရွှေးကို... လှောင်ပြုံးဖြင့် လှမ်းကြည့်လိုက်တော့သည်။
မိစ္ဆာအိုကြီး ခူရွှေးမှာမူ... လက်ရှိအချိန်တွင် စိတ်ထဲ၌ လုံးဝ မတည်ငြိမ်နိုင်တော့ချေ။ သူသည် ဘယ်လိုမှ တွေးလို့မရနိုင်အောင် ဖြစ်နေရသည်မှာ... ကျိုရွှမ်မျှော်စင်ထဲတွင် မသေမျိုးအရှင်မြတ် ရွှမ်ကွန်းပင်လျှင် 'စီနီယာ' ဟု ဦးညွှတ်ခေါ်ဆိုရသော ပုဂ္ဂိုလ်ကြီးတစ်ဦး... ဘယ်အချိန်ကတည်းက ရောက်ရှိပုန်းအောင်းနေရသနည်း ဟူ၍ ဖြစ်သည်။
“အားနာမနေပါနဲ့... ဟော်ဟွန်းမြက်ကို ငါ လက်ခံလိုက်ပြီ၊ နောက်နောင် ကျိုရွှမ်မျှော်စင်ကို... မင်းတို့ လာပြီး မပြစ်မှားကြနဲ့တော့...”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်... ဖြည်းညှင်းစွာ ခေါင်းခါလိုက်သည်။
“စီနီယာ... ဟော်ဟွန်းမြက်က ကျုပ်အတွက် အလွန်အမင်း အရေးကြီးပါတယ်၊ တကယ်လို့ အခြားပစ္စည်းတွေသာ ဆိုရင်... စီနီယာ လိုချင်သမျှ ကျုပ်ဆီမှာ ရှိတာမှန်သမျှ... ကျုပ် လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ဆက်သပါ့မယ်၊ ဒါပေမဲ့ ဟော်ဟွန်းမြက် တစ်ခုတော့... လုံးဝ မရပါဘူးခင်ဗျာ...”
အုဝမ်ရှန်း၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး... မနေနိုင်ဘဲ ဝင်ပြောလိုက်တော့သည်။
“ဟော်ဟွန်းမြက်တစ်ခုတော့ မရဘူး ဟုတ်လား... မင်းက ဒီပုဂ္ဂိုလ်က စီနီယာမှန်း သိရက်နဲ့... တကယ်ပဲ လက်ရဲဇက်ရဲ တိုက်ခိုက်ချင်နေတာလား...”
“ကျုပ်ကတော့... စီနီယာ့ရဲ့ ပြိုင်ဘက် မဟုတ်တာ သေချာပါတယ်၊ ဒါပေမဲ့ ကျုပ်ကလည်း... အမည်နာမ မရှိတဲ့ သာမန်လူတစ်ယောက် မဟုတ်ပါဘူး...”
ရွှမ်ကွန်းက ဖန့်ချန်ကို လှမ်းကြည့်ကာ ရိုးသားစွာဖြင့် ဆိုလိုက်သည်။
“စီနီယာ... ဟော်ဟွန်းမြက်ကို ဂျူနီယာ့လက်ထဲ ပြန်အပ်ပေးပါ၊ နောင်တစ်ချိန်မှာ... စီနီယာ့ထံ ကြီးမားတဲ့ ကံကောင်းခြင်းအကျိုးဆက် တွေ ရောက်ရှိလာနိုင်ပါတယ်...”
“မင်းလည်း... ကိုယ့်သဘောနဲ့ကိုယ် လုပ်နေရတာမဟုတ်ဘဲ အကြပ်ရိုက်နေရမှန်း ငါသိပါတယ်၊ ဟော်ဟွန်းမြက်က မင်းလိုချင်တာ မဟုတ်ဘူး... မင်းယူသွားလည်း ဘာမှသုံးစားလို့ရမှာ မဟုတ်သလို၊ အဲဒါက ဘာအတွက် သုံးရမှန်းလည်း မင်းသိမှာ မဟုတ်ဘူး...။ ဒါကြောင့်... မင်းရဲ့ နောက်ကွယ်က လူကိုပဲ ခေါ်လိုက်ပါ၊ ငါ သူတို့နဲ့ပဲ... တိုက်ရိုက် စကားပြောလိုက်မယ်...”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်... တိမ်တိုက်မြူခိုးများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ရှိသော မှန်တစ်ချပ်ကို ထုတ်ယူလိုက်ရာ၊ ထိုမှန်ပေါ်တွင် မြူခိုးများ တရိပ်ရိပ် ထွက်ပေါ်နေပေသည်။
“သခင်ကြီး... ဟော်ဟွန်းမြက် ရှိတဲ့နေရာကို အတည်ပြုနိုင်ပါပြီ၊ ဒါပေမဲ့ အဲဒီအပင်ကို... ကျုပ်ထက် ကျင့်ကြံခြင်းအဆင့် အဆပေါင်းများစွာ မြင့်မားတဲ့ စီနီယာတစ်ဦးက ရရှိသွားပါတယ်၊ သခင်ကြီးပဲ... ဆုံးဖြတ်ပေးတော်မူပါ...”
ရွှမ်ကွန်းသည် မှန်ချပ်ကို ကြည့်ကာ ရိုသေကျိုနွံစွာဖြင့် လျှောက်တင်လိုက်သည်။
အုဝမ်ရှန်းသည် တစ်ဖက်လူက ဝိညာဉ်နတ်ဘုရားဂိုဏ်း မှ အထက်လူကြီးများနှင့် ဆက်သွယ်နေကြောင်း သိလိုက်ရသည်။ သို့သော်... ဝိညာဉ်နတ်ဘုရားဂိုဏ်းဘက်ကပင် ဤပစ္စည်းကို လိုချင်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့သဖြင့်... ချက်ချင်းပင် စိုးရိမ်တုန်လှုပ်သွားရတော့သည်။
သူသည် ဖန့်ချန်ထံသို့ အလျင်အမြန်ပင် အသံလွှင့် လိုက်သည်။
“စီနီယာ... ဝိညာဉ်နတ်ဘုရားဂိုဏ်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး၊ အထဲမှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်... ဒီဟော်ဟွန်းမြက်ကို... တစ်ဖက်လူကိုပဲ ပေးလိုက်ရရင် ပိုကောင်းမလားခင်ဗျာ...”
သူ့စကား မဆုံးသေးမီမှာပင်... မှန်ချပ်အတွင်းမှ အေးစက်သော နှာခေါင်းရှုံ့သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူကများ... ဟော်ဟွန်းမြက်ကို လက်ဖျားနဲ့ ထိရဲတာလဲ... ငါ သူ့ရဲ့ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သတ်ပစ်မယ်...။ ရွှမ်ကွန်း... အဲဒီနေရာမှာတင် စောင့်နေစမ်း၊ ငါ အမှတ်မထင်ပဲ... ဒီအနီးအနားမှာ ရှိနေတယ်၊ နာရီဝက် အတွင်းမှာတင်... ငါ ရောက်လာခဲ့မယ်...”
နာရီဝက် ဟုတ်လား
အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး... မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကိုပင် ဤမျှအထိ ရိုသေကျိုးနွံအောင် လုပ်နိုင်သော ထိုအစွမ်းထက်ပုဂ္ဂိုလ်ကြီးသည်... ဘယ်လောက်အထိ အင်အားကြီးမားလိမ့်မည်နည်းဟု စိတ်ထဲတွင် စူးစမ်းချင်စိတ်များ ပေါ်ထွက်လာကြတော့သည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် မှန်ချပ်ကို သိမ်းဆည်းလိုက်ပြီးနောက်... ဖန့်ချန်ကို လက်အုပ်ချီကာ ဆိုလိုက်သည်။
“မိတ်ဆွေကျင့်ကြံသူ... နာရီဝက်လောက်ပဲ စောင့်ဆိုင်းပေးပါ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းက သခင်ကြီး ကိုယ်တိုင်လာပြီး... မိတ်ဆွေနဲ့ ဆွေးနွေးပါလိမ့်မယ်...။ အဲဒီ ဟော်ဟွန်းမြက်ကိုတော့... မိတ်ဆွေကျင့်ကြံသူအနေနဲ့... ခေတ္တသိမ်းဆည်းထားပေးပါဦးခင်ဗျာ...”
အခန်း (၁၉၇၂) - ဒါ... ဒါက အရှင်မင်းကြီး ပါလား
ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အထက်လူကြီး...
သာမန်ကျင့်ကြံသူတွေဆိုရင်တော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဆိုတဲ့ အမည်နာမက ဘယ်လောက်အထိ အဓိပ္ပာယ်သက်ရောက်လဲဆိုတာကို တကယ်ပဲ သိရှိကြမှာ မဟုတ်ပေ။
သို့သော်လည်း ကျိုရွှမ်မျှော်စင်ရဲ့ အဆင့် ၁ မသေမျိုး အကြီးအကဲနှစ်ဦး၊ အုဝမ်ရှန်း သားအဖနှင့် မိစ္ဆာအိုကြီး ခူရွှေးတို့သည်ကား... အပြင်လောကမှာ ကျင်းပလေ့ရှိတဲ့ 'မသေမျိုးနှီးနှောဖလှယ်ပွဲ' တွေကို သွားရောက်ဆင်နွှဲဖူးကြသူများ ဖြစ်သည်။
ထိုနှီးနှောဖလှယ်ပွဲတွေမှာ... ၎င်းတို့သည် သာမန်အချိန်တွေ၌ ဘယ်လိုမှ မကြားသိနိုင်တဲ့ သတင်းအချက်အလက်တွေကို နည်းမျိုးစုံနဲ့ ကြားသိခဲ့ရပေသည်။
၎င်းတို့အထဲတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သော ဒဏ္ဍာရီများလည်း ပါဝင်သည်။
ဒဏ္ဍာရီများအရ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ သက်ဝင်ယုံကြည်သူများသည် နယ်ပယ်အသီးသီးတွင် အနှံ့အပြား တည်ရှိနေကြပြီး၊ အောက်ခြေ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးများမှစ၍ မသေမျိုးအဆင့်များ၊ ထို့ထက်မက မသေမျိုးအရှင်မြတ်များနှင့် ရှေးဟောင်းမသေမျိုး အဆင့်များအထိ... ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းသားများအဖြစ် ရှိနေကြသည်ဟူ တကား။
ယခင်က မသေမျိုးအရှင်မြတ် ရွှမ်ကွန်း တရားရရှိခဲ့စဉ်က... လူအများစုသည် သူ၏ သာမန်နိမ့်ကျသော နောက်ခံမှနေ၍ ကြီးမားသော ဂိုဏ်းကြီးများ၏ အမွေအနှစ်များကို ကျော်ဖြတ်ကာ ဤမျှအထိ ထူးချွန်ပြောင်မြောက်စွာ အောင်မြင်ခဲ့မှုအပေါ် အလွန်အမင်း အံ့ဩမှင်သက်ခဲ့ကြရသည်။
သို့သော်... ရွှမ်ကွန်းသည် ဤနယ်မြေတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုသောသူ ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်တွင်မူ... အရာအားလုံးက သဘာဝကျကျနှင့် ကျိုးကြောင်းဆီလျော်သွားခဲ့တော့သည်။
ထိုကဲ့သို့သော နောက်ခံနှင့် အားကိုးရာ တောင်နံရံကြီး ရှိနေမှတော့... တရားမရဘဲ နေပါမည်နည်း။
“စီနီယာ... တကယ်လို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက အထက်လူကြီး တကယ်ပဲ ကြွလာမယ်ဆိုရင်... ကျုပ်တို့က...”
အုဝမ်ရှန်းသည် စိတ်ထဲမှ တုန်လှုပ်ခြောက်ခြားမှုများကို ဖိနှိပ်လိုက်ရင်း... မိမိကိုယ်ကိုယ် တည်ငြိမ်နေစေရန် အတတ်နိုင်ဆုံး ကြိုးစား၍ မေးမြန်းလိုက်သည်။
ဟော်ဟွန်းမြက်က ထိုမျှအထိ နက်ရှိုင်းကျယ်ပြန့်စွာ ပတ်သက်ဆက်နွှယ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
တကယ်လို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဤဟော်ဟွန်းမြက်ကို လိုချင်နေမှန်းသာ ကြိုတင်သိခဲ့လျှင်... သူသည် ဤပစ္စည်းကို အလွယ်တကူ ထုတ်ပေးခဲ့မည် မဟုတ်ဘဲ၊ မသေမျိုးအရှင်မြတ် ရွှမ်ကွန်းထံသို့သာ တိုက်ရိုက်ဆက်သလိုက်ကာ မည်သည့်အကျိုးအမြတ်ကိုမျှ တောင်းဆိုခဲ့မည် မဟုတ်ပေ။
“ဘာမှမဖြစ်ပါဘူး... နာရီဝက်နေရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းက အထက်လူကြီးကိုယ်တိုင် ဒီကို လာမှာ မဟုတ်လား...။
ဒီအခွင့်အရေးကို သုံးပြီး... ကိစ္စတွေကို အပြတ်အသတ် ရှင်းလင်းလိုက်တာပေါ့၊ ဒါဆိုရင် မင်းတို့ ကျိုရွှမ်မျှော်စင်လည်း နောက်နောင် ဘာပြဿနာမှ ရှိလာတော့မှာ မဟုတ်ဘူး...”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
အုဝမ်ရှန်းသည် ခဏမျှ ကြောင်အသွားရသည်။ ဖန့်ချန်၏ ဤမျှအထိ အေးအေးလူလူနှင့် ပေါ့ပေါ့ပါးပါး ရှိနေသည့် အမူအရာကို မြင်လိုက်ရသောအခါ... သူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်းကိုပင် မျက်စိထဲ ထည့်ထားပုံမရကြောင်း ခံစားလိုက်ရသဖြင့်၊ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ဝေခွဲမရ တုန်လှုပ်သွားရပြန်သည်။
ဒါဆိုရင်... မိမိရှေ့မှ ပုဂ္ဂိုလ်ကြီး၏ ကျင့်ကြံခြင်းအဆင့်က သူ စိတ်ကူးယဉ် ထင်မှတ်ထားခဲ့သည်ထက်ပင် ပိုမိုနက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲနေပြီလား။
ဤသို့ တွေးမိလိုက်သောအခါ... အုဝမ်ရှန်း၏ စိတ်ထဲမှ ကြောက်ရွံ့မှုများသည် ချက်ချင်းပင် အဆမတန် လျော့ပါးသွားခဲ့ရသည်။ စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသော်လည်း... အနည်းဆုံးတော့ မျက်နှာပြင်ပေါ်တွင် အမူအရာ ပျက်ယွင်းခြင်းမရှိဘဲ ထိန်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုနေရာ၏ လေထုသည်... ရုတ်တရက် အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။
အချိန်သည် ထိုတိတ်ဆိတ်မှုကြီးအတွင်းမှာပင်... တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့လေသည်။
နာရီဝက်ဟူသော အချိန်က မရှည်လျားလှပေ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ပြင်ကြီး၏ အပြင်ဘက်မှနေ၍... ဥက္ကာပျံတစ်လုံးသည် ဤနယ်မြေဆီသို့ ဦးတည်ပျံသန်းလာနေသကဲ့သို့ ထင်မှတ်ရပြီး၊ ခုနတင်က ပြောခဲ့သော 'နာရီဝက်' အချိန်ကတိကဝတ်ကို သက်သေပြနေပေသည်။
“ဝိညာဉ်နတ်ဘုရားဂိုဏ်းက အထက်လူကြီး... လာပြီ ထင်တယ်...”
အုဝမ်ရှန်းသည် တံတွေးကို အသာအယာ မြိုချလိုက်မိသည်။
ထိုအချိန်တွင် မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည်လည်း ဥက္ကာပျံ လာရာဘက်သို့ လှည့်၍... လက်အုပ်ချီကာ ရိုသေစွာ ဆီးကြိုနေပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ထို ဥက္ကာပျံ သည် လူအများ၏ ရှေ့မှောက်၌ ပေါ်လာခဲ့ရာ၊ ၎င်းကမူ... အားနည်းသော မီးလျှံတောက်မီးလျှံများ ဝန်းရံနေသည့် မသေမျိုးလှေကြီး တစ်စင်း ဖြစ်နေတော့သည်။
ထိုမသေမျိုးလှေကြီးသည် အလွန်အမင်း ခန့်ညားထည်ဝါပြီး ခိုင်ခံ့လှကာ... အထပ်ပေါင်း ရာချီရှိသော ပြာသာဒ်ဆောင်များဖြင့် ဖွဲ့စည်းထားပြီး၊ ထွက်ပေါ်နေသော အစီအရင်ပေါင်းစုံ၏ စွမ်းအားများသည် ထိုနေရာရှိ မသေမျိုးအဆင့် ကျင့်ကြံသူများကိုပင်... နတ်ဘုရားတောင်ကြီးတစ်လုံး ဖိနှိပ်ချလိုက်သကဲ့သို့ ခံစားရစေကာ အသက်ရှူရန်ပင် အလွန်အမင်း ခက်ခဲသွားစေတော့သည်။
ထိုမသေမျိုးလှေကြီးပေါ်တွင်... လူရိပ်လူယောင်များ တရိပ်ရိပ် လှုပ်ခတ်နေကြပြီး၊ မရေမတွက်နိုင်သော ပုံရိပ်များသည် မြင့်မြတ်သော နေရာမှနေ၍ လူအများကို အထက်စီးဖြင့် ငုံ့ကြည့်နေကြပေသည်။
မသေမျိုးအပေါင်း... လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ပင် တကား။
“အားလုံးက... မသေမျိုးအဆင့်တွေချည်းပဲ...”
ကျိုရွှမ်မျှော်စင်၏ အဆင့် ၁ မသေမျိုး အကြီးအကဲနှစ်ဦးသည်... ဆွံ့အမှင်သက်သွားကြရပြီး၊ ယခုအချိန်ကျမှသာ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အထက်လူကြီးဟူသော အဓိပ္ပာယ်သည် ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းကြောင်း အမှန်တကယ် နားလည်သွားကြတော့သည်။
ထိုနေရာတွင် ရှိနေသော မသေမျိုးအဆင့် ကျင့်ကြံသူများတင်ပင်... ရာနှင့်ချီ၍ ရှိနေချေပြီ။
ထို့အပြင် ၎င်းတို့အထဲတွင် အုဝမ်ရှန်းထက်၊ ထို့ထက်မက မသေမျိုးအရှင်မြတ် ရွှမ်ကွန်းထက်ပင် ကျင့်ကြံခြင်းအဆင့် ပိုမိုနက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲသော ပုဂ္ဂိုလ်ကြီးများလည်း... မရေမတွက်နိုင်အောင် ပါဝင်နေသေးသည်။
“ဝိညာဉ်နတ်ဘုရားဂိုဏ်းက ရွှမ်ကွန်း... အကြီးအကဲ ခုံ ကို ဂါရဝပြုပါတယ်ခင်ဗျာ...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် မသေမျိုးလှေကြီးရှိရာ ဘက်သို့ လှမ်း၍... ကျယ်လောင်စွာဖြင့် အရိုအသေပေးလိုက်တော့သည်။
မိစ္ဆာအိုကြီး ခူရွှေးသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... အလျင်အမြန်ပင် ခေါင်းငုံ့၍ ဦးညွှတ်လိုက်ရသည်။
“ဘယ်လိုအချိန် ရောက်နေပြီလဲ... အခုထိ ဝိညာဉ်နတ်ဘုရားဂိုဏ်း လုပ်နေတုန်းလား၊ ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အရှင်မင်းကြီး က ပယ်ဖျက်လိုက်ပြီးပြီဟေ့... အခုက ဝိညာဉ်နတ်ဘုရားဌာန ဖြစ်သွားပြီ၊ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကိုလည်း အကုန်ပြင်ဆင်လိုက်ပြီမလို့... နောင်နောင် အရင်လိုမျိုး ဘာမဆို ရမ်းကားလို့ မရတော့ဘူး...။
တကယ်လို့ မင်းတို့ အောက်ကလူတွေ ဥပဒေမဲ့ လျှောက်လုပ်လို့... ငါပါ ပြဿနာအိုးထဲ ဆွဲသွင်းခံရတာကို တွေ့ရင်တော့... မင်းတို့လည်း သက်သာမှာ မဟုတ်ဘူး...”
ကြီးမားသော ကြေးစည်ကြီးကို တီးခတ်လိုက်သကဲ့သို့ ဟိန်းထွက်လာသော အသံကြီးတစ်သံသည်... မသေမျိုးလှေကြီးအတွင်းမှ ထွက်ပေါ်လာပြီး၊ လူအများ၏ နားစည်ကိုပင် ကွဲမတတ် တုန်ခါသွားစေတော့သည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပျက်ယွင်းသွားရပြီး... အလျင်အမြန်ပင် စကားပြင်လိုက်ရသည်။
“မှန်လှပါ... မှန်လှပါ... အခု ကျုပ်တို့က ဝိညာဉ်နတ်ဘုရားဌာန ဖြစ်သွားပါပြီ... သခင်ကြီးရဲ့ သတိပေးမှုကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...”
ဝိညာဉ်နတ်ဘုရားဂိုဏ်းက... ပယ်ဖျက်ခံလိုက်ရတာ ဟုတ်လား။
'ဝိညာဉ်နတ်ဘုရားဌာန' ဖြစ်သွားပြီး... ဂိုဏ်းစည်းမျဉ်းတွေကိုပါ အကုန်ပြင်ဆင်လိုက်ရတယ် ဟုတ်လား။
အုဝမ်ရှန်းတို့ အုပ်စုသည် လုံးဝ ဝေခွဲမရ ဖြစ်သွားကြရသည်။ ဤမျှအထိ အင်အားကြီးမားလှသော အဖွဲ့အစည်းကြီးတစ်ခုကပင်... ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
ထိုအထက်လူကြီး ပြောလိုက်သော 'အရှင်မင်းကြီး' ဆိုတာက... ဘာကြီးလဲ။
ယင်လောကကူးခြင်း ကိစ္စသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ အထူးသဖြင့် လွန်ခဲ့သောအချိန်က မော်ထျန်းဌာန နှင့် ရှန်ပိစစ်တပ် တို့ ပူးပေါင်းခဲ့စဉ်ကပင်... ယင်လောက သွားလာခြင်းသည် ထိုက်ချန်းနယ်မြေ တွင် သာမန်ရိုးကာကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး ဖြစ်သည်။
မသေမျိုးအဆင့် ကျင့်ကြံသူ အများအပြားသည် ဝိညာဉ်နတ်ဘုရား လမ်းစဉ် တည်ရှိကြောင်းကို သိရှိကြပြီး၊ ဤလမ်းစဉ်သည်... ၎င်းတို့ အိပ်မက်ထဲအထိ လျှောက်လှမ်းချင်နေကြသော လမ်းစဉ်တစ်ခုလည်း ဖြစ်သည်။
လူ့လောကတွင် မသေမျိုးစွမ်းအား များ မရှိတော့သဖြင့်... ဝိညာဉ်နတ်ဘုရားအဖြစ် ပြောင်းလဲနိုင်မှသာလျှင် ထာဝရ မသေနိုင်သော အသက်ကို ရရှိရန် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပါလား။
ဤသို့ဆိုလျှင်... တစ်ဖက်လူ ပြောလိုက်သော အရှင်မင်းကြီးဟူသည်မှာ...ယင်လောက ၏ တကယ့် စစ်မှန်သော အုပ်ချုပ်သူ မဟုတ်ပါလော။
ထိုဝိညာဉ်နတ်ဘုရား များပင်လျှင်... သူ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေရသည် တကား။
“ဟုတ်တယ်... ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်မှသာ... ဝိညာဉ်နတ်ဘုရားဂိုဏ်းလိုမျိုး ဧရာမ အင်အားစုကြီးကို မိမိရဲ့ လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်မှာပဲ... ဒါပေမဲ့...”
အုဝမ်ရှန်း၏ နှလုံးသားသည် ဝုန်းခနဲ တုန်လှုပ်သွားရသည်။
ဤအချက်က... ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ နောက်ကွယ်မှ အားကိုးရာသည်... ယခင်ကထက် ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားကြောင်း သက်သေပြနေပေသည်။
ထိုအချိန်တွင်... မရေမတွက်နိုင်သော မသေမျိုးများသည် ပုံရိပ်တစ်ခုကို ဝန်းရံလျက်... မသေမျိုးလှေကြီးအတွင်းမှ လှမ်းလျှောက်ထွက်လာခဲ့ကြသည်။
ထိုပုံရိပ်၏ ခန္ဓာကိုယ်ပေါ်မှနေ၍ တောက်ပလှသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး... ကောင်းကင်နတ်မင်းကြီး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ ရှိရာ၊ လူအများကို မျက်စိပင် မဖွင့်ရဲလောက်အောင် စွမ်းအားကြီးမားလှပေသည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်း၏ အမူအရာသည် ပိုမို၍ပင် ရိုသေကျိုးနွံသွားခဲ့ရသည်။
အုဝမ်ရှန်း၏ စိတ်ခံစားမှုကမူ... ပိုမို၍ပင် စိုးရိမ်ပူပန်လာခဲ့ရတော့သည်။
“ဟော်ဟွန်းမြက်ဆိုတာ... အရှင်မင်းကြီး အလိုရှိတော်မူတဲ့ ပစ္စည်းပဲ၊ မင်းပြောတဲ့ ဟော်ဟွန်းမြက်က အခု ဘယ်သူ့လက်ထဲမှာ ရှိနေတာလဲ... သူ့ကို ငါ့ရှေ့ ထွက်လာခိုင်းလိုက်စမ်း...”
“သခင်ကြီး... ဒီလူ့ရဲ့ လက်ထဲမှာ ရှိနေတာပါ...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းက ဖန့်ချန်ရှိရာ ဘက်သို့ ညွှန်ပြလိုက်သည်။
ဖန့်ချန်၏ ဘေးနားတွင် ရပ်နေသော နတ်မိမယ်ယွီမှာမူ... ဤကဲ့သို့သော ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့်၊ သူမသည် ထိုတောက်ပလှသော နတ်ဘုရားအလင်းတန်းများ၏ ဖိအားကြောင့် တုန်လှုပ်နေရပြီး... မျက်ဝန်းထဲတွင်လည်း ဖန့်ချန်အတွက် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖုံးလွှမ်းနေတော့သည်။
“ဒါ... ဒါက... အရှင်မင်းကြီး ပါလား...”
တောက်ပလှသော နတ်ဘုရားအလင်းတန်းများသည် ရုတ်တရက်ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရပြီး... ခုံလင်း သည် ဟင်းလင်းပြင်ပေါ်တွင် ခပ်သွက်သွက်လေး ပြေးလာကာ၊ ဖန့်ချန်၏ ရှေ့မှောက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက်... ဘုန်းခနဲ ဒူးထောက်၍ ဝတ်ပြုဂါရဝပြုလိုက်တော့သည်။
အရှင်မင်းကြီး ဟုတ်လား။
သူ ခေါ်ဆောင်လာခဲ့သော ဝိညာဉ်နတ်ဘုရားဌာန၏ ကျင့်ကြံသူအားလုံးသည် ထိုစကားကို ကြားလိုက်ရသောအခါ... စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်လှုပ်သွားရပြီးနောက်၊ အလျင်အမြန်ပင် မြေပြင်သို့ တစ်ပြိုင်နက်တည်း ဆင်းသက်ကာ... ခုံလင်း၏ နောက်ကွယ်တွင် တန်းစီ၍ ဒူးထောက်လိုက်ကြတော့သည်။
“ဒါ... ဒါက...”
နတ်မိမယ်ယွီသည် အံ့ဩမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
အုဝမ်ရှန်းသည်လည်း မြင်ကွင်းကြောင့် ကြောင်အသွားရသည်။
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းမှာမူ... ထိုနေရာမှာတင် ရုပ်တုတစ်ခုပမာ တောင့်တောင့်ကြီး ဖြစ်သွားရပြီး... ဘာလုပ်ရမှန်းမသိ ဝေခွဲမရ ဖြစ်နေတော့သည်။
အရှင်မင်းကြီး ဟုတ်လား
ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ပယ်ဖျက်ပစ်ပြီး... ယင်လောကတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ထားတဲ့ အရှင်မင်းကြီး ဟုတ်လား။
“ကြည့်ရတာ... မင်း တော်တော်လေး ကြိုးစားပမ်းစား လုပ်ဆောင်နေပုံရပဲ၊ ဒီတစ်ခေါက် ဟော်ဟွန်းမြက်ကို ငါကိုယ်တိုင် ရှာတွေ့ခဲ့တာ ဆိုပေမယ့်လည်း... မင်းကို အမှတ်တစ်ခု အဖြစ် ငါ မှတ်တမ်းတင်ပေးလိုက်ပါ့မယ်...”
ဖန့်ချန်က ခုံလင်းကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“အရှင်မင်းကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်... အရှင်မင်းကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...”
ခုံလင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး
“အရှင်မင်းကြီးအတွက် အလုပ်အကျွေးပြုရတာ... အောက်ခြေဝန်ထမ်းဖြစ်တဲ့ ကျုပ်အနေနဲ့ အစွမ်းကုန် ကြိုးစားရမှာ သဘာဝပါပဲ၊ ကောင်းကင်ပြင်ကြီးရဲ့ အဆုံးသတ်အထိ ပြေးသွားရမယ်ဆိုရင်တောင်... အရှင်မင်းကြီးအတွက် ဟော်ဟွန်းမြက်ကို သေချာပေါက် ရှာဖွေဆက်သရမှာပါ...”
ခဏမျှ ရပ်တန့်လိုက်ပြီးနောက်... သူ၏ မျက်နှာထားသည် ရုတ်တရက် အလွန်အမင်း အေးစက်တည်တင်းသွားပြီး၊ မသေမျိုးအရှင်မြတ် ရွှမ်ကွန်းရှိရာ ဘက်သို့ လှည့်ကြည့်လိုက်တော့သည်။ ထိုအေးစက်လှသော အကြည့်သည်... ကမ္ဘာကြီးတစ်ခုလုံးကို ချက်ချင်း ဝါးမြိုပစ်တော့မည့် အနက်ရောင် ကန့်လန့်ကာကြီးတစ်ခုပမာ ရှိနေသဖြင့်... ရွှမ်ကွန်းကို မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေတော့သည်။
“မင်း... ခုနတင်က အရှင်မင်းကြီးအပေါ် မရိုမသေ ပြုခဲ့သေးလား...”
ခုံလင်းက အေးစက်စွာ မေးလိုက်သည်။
“ကျုပ်... ကျုပ် မလုပ်ခဲ့ပါဘူး...”
မသေမျိုးအရှင်မြတ် ရွှမ်ကွန်းသည် ဘာလုပ်ရမှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရပြီး... ဖန့်ချန်ကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေမိရာမှ၊ ယခုအချိန်ကျမှ သတိပြန်ဝင်လာကာ... အလျင်အမြန်ပင် မြေပြင်သို့ ဒူးထောက်၍ ဝတ်ပြုလိုက်တော့သည်။
လက်ရှိအချိန်သို့ ရောက်သောအခါ... အုဝမ်ရှန်းတို့ အုပ်စုသည်လည်း မိမိတို့ရှေ့မှ ပုဂ္ဂိုလ်ကြီးသည် မည်သူမည်ဝါမှန်း မသိဘဲ နေပါမည်နည်း၊ ထို့ကြောင့် တစ်ဦးပြီးတစ်ဦး ချက်ချင်းပင် မြေပြင်သို့ ဒူးထောက်လိုက်ကြတော့သည်။
အရှင်မင်းကြီးကို ဒူးထောက်ဝတ်ပြုရခြင်းသည်... ကောင်းကင်နှင့် မြေပြင်ကြားတွင် သဘာဝကျလှသော ကိစ္စတစ်ခုဖြစ်ရာ၊ သိက္ခာကျစရာ လုံးဝ မဟုတ်ချေ။
“ဒီကျိုရွှမ်မျှော်စင်က... ငါနဲ့ ရေစက် အနည်းငယ် ရှိတယ်၊ နောက်နောင် မင်း သူတို့ကို ပိုပြီး စောင့်ရှောက်ပေးလိုက်ပါ...”
ဖန့်ချန်က ခုံလင်းကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
“ငါ ကျိုရွှမ်မျှော်စင်မှာ ခဏလောက် နေဦးမယ်၊ မင်းလည်း ရောက်လာမှတော့... ချက်ချင်း ပြန်မသွားနဲ့ဦး၊ ဒီနေရာမှာပဲ ခဏလောက် သီတင်းသုံးပြီး နေလိုက်ဦးပေါ့...”
ဒီလိုမျိုး ကောင်းမွန်တဲ့ ကိစ္စမျိုးလည်း ရှိသေးတာလား။
ခုံလင်းသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားရပြီး... ချက်ချင်းပင် ဦးညွှတ်လိုက်တော့သည်။
“အမိန့်တော်အတိုင်း နာခံပါ့မယ်ခင်ဗျာ...”