← Chapters

အခန်း (၁၉၇၃-၁၉၇၄)

Vol. 198 Ch. 1973-1974

အခန်း (၁၉၇၃-၁၉၇၄)

Vol. 198 Ch. 1973-1974

အခန်း (၁၉၇၃) - ရာသီဥတုက အေးလာလို့ ထင်ပါရဲ့

“စီနီယာ... ဒါက ကျိုရွှမ်နယ်ပယ် ပါဗျာ...”

ကျိုရွှမ်မျှော်စင်ရဲ့ အနက်ရှိုင်းဆုံးနေရာ၊ မှန်ချပ်တစ်ခုပမာ ချောမွေ့ပြောင်လက်နေတဲ့ ကျောက်နံရံကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ... အုဝမ်ရှန်းက ရိုသေကိုင်းညွတ်လှတဲ့ အမူအရာနဲ့ အရိုအသေပေးရင်း ပြောလိုက်သည်။

နတ်မိမယ်ယွီသည် အလွန်အမင်း စပ်စုချင်သည့် စိတ်ဖြင့် ရှေ့သို့ အနည်းငယ် တိုးလှမ်းသွားကာ ထိုကျောက်နံရံကြီးကို လက်ဖျားလေးဖြင့် အသာအယာ တို့ထိကြည့်လိုက်ပြီး... ဖန့်ချန်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဖန့်ဆရာ... ကျမတို့ ကျင့်ကြံဖို့ သွားကြမယ့်နေရာက ဒီနေရာလားဟင်...”

“ဟုတ်တယ်...”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“စီနီယာ... ကျိုရွှမ်နယ်ပယ်က နှစ်ပေါင်းများစွာကြာအောင် တစ်ခါမျှ ပွင့်မလာခဲ့ပါဘူး၊ ကျွန်တော်တို့ရဲ့ ဆရာ သခင်ကြီး... အထက်က ဘိုးဘေးအစဉ်အဆက်တွေလည်း နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားခဲ့ကြပေမဲ့... ကျိုရွှမ်နယ်ပယ်ကို ဘယ်လိုမှ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ကြပါဘူး...”

အုဝမ်ရှန်းက ဘေးမှနေ၍ စိုးရိမ်တကြီးဖြင့် အတတ်နိုင်ဆုံး သတိထားကာ လျှောက်တင်လိုက်သည်။

သူသည် မိမိတို့ရှေ့မှ ဖန့်အရှင်မင်းကြီးက... မိမိတို့ ကျိုရွှမ်မျှော်စင်သည် ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားကာ လိမ်ညာလှည့်ဖြားနေပြီး ပစ္စည်းအတုတစ်ခုဖြင့် လာရောက်လှည့်စားနေသည်ဟု ထင်မှတ်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။

ယခုအချိန်တွင်... သူသည် မိမိရှေ့မှ ပုဂ္ဂိုလ်ကြီးက မည်သူဖြစ်ကြောင်းကို အလုံးစုံ ပြန်လည်သတိရသွားခဲ့ချေပြီ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက... ကောင်းကင်ပြင်ကြီးတွင် ဧရာမ ကန့်လန့်ကာကြီးတစ်ခု ပေါ်ပေါက်ခဲ့ဖူးရာ၊ ထိုကန့်လန့်ကာကြီးအတွင်း၌ ရှိနေသော ပုဂ္ဂိုလ်ကြီးသည်... ယခု မိမိမျက်စိရှေ့မှ ပုဂ္ဂိုလ်ကြီးပင် မဟုတ်ပါလော။

“ဒါက... သတ်မှတ်ထားတဲ့ မသေမျိုးစွမ်းအား မလုံလောက်လို့ ဖွင့်လို့မရတာ ဖြစ်ရမယ်...”

ဖန့်ချန်က ရှေ့သို့ လှမ်းတိုးသွားပြီး ထိုချောမွေ့လှသော ကျောက်နံရံကြီးပေါ်သို့ လက်ဝါးတင်လိုက်ရာ... ခန္ဓာကိုယ်အတွင်းမှ မသေမျိုးစွမ်းအား တစ်စွန်းတစ်စသည် တရွေ့ရွေ့ လှုပ်ခတ်လာပြီး ကျောက်နံရံအတွင်းသို့ ဆက်တိုက်ဆိုသလို စီးဝင်သွားတော့သည်။

အစပိုင်းတွင်မူ... ကျိုရွှမ်နယ်ပယ်သည် မည်သည့် တုံ့ပြန်မှုမျှ ရှိမနေခဲ့ချေ၊ သို့သော်လည်း ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ရာနှင့်ချီ၍ ခမ်းခြောက်သွားပြီးနောက်တွင်မူ... ကျိုရွှမ်နယ်ပယ်သည် နောက်ဆုံး၌ ထူးခြားသော ပြောင်းလဲမှုတစ်ခု စတင်ပေါ်ပေါက်လာခဲ့တော့သည်။

ချောမွေ့လှသော ကျောက်နံရံကြီးပေါ်တွင်... အားနည်းလှသော အဖြူရောင် နတ်ဘုရားအလင်းတန်း လွှာလွှာလေးတစ်ခု ဖုံးလွှမ်းသွားချေပြီ။

အုဝမ်ရှန်း၏ မျက်ဝန်းအစုံတွင်... အလွန်အမင်း အံ့ဩမှင်သက်သွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားရသည်။ ၎င်းက ကျိုရွှမ်နယ်ပယ် နောက်ဆုံး၌ ပြောင်းလဲမှု ရှိလာခြင်းကြောင့်တင်မကဘဲ... ဖန့်ချန် ခုနတင်က ထည့်သွင်းလိုက်သည့် မသေမျိုးစွမ်းအား ပမာဏသည် ကြီးမားလွန်းလှသဖြင့် သူ ဘယ်လိုမှ မမှီနိုင်ဘဲ မော့ကြည့်ရုံသာ တတ်နိုင်သည့် အခြေအနေ ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအားဟူသည်မှာ... ဤများပြားလှသော မသေမျိုးစွမ်းအားကြီးနှင့် နှိုင်းယှဉ်လိုက်လျှင်၊ ရေကန်ကြီး တစ်ကန်နှင့် ရေတစ်မှုတ်စာ ကွာခြားချက်ကဲ့သို့ပင် တကား။

‘ဒါက တကယ့်ကို အတွင်းနယ်မြေ တစ်ခုပဲ...’

ဖန့်ချန်၏ စိတ်အာရုံသည် အနည်းငယ် လှုပ်ခတ်သွားရသည်။ ဤချောမွေ့လှသော ကျောက်နံရံကြီးက သူ့ကို ပေးစွမ်းနေသည့် အော်ရာက အလွန်အမင်း ရင်းနှီးလှပြီး... ယခင် မင်ရွှီ ကာလတုန်းက သူ မြင်တွေ့ခဲ့ဖူးသော အတွင်းနယ်မြေအများအပြား၏ စရိုက်လက္ခဏာ ရနံ့မျိုးနှင့် တစ်ထေရာတည်း တူညီနေပေသည်။

‘တာအိုသုံးထောင်နယ်ပယ် ၊ ကျိုရွှမ်နယ်ပယ်၊ နတ်ဆိုးသုဿန်နယ်မြေ ... ဒီနေရာတွေရဲ့ မူလ အတိတ်ဘဝတွေဟာ... အကုန်လုံး အတွင်းနယ်မြေ တွေချည်းပဲ...’

ဖန့်ချန်၏ မျက်ဝန်းများတွင်... အတိတ်ကို လွမ်းဆွတ်တမ်းတမိသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ထိုက်ချန်း နယ်မြေ တွင်လည်း အတိတ်တစ်ချိန်တုန်းက...သူတော်စင်တစ်ပိုင်း များ၊ ထို့ထက်မက စစ်မှန်သော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများစွာ ထွက်ပေါ်ခဲ့ဖူးပေသည်။

သို့သော်လည်း ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် ယခုအချိန်တွင်မူ... အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ကြချေပြီ၊ ဖြစ်နိုင်သည်မှာ ၎င်းတို့ သေဆုံးသွားခဲ့ကြခြင်း ဖြစ်နိုင်သလို... အခြားသော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။

အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးများသည်... မိမိတို့၏ အတွင်းနယ်မြေကြီး ပျက်စီးမသွားသရွေ့၊ မိမိကိုယ်တိုင် ဘယ်လောက်ပင် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပါစေဦးတော့... ပြန်လည်ရှင်သန်လာနိုင်သည့် အခွင့်အရေး ရှိသည်ဟု တစ်စုံတစ်ဦး ပြောခဲ့ဖူးသည်ကို သူ သတိရမိသည်။

‘ဒီလို ပုဂ္ဂိုလ်ကြီးတွေ... အခုချိန်မှာ တကယ်ပဲ ပြန်လည်ရှင်သန်လာနိုင်ဦးမလား ဆိုတာ မသိရဘူး၊ သူတို့ရဲ့ အခြေအနေက... နဂါးသူတော်စင် နဲ့ တစ်ပုံစံတည်း ဖြစ်နေမလား...’

ဖန့်ချန်သည် နဂါးသူတော်စင်၏ အတွေ့အကြုံကို တွေးမိသွားသည်။

နဂါးသူတော်စင်၏ အတွင်းနယ်မြေသည်လည်း ယခုထက်ထိ တည်ရှိနေဆဲ ဖြစ်ပြီး... ယခင်က သူသည် အမှန်တကယ် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ၊ ကိုယ်ယောင်ဖျောက်ကာ နတ်ဘုရားဘုရင်နယ်မြေရှိ ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော်၏ နဂါးနတ်ဘုရား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် အတိတ်တုန်းက မိမိပိုင်ဆိုင်ခဲ့သော အတွင်းနယ်မြေ ‘နဂါးသူတော်စင်မြို့တော်’ ကို ပြန်လည်ထိန်းချုပ်ရန်ကား... လုံးဝ မဖြစ်နိုင်တော့ချေ။ သူသည်လည်း နတ်လမ်းစဥ်ဂိုဏ်းချုပ် တို့ကဲ့သို့ပင်... အချို့သော နည်းလမ်းများကို အသုံးပြု၍ အတွင်းနယ်မြေ၏ စွမ်းအားအချို့ကို ချေးငှားအသုံးပြုနေရုံသာ တတ်နိုင်တော့သည်။

‘ဖြစ်နိုင်တာကတော့... ဒီအတွင်းနယ်မြေတွေရဲ့ အရှင်သခင်တွေဟာ၊ အခုချိန်မှာ တစ်နေရာရာမှာ တိတ်တဆိတ် သီးသန့်ကျင့်ကြံနေကြပြီး... အတွင်းနယ်မြေကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေကြတာ ဖြစ်နိုင်သလို၊ အတိတ်က ဆုံးရှုံးခဲ့ရတဲ့ အတွင်းနယ်မြေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်နိုင်တာပဲ...’

ပျံ့လွင့်နေသော အတွေးစများသည်... ကျိုရွှမ်နယ်ပယ်မှနေ၍ တောက်ပလှသော နတ်ဘုရားအလင်းတန်းများ ဗုန်းခနဲ ပွင့်ထွက်လာသည့် အချိန်တွင်မူ... ပြန်လည်စုစည်းသွားခဲ့တော့သည်။

အုဝမ်ရှန်းသည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ... ကျိုရွှမ်နယ်ပယ်၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ဒူးထောက်လိုက်မိပြီး၊ မျက်ဝန်းအစုံတွင် မျက်ရည်စများဖြင့် ဝိုင်းလျက် ရှိနေတော့သည်။

ဘိုးဘေးအစဉ်အဆက်တို့ အိပ်မက်ထဲအထိ ပြန်လည်ဖွင့်လှစ်ချင်ခဲ့ကြသော ကျိုရွှမ်နယ်ပယ်သည်... ယနေ့တွင်မူ ပွင့်လှစ်သွားခဲ့ချေပြီ။

“ဒီနယ်ပယ်က... မင်းတို့ ကျိုရွှမ်မျှော်စင်မှာတော့၊ မင်းတို့ရဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်တွေကို လေ့ကျင့်ပျိုးထောင်ဖို့အတွက် အသုံးပြုတဲ့နေရာ ဖြစ်ရမယ်...”

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

“မှန်လှပါ... အတိအကျပါပဲ ခင်ဗျာ...”

အုဝမ်ရှန်းက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

“သူက နှစ်ပေါင်းများစွာကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့တာမလို့... မင်းတို့ ဘယ်လိုမှ ဖွင့်လို့မရခဲ့တာပဲ၊ ဒီတစ်ခေါက်တော့ ငါက သူ့ကို ဝလင်အောင် ကျွေးမွေးလိုက်ပြီ... ငါတို့ နှစ်ယောက် ဒီထဲကနေ ပြန်ထွက်လာတဲ့အခါ၊ နောက်နောင် မင်းတို့အနေနဲ့ မသေမျိုးစွမ်းအား အနည်းငယ်လောက် သုံးရုံနဲ့တင်... ကျိုရွှမ်နယ်ပယ်ကို အလွယ်တကူ ဖွင့်လှစ်နိုင်လိမ့်မယ်...”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်

“ငါက သူတစ်ပါးရဲ့ ပစ္စည်းကို အလကား သုံးတတ်တဲ့လူ မဟုတ်ဘူး၊ ဒါဆိုရင် မင်းနဲ့ငါကြားထဲမှာ... အကြွေးတင်ရှိတာမျိုး မရှိတော့ဘဲ ကျေအေးသွားပြီ... ဟုတ်တယ်မလား...”

အုဝမ်ရှန်းသည် ခဏမျှ မှင်သက်သွားရပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲတက်လာကာ

“စီနီယာကလည်း နောက်နေပြန်ပါပြီ... ဘယ်လိုလုပ်ပြီး ကျေအေးသွားတယ်လို့ ပြောနိုင်ပါ့မလဲခင်ဗျာ...။ ကျွန်တော်တို့ ကျိုရွှမ်မျှော်စင်ဟာ စီနီယာရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားတွေကို ခံစားထားရတာပါ၊ ကျိုရွှမ်နယ်ပယ် ကိစ္စကို ခဏဖယ်ထားဦး... ဟွမ်ဟိုင်မျှော်စင်က နောက်နောင် ကျွန်တော်တို့ ကျိုရွှမ်မျှော်စင်ကို ဘယ်တော့မှ လာရောက်ပြဿနာရှာရဲတော့မှာ မဟုတ်ပါဘူး၊ ဒီလိုမျိုး ကျေးဇူးတရားကြီးမားမှုကို... ဘဝပေါင်း ရာချီတိုင်အောင် ဆပ်ရင်တောင် ကျေနိုင်မှာ မဟုတ်ပါဘူးခင်ဗျာ...”

“ဒါတော့ မဟုတ်သေးပါဘူး... ကျေအေးသွားပြီလို့ပဲ သတ်မှတ်လိုက်ရအောင်...”

ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်ပြီးနောက်... ဘေးမှ နတ်မိမယ်ယွီကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

“ရှောင်ယွီ... ကြောက်လား...”

“ဖန့် ဆရာ ရှိနေရင်...မကြောက်ပါဘူး...”

“ကဲ... အတူတူ ဝင်ကြစို့...”

၎င်းတို့နှစ်ဦးသည် ပုခုံးချင်းယှဉ်လျက်... တောက်ပလှသော နတ်ဘုရားအလင်းတန်းများအတွင်းသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြကာ၊ ချောမွေ့လှသော ကျောက်နံရံကြီးအတွင်း၌ ပျောက်ကွယ်သွားကြတော့သည်။

အုဝမ်ရှန်းသည် ယခုထက်ထိ ရိုသေစွာဖြင့် မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး... ရေနွေးကြမ်းတစ်ခွက်စာ အချိန်ခန့် ကုန်လွန်သွားပြီးမှသာ ထိုနေရာမှ ဖြည်းညှင်းစွာ နောက်ဆုတ်ထွက်လာခဲ့ရာ၊ အဝေးတစ်နေရာတွင်... ခုံလင်းသည် လက်နှစ်ဖက်ကို ဝတ်ရုံလက်အင်္ကျီအတွင်းသို့ ထိုးထည့်ထားရင်း မတ်တတ်ရပ်နေသည်ကို လှမ်း၍ မြင်လိုက်ရသည်။

ထို့ပြင် ထိုပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း... ခုံလင်း ခေါ်ဆောင်လာခဲ့သော မသေမျိုးအဆင့် ကျင့်ကြံသူများက တင်းကျပ်စွာ စောင့်ကြပ်ထားကြပေသည်။

ပြောရလျှင် ယခုအချိန်တွင် ကျိုရွှမ်မျှော်စင်သည်... ကျိုရွှမ်မျှော်စင်နှင့်ပင် မတူတော့ဘဲ၊ ကျိုရွှမ်မျှော်စင်၏ အချို့သော တားမြစ်နယ်မြေများကိုပင်... ဤမသေမျိုးအဆင့် ကျင့်ကြံသူများက အပိုင်စီး စောင့်ကြပ်နေကြပြီ ဖြစ်သည်။

သို့သော်လည်း အုဝမ်ရှန်းသည် စိတ်ထဲ၌ မည်သည့် ဒေါသအမျက်ဒေါသမျှ ရှိမနေခဲ့သည့်အပြင်... အလွန်အမင်းပင် ပျော်ရွှင်နေမိသည်။

“စီနီယာခုံ... အဲဒီပုဂ္ဂိုလ်ကြီးကတော့ ကျိုရွှမ်နယ်ပယ်ထဲကို ဝင်သွားပါပြီခင်ဗျာ...”

အုဝမ်ရှန်းက ခုံလင်း၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ ရိုသေစွာ တင်ပြလိုက်သည်။

“မင်းတို့ ကျိုရွှမ်မျှော်စင်ကတော့ ဒီတစ်ခေါက် တကယ့်ကို ကံထူးတာပဲ... ငါတောင် မင်းတို့ကို အားကျမိတယ်၊ နောက်နောင် သေစာရင်းရှင်စာရင်း ပေါ်မှာ... မင်းတို့ရဲ့ အမည်နာမတွေကို သီးသန့် စောင့်ရှောက်ပေးမယ့်လူ သေချာပေါက် ရှိလာလိမ့်မယ်...”

ခုံလင်းက အတိတ်ကို သတိရကာ ညည်းတွားလိုက်သည်။

အုဝမ်ရှန်းသည် ခဏမျှ ကြောင်အသွားရပြီး... စိတ်ထဲ၌ ပိုမို၍ ဝမ်းသာပီတိဖြစ်သွားရသော်လည်း၊ ရုတ်တရက်ပင် ဤပတ်ဝန်းကျင် တစ်ဝိုက်လုံးသည် အလွန်အမင်း အေးစက်စိမ့်ထွက်လာသကဲ့သို့ ခံစားလိုက်ရသဖြင့်... ဘာကြောင့်လဲဆိုတာကို သူ ဝေခွဲမရ ဖြစ်သွားရသည်။

‘ရာသီဥတုက... အေးလာလို့ ထင်ပါရဲ့...’

အုဝမ်ရှန်းသည် စိတ်ထဲ၌ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူ၏ ပတ်ဝန်းကျင် အနီးနားတွင်မူ... အရေအတွက် တစ်သောင်းခန့် ရှိသော ယင်စစ်သည် များသည်... မျက်နှာအမူအရာ အေးစက်တင်းမာလျက် ကျိုရွှမ်မျှော်စင်၏ နေရာအနှံ့အပြားတွင် တိတ်တဆိတ် မတ်တတ်ရပ် စောင့်ကြပ်နေကြချေပြီ။

၎င်းတို့အထဲတွင်...ကန့်သက်ချက်ကျော်လွန်ခြင်းအဆင့် ၁၊ အဆင့် ၂ နှင့် အဆင့် ၃ ကျင့်ကြံသူများလည်း မနည်းမနော ပါဝင်နေသေးသည် တကား။

...

...

“သခင်လေးနှစ်ယောက်... ပေါက်စီ ပူပူလေးတွေ သုံးဆောင်ဦးမလားခင်ဗျာ...”

ရိုးသားအေးဆေးသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ဦးက... ခုနတင်ကမှ ပေါင်းတင်ထားသည့် ပေါက်စီပေါင်းအိုးကြီးကို ပွေ့ပိုက်ထားရင်း၊ ဖန့်ချန်ဘက်သို့ လှည့်၍ ပြုံးကာ မေးမြန်းလိုက်သည်။

သခင်လေးနှစ်ယောက် ဟုတ်လား။

ဖန့်ချန်သည် မိမိ၏ ဘေးနားသို့ လှည့်ကြည့်လိုက်ရာ... လူငယ်လေး ရှကျီ သည် ထိုပေါင်းအိုးကြီးကို အငမ်းမရ စိုက်ကြည့်နေပြီး၊ လည်ချောင်းကြီးက နိမ့်ချည်မြင့်ချည်ဖြင့်... တံတွေးများကို အဆက်မပြတ် မျိုချနေသည်ကို မြင်လိုက်ရသည်။

“ဖန့်ကြီး...ငါ ပေါက်စီ စားချင်တယ်...”

ရှကျီက ဖန့်ချန်၏ ဝတ်ရုံစကို လှမ်း၍ ဆွဲကိုင်လိုက်ရင်း... မျက်ဝန်းများတွင် တောင့်တလှသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

“မင်း ပေါက်စီ စားချင်ရင်... မင်းဘာသာမင်း မဝယ်ဘူးလား...”

ဖန့်ချန်က ဘာမှတတ်နိုင်ခြင်းမရှိဘဲ ပြောလိုက်မိသည်။

သူ့ကိုယ်ပိုင် အသံသည်လည်း အလွန်အမင်း နုနယ်ပျိုမြစ်နေပြီး... လက်ရှိပုံစံအရ ဆိုလျှင်၊ သူနှင့် ရှကျီတို့သည် အသက် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်လေးများသာ ရှိသေးသည်။

“မင်းလည်း သိရက်သားနဲ့...ငါ့အမေက ငါ့ကို ဘယ်တုန်းက ပိုက်ဆံပေးဖူးလို့လဲ၊ ပေးရင်တောင်... အကြွေစေ့ အနည်းငယ်လောက်ပဲ ပေးတာ၊ ငါချွန်းရှီးမျှော်စင် ကို သွားပြီး ရေနွေးကြမ်း တစ်ခွက်သောက်၊ မမချောချောလေးတွေကို ငေးကြည့်လိုက်တာနဲ့တင်... အကုန်ကုန်သွားရော၊ ပေါက်စီဝယ်ဖို့ ဘယ်မှာ ပိုက်ဆံရှိတော့မှာလဲ...”

ရှကျီက မျက်စောင်းထိုးလိုက်ရင်း

“မင်းအဖေက အချိန်တိုင်း မင်းကို ပိုက်ဆံအများကြီး ပေးတယ်ဆိုတာ ငါ သိတယ်နော်... မြန်မြန် ထုတ်ပေးပြီး ပေါက်စီအချို့ ဝယ်ပေးစမ်းပါဦး၊ အခု ဗိုက်ဆာလွန်းလို့ သေတော့မယ်...”

ဖန့်ချန်က ပြုံးလိုက်မိပြီး... ချက်ချင်းပင် ငွေစအချို့ကို ထုတ်ယူကာ ဆိုင်ရှင်ဦးလေးကြီးထံသို့ ကမ်းပေးရန် ပြင်လိုက်စဉ်... ရုတ်တရက် အာရုံတစ်ခု ရရှိသွားသဖြင့် ခေါင်းကို လှည့်၍ ကြည့်လိုက်သည်။

ထိုနေရာတွင်... ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပတ်ပေရေနေပြီး၊ ဆံပင်အတိုလေးနှင့်... အရပ်ပုပု ကလေးငယ်လေးတစ်ဦးသည်၊ သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုကလေးငယ်လေးသည် ဖန့်ချန် မိမိဘက်သို့ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ... မျက်ဝန်းထဲတွင် ရှက်ရွံ့သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး၊ ချက်ချင်းပင် ခေါင်းလေးကို ငုံ့ချသွားတော့သည်။

“ဖန့်ကြီး... သူတောင်းစား အသေးလေးကို ဘာလို့ စိုက်ကြည့်နေတာလဲ...”

ရှကျီက အနည်းငယ် စိတ်မရှည်တော့ဘဲ

“မြန်မြန် ပိုက်ဆံပေးစမ်းပါ... ပေါက်စီက ပူပူနွေးနွေး စားမှ ကောင်းတာ...”

ဖန့်ချန်က အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ငွေစကို ဆိုင်ရှင်ထံသို့ ကမ်းပေးလိုက်သည်။

“ပေါက်စီ အလုံးနှစ်ဆယ် ပေးပါ... ပါဆယ်ထုတ်ပေးပါဦး...”

“ကောင်းပါပြီဗျာ...”

ဆိုင်ရှင်ဦးလေးကြီးက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး... အချိန်တိုအတွင်းမှာပင် ၎င်းတို့နှစ်ဦးအတွက် ပေါက်စီများကို အိတ်ဖြင့် သေချာ ထုပ်ပိုးပေးလိုက်သည်။

“သခင်လေးနှစ်ယောက်... အားတဲ့အချိန် ရှိရင် ကျွန်တော်ရဲ့ ဆိုင်လေးဆီကို မကြာခဏ လာရောက်အားပေးကြပါဦးခင်ဗျာ...”

“ပြောရတာ လွယ်ပါတယ်...”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက်... ပေါက်စီများ ထည့်ထားသည့် အငွေ့တထောင်ထောင်ဖြင့် မွှေးပျံ့နေသော ဆီစက္ကူအိတ်ကို ကိုင်ဆောင်ကာ လှည့်ထွက်ခဲ့တော့သည်။

ရှကျီက အလျင်အမြန်ပင် နောက်မှ အမှီလိုက်လာပြီး

“ဖန့်ကြီး... ငါ အခုပဲ စားချင်ပြီ၊ မြန်မြန် တစ်လုံးလောက် ပေးစမ်းပါ...”

ဖန့်ချန်က ဘာမှတတ်နိုင်ခြင်းမရှိဘဲ ဆီစက္ကူအိတ်ကို ဖွင့်ကာ ပေါက်စီတစ်လုံး ထုတ်၍ ရှကျီထံသို့ ကမ်းပေးလိုက်သည်။

“မင်း လက်လည်း မဆေးရသေးဘူး...”

ခဏမျှ ရပ်တန့်လိုက်ပြီးနောက်... သူသည် ပေါက်စီနောက်ထပ် တစ်လုံးကို ထပ်မံထုတ်ယူလိုက်ပြီး၊ ထိုညစ်ပတ်ပေရေနေသော ကလေးငယ်လေး၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ

“ရော့... စားလိုက်ဦး...”

အခန်း (၁၉၇၄) - ဟုတ်တယ်... စားလိုက်

“ဒါ... ဒါ ကျွန်မ... ကျွန်မကို ပေးတာလားဟင်...”

ကလေးမလေးက စကားလုံးများ ထစ်ငေါ့နေရင်း မေးလိုက်မိသည်။ သူမသည် ပေါက်စီကို လှမ်း၍ မယူရဲသေးဘဲ... ညစ်ပတ်ပေရေနေသည့် လက်ဖျားကလေးနှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်လျက်... စိုးရိမ်တကြီးဖြင့် အဆက်မပြတ် ပွတ်သပ်နေတော့သည်။

သူမ၏ စိတ်ထဲ၌... အလွန်အမင်း ပြင်းထန်လှသော စိတ်ချင်းတိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ သိသာထင်ရှားလှပေသည်။

“ဟုတ်တယ်... စားလိုက်...”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

မိမိထက် အသက်အနည်းငယ်မျှ ပိုကြီးပြီး... အလွန်တရာ ကျော့ရှင်းချောမောလှသည့် ဤအစ်ကိုကြီးသည် မိမိကို တမင်သက်သက် နောက်ပြောင်ကျီစယ်နေခြင်း မဟုတ်ကြောင်း သေချာသွားသောအခါမှသာ... ကလေးမလေးသည် အလျင်အမြန်ပင် လက်လှမ်း၍ ပေါက်စီကို လုယူသလို ဆွဲယူလိုက်တော့သည်။ ထို့နောက် အတွင်းမှ အဆီအနှစ်များနှင့် အခိုးအငွေ့များက အလွန်အမင်း ပူပြင်းတောက်လောင်နေဆဲ ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ... ရင်ခွင်ထဲ၌ ပိုက်ထားရင်း အငမ်းမရ ကိုက်ဝါးစားသောက်တော့သည်။

“ဒီပေါက်စီက အဆီအရမ်းများတယ်... အရမ်းမြန်မြန်မစားနဲ့ဦး၊ ရှကျီ... မင်း ဘေးနားက သွားပြီးတော့... အဆီပျက်အောင် သူမအတွက် ရေနွေးကြမ်း အေးအေးတစ်ခွက် သွားတောင်းပေးလိုက်ပါဦး...”

ဖန့်ချန်က ရှကျီကို တစ်ချက်လှမ်းကြည့်ကာ ညွှန်ကြားလိုက်သည်။

“ငါလား...”

ရှကျီသည် ယခုအချိန်တွင် ပါးစပ်တစ်ခုလုံး အဆီများ ပေကျံနေအောင် စားသောက်နေဆဲ ဖြစ်ရာ... ဖန့်ချန်က မိမိကို နောက်ထပ် အလုပ်တစ်ခု ခိုင်းစေပြန်သဖြင့် စိတ်ထဲ၌ အနည်းငယ် မလိုလားသကဲ့သို့ ဖြစ်သွားရသည်။ သို့သော်လည်း နောင်နောင်တွင် ဖန့်ချန်နောက်သို့ လိုက်၍ အလကား လိုက်လံစားသောက်ရဦးမည်ကို တွေးတောကာ... ဘာမှမတတ်နိုင်ဘဲ ဘေးနားရှိ ရေနွေးကြမ်းဆိုင်လေးဆီသို့ အပြေးအလွှား သွားရောက်၍ ရေနွေးကြမ်း အေးအေးတစ်ခွက် တောင်းခံလိုက်ရတော့သည်။

“ရော့... သောက်လိုက်...”

ရှကျီက ရေနွေးကြမ်းခွက်ကို ကလေးမလေးထံသို့ ကမ်းပေးလိုက်သည်။

ကလေးမလေးက လှမ်းကြည့်လိုက်ပြီး... အနည်းငယ် မသောက်ချင်သကဲ့သို့ မလိုလားသော အမူအရာ ပေါ်ထွက်လာသည်။

ဖန့်ချန်က ဝင်၍ ပြောလိုက်သည်

“ရေနွေးကြမ်းလေး နည်းနည်းသောက်ပြီး ဆီသတ်လိုက်ဦး၊ မဟုတ်ရင် မင်း ဝမ်းလျှောလိမ့်မယ်...”

“ဟုတ်ကဲ့...”

ကလေးမလေးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး... ရေနွေးကြမ်းခွက်ကို လှမ်းယူကာ ‘ဂလု ဂလု’ ဟု အသံမြည်အောင် တစ်ကျိုက်တည်း အများကြီး သောက်ချလိုက်တော့သည်။

ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ... ရှကျီကို ခေါ်ဆောင်၍ လှည့်ပြန်ခဲ့တော့ရာ၊ ကလေးမလေး တစ်ဦးတည်းသာ နောက်ကွယ်၌ ပေါက်စီကို စားရင်း ရေနွေးကြမ်းကို သောက်လျက် ကျန်ရစ်ခဲ့တော့သည်။

၎င်းတို့နှစ်ဦးသည် လမ်းအတန်ကြာ လျှောက်လာခဲ့ပြီးနောက်... ရုတ်တရက် နောက်ကွယ်မှ လူတစ်ဦး လိုက်ပါလာသည်ကို အာရုံခံမိလိုက်ကြသည်။

“ဖန့်ကြီး... အဲဒီသူတောင်းစား အသေးလေးက ငါတို့နောက်ကို တောက်လျှောက် လိုက်လာနေတယ်ဟ...”

ရှကျီက လှည့်ကြည့်ရင်း ပြောလိုက်သည်။

ဖန့်ချန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကလေးမလေးဘက်သို့ လှည့်ကြည့်လိုက်ရာ... ကလေးမလေးသည် ဖန့်ချန်ကို အလွန်အမင်း ကြောက်ရွံ့ရိုသေစွာဖြင့် စိုက်ကြည့်နေပေသည်။

ဖန့်ချန်သည် အတန်ကြာအောင် တွေးတောဆင်ခြင်လိုက်ပြီးနောက်... ရှကျီကို ပြုံး၍ ပြောလိုက်သည်။

“မင်း ငါ့အိမ်ကို အရင်ပြန်နှင့်ချင်နှင့်... ငါ တစ်နေရာကို ခေတ္တသွားပြီးမှ ချက်ချင်း ပြန်လာခဲ့မယ်...”

“ဒါဆိုရင်လည်း မြန်မြန်ပြန်လာခဲ့နော်... ငါ မင်းနဲ့အတူ ဖန်ဂေါ်လီလုံးတွေ ကစားချင်သေးတယ်...”

ရှကျီက ဆိုလိုက်သည်။

စကားဆုံးသည်နှင့်... သူသည် လှည့်ထွက်ကာ ဖန့်အိမ်တော် ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။ ထိုသို့ ထွက်ခွာသွားစဉ် ဖန့်ချန်၏ လက်ထဲမှ ဆီစက္ကူအိတ်ကို လှမ်းယူသွားရန်လည်း မမေ့လျော့ခဲ့ချေ၊ အရာအားလုံးက အလွန်အမင်း ကျွမ်းကျင်နှံ့စပ်နေသည့် အလား တကား။

“မင်းမှာ သွားစရာ နေရာမရှိဘူးလား...”

ဖန့်ချန်က ကလေးမလေး၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ မေးမြန်းလိုက်သည်။

ကလေးမလေးက ခေါင်းယမ်းပြလိုက်သည်။

“ဘယ်ကနေ ရောက်လာတာလဲ...”

ဖန့်ချန်က မေးလိုက်သည်။

“ဘေးဒုက္ခကနေ ထွက်ပြေးတိမ်းရှောင်လာတာပါ... အဖေနဲ့အမေကတော့ လမ်းမှာတင် သေဆုံးသွားခဲ့ပါပြီ...”

ကလေးမလေးက ဆိုလိုက်သည်။

“ငါ မင်းကို စားစရာ ပေးမယ်... မင်း နောက်နောင် ငါ့အတွက် အလုပ်အကျွေးပြုပေးမလား... ဘယ်လိုလဲ...”

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

“ဘာအလုပ်တွေ လုပ်ရမှာလဲဟင်...”

ကလေးမလေးက ဖန့်ချန်ကို အနည်းငယ် သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။

“စိတ်ချပါ... မကောင်းတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး...”

ဖန့်ချန်က လက်လှမ်း၍ ကလေးမလေး၏ ဆံပင်တိုလေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

မူလက မျက်ဝန်းထဲတွင် သံသယစိတ်များဖြင့် ပြည့်နှက်နေသော ကလေးမလေးသည်... ရုတ်တရက် ဤကဲ့သို့ နူးညံ့သိမ်မွေ့ပြီး နွေးထွေးလှသော အထိအတွေ့ကို ခံစားလိုက်ရသောအခါ... မျက်ဝန်းထဲရှိ သံသယစိတ်များ အားလုံးသည် ချက်ချင်းပင် လွင့်ပျယ် ပျောက်ကွယ်သွားခဲ့တော့သည်။

ဖန့်ချန်သည် ကလေးမလေးကို ခေါ်ဆောင်၍ မြို့တွင်း၌ လျှောက်လှမ်းလာခဲ့ရာ... လမ်းကြားအချို့ကို ဖြတ်ကျော်ပြီးနောက်တွင်မူ၊ တိတ်ဆိတ်အေးချမ်းလှသော အိမ်ရာဝင်းတစ်ခု၏ တံခါးရှေ့မှောက်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဖန့်ချန်က တံခါးကို ခေါက်လိုက်ရာ... ခဏအကြာတွင် တံခါးကြီး ပွင့်ဟသွားပြီး လူတစ်ဦး ခေါင်းပြူ၍ ထွက်ကြည့်လာသည်။ အလွန်အမင်း ငယ်ရွယ်နုပျိုသေးသည့် ရွှီကော သည် တံခါးဝ၌ ရောက်ရှိနေသူမှာ ဖန့်ချန် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ... အလျင်အမြန်ပင် တံခါးကြီးကို အပြည့်အဝ ဖွင့်လှစ်ပေးလိုက်ပြီး

“သခင်လေး...”

“ငါ ကလေးမလေးတစ်ယောက် ခေါ်လာတယ်...”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

ရွှီကောသည် ဖန့်ချန်၏ နောက်ကွယ်ရှိ ကလေးမလေးကို တစ်ချက်လှမ်းကြည့်လိုက်ရာ... မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားသော်လည်း ဘာမှတော့ မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ရှေ့မှ သခင်လေးသည် ဤကဲ့သို့သော ကိစ္စရပ်များကို မကြာခဏ ပြုလုပ်တတ်သဖြင့်... သူသည် ကျင့်သားရနေခဲ့ချေပြီ။

ဖန့်ချန်သည် ကလေးမလေးကို ခေါ်ဆောင်၍ အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက်... အသက်အရွယ် အနည်းငယ်ကြီးရင့်သော အမျိုးသမီးအချို့ကို ခေါ်ယူကာ ကလေးမလေးကို ရေချိုးသန့်စင်ပေးရန် စေခိုင်းလိုက်သည်။

သူကိုယ်တိုင်ကမူ... ရွှီကောနှင့်အတူ အရှေ့ဘက် ဧည့်ခန်းမဆောင်ကြီးဆီသို့ လျှောက်လှမ်းခဲ့တော့သည်။

ဧည့်ခန်းမဆောင်ကြီးအတွင်း၌... လူရိပ်ပေါင်း ဆယ်ဂဏန်းခန့် ထိုင်လျက် စောင့်ဆိုင်းနေကြပြီ ဖြစ်ရာ၊ ဖန့်ချန် ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ... ထိုသူအားလုံး၏ မျက်ဝန်းများတွင် အလွန်အမင်း ရိုသေကိုင်းညွတ်လှသော အရိပ်အယောင်များ ထင်ဟပ်သွားရသည်။

ဖန့်ချန် နေရာ၌ ဝင်ထိုင်ပြီးမှသာ... ၎င်းတို့သည်လည်း မိမိတို့၏ တင်ပါးများကို ကုလားထိုင်ပေါ်သို့ အသာအယာကပ်၍ မတ်မတ်လေး ထိုင်လိုက်ကြတော့သည်။

“သခင်လေး... မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှာ ချင်းစုန်းနိုင်ငံ ဘက်က လှုပ်ရှားမှုတွေက အဆက်မပြတ် ရှိနေပါတယ်၊ ကျန်တဲ့ နိုင်ငံတွေကလည်း သူတို့နဲ့ မကြာခဏ ဆက်သွယ်မှုတွေ ပြုလုပ်နေပြီး ကုန်သွယ်ရေး သွားလာမှုတွေ ရှိနေကြပါတယ်...။ ဒီရက်ပိုင်းအတွင်းမှာတင်... ကုဟယ် နဲ့ ချင်းစုန်း ကြားထဲမှာ ကုန်သွယ်ရေး လမ်းကြောင်းအသစ် သုံးခုကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ...”

“ကျွန်တော်တို့လူတွေ သွားရောက်စုံစမ်းကြည့်ရသလောက်... ဒီလမ်းကြောင်းတွေရဲ့ အမြတ်အစွန်းက အလွန်အမင်း ကြီးမားလှပြီး၊ အချိန်တိုအတွင်းမှာတင် မနည်းမနောလှတဲ့ စစ်စရိတ်တွေကို စုဆောင်းနိုင်မှာ ဖြစ်ပါတယ်...”

“သခင်လေး... ချင်းစုန်းနိုင်ငံက ကျွန်တော်တို့ကို စစ်မက်ပြုတော့မှာလားဟင်...”

လူတိုင်းက အစီရင်ခံစာများကို ဆက်တိုက်ဆိုသလို တင်ပြနေကြသည်ကို ကြားရသောအခါ... ဖန့်ချန်သည် စိတ်ထဲ၌ အနည်းငယ် တွက်ချက်ဆင်ခြင်လိုက်ပြီးနောက် ပြန်လည်၍ ဆိုလိုက်သည်။

“ချင်းစုန်းနဲ့ ငါတို့ကတော့... တစ်နေ့နေ့မှာ သေချာပေါက် စစ်ပွဲတစ်ခု ပြင်းပြင်းထန်ထန် ဆင်နွှဲရမှာပဲ၊ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာပဲ မသိရသေးတာ...။ ဒါကြောင့် လျှိုဝှက်အစောင့်အရှောက် တွေအနေနဲ့... သတင်းအချက်အလက် လမ်းကြောင်းတွေကို လက်ထဲမှာ မြဲမြံစွာ ဆုပ်ကိုင်ထားရမယ်၊ ဘယ်လိုအမှားအယွင်းမျိုးမျှ မရှိစေရဘူးဆိုတာကို အထူးသတိရပါ...။ တစ်ခါတရံမှာ မှားယွင်းတဲ့ သတင်းအချက်အလက် တစ်ခုတည်းကြောင့်နဲ့တင်... မဟာရှရဲ့ စစ်သည်တော် ရာနဲ့ချီ၊ သို့မဟုတ် ဒီထက်မကတဲ့ အသက်ပေါင်းများစွာ သေကြေပျက်စီးသွားရတတ်တယ်...”

လူတိုင်းက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်တွင် ရွှီကောက ပြုံး၍ မေးလိုက်သည်

“သခင်လေး... သခင်လေးရဲ့ ကိုယ်ခံပညာ ကျင့်ကြံခြင်းက... အခုချိန်မှာ ဘယ်လိုအဆင့်ကို ရောက်ရှိနေပြီလဲခင်ဗျာ...”

“ချီအမြုတေ အဆင့်ရောက်ဖို့... တစ်လှမ်းပဲ လိုတော့တယ်...”

ဖန့်ချန်က ဆိုလိုက်သည်။

လူတိုင်း၏ မျက်ဝန်းများတွင်... မချီးကျူးဘဲ မနေနိုင်လောက်အောင် လေးစားအားကျသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

မိမိတို့ရှေ့မှ ဖန့်အိမ်တော်၏ သခင်လေးသည်... အသက်အရွယ် ဘယ်လောက်ရှိသေးလို့လဲ။ ကျင့်ကြံခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာသေးလို့လဲ။

ယခုအချိန်တွင်မူ... ချီအမြုတေအဆင့်သို့ အနီးစပ်ဆုံး ရောက်ရှိနေပြီ ဖြစ်ရာ၊ တကယ်လို့ တစ်နေ့နေ့မှာ သူ တကယ့်ကို ချီအမြုတေအဆင့်ကို ဖောက်ထွက်သွားနိုင်ခဲ့မယ်ဆိုရင်... သူက မဟာရှရဲ့ ‘နံပါတ်တစ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး’ ဖြစ်လာပေလိမ့်မည်။

လူတိုင်း ခဏမျှ စကားစမြည် ပြောဆိုနေကြစဉ်... အမျိုးသမီးအချို့က ရေချိုးသန့်စင်ပေးပြီး၍ သပ်ရပ်လှပသွားသော၊ ရုပ်ရည်အလွန်အမင်း သန့်စင်ချောမောလှသည့် ကလေးမလေးကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ကလေးမလေး၏ မျက်နှာတွင်မူ အနည်းငယ် ကြောက်ရွံ့နေသည့် အမူအရာ ရှိနေဆဲ ဖြစ်သော်လည်း... ဖန့်ချန် ဤနေရာ၌ ရှိနေသည်ကို မြင်လိုက်ရသောအခါမှသာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်နိုင်ပြီး၊ ဖန့်ချန်၏ ဘေးနားသို့ သုတ်ခြေတင် ပြေးလွှားလာကာ ငြိမ်သက်စွာ မတ်တတ်ရပ်လိုက်တော့သည်။

လူတိုင်း၏ မျက်ဝန်းများတွင် ချက်ချင်းပင် နွေးထွေးလှသော အပြုံးရိပ်များ ထင်ဟပ်သွားရသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို... ၎င်းတို့အနေဖြင့် အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့ကြချေပြီ။

“မင်းနာမည်... ဘယ်လိုခေါ်လဲ...”

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

“ကျွန်မနာမည် ရှောင်ယွီ ပါ... အဖေနဲ့အမေကလည်း ကျွန်မကို ဒီလိုပဲ ခေါ်ကြတာ...”

ကလေးမလေးက ဆိုလိုက်သည်။

“ရှောင်ယွီ...”

ဖန့်ချန်က စိတ်ထဲ၌ ထိုနာမည်ကို အနည်းငယ် ရေရွတ်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

“နောက်နောင်... မင်း ဒီနေရာမှာပဲ နေထိုင်ရမယ်၊ ဒီက အစ်ကိုကြီးတွေ၊ အစ်မကြီးတွေက မင်းကို သေချာ စောင့်ရှောက်ပေးလိမ့်မယ်... ဒါပေမဲ့ မင်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်အသက်မွေးဝမ်းကျောင်းပြုနိုင်မယ့် အရည်အချင်းအချို့ကို အမြန်ဆုံး သင်ယူရမယ်နော်...”

“အစ်ကိုကြီးကော... ဒီမှာပဲ နေတာလားဟင်...”

ရှောင်ယွီက အသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။

“ငါကတော့... ရံဖန်ရံခါမှပဲ လာတတ်တာ...”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်ပြီးနောက်... လူတိုင်းကို အချို့သော ကိစ္စရပ်များကို ထပ်မံမှာကြားကာ၊ မတ်တတ်ရပ်၍ ထိုအိမ်ရာဝင်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။

သူသည် ထိုအိမ်ရာဝင်းကြီး၏ အပြင်ဘက်သို့ လှမ်းထွက်လိုက်သည့် အချိန်တွင်... ရုတ်တရက်ပင် ထူးခြားဆန်းပြားလှသော ခံစားချက်တစ်ခုသည် နှလုံးသားထဲသို့ တိုးဝင်လျှံတက်လာခဲ့တော့သည်။

‘စိတ်ဝင်စားဖို့ ကောင်းလိုက်တာ...’

ဖန့်ချန်၏ မျက်ဝန်းအစုံသည် ရုတ်တရက်ပင် သိသိသာသာ တောက်ပလင်းလက်သွားရပြီး... ဤပတ်ဝန်းကျင် တစ်ဝိုက်ရှိ မြင်ကွင်းများကို လှမ်း၍ ကြည့်လိုက်ရာ၊ မျက်ဝန်းထဲတွင် ထူးခြားဆန်းပြားလှသော ပြုံးရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

ကျိုရွှမ်နယ်ပယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင်... သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် အရာအားလုံးကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဤအခြေအနေက...မိစ္ဆာဘေးဒုက္ခ နှင့် အလွန်အမင်း ဆင်တူလှပေသည်။ တကယ်လို့ မိမိ၏ မှတ်ဉာဏ်များ ပြန်လည်မရရှိခဲ့ဘူးဆိုလျှင်... ဖြစ်နိုင်သည်မှာ ဤနေရာအတွင်း၌ အဆုံးမရှိသော သံသရာ အလီလီ လည်လျက်၊ မိမိကိုယ်ကိုယ် မည်သူဖြစ်ကြောင်းကို မေ့လျော့ကာ၊ မိမိ ဘာလုပ်ရမည်ကိုပါ လုံးဝ သတိမရတော့ဘဲ ဖြစ်သွားနိုင်ပေသည်။

...

...

နှစ်ပေါင်း နှစ်ရာဟူသော အချိန်ကာလသည်... မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့ချေပြီ။

နယ်မြေကိုးခု ၏ အနက်ရှိုင်းဆုံးနေရာတွင်... မော်ထျန်းတီကျန့်သည် ယင်စစ်သည်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ... ဤနေရာ၌ အလွန်အမင်း ကြီးမားလှသော အစီအရင်ကြီးတစ်ခုကို တည်ဆောက်နေပေသည်။

ဤအစီအရင်ကြီးသည်... ကြယ်တာရာပေါင်း ကိုးဆယ့်ကိုးစင်းကို အစီအရင်အလံများအဖြစ် အသုံးပြုထားခြင်း ဖြစ်ပြီး၊ အစီအရင်ကြီး စတင်ဖွဲ့စည်းတည်ဆောက်ပြီးစီးသွားသည့် အချိန်တွင်မူ... အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးကြီးတစ်ခုသည် အရပ်မျက်နှာ အနှံ့အပြားသို့ ဗုန်းခနဲ ရိုက်ခတ်လွင့်ပျံသွားတော့သည်။

ထိုပတ်ဝန်းကျင် အနီးနားရှိ ကျင့်ကြံသူများသည်... မိမိတို့ မည်သည့်အရာကို ပြုလုပ်နေကြပါစေဦးတော့၊ စိတ်ထဲ၌ ထိုထူးခြားမှုကို အာရုံခံမိသွားကြသဖြင့် ခေါင်းကို မော့၍ ကောင်းကင်ယံကြီးကို လှမ်းကြည့်လိုက်ကြရာ... မျက်နှာထက်တွင် ဝေခွဲမရဖြစ်ကာ မှင်သက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်နေကြတော့သည်။

“ငရဲကြင်ယာတော်... ဒီနေရာအကြောင်းကို အဘိုးကြီးတို့အဖွဲ့ကို တကယ်ပဲ တစ်ချက်လောက် အသိမပေးတော့ဘူးလား...”

ရှကျီသည် မော်ထျန်းတီကျန့် ၏ ဘေးနားတွင် မတ်တတ်ရပ်နေရင်း... အသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။

“သိတဲ့လူ များလေလေ... ဒီနေရာက ပိုပြီးတော့ မလုံခြုံလေလေပဲ...၊ ငါ့ရဲ့ အခြေခံအုတ်မြစ်က အခုချိန်မှာ လုံလောက်နေပြီမလို့၊ မကြာခင်မှာပဲ တာအိုကို သက်သေပြ နိုင်တော့မယ်... ဒါပေမဲ့ ဒီလို တာအိုသက်သေပြတဲ့ လုပ်ငန်းစဉ်အတွင်းမှာ... ဘယ်သူ့ရဲ့ နှောင့်ယှက်မှုကိုမျှ ခံလို့မရဘူး...။ တကယ်လို့ ပြင်ပရန်သူ တွေ ရောက်ရှိလာခဲ့ရင်... သူတို့လည်း ငါ တာအိုသက်သေပြနေတဲ့ ကိစ္စကို သေချာပေါက် သိရှိသွားကြလိမ့်မယ်၊ အဲဒီအခါ ငါ့ရဲ့ တာအိုလမ်းစဉ်ကို ဖြတ်တောက်ဖို့ နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားကြလိမ့်မယ်...”

မော်ထျန်းတီကျန့် က အေးစက်တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

“အတိတ်က ကိစ္စရပ် ဖြစ်ပွားခဲ့တာ... အခုဆိုရင် နှစ်ပေါင်း ရာချီ ကုန်လွန်သွားခဲ့ပြီ၊ ငါ့ရဲ့ တွက်ချက်မှုအရ ဆိုရင်... တစ်ဖက်လူကလည်း ဒီနေရာကို ရှာဖွေတွေ့ရှိဖို့ သိပ်မလိုတော့ဘူး...”

“မင်းကတော့... အဘိုးကြီးတို့ကိုတောင် လုံးဝ ယုံကြည်မှုမရှိဘူးပဲ...”

ရှကျီက ပြုံးလိုက်မိပြီး... ဘာမှထပ်မပြောတော့ဘဲ

“ငါ့ရဲ့ လျှိုဝှက်အစောင့်အရှောက်အဖွဲ့ကတော့... ဒီအချိန်အတွင်းမှာ မင်းအတွက် အရပ်မျက်နှာအနှံ့က အခြေအနေတွေကို သေချာ စုံစမ်းထောက်လှမ်းပေးထားမယ်၊ တကယ်လို့ တစ်ခုခု ထူးခြားတာနဲ့... မင်းကို ချက်ချင်း အသိပေးလိုက်မယ်...”

“ငါ့ကို အသိပေးဖို့ မလိုတော့ပါဘူး... အဲဒီအချိန်ကျရင် ငါကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး၊ ကိစ္စကို သိရှိသွားခဲ့ရင်တောင်... ဝင်ရောက်စွက်ဖက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး...”

မော်ထျန်းတီကျန့် က သက်ပြင်းချကာ ပြုံးလိုက်ပြီး

“တကယ်လို့ အဲဒီအချိန်ကို တကယ်ပဲ ရောက်ရှိလာခဲ့မယ်ဆိုရင်... မင်းအနေနဲ့ ငါ့ရဲ့ ခင်ပွန်းကိုသာ... အမြန်ဆုံး ပြန်ခေါ်ပေးပါတော့...”

All Chapters