အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) စက်ရုံ
"ရှယ်ယာပြန်ထုတ်ချင်ကြတာလား"
ချန်ရှင်းသည် အသံမကျယ်လှသော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။
"ရတယ်လေ... ပြန်ထုတ်ချင်တဲ့သူတိုင်း တောအုပ်စီမံခန့်ခွဲရေးမှူးဆီသွားပြီး လက်မှတ်ထိုးလိုက်ကြ။ မူရင်းရင်းနှီးငွေကို မူရင်းအတိုင်း ပြန်အမ်းပေးမယ်။ အတိုးဆိုတာ လုံးဝ မရှိဘူး..."
လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အော်ဒါကို ဖျက်သိမ်းလိုက်လျှင် ငွေမဆုံးရှုံးသော်လည်း ပြီးခဲ့သည့် လအနည်းငယ်အတွင်း ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သမျှမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
"သူ့စကားကို ယုံမနေနဲ့..."
အဒေါ်ဝမ်က လူအုပ်နောက်ကွယ်မှ အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။
"သူ့မှာ အပြစ်ရှိနေလို့ပဲ... လူတွေရဲ့ငွေကိုသုံးပြီး သူ့အရှုံးတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ။ အသားထုတ်လုပ်ရေးစက်ရုံက တစ်ကောင်ကို (၂၅) ပြားပဲ ပေးတာ... အဲဒီငွေက လူတိုင်းခွဲဝေဖို့ လုံးဝ မလုံလောက်ဘူး..."
ထိုအော်ဟစ်သံက မီးစကို ရေလောင်းမည့်အစား ဆီလောင်းလိုက်သလို ဖြစ်သွား၏။ ချန်ရှင်း၏ မျက်လုံးများက လျှပ်တစ်ပြက် တောက်ပသွားကာ လူအုပ်ထဲမှ အဒေါ်ဝမ်ကို ချက်ချင်းပင် အမိအရ ရှာတွေ့သွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် အဒေါ်ဝမ်၏ အော်ဟစ်သံကို လျစ်လျူရှုလိုက်ပြီးနောက် သံဗူးတစ်ခုကို လှမ်းယူလိုက်သည်။ ထိုအရာမှာ ခေတ်သစ်ကမ္ဘာမှ သူဝယ်ယူလာသည့် ဝက်သားနီချက် စည်သွပ်ဗူးပင် ဖြစ်သည်။
"အသားထုတ်လုပ်ရေးစက်ရုံက ငါတို့ဝက်တွေကို မလိုချင်ဘူးပေါ့... ဈေးနှိမ်ချင်နေတာလား"
ချန်ရှင်းသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး သံဗူးအဖုံးပေါ်ရှိ ဆွဲကွင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
"ဒါဆိုရင် ငါတို့ဘာသာ ငါတို့ လုပ်လိုက်မယ်..."
"လောကကြီးက ကျယ်ဝန်းပါတယ်။ ချင်းရှန်းခရိုင်နဲ့ အသားထုတ်လုပ်ရေးစက်ရုံထက် ပိုမိုကျယ်ပြန့်တဲ့ လောကကြီး ရှိနေသေးတယ်..."
စကားပြောအပြီးတွင် သူ၏ လက်ချောင်းများက ရုတ်တရက် တင်းကြပ်သွားသည်။
“ကျွီ..."
သတ္တုပွတ်တိုက်သံနှင့်အတူ အဖုံးပွင့်သွားသည့်အခါ စားချင်စဖွယ် မွှေးရနံ့များ လွင့်ပျံ့လာ၏။ ခေတ်မီနည်းပညာဖြင့် ပြုပြင်ထုတ်လုပ်ထားသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ပဲငံပြာရည်တို့၏ အနံ့၊ ထိုခေတ်ကာလတွင် အလွန်တန်ဖိုးကြီးလှသော ဆီ၏ မွှေးရနံ့တို့က ရောထွေးနေသည်။ ရှေ့ဆုံးတန်းတွင် ငိုနေသော ကလေးငယ်တစ်ယောက်မှာ ရုတ်တရက် ငိုသံရပ်သွားပြီး နှာခေါင်းကို တစ်ရွရွလုပ်ကာ တံတွေးများ တမြားမြား ကျလာတော့သည်။
ဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တံတွေးမြိုချသံများသာ တစ်စက်စက် ထွက်ပေါ်နေ၏။ ဒေါသများနှင့် သံသယများအားလုံးသည် ဤစားချင်စိတ်ကို နှိုးဆွလိုက်သော အနံ့ဆိုးတို့ကြောင့် ပျောက်ကွယ်သွားရလေသည်။
"ဘာ... ဘာတွေဖြစ်ကုန်တာလဲ..."
ရှေ့ဆုံးမှ အဒေါ်လျိုမှာ ချန်ရှင်းလက်ထဲမှ စည်သွပ်ဗူးကို မှင်သက်လျက် ကြည့်နေမိသည်။ ချန်ရှင်းသည် အနည်းငယ် ပြုံးလိုက်ပြီး တူဖြင့် ဝက်သားနီချက် တစ်တုံးကို ညှပ်ယူလိုက်သည်။
ဝက်သားတုံးများက နေရောင်အောက်တွင် တလက်လက် တောက်နေပြီး အသားနှင့် အဆီမှာ အချိုးကျနေ၏။ ဟင်းအနှစ်များဖြင့် ဖုံးလွှမ်းနေသော အသားတုံးများက မြင်ရသူအဖို့ တံတွေးမျိုချစရာ ကောင်းလွန်းလှသည်။ သူသည် ထိုအသားတုံးကို တံတွေးကျနေသော ကလေးငယ်အား ကမ်းပေးလိုက်၏။
"စားကြည့်..."
ကလေးငယ်က ပါးစပ်ကို ဟပြီး တစ်လုပ်တည်း မြိုချလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကလေး၏ မျက်လုံးများ ပြူးကျယ်သွားကာ အရသာအလွန်ကောင်းလွန်းသဖြင့် အံ့အားသင့်သွားဟန် ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ငိုချလိုက်ပြန်၏။
"အရမ်းအရသာရှိတယ်... ဝါး... အရမ်းကောင်းတယ် အမေ... သား ဒါကို စားချင်တယ်... နောက်ထပ် ပိုစားချင်တယ်..."
ဤသို့ စစ်မှန်သော တုံ့ပြန်မှုက မည်သည့် ကြော်ငြာထက်မဆို ပို၍ ထိရောက်သည်။ ချန်ရှင်းက စည်သွပ်ဗူးကို မြှောက်ပြလိုက်ပြီး ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့်…
"ဒါက ငါတို့ရဲ့ လမ်းကြောင်းပဲ..."
"အသားထုတ်လုပ်ရေးစက်ရုံက မလိုချင်ဘူးလား... ငါတို့ဘာသာ ငါတို့ စက်ရုံ တည်ဆောက်မယ်။ ဒီလို စည်သွပ်ဗူးမျိုးတွေကို ထုတ်လုပ်မယ်။ ဒီအရာတွေက မပျက်စီးဘဲ သုံးနှစ်အထိ ခံတယ်။ ပြည်နယ်မြို့တော်ကို ရောင်းမလား၊ နိုင်ငံခြားသားတွေကို ရောင်းမလား... ဒါတွေက နိုင်ငံခြားငွေရမယ့် ပစ္စည်းတွေပဲ..."
"နိုင်ငံခြားသားတွေက ဒါကို လန်ချွန်းအသားလို့ ခေါ်ကြပေမဲ့ ငါတို့က ဒါထက် ပိုကောင်းအောင် လုပ်မယ်။ ငါတို့က အဲဒီအနည်းအကျဉ်းသာရှိတဲ့ အကြွေစေ့တွေကို ရှာနေမှာ မဟုတ်တော့ဘူး... ကမ္ဘာတစ်ဝန်းလုံးကနေ နိုင်ငံခြားငွေတွေကို ဆွဲယူကြမယ်..."
“ဝိုး…"
လူအုပ်ကြီးဆီမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အရင်က စိုးရိမ်မှုများနှင့် ထိတ်လန့်မှုများမှာ ပျောက်ကွယ်သွားပြီး ရူးသွပ်လုနီးပါး စိတ်အားထက်သန်မှုများဖြင့် အစားထိုးဝင်ရောက်လာ၏။
စက်မှုလုပ်ငန်းကွင်းဆက် သို့မဟုတ် နက်ရှိုင်းစွာ ပြုပြင်ထုတ်လုပ်ခြင်းဆိုသည်ကို နားမလည်ကြသော်လည်း စည်သွပ်ဗူး၏ မွှေးရနံ့က ချန်ရှင်းနောက်ကို လိုက်လျှင် အသားစားရမည်ဟူသော အချက်ကို သေချာစေလိုက်သည်။
"အကြံပေးချန်... ကျွန်တော် ရှယ်ယာ မထုတ်တော့ဘူး သေပါစေတော့ ရှယ်ယာ မထုတ်ဘူး..."
"နောက်ပြန်ဆုတ်ဖို့ ရဲတဲ့သူက လူမိုက်ပဲ။ ငါတို့ စက်ရုံ တည်ဆောက်ကြမယ်... နိုင်ငံခြားငွေ ရှာကြမယ်..."
ချန်ရှင်းသည် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်သန်းလာသော လူအုပ်ကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
အသားထုတ်လုပ်ရေးစက်ရုံက တစ်ဦးတည်းမူပိုင်အဖြစ် ကစားချင်နေမှတော့ စားပွဲခုံကို မှောက်လှန်ပစ်လိုက်ပြီး ဘယ်မှသွားစရာမရှိအောင် လုပ်လိုက်သည့်အတွက် ငါ့ကို အပြစ်မတင်ပါနဲ့တော့။
မွန်းလွဲပိုင်းတွင် ချန်ရှင်းသည် စက်ပစ္စည်းကိရိယာများ ဆွေးနွေးရန် ပြည်နယ်မြို့တော်သို့ သွားမည်ဟူသော အကြောင်းပြချက်ဖြင့် ဂျစ်ကားကို မောင်းနှင်ထွက်ခွာသွားသည်။ ကားသည် လူသူကင်းမဲ့သော တောင်ကြားတစ်ခုသို့ ကွေ့ဝင်သွားပြီးနောက် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်ကာ ချန်ရှင်း အကြံတစ်ခု ရသွား၏။ တံခါးပေါက် ပွင့်လာပြီး ရင်းနှီးသလိုလိုနှင့် မရင်းနှီးလှသော ခေတ်သစ်ကမ္ဘာက သူ၏ မျက်စိရှေ့တွင် ပြန်လည် ပေါ်လာသည်။
ဤတစ်ခေါက် ပန်းတိုင်မှာ ရှင်းလင်းလှသည်။ ထုတ်လုပ်မှုလိုင်းတစ်ခု ဖြစ်၏။ အလိုအလျောက် စက်ရုပ်လက်တံများကို မလိုအပ်ပါ... ၁၉၇၀ ခုနှစ်တွင် ထိုအရာများမှာ အလွန်ကြောက်စရာကောင်းလွန်းပြီး ရှင်းပြရန်လည်း ခက်ခဲလွန်းသည်။
သူလိုအပ်သည်မှာ နှစ်ချက်၊ သုံးချက်လောက် ကန်လိုက်လျှင်ပင် ဆက်လက် လည်ပတ်နိုင်မည့် ခိုင်ခံ့သော စက်ပိုင်းဆိုင်ရာ ကိရိယာများဖြစ်သည်။ ချန်ရှင်းသည် ဒေဝါလီခံရန် ပြင်ဆင်နေသော ဆင်ခြေဖုံးရှိ စက်ရုံဟောင်းတစ်ခုနှင့် အဆက်အသွယ် ရသွားသည်။ စက်ရုံပိုင်ရှင်မှာ ထိပ်ပြောင်ပြောင်နှင့် အသက်အရွယ်ရနေသော အမျိုးသားတစ်ဦးဖြစ်ပြီး ချန်ရှင်းကို သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးကို မြင်တွေ့ရသကဲ့သို့ ကြည့်နေသည်။
"ညီလေး... ဒီထုတ်လုပ်မှုလိုင်းက သက်တမ်းဆယ်နှစ်ရှိပြီ၊ ဒါပေမဲ့ ကောင်းကောင်း ထိန်းသိမ်းထားတာပါ။ အသားလှီးစက်၊ အပူပေးအိုး၊ စည်သွပ်စက်၊ ပိုးသတ်စက်... အကုန်ပါပါတယ်။ တကယ်စိတ်ဝင်စားရင် သံတိုသံဟောင်းဈေးနဲ့ပဲ ယူသွားလိုက်တော့..."
ချန်ရှင်းသည် ဧရာမစက်ကြီးကို ပတ်ကြည့်လိုက်သည်။ ကြီးမားထွားကျိုင်းပြီး ကြမ်းတမ်းခိုင်ခံ့သော ဆိုဗီယက်စတိုင် စက်မှုဒီဇိုင်းမှာ သူ၏ အရသာနှင့် အလွန်ကို ကိုက်ညီသည်။
"အားလုံးယူမယ်..."
အပိုစကားမပြောတော့ဘဲ အကြံပေးချန်က ငွေကို ချက်ချင်း လွှဲပေးလိုက်သည်။ စက်ရုံပိုင်ရှင်မှာ အလွန်ဝမ်းသာသွားကာ နည်းပညာရှင်များကို ခေါ်ပြီး စက်ပစ္စည်းများကို ဖြုတ်သိမ်းကာ အကြံပေးချန် သတ်မှတ်ပေးသည့် နေရာသို့ ပို့ဆောင်ခိုင်းတော့သည်။ ချန်ရှင်းသည် စက်ပစ္စည်းများကို ကြည့်၍ စိတ်ကျေနပ်စွာဖြင့် အလယ်အလတ်အဆင့် ရုပ်ဖျက်ခြင်းကို စတင်လိုက်သည်။
နှစ်ရက်ကြာသော်…
ပြည်နယ်မြို့တော် လိုင်စင်နံပါတ်ပြားတပ်ထားသော ကုန်တင်ကားကြီးများ ချင်းရွှေရွာသို့ ရောက်ရှိလာသည်။ ကားများ မရပ်ခင်ကပင် ချန်အယ်တန့်က အော်ဟစ်ပြေးလာသည်။
"ရောက်ပြီ... ရောက်ပြီ... အကြံပေးချန် ယူလာတဲ့ သံတုံးကြီးတွေ ရောက်လာပြီ..."
ရွာသူရွာသား အကုန်လုံးနှင့်အတူ အလည်လာသော လီကျားရွာသားများမှာလည်း ဝိုင်းအုံလာကြသည်။ ကားပေါ်ရှိ ပတ္တူစကို မလိုက်သည့်အခါ နေရောင်အောက်တွင် ဖြုတ်သိမ်းထားသော သံမဏိအစိတ်အပိုင်းများ ထွက်ပေါ်လာ၏။
"ကောင်းကင်ဘုံရေ... ဒါတွေက စည်သွပ်ဗူးလုပ်တဲ့ စက်တွေလား..."
အဒေါ်လျူက လက်ထဲမှခြင်းတောင်းကို လွှတ်ချလိုက်မိသည်။ ချန်ရှင်းသည် ကားပေါ်မှ ခုန်ချလာပြီး ကြီးမားသော ပိုးသတ်ကန်ကြီးကို ပုတ်လိုက်ရာ "ဒေါင်" ဟူသော အသံမြည်လာသည်။
"ဟုတ်ပါတယ်..."
ချန်ရှင်း၏ အကြည့်တို့က လူအုပ်ကို ကျော်လွန်သွားပြီး မကြာသေးမီကမှ ရောက်လာသော စုဝမ်ထံသို့ ရောက်သွားသည်။ စုဝမ်သည် ဤကြီးမားသော စက်ကြီးများကို စူးစမ်းနေ၏။ ချန်ရှင်းက လမ်းလျှောက်သွားပြီး ကားများကို ညွှန်ပြလိုက်သည်။
"မစ္စစု... မင်းအဖေကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ မင်းရဲ့ အဆက်အသွယ်တွေသာမပါရင် ချင်းရွှေရွာမှာ ရွှေတွေငွေတွေ တောင်ပုံရာပုံ ရှိနေရင်တောင် ဒီလို ဂျာမနီလုပ် စက်ပစ္စည်းတွေကို ဝယ်နိုင်မှာ မဟုတ်ဘူး..."
စုဝမ်မှာ အံ့အားသင့်သွားသည်။ သူမ၏ လှပသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး ချန်ရှင်း၏ လေးနက်သယောင်နှင့် အဓိပ္ပာယ်မဲ့သော စကားလုံးများကို နားထောင်ရင်း နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
*ဒီလူလိမ်က ငါ့ကို ဒိုင်းကာအဖြစ် ထပ်သုံးပြန်ပြီ*
"ဒါပေါ့..."
စုဝမ်က မင်းသမီးလေးတစ်ယောက်လို မေးစေ့ကို မော့လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
"ကျွန်မ အဖေ ပြောတာကတော့ ဒီစက်တွေနဲ့ ညီမျှတဲ့ စက်ရုံမျိုး တရုတ်ပြည်မှာ ရှာရခက်တယ်တဲ့။ အကြံပေးချန်မှာ ဒီလောက် ရဲရင့်တဲ့ စိတ်ကူးရှိနေတာတော့ ကျွန်မတို့ စုမိသားစုကလည်း ကူညီရမှာပေါ့..."
ဤစကားက ကိစ္စရပ်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။ ရွာသားများက စုဝမ်ကို ကြည့်သည့် အကြည့်များ ချက်ချင်း ပြောင်းလဲသွားကာ သူမအား ဓနနတ်မင်းကဲ့သို့ ရိုသေလေးစားစွာ ကြည့်နေကြတော့သည်။
“ဂျာမနီက တင်သွင်းလာတာတဲ့လား…”
ထိုခေတ်မှာ "နိုင်ငံခြားတင်သွင်း" ဟူသော စာတန်းပါလျှင် အရည်အသွေးမြင့်မားသည်ဟု အလိုအလျောက် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် စက်ရုံယာယီအဆောက်အအုံ၌…
ချန်ရှင်းသည် ချန်အယ်တန့်နှင့် ရွာထဲမှ ထက်မြက်သော လူငယ်အချို့နှင့်အတူ စက်များကို တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းများ စတင်လုပ်ဆောင်သည်။ မီတာဆယ်ဂဏန်းရှည်လျားသော အနက်ရောင် ရော်ဘာခါးပတ် စက်ပစ္စည်းများ လည်ပတ်လာချိန်၊ အိမ်တစ်လုံးစာလောက် ကြီးမားသည့် ပိုးသတ်ကန်ကြီးကို တည်ဆောက်ပြီးစီးချိန်တွင် စောင့်ကြည့်နေကြသော ရွာသားများမှာ စကားပင် မပြောနိုင်တော့ပေ။
ဤသည်က ဖန်လုံအိမ်လည်း မဟုတ်သလို ကြက်ခြံလည်း မဟုတ်။
ဤသည်က စက်ရုံတစ်ခု...
မြို့နေလူတန်းစားများသာ ပိုင်ဆိုင်သော စက်ရုံတစ်ခု ဖြစ်ပေသည်။