← Chapters

အခန်း ၁၉၄

Vol. 19 Ch. 194

အခန်း ၁၉၄

Vol. 19 Ch. 194

အခန်း (၁၉၄) နောဧ၏ သင်္ဘောကြီး

ဟူဖုန်း၏ ရုံးခန်း။

"ဘုန်း"

တံခါးမှာ ပြင်းထန်စွာ ပွင့်သွားသည်။ ဟူဖုန်းမှာ ချင်းရွှေရွာမှ ပြန်ရောက်ခါစဖြစ်ပြီး စာရွက်စာတမ်းများကို ကြည့်ရှုနေစဉ် ရုတ်တရက် အသံကြောင့် ထိတ်လန့်သွားသည်။ မော့ကြည့်လိုက်သောအခါ ချန်ရှင်း၏ တည်ကြည်လေးနက်နေသော မျက်နှာကို မြင်လိုက်ရသည်။

"ချန်ရှင်း… ဘာကိစ္စများလဲ..."

"ခရိုင်အုပ်ချုပ်ရေးမှူးဟူ…ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်"

ချန်ရှင်းသည် စားပွဲဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ နှုတ်ဆက်စကားပင် ပြောမနေဘဲ အိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်၍ ဖြန့်လိုက်သည်။ သူ၏ လက်ညှိုးမှာ အထက်ပိုင်းရှိ ရေလှောင်ကန် တည်နေရာကို ပြင်းပြင်းထန်ထန် ထိုးပြနေသည်။

"အထက်ပိုင်း ရေလှောင်ကန်ရဲ့ ရေအဆင့်က ကျိုးပေါက်တော့မယ်…ဒီရက်ပိုင်း မိုးရွာသွန်းမှုတွေကို ကြည့်ရင် ၂၅ ရက်နေ့မှာ ရေတွေကို မလွှဲမသွေ လွှတ်ထုတ်ရတော့မယ်"

ဟူဖုန်းမှာ ခဏမျှ ရပ်တန့်သွားပြီးမှ ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။

"ချန်ရှင်း…မင်း စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား"

ဟူဖုန်းသည် မျက်မှန်ကို ချွတ်ကာ နားထင်ကို ပွတ်သပ်လိုက်သည်။

“ရေအရင်းအမြစ်ဌာနက ဒီညနေပဲ အစီရင်ခံထားတာ၊ ရေအဆင့် မြင့်နေပေမဲ့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်လို့..."

"အဲ့ဒါ နေဝင်ရီတရောတုန်းက ပြောတဲ့ အတိုင်းအတာ"

ချန်ရှင်း၏ အသံမှာ နက်ရှိုင်းပြီး မိုးခြိမ်းသံကဲ့သို့ပင်။

"ဒီလောက် မိုးရေချိန်နဲ့ အထက်ပိုင်းကနေ ရေကြီးရေလျှံမှုတွေပါ ထပ်လာရင် ဒီရေလှောင်ကန်က ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးပဲ ရေတွေ လွှတ်လိုက်ရင် ခရိုင်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်.."

ချန်ရှင်း၏ လူသတ်ကောင်ကဲ့သို့သော မျက်ဝန်းများကိုကြည့်ရင်း ဟူဖုန်းမှာ မရေရာ ဖြစ်သွားသည်။ သို့သော် သူမှာ ခရိုင်အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ရာ အထက်အမိန့်မရှိဘဲ လူဦးရေ ထောင်ပေါင်းများစွာကို ပြောင်းရွှေ့ရန် စီစဉ်ခြင်းမှာ နောက်ဆုံးတွင် ဘာမျှ မဖြစ်လာပါက ပြည်သူ့စိတ်ဓာတ်ကို မငြိမ်မသက် ဖြစ်စေပြီး သူ၏ ရာထူးမှ လျောကျရုံသာမက စည်းကမ်းထိန်းသိမ်းရေးနှင့်လည်း ရင်ဆိုင်ရပေလိမ့်မည်။

"အကြံပေးချန် ဒါက စနောက်ရမယ့် ကိစ္စမဟုတ်ဘူး ခရိုင်တစ်ခုလုံးကို ရွှေ့ပြောင်းရမယ်ဆိုရင် သက်ရောက်မှုက အရမ်းကြီးမားတယ် တကယ်လို့ ဘာမှ မဖြစ်လာရင်..."

"ဘာမျှမဖြစ်လာစရာ အကြောင်းမရှိဘူး…ကျွန်တော် ချန်ရှင်းက ကျွန်တော့်အသက်နဲ့ အာမခံတယ်"

ချန်ရှင်းသည် ဟူဖုန်း၏ မျက်ဝန်းကို စိုက်ကြည့်ကာ တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။ ရုံးခန်းထဲတွင် သေလောက်အောင် တိတ်ဆိတ်သွားသည်။ ဟူဖုန်းသည် ချန်ရှင်း၏ ခိုင်မာပြီး ပြတ်သားသော မျက်ဝန်းများကို ကြည့်နေမိသည်။ ကြာရှည်စွာ အချိန်ယူလိုက်ပြီးနောက် ဟူဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ စားပွဲပေါ်ရှိ အနီရောင် ဖုန်းကို ဆုပ်ကိုင်လိုက်သည်။ သူ၏ လက်ချောင်းများမှာ ဖိအားကြောင့် ဖြူဖျော့သွားသည်။

"ထုတ်လွှင့်ရေးဌာနကို ဆက်သွယ်ပေး…လက်နက်ကိုင် တပ်ဖွဲ့ကို ဆက်သွယ်ပေး…ရေကြီးရေလျှံမှု ကာကွယ်ရေး ရုံးတွေကို ဆက်သွယ်ပေး..”

"ကျွန်တော် ဟူဖုန်းပါ..အားလုံးပဲ ငါ့အမိန့်ကို နားထောင်"

"လေကြောင်းရန် သတိပေးသံတွေ ဖွင့်လိုက် ခရိုင်တစ်ခုလုံး အမြင့်ဆုံး အဆင့် သတိပေးထား.. နိမ့်တဲ့နေရာမှာ နေတဲ့သူတွေ အကုန် ချက်ချင်း ရွှေ့ပြောင်းရမယ်..အခုချက်ချင်းပဲ"

သြဂုတ်လ ၂၅ ရက်၊ နံနက် ၄ နာရီ။

ဟူဖုန်း၏ အမိန့် ထွက်ပေါ်လာသော်လည်း လုပ်ဆောင်ရန်မှာ မလွယ်ကူလှပေ။ ချင်းရွှေရွာမှ လွဲ၍ အခြားရွာများတွင်မူ ကြက်များ၊ ဝက်ခြံအသစ်များနှင့် ခွဲမခွာနိုင်သဖြင့် နှောင့်နှေးနေကြသည်။ အချို့မှာမူ ခရိုင်မှာ အပိုအလုပ်တွေ လုပ်နေပြီး လူတွေကို ဒုက္ခပေးနေသည်ဟု ကျိန်ဆဲနေကြသည်။

ထိုအချိန်တွင် ဟေးလုံတန် ရေလှောင်ကန်ဘက်မှ နက်ရှိုင်းသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် မြေပြင်မှာ အနည်းငယ် တုန်ခါသွား၏။ ချန်ရှင်း၏ အမိန့်ကြောင့် အမြင့်ပိုင်းသို့ ရောက်ရှိနေကြသော ရွာသားများမှာ လျှပ်စီးလက်သည့် အလင်းရောင်အောက်တွင် သူတို့ တစ်သက်လုံး မမေ့နိုင်မည့် မြင်ကွင်းကို မြင်လိုက်ရသည်။

ယခင်က ငြိမ်သက်နေသော မြစ်မှာ ရုတ်တရက် မြင့်တက်လာပြီး အဝါရောင် ရေလှိုင်းကြီးမှာ သစ်ပင်များကိုပင် ပါသွားအောင် ဖျက်ဆီးကာ ရူးသွပ်နေသော ရေနဂါးကဲ့သို့ ရွာဆီသို့ ပြေးဝင်လာသည်။

"ဘုန်း..”

နိမ့်ကျသော ရွာများမှာ တစ်ခဏအတွင်းမှာပင် ရေထဲသို့ နစ်မြုပ်သွားသည်။ မရွှေ့ရသေးသော ပရိဘောဂများနှင့် တောင်ပေါ်သို့ မရောက်သေးသော ကြက်ဘဲများမှာ ရေထဲတွင် ပျောက်ကွယ်သွား၏။

“ဘုရားရေ..."

ချင်းရွှေရွာသားများမှာ ရွာအဝင်ဝ အမြင့်ပိုင်းတွင် ရပ်နေရင်း ခြေလက်များ တုန်ရီလျက် အောက်ခြေရှိ ကျယ်ပြန့်သော ရေပြင်ကြီးကို လက်ညှိုးထိုးကာ သွားများပင် တုန်ခါနေကြသည်။ ၎င်းမှာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအား ဖြစ်သည်။

"ဘုန်း”

ရေလှိုင်းကြီးများမှာ ချန်ရှင်းနှင့် သူ၏ လူများ ခိုင်မာအောင် တည်ဆောက်ထားသည့် တာရိုးကို ပြင်းထန်စွာ ရိုက်ခတ်သည်။ ကမ်းပါးမှ ကျောက်တုံးအချို့ လွင့်ထွက်သွားသော်လည်း ထူထဲသော သဲအိတ်များနှင့် မြေကြီးထဲသို့ နက်ရှိုင်းစွာ မြှုပ်ထားသည့် သစ်သားတိုင်များမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိနေသည်။ ရေမှာ လမ်းကြောင်း ပြောင်းသွားရပြီး ချင်းရွှေရွာကို ကျော်ဖြတ်ကာ အောက်ပိုင်းသို့ စီးဆင်းသွားသည်။ ချင်းရွှေရွာမှာ ရေပြင်ထဲရှိ ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ပြိုကျလုနီးပါး ဖြစ်နေသော်လည်း အံ့ဩဖွယ်ရာ ခိုင်မြဲနေခဲ့သည်။

"သူ... သူ တားဆီးနိုင်လိုက်တာပဲ"

ချန်ကွမ်လင်မှာ ရွှံ့ထဲသို့ ထိုင်ချလိုက်ပြီး မျက်ရည်များ ကျလာသည်။

“ဘုရားရေ... သူ တားဆီးနိုင်ခဲ့တယ်”

ဤအချိန်တွင် လူတိုင်း၏ အကြည့်များမှာ အရှေ့ဆုံးတွင် ရပ်နေသည့် သူ၏ ကျောပြင်ဆီသို့ ရောက်သွားသည်။ ချန်ရှင်းသာ မရှိခဲ့လျှင်… ချန်ရှင်းသာ လွန်ခဲ့သော ရက်အနည်းငယ်က ရူးသွပ်သကဲ့သို့ အော်ဟစ်ပြီး မြစ်ကြောင်းကို တူးခိုင်းကာ တာရိုးကို ခိုင်မာအောင် မလုပ်ခဲ့လျှင်... ချင်းရွှေရွာမှ လူများမှာ အောက်ခြေရှိ ရွှံ့ရေများထဲတွင် နစ်မြုပ်နေကြပေလိမ့်မည်။

ချန်ရှင်းသည် မျက်နှာပေါ်ရှိ မိုးရေများကို သုတ်လိုက်သည်။ သူ့မှာ ကြောက်ရွံ့နေရန် အချိန်မရှိ၊ လူအများ၏ ချီးကျူးမှုကို ခံစားနေရန်လည်း အချိန်မရှိ။

"အဲ့ဒီမှာပဲ ရပ်မနေကြနဲ့"

ချန်ရှင်းသည် ရုတ်တရက် လှည့်လိုက်ပြီး သူ၏ အသံမှာ မိုးရေထဲသို့ စူးဝင်သွား၏။

"ရွာတစ်ခုလုံး နားထောင်.ရိက္ခာဂိုထောင်ကို ဖွင့်ပေးလိုက်…ဒယ်အိုးတွေကို တင်ထား…ရေနွေးတည်…ဂိုဒေါင်ထဲက ဆန်နဲ့ ဂျုံတွေကို အကုန်ထုတ်ခဲ့"

"အယ်တန့် ငါ့နောက်လိုက်ခဲ့၊ လူတွေကို ကယ်ရမယ်"

"ဟုတ်ကဲ့”

ချန်အယ်တန့်မှာ အော်ဟစ်လွန်း၍ အသံများပင် အက်ကွဲနေပြီး သူ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းနေသည်။ ချန်ရှင်းမှာ သူ ကြိုတင်ပြင်ဆင်ထားသော လျှို့ဝှက်လက်နက်ဆီသို့ သွားကာ ဖွင့်လိုက်သည်။ အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော လိမ္မော်ရောင် တောက်ပသည့် ရော်ဘာလှေကြီးမှာ လူတိုင်း၏ ရှေ့တွင် ပေါ်လာသည်။

"ရေထဲ ဆင်းကြ"

ချန်ရှင်းသည် လှေဦးသို့ ခုန်တက်လိုက်သည်။ ချန်အယ်တန့်နှင့် အားကောင်းသော အမျိုးသား သုံးဦးမှာလည်း အနောက်မှ လိုက်ပါသွားကြ၏။ ကယပ်လှေမှာ ရေလှိုင်းများထဲသို့ တိုးဝင်သွားသည်။ ရေပြင်ပေါ်တွင် ပျံ့လွင့်နေသော သစ်သားပြားများနှင့် အကူအညီ တောင်းနေသော ခေါင်းများကို နေရာတိုင်းတွင် တွေ့နေရသည်။ ကလေးတစ်ယောက်ကို ပွေ့ထားသော အမျိုးသမီးတစ်ဦးမှာ ယိုင်နဲ့နေသော သစ်ပင်ပေါ်တွင် တွဲလောင်းကျနေပြီး ရေများမှာ သူမ၏ ခြေထောက်နှင့် လက်တစ်ထွာလောက်တွင် ရှိနေသည်။ လိမ္မော်ရောင် အရိပ်တစ်ခုမှာ လှိုင်းများကို ဖြိုခွင်းလာသည်။

"မိပြီ"

ချန်ရှင်းမှာ အထူးပြုလုပ်ထားသော ကယ်ဆယ်ရေးကြိုးကို ပစ်လိုက်ရာ သစ်ပင်ကို တိကျစွာ ရစ်ပတ်သွားသည်။ သူ၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာအောင် အားဖြင့် ဆွဲလိုက်ရာ လှေမှာ ရေစီးသန်လှသည့်ကြားတွင် တည်ငြိမ်သွားပြီး အမျိုးသမီးနှင့် ကလေးကို လှေပေါ်သို့ ဆွဲတင်လိုက်သည်။ အမျိုးသမီးမှာ တစ်ကိုယ်လုံး စိုစွတ်ပြီး တုန်ယင်နေသည်။ ချန်ရှင်း၏ မျက်နှာကို မြင်သောအခါ သူမမှာ မျက်ရည်များ ကျလာသည်။

"အကြံပေးချန်..."

တစ်ယောက်၊ နှစ်ယောက်... ဆယ်ယောက်... ကယပ်လှေများမှာ ရေစီးသန်ရာနှင့် ချင်းရွှေရွာကြားတွင် ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ အသွားအပြန် လုပ်ဆောင်နေကြသည်။

ချင်းရွှေရွာမှ စပါးနယ်ကွင်း။

ဤနေရာမှာ ဤရေပြင်ကျယ်ကြီးတွင် တစ်ခုတည်းသော နောဧ၏ သင်္ဘောကြီး ဖြစ်လာသည်။ ကြီးမားသော သံဒယ်အိုး ဒါဇင်ပေါင်းများစွာကို တင်ထားပြီး အောက်တွင် မီးမွှေးရန် အလွန်နှမြောနေသော ထင်းခြောက်များကို ထည့်ထားကာ မီးတောက်များမှာ ဒယ်အိုးအောက်တွင် တောက်လောင်နေသည်။ ဆန်ပြုတ်ဖြူများမှာ ဆူပွက်နေပြီး ထင်းမီးနံ့နှင့် ရောစပ်နေသော ဆန်နံ့မှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။

မိုးရေစိုရွှဲပြီး တုန်ယင်နေသော ဒုက္ခသည်များ အသုတ်လိုက်၊ အသုတ်လိုက် ပြန်ရောက်လာကြသည်။ သူတို့မှာ လီကျားရွာနှင့် အနီးအနားရွာများမှဖြစ်ကြပြီး အိမ်များ ပြိုကျကာ ပစ္စည်းများမှာ ရေထဲ ပါသွားကြသည်။ သူတို့မှာ ရွှံ့ရေထဲတွင် ဖိနပ်မပါဘဲ လမ်းလျှောက်နေရပြီး မျက်လုံးများမှာ အလွတ်သဘော ဖြစ်နေကြသည်။ သို့သော် ချင်းရွှေရွာ၏ မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ဆူပွက်နေသော ဒယ်အိုးများကို မြင်သောအခါ အချို့မှာ ငိုချလိုက်ကြသည်။

"ငါတို့ အသက်ရှင်ပြီ... ငါတို့ အသက်ရှင်ပြီ..."

ချန်ရှင်းမှာ မြင့်မားသော နေရာတစ်ခုတွင် ရပ်ကာ လက်ထဲတွင် အသံချဲ့စက်ကို ကိုင်ထားသည်။ သူ၏ အသံမှာ အက်ကွဲနေသော်လည်း အလွန်စူးရှသည်။

"အမျိုးသားတွေ ဟိုဘက်သွားပြီး ခြောက်သွေ့တဲ့ အဝတ်တွေ ယူကြ အမျိုးသမီးနဲ့ ကလေးတွေ ကွန်မြူနစ် ရုံးချုပ်ဘက် သွားကြ မတိုးနဲ့ ဘယ်ရွာကပဲ ဖြစ်ဖြစ် ချင်းရွှေရွာကို ရောက်လာရင်တော့ ပူပူနွေးနွေး အစားအစာ ရမယ်"

လူအုပ်ကြီးမှာ လှုပ်ရှားနေပြီး ဗိုက်ဆာလွန်းသဖြင့် ထိန်းမနိုင် ဖြစ်နေကြသည်။

"အယ်တန့် စည်သွပ်ဗူးတွေ ဖောက်"

ချန်ရှင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့"

ချန်အယ်တန့်နှင့် အခြားသူအချို့မှာ "ချင်းရွှေ အထူးကုန်ပစ္စည်း" ဟု ရေးသားထားသော စည်သွပ်ဗူးများ အပြည့်ပါသည့် သေတ္တာများကို သယ်လာကြသည်။ ဓားဖြင့် သေတ္တာအဖုံးကို ဖောက်လိုက်ရာ အတွင်းတွင် သပ်ရပ်စွာ စီထားသော ဝက်သားနီချက် ဗူးများ ထွက်ပေါ်လာသည်။

"ဘုန်း.. ဘုန်း… ဘုန်း…"

ဗူးများကို တစ်ခုပြီးတစ်ခု ဖောက်ကာ ပူပူနွေးနွေး ဆန်ပြုတ်ထဲသို့ လောင်းထည့်လိုက်ကြသည်။ အရသာ မရှိသော ဆန်ပြုတ်ဖြူမှာ ချက်ချင်းပင် ဆွဲဆောင်မှုရှိသော အနီရောင် ဆီလွှာများဖြင့် ဖုံးလွှမ်းသွားပြီး ဝက်သားတုံးကြီးများမှာ ဆန်ပြုတ်ထဲတွင် လှိမ့်ဝင်သွား၏။ အသား၏ မွှေးရနံ့မှာ လေထဲရှိ ရွှံ့နံ့ဆိုးများကို ချက်ချင်းပင် လွှမ်းမိုးသွားသည်။

"ဂလု..."

လူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ တံတွေးမျိုချသံမှာ မိုးသံထက်ပင် ပိုမို ကျယ်လောင်နေတော့သည်။

All Chapters