အခန်း ၁၉၃
Vol. 19 Ch. 193
အခန်း (၁၉၃) တစ်လပြည့် မွေးနေ့ပွဲ
မိနစ်သုံးဆယ်အကြာတွင်…
ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဝါး—"
မကြာမီမှာပင် ထိုမျှ တည်ကြည်ရှင်းလင်းသော ဒုတိယအော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ဝါး—ဝါး—"
မီးဖွားခန်း တံခါးမှာ ကျယ်လောင်စွာ ပွင့်သွားသည်။ ချန်ရှင်း၏ အမူအရာကြောင့် ကြောက်လန့်နေခဲ့သော သူနာပြုမှာ အပြင်သို့ ပြေးထွက်လာပြီး မျက်နှာဖုံးကို ချွတ်လိုက်ကာ ဝမ်းသာလွန်း၍ အသံများပင် တုန်ယင်နေသည်။
"မွေးပြီ… မွေးပြီ…”
"သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်…အမွှာပူးတွေ မိခင်နဲ့ ကလေးတွေ အကုန် အန္တရာယ်ကင်းတယ်”
ထိုစကားလုံးများမှာ ကောင်းကင်ဘုံမှ တေးသွားများကဲ့သို့ပင်။ စင်္ကြံလမ်းတွင် ချန်အယ်တန့်မှာ ရုတ်တရက် ခုန်ပေါက်လိုက်ပြီး ရယ်မောရင်း မျက်ရည်များပါ ကျလာသည်။ လင်းရှို့ရှို့မှာလည်း မျက်ရည်များဖြင့်ပင် လက်အုပ်ချီကာ နတ်ဘုရားတို့၏ ကောင်းချီးပေးမှုကို အဆက်မပြတ် ဆုတောင်းနေတော့သည်။
ချန်ရှင်းကား…
သူသည် အလေးချိန် ရာဂဏန်းရှိသော တောဝက်ကို တိုက်ရိုက် ရင်ဆိုင်ဝံ့သူ၊ ကျားကို မြင်လျှင်ပင် မျက်တောင်မခတ်သူ၊ ရွာသား ရာပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင် စားပွဲကိုပင် မှောက်နိုင်သူဖြစ်သည်။
သို့သော် "မိခင်နှင့် ကလေးများ အန္တရာယ်ကင်းသည်" ဟူသော စကားကို ကြားလိုက်ရသည့် ထိုအချိန်တွင်...
သူ၏ ခြေထောက်များမှာ ပျော့ခွေသွားသည်။ သူသည် နံရံကိုမှီကာ ရွှံ့များပေကျံနေသော မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ အနက်ရောင် ရွှံ့များဖြင့် ပေကျံနေသော လက်ဖဝါးနှစ်ဖက်ထဲသို့ သူ၏ ခေါင်းကို နက်ရှိုင်းစွာ မြှုပ်ထားလိုက်ပြီး သူ၏ ပခုံးများမှာ ပြင်းထန်စွာ တုန်ယင်နေတော့သည်။
သူ ပြန်ရှင်သန်လာပြီ။ သူတို့အားလုံး ပြန်ရှင်သန်လာကြပြီ။
ခရိုင်ဆေးရုံ။
ခြောက်ယောက်ခန်း အဆောင်ကြီးတွင် ရွှီချင်းချင်းမှာ အိပ်ပျော်ကာစသာ ရှိသေးရာ ဘေးကုတင်မှ ကလေးငိုသံကြောင့် နိုးလာရသည်။ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး မောပန်းနွမ်းနယ်နေဟန် ရှိသည်။
ချန်ရှင်းမှာ ဆေးရုံအုပ်ကြီးကို ရုံးခန်းထဲတွင် စကားအနည်းငယ် ပြောဆိုလိုက်သည်။ ဆယ်မိနစ်ပင် မကြာလိုက်ခင်မှာပင် ရွှီချင်းချင်းကို ဆေးရုံ၏ တစ်ခုတည်းသော VIP အဆောင်နှစ်ခုထဲမှတစ်ခုသို့ ပြောင်းရွှေ့ပေးလိုက်သည်။
သီးသန့် ရေချိုးခန်းပါသော တစ်ယောက်ခန်း။
ချန်ရှင်းမှာ ထိုနေရာကို အိမ်ကဲ့သို့ဖြစ်အောင် ပြင်ဆင်ထားသည်။ ပျော့ပျောင်းသော ခေါင်းအုံးများ၊ သန့်စင်သော ချည်သား အိပ်ရာခင်းများနှင့် အထူစား အလင်းကာ ကုလားကာ နှစ်ထပ်... ပြတင်းပေါက်တွင် တပ်ဆင်လိုက်သည်နှင့် အခန်းမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်းချမ်းသွားပြီး ကမ္ဘာတစ်ခု အသွင်ပြောင်းသွားတော့သည်။
နောက်ရက်များတွင် ချန်ရှင်းမှာ ထိပ်တန်း မီးဖွားပြီးစ ပြုစုစောင့်ရှောက်သူအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။
"အကြံပေးချန်… အနှီးတွေကို ကျွန်မ လျှော်ပေးပါ့မယ် ရှင် နားပါတော့"
လင်းရှို့ရှို့က ချန်ရှင်း ကလေးအနှီး လဲပေးတော့မည်ကို မြင်သဖြင့် အမြန်ပင် ရှေ့သို့တိုးကာ ယူရန် ပြင်သည်။ ချန်ရှင်းမှာမူ ဘေးသို့ ရှောင်လိုက်ပြီး လက်ထဲရှိ ချည်သားကဲ့သို့ နူးညံ့သောအရာကို ကိုင်ထားသည်။
"အစ်မ..မလျှော်ရပါဘူး"
ချန်ရှင်းမှာ အိတ်ကို ကျွမ်းကျင်စွာ ဖောက်လိုက်ပြီး ကလေး၏ တင်ပါးအောက်တွင် ထားကာ ဘေးနှစ်ဖက်မှ ကော်ကပ်လိုက်သည်။ ပြီးသွားပြီ။
လင်းရှို့ရှို့မှာ အံ့ဩသွားသည်။
“ဒါ... ဒါ စက္ကူလေ.. ဆီးစိုသွားရင် မရွဲသွားဘူးလား"
ချန်ရှင်းမှာ ပြုံးလိုက်ပြီး ဘာမျှမရှင်းပြဘဲ အနှီးပေါ်သို့ ရေတစ်ခွက် လောင်းချလိုက်သည်။ ရေစက်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိတွေ့လိုက်လျှင် ခြောက်သွေ့သန့်ရှင်းနေကာ ပြန်မစိုစွတ်ပေ။ လင်းရှို့ရှို့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်မှာ ကြက်ဥတစ်လုံးတောင် ဆံ့နိုင်လောက်အောင် ဖြစ်သွားသည်။
ကလေးတွေကို ပြုစုရုံသာမက ချန်ရှင်း၏ ဟင်းချက်လက်ရာမှာလည်း မီးဖွားနှင့် သားဖွားဌာနတစ်ခုလုံးကို အံ့ဩသွားစေသည်။ နေ့တိုင်း မတူညီသော မီးဖွားပြီးစ အာဟာရဟင်းလျာများကို သူ ပြင်ဆင်သည်။ ငါးခေါင်းနှင့် တို့ဖူးဟင်းရည်ကို နို့နှစ်ရောင်သမ်းသည်အထိ ချက်ပြုတ်ပြီး၊ စပျစ်သီးခြောက်နှင့် ဆန်ပြုတ်မှာလည်း ချိုမြိန်နူးညံ့လှသည်။ သူ နာမည်မသိသော ပုလင်းများထဲမှ ဆေးများကိုလည်း ချန်ရှင်းက ဆေးကဲ့သို့ပင် ရွှီချင်းချင်းကို တိုက်ကျွေးသည်။
ရွှီချင်းချင်းမှာ မီးနေထိုင်ခြင်းပြီး၍ ကလေးကို ပွေ့ချီကာ အခန်းထဲမှ ထွက်လာသောအခါ စင်္ကြံလမ်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အခြားသော မိခင်များမှာ မီးနေထိုင်ခြင်းပြီးလျှင် ဝလာကြသည် သို့မဟုတ် မျက်နှာညှိုးနွမ်းပြီး ဆံပင်များ ခြောက်သွေ့နေတတ်ကြသည်။
ရွှီချင်းချင်းကား…
သူမ၏ အသားအရေမှာ အခွံခွာထားသော ကြက်ဥကဲ့သို့ တောက်ပနေပြီး ပါးပြင်မှာလည်း နီမြန်းနေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားခြင်း မရှိသည့်အပြင် နို့တိုက်ရသဖြင့် နေရာတကျ ပို၍ ကျစ်လျစ်လာပြီး ခါးမှာလည်း သေးသွယ်နေဆဲပင်။ မဖော်ပြနိုင်သော ဆွဲဆောင်မှုများကြောင့် သူမမှာ ငယ်စဉ်ကထက်ပင် ပိုမို လှပနေလေသည်။ လူနာစောင့် ယောက်ျားများမှာ မယုံနိုင်စွာ ငေးကြည့်နေမိကြပြီး ၎င်းတို့၏ ဇနီးများက ပြင်းပြင်းထန်ထန် ဆိတ်လိုက်မှသာ သတိပြန်ဝင်လာကြသည်။ ငယ်ရွယ်သော ဇနီးသည်များနှင့် မိန်းကလေးများမှာ မနာလိုလွန်း၍ မျက်လုံးများပင် နီရဲလာကြပြီး၊ ကိုယ့်ယောက်ျားများကို ကန်ထုတ်ကာ ချန်ရှင်းနှင့် အစားထိုးချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
တစ်ဖက်တွင် အထုပ်ကြီးများ ကိုင်ကာ တစ်ဖက်တွင် တောက်ပလှပသော ဇနီးကို တွဲလျက် ချန်ရှင်းမှာ ခေါင်းကို မော့ကာ ဂုဏ်ယူဝံ့ကြွားစွာ ဆေးရုံမှ ထွက်လာသည်။
【ဒင်… စွမ်းအင် +1000】
ကလေး တစ်လပြည့်သောနေ့တွင် ချင်းရွှေရွာမှာ မကြုံဖူးလောက်အောင် စည်ကားနေသည်။ ချန်မိသားစု၏ အိမ်ဝင်းမှာ မီးအိမ်များနှင့် ရောင်စုံ ပိတ်စများဖြင့် တန်ဆာဆင်ထားပြီး သစ်ပင်ထိပ်များတွင် အနီရောင် ပိုးဖဲကြိုးများ ချိတ်ဆွဲထားသည်။ စားပွဲပေါင်း တစ်ရာကျော်ဖြင့် ချန်မိသားစု တံခါးမှသည် ရွာအဆုံးရှိ စပါးနယ်ကွင်းအထိ ပွဲတော်မှာ ရှည်လျားနေသည်။
ဝက်သားနီချက်၊ စည်သွပ်ဝက်သား၊ ကြက်သားနှင့် ငါးဟင်းတို့၏ မွှေးရနံ့များမှာ တစ်မိုင်ပတ်လည်အထိ ပျံ့လွင့်နေသည်။
"ကောင်းကင်ဘုံ..ဒါက အရင်က မြေရှင်ကြီးတွေရဲ့ မွေးနေ့ပွဲထက်တောင် ပိုပြီး ခမ်းနားသေးတယ်"
ဂျစ်ကား ရောက်လာသည်။ ဟူဖုန်းမှာ ခရိုင်ကော်မတီမှ လူအုပ်စုနှင့်အတူ ရောက်လာသည်။ နောက်မှ မိန့်ကန်း၏ သယ်ယူပို့ဆောင်ရေး အဖွဲ့မှာလည်း လမ်းဘေးတွင် ကုန်တင်ကားကြီးများ တန်းစီရပ်ထားကာ အတော်လေး ဂုဏ်ယူဝံ့ကြွားစရာ ကောင်းနေသည်။ ထို့နောက် အနက်ရောင် ဆီဒင်ကားတစ်စီး ဖြည်းညင်းစွာ မောင်းဝင်လာပြီး အဝါနုရောင် ဂါဝန်နှင့် ဖိနပ်မြင့်ကို ဝတ်ဆင်ထားသော စုဝမ် ဆင်းလာသည်။
ဝင်းထဲ ဝင်ဝင်ချင်း သူမ၏ အိတ်ထဲမှ မဟော်ဂနီသစ်သားဘူးနှစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ နေရောင်အောက်တွင် တောက်ပနေသည့် သန့်စင်သော ရွှေသားဖြင့် ပြုလုပ်ထားသော အသက်ရှည်ခြင်း လော့ခ်ဆွဲသီး နှစ်ခုကို မြင်လိုက်ရသည်။
"ကလေးအတွက် လက်ဆောင်ပါ"
စုဝမ်က ပြုံးလျက် ပြောသည်။
လူအုပ်ကြီးထဲတွင် အံ့ဩတကြီး သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ဝမ်ကွေ့ရှန်းမှာ လူအုပ်၏ အရှေ့ဆုံးတွင် ရပ်ကာ မျက်လုံးများ ပြူးကျယ်လျက် ထိုရွှေလော့ခ်နှစ်ခုကို လောဘတကြီး ငေးကြည့်နေမိသည်။ သူမ၏ "အဒေါ်" ဟူသော ဂုဏ်ပုဒ်ကို အသုံးချကာ ပန်းရောင် အင်္ကျီကို ဝတ်ဆင်ပြီး ဖရဲစေ့များကို ကိုင်ကာ ချန်ရှင်းနှင့် ရွှီချင်းချင်းကို လက်ညှိုးထိုးပြရင်း လူတိုင်းကို အော်ပြောနေသည်။
"မြင်လား… အဲ့ဒါ ငါ့မောင်ပဲ.. အဲ့ဒီ ရွှေကလေးနှစ်ယောက်က ငါ့တူတွေလေ"
လူတိုင်း သူမ၏ အကျင့်ကို သိသော်လည်း ယနေ့ သူမ၏ အမူအရာကိုမြင်သဖြင့် ပြုံးပြကာ အချိုသတ် စကားပြောကြသဖြင့် ဝမ်ကွေ့ရှန်းမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်နေသည်။ ရွှီဖူကွေ့မှာမူ ပင်မစားပွဲတွင် ထိုင်ရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ ရဲတက်နေသည့် သူ၏ ညီမနှင့် ယောက်ဖကို ကြည့်ကာ ဝိုင်ခွက်ကို ကိုင်ထားသော လက်များ တုန်ယင်လျက် မျက်ရည်များ ကျလာသည်။
အရက်များစွာ သောက်ပြီးနောက်...
ချန်ရှင်းမှာ သန့်ရှင်းသော ကျုံရှန်းဝတ်စုံသို့ လဲလှယ်ကာ လက်တစ်ဖက်စီတွင် တစ်ယောက်စီ ပွေ့ချီလျက် ဝင်း၏ အလယ်ဗဟိုသို့ တည်ငြိမ်စွာ လျှောက်သွားသည်။ ကလေးငယ် နှစ်ယောက်မှာ အလွန်တရာ ချစ်စရာကောင်းပြီး ကြီးမားကြည်လင်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ သူတို့မှာ ရှက်ရွံ့ခြင်း မရှိဘဲ မငိုဘဲ မဆူဘဲ ရှိနေကြသဖြင့် လူတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေသည်။
"အားလုံးပဲ"
ချန်ရှင်းမှာ ကျယ်လောင်စွာ ပြောလိုက်ရာ သူ၏ အသံမှာ ပွဲတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"အားလုံး လာပေးလို့ ကျေးဇူးတင်ပါတယ်! အကြီးက အစ်ကို… နာမည်က ချန်အန်း ဒုတိယက ညီမ နာမည်က ချန်နင်"
"ငါတို့ သာမန်လူတွေ ဘဝမှာ လိုချင်တာက ငြိမ်းချမ်းခြင်းနဲ့ အေးချမ်းခြင်းပဲ"
"နာမည်ကောင်းပဲ”
"အဓိပ္ပာယ် ရှိလိုက်တာ…ငြိမ်းချမ်းစွာနဲ့ အသက်ရှည်ပါစေ"
လူအုပ်ကြီးမှာ သဘောတူကြောင်း အော်ဟစ်လိုက်ကြပြီး အရက်ခွက်ချင်း တိုက်သံများနှင့်အတူ ပွဲတော်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ရှုပ်ထွေးမှုများ ငြိမ်သက်သွားပြီး ညရောက်လာသည်။ နေ့လယ်က ကြည်လင်နေသော ကောင်းကင်မှာ ယခုအခါ အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသည်။ အရက်မူးနေသော ဧည့်သည်များကို ပို့ဆောင်ပြီးနောက် ချန်ရှင်း၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူသည် စာကြည့်ခန်းထဲသို့ သွားကာ တံခါးကို ပိတ်လိုက်ပြီး စိတ်ကူးဖြင့် တံခါးပေါက်ကို ဖွင့်လိုက်သည်။ ခေတ်သစ် ချန်ရှင်းမှာ ကွန်ပျူတာကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ၁၉၇၀ ခုနှစ်များက ရေနှင့် မိုးလေဝသ မှတ်တမ်းများကို ရှာဖွေသည်။
【မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အထက်ပိုင်းရှိ ဟေးလုံတန် ရေလှောင်တမံ၏ ရေအဆင့်မှာ မြင့်တက်လာပြီး သတိပေးချက်ကို ၃ မီတာ ကျော်လွန်သွားသဖြင့် တမံမှာ ပျက်စီးတော့မည့် အခြေအနေ ရှိနေသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ရေများကို အရေးပေါ် လွှတ်ထုတ်ရန် အတင်းအကျပ် ဆောင်ရွက်ရမည်…】
ချန်ရှင်းသည် ထိုအချိန်ကို စိုက်ကြည့်နေမိရာ သူ၏ မျက်ဆံများမှာ ရုတ်တရက် ကျုံ့သွားသည်။
သြဂုတ်လ ၂၃ ရက်တောင်ဖြစ်နေပြီ…
အရေးယူမှု မလုပ်ဆောင်ပါက ချင်းရွှေရွာ၏ နိမ့်ကျသော မြေမျက်နှာသွင်ပြင်နှင့် နုန်းမြေများ ပြည့်နေသော မြစ်ကြောင်းများကြောင့် ရေလွှတ်လိုက်သည်နှင့် ရွာတစ်ခုလုံး ရေနစ်မြုပ်သွားပေလိမ့်မည်။
"မဖြစ်ဘူး"
ချန်ရှင်းသည် တံခါးပေါက်ကို ဖွင့်ကာ ၁၉၇၀ ခေတ်သို့ ပြန်သွားသည်။
ခရိုင်ပါတီ ကော်မတီဝင်း
တာဝန်ကျ လုံခြုံရေးမှာ တားဆီးရန် ပြင်သော်လည်း ရင်းနှီးနေသော ဂျစ်ကားနှင့် ချန်ရှင်း၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသဖြင့် အမြန်ပင် လမ်းဖယ်ပေးလိုက်သည်။