အခန်း ၁၉၅
Vol. 19 Ch. 195
အခန်း (၁၉၅) ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း
"ဒါ... ဒါက အသားဟင်းလား..."
ကလေးကို ပွေ့ချီထားသည့် အမျိုးသမီးတစ်ယောက်မှာ ဆန်ပြုတ်ပူပူကို အသားအပြည့်ဖြင့် ရရှိလိုက်သောအခါ သူမ၏ လက်များမှာ တုန်ယင်နေသဖြင့် ပန်းကန်ပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။ ပန်းကန်ထဲရှိ တုန်ခါနေသော အဆီပြန် ဝက်သားတုံးကို ကြည့်ရင်း သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်စက်များမှာ ပန်းကန်ထဲသို့ ကျဆင်းသွားသည်။ ဤကာလတွင် နှစ်သစ်ကူးချိန်၌ပင် အသားဟင်းကို စိတ်ကြိုက်စားရရန် ခက်ခဲလှသည်။ ယခုကဲ့သို့ ဘေးဒုက္ခနှင့် ရေကြီးရေလျှံမှု ဖြစ်ပွားချိန်တွင် ဝက်သားနီချက်ကို စားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"စားကြ အားလုံး စိတ်ကြိုက် စားကြ”
ချန်ရှင်းမှာ အော်ဟစ်လိုက်သည်။
အစ်မကြီးတစ်ယောက်မှာ လက်များ တုန်ယင်လျက် ကလေးကို ဆန်ပြုတ်တစ်ဇွန်း ခွံ့ကျွေးလိုက်သည်။ အအေးဒဏ်ကြောင့် ပြာနှမ်းနေသော ကလေး၏ မျက်နှာမှာ ချက်ချင်းဆိုသလို အရောင်ပြန်ဝင်လာပြီး အဆီပြန်နေသော ပါးစပ်ဖြင့် အလောတကြီး စားသောက်နေတော့သည်။
“အမေ အရသာရှိလိုက်တာ…အရမ်းမွှေးတာပဲ"
ကလေးမှာ ပြန်လည် အသက်ဝင်လာသည်ကို မြင်ရသောအခါ အစ်မကြီးမှာ မထိန်းနိုင်တော့ဘဲ ရွှံ့ဗွက်ထဲတွင် ဒူးထောက်ကာ ချန်ရှင်းရှိရာဘက်သို့ ဦးခိုက်လိုက်သည်။
"အကြံပေးချန်.. ရှင်က တကယ့်ကို အသက်ရှင်တဲ့ ရဟန္တာပါပဲ ရှင်က ကျွန်မတို့ မိသားစုရဲ့ အသက်ကယ်ရှင်ပါ…”
ထိုသို့ ဒူးထောက်ခြင်းမှာ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာသည်။
ဘုန်း…
တလင်းပြင်တွင် လူအုပ်ကြီးမှာ တစ်ယောက်မကျန် ဒူးထောက်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် ချန်ရှင်း၏ ဂုဏ်ဒြပ်မှာ သူတို့၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိ မြင့်တက်သွားခဲ့ပြီး ဘုရားကျောင်းရှိ ရုပ်တုများထက်ပင် ပိုမို လေးစားဖွယ် ကောင်းနေတော့သည်။
မွန်းလွဲပိုင်းတွင် မိုးမှာ အနည်းငယ် စဲသွားသည်။ စက်လှေတစ်စင်းမှာ ချင်းရွှေရွာဘက်သို့ ဟိန်းထွက်လာသည်။ ဟူဖုန်းမှာ လှေဦးတွင် ရပ်နေပြီး သူ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ ဆံပင်များမှာလည်း ရှုပ်ပွနေ၏။ လမ်းတစ်လျှောက်တွင် တွေ့မြင်ခဲ့ရသည်မှာ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများသာဖြစ်သဖြင့် သူ၏ နှလုံးသားမှာ အေးစက်သွားခဲ့ပြီ။ ချင်း
ရွှေရွာမှာ တောင်ကြားတွင် တည်ရှိသဖြင့် ဆိုးရွားစွာ ထိခိုက်မည့် နေရာတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် စက်လှေမှာ တောင်ခြေကို လှည့်ပတ်လိုက်သောအခါ ဟူဖုန်း၏ ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အိပ်မက်မက်နေသလားဟု ထင်မိသွားသည်။ အခြားရွာများတွင် ငိုသံများသာ ပဲ့တင်ထပ်နေသော်လည်း ဤနေရာတွင်မူ မီးခိုးငွေ့များ တက်လာပြီး လူသံသူသံများဖြင့် ပြည့်နှက်နေသည်။ ပြိုကျနေသော အိမ်များ မရှိ၊ ရေထဲတွင် ပျံ့လွင့်နေသည့် တိရစ္ဆာန် အလောင်းများ မရှိ၊ ချန်ရှင်းတို့ ခိုင်မာအောင် ပြုလုပ်ထားသော တာရိုးကြီးသာလျှင် တရံကဲ့သို့ ရေကြီးရေလျှံမှုကို တားဆီးထားသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ ဝက်သားနီချက်၏ မွှေးရနံ့များမှာ လေထဲတွင် ပျံ့လွင့်နေ၏။
"ငါ မြင်နေတာ အမှန်ပဲလား"
ဟူဖုန်းမှာ သွေးရောင် လွှမ်းနေသော မျက်လုံးများကို ပွတ်သပ်ကာ အတွင်းရေးမှူးကို မေးလိုက်သည်။
အတွင်းရေးမှူးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး
"ခရိုင်အုပ်ချုပ်ရေးမှူး... မှန်ပါတယ်... လူတိုင်း စားသောက်နေကြတယ်..."
တိုက်ခိုက်ရေးလှေမှာ ကမ်းကပ်လိုက်သည်။ လိမ္မော်ရောင် မိုးကာအင်္ကျီကို ဝတ်ဆင်ထားသော ချန်ရှင်းမှာ ခြေလှမ်းကျဲကြီးဖြင့် လာပြီး ဟူဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ခရိုင်အုပ်ချုပ်ရေးမှူးဟူ ရောက်လာပြီပဲ။ အချိန်ကိုက်ပဲဗျာ၊ ကျွန်တော်တို့ ဆေးဝါးတွေ ကုန်သွားပြီ၊ ခရိုင်ကနေ ပဋိဇီဝဆေးတွေနဲ့ အအေးမိပျောက်ဆေးတွေ ပို့ပေးဖို့ လိုတယ်"
ဟူဖုန်းမှာ ချန်ရှင်း၏ မောပန်းနေသော်လည်း တည်ငြိမ်နေသည့် မျက်နှာကို ကြည့်ကာ၊ ဘေးဒုက္ခကြားမှ စိတ်ချလက်ချ စားသောက်နေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် စိတ်ခံစားမှုများ ပေါက်ကွဲထွက်လာ၏။ သူသည် ချန်ရှင်း၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရာ လက်ဆစ်များပင် ဖြူလျော့သွားပြီး နှုတ်ခမ်းများ တုန်ရီလျက် နောက်ဆုံးတွင်
"ချန်ရှင်း... မင်း... မင်းက တကယ့် ဉာဏ်ကြီးရှင်ပဲကွ"
ယဉ်ကျေးသော လူတစ်ယောက်ဖြစ်သည့် ဟူဖုန်းမှာ တစ်ခါမျှ ကြမ်းတမ်းစွာ မပြောခဲ့ဖူးပေ။ သို့သော် ယနေ့တွင်မူ ဤစကားလုံးသာလျှင် သူ၏ ပျော်ရွှင်မှုနှင့် အံ့ဩမှုတို့ကို ဖော်ပြနိုင်တော့မည်။
"ဒီခရိုင်ထဲက ဘေးသင့်ဒေသ ငါးခုထဲမှာ မင်းတို့ရွာက ဘယ်သူမှ မသေဆုံးရုံတင်မကဘဲ ဒုက္ခသည်စခန်းအဖြစ်တောင် ပြောင်းလဲနိုင်ခဲ့တယ်”
ဟူဖုန်းမှာ ပျော်လွန်း၍ စကားပင် ဆက်မပြောနိုင်တော့ပေ။
“မင်းက ငါတို့ ချင်းရှန်းခရိုင်အတွက် တကယ့်ကို ကြီးမားတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ပေးလိုက်တာပဲ"
ချန်ရှင်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူ၏ အကြည့်များမှာ ဆန်ပြုတ် သောက်နေကြသည့် လူအုပ်ကြီးဆီသို့ ရောက်သွားသည်။
"ရာထူးကြီးသူများမှာ တာဝန်ယူမှု ရှိရမယ်။ ချင်းရွှေရွာရဲ့ အကြံပေးတစ်ယောက်အနေနဲ့ ဒါဟာ ကျွန်တော့်ရဲ့ တာဝန်ပဲ"
ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ထိုစကားလုံးများမှာ အလေးချိန် လေးလံလှသည်။ ဟူဖုန်းသည် ချန်ရှင်းကို ကြည့်ကာ သူ၏ မျက်ဝန်းမှာ လုံးဝ ပြောင်းလဲသွားသည်။ အရင်က ချန်ရှင်းကို အရည်အချင်းရှိသူ တစ်ယောက်ဟုသာ မြင်ခဲ့သော်လည်း ယခုမူ ဤရွှံ့ဗွက်ထဲတွင် သူက တကယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။
ရေများ ပြန်ကျသွားသည်။ ချင်း ရွှေရွာမှာ လုံးဝ မထိခိုက်ခဲ့ဘဲ ရွာသားအားလုံး အသက်ရှင်ကျန်ခဲ့ကာ အိမ်နီးချင်းရွာမှ လူပေါင်းရာနှင့်ချီကို ကူညီနိုင်ခဲ့သည်ဟူသော သတင်းမှာ ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဆက်သွယ်ရေးမှာ အော်ဟစ်ပြောဆိုရသည့် ခေတ်တွင် ဤကဲ့သို့ အံ့ဩဖွယ် ကယ်ဆယ်မှုမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။
ချန်ရှင်းပင် အသက်မရှူနိုင်ခင်မှာပင် ဂုဏ်ပြုဆုများမှာ ရောက်ရှိလာတော့သည်။ ခရိုင်မှ ဂျစ်ကားများမှာ အကြိမ်ကြိမ် လာရောက်ကြပြီး ချီးကျူးဂုဏ်ပြုလွှာများသာမက တကယ့် ဂုဏ်ပြုဆုများကိုပါ ယူဆောင်လာကြသည်။
"ရေကြီးရေလျှံမှု ကာကွယ်ရေး သူရဲကောင်းအဖွဲ့၊ ထူးချွန်သူတစ်ဦး၊ ပြည်နယ် မတ်လ(၈)ရက် အမျိုးသားသူရဲကောင်း..."
ပို၍ အံ့ဩစရာကောင်းသည်မှာ ပြည်နယ်သတင်းစာတွင် ရှေ့ဆုံးစာမျက်နှာ၌ အနက်ရောင် စာလုံးကြီးများဖြင့် ဤသို့ ဖော်ပြထားသည်။
"ရေကြီးရေလျှံမှုမှ နောဧ၏ သင်္ဘောကြီး - ချင်းရွှေရွာ၏ ကယ်ဆယ်ရေး အံ့ဖွယ်မှတ်တမ်းနှင့် ခေါင်းဆောင် ချန်ရှင်း"
ထိုဆောင်းပါးတွင် ချန်ရှင်း၏ "ကြိုတင်စီစဉ်မှု၊ သိပ္ပံနည်းကျ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မေတ္တာတရား" တို့ကို အပြည့်အဝ ချီးကျူးထားသည်။ တစ်ခဏအတွင်းမှာပင် ချန်ရှင်း၏ နာမည်မှာ ကောင်းကင်ဘုံတိုင်အောင် ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် ချန်ရှင်းမှာ ကိုယ့်အိမ်နောက်ဖေးတွင် ကလေးနို့ဘူးကို ကိုင်ကာ ကလေးနှစ်ယောက်ကို ကျွေးနေသည်။
"အစ်ကိုရှင်း အခုတော့ ရှင်က တကယ့် သူရဲကောင်းကြီး ဖြစ်သွားပြီနော်"
ရွှီချင်းချင်းမှာ အိပ်ရာခေါင်းရင်းကိုမှီလျက် သတင်းစာကိုကိုင်ကာ မျက်လုံးများ အရောင်လက်လျက် ပြောသည်။
"ဘာသူရဲကောင်းလဲ"
ချန်ရှင်းမှာ နို့အပူချိန်ကို စမ်းသပ်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။
"ငါတို့ သားသမီးတွေကို တည်ငြိမ်တဲ့ ဘဝတစ်ခု ပေးနိုင်တာက သူရဲကောင်း ဖြစ်တာထက် ပိုကောင်းပါတယ်"
ထိုအချိန်တွင် အိမ်တံခါးကို ခေါက်သံ ကြားလိုက်ရသည်။
ချန်အယ်တန့်၏ အော်သံ ထွက်လာသည်။
"အစ်ကို…အပြင်ကို မြန်မြန်ထွက်ခဲ့..ပြည်နယ်က လူတွေ ရောက်နေပြီ ကျွန်တော်တို့ကို အထူးရန်ပုံငွေ ပေးမတဲ့ ပြီးတော့ ကျွန်တော်တို့ စက်ရုံကို ပြည်နယ်အဆင့် အဓိက လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ပေးမယ်တဲ့”
ချန်ရှင်းမှာ ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ရေကြီးရေလျှံမှုမှာ ဘေးဒုက္ခဖြစ်သော်လည်း ချင်းရွှေရွာ၏ ဂုဏ်သတင်းကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ လေတိုက်နေပြီ။ ဤလှိုင်းကိုစီးကာ ကောင်းကင်ဘုံသို့ တက်လှမ်းကြစို့။
ရေများ ပြန်ကျပြီး သုံးနှစ်အကြာတွင် ချင်းရွှေရွာမှာ လုံးဝ ပြောင်းလဲသွားသည်။ ပြည်နယ်၏ အထူးရန်ပုံငွေများမှာ ရေလွှမ်းမိုးသကဲ့သို့ စီးဝင်လာပြီး ပြည်ပအရောင်းလမ်းကြောင်းများနှင့် ခေတ်မီစက်ပစ္စည်းများလည်း ရောက်ရှိလာသည်။ မူလ စည်သွပ်ဗူးစက်ရုံမှာ ဆယ်ဆအထိ တိုးချဲ့ထားပြီး ယခုအခါ လန်ချွန်းအသားသာမက သစ်သီးနှင့် ဟင်းသီးဟင်းရွက် စည်သွပ်ဗူးများကိုပါ ထုတ်လုပ်သည်။ "ချင်းရွှေ" အမှတ်တံဆိပ်ပါသည့် သံဗူးများမှာ ပြည်နယ်တစ်ခုလုံးနှင့် တစ်နိုင်ငံလုံးတွင် လက်ဆောင်ပေးရမည့် တန်ဖိုးကြီး ကုန်ပစ္စည်း ဖြစ်လာသည်။
ချန်ရှင်း ပြောခဲ့သည့်အတိုင်း ချင်းရွှေရွာရှိ အိမ်တိုင်းမှာ "ယွမ်တစ်သောင်းတန် အိမ်ထောင်စု" ဖြစ်လာကြသည်။ ရွှံ့လမ်းများမှာ ကျယ်ဝန်းသော ကတ္တရာလမ်းများအဖြစ် ပြောင်းလဲသွားပြီး လမ်းဘေးတွင် သစ်ပင်များ စိုက်ထားသည်။ မူလက အုတ်တိုက်ဟောင်းများမှာ ပျောက်ကွယ်သွားပြီး အုတ်နီ၊ အမိုးစိမ်းတို့ဖြင့် သပ်ရပ်လှပသော အိမ်ငယ်လေးများဖြင့် အစားထိုးထားသည်။ အိမ်တိုင်း၏ ခေါင်မိုးပေါ်တွင် တီဗွီ အင်တင်နာများသာမက ထိုခေတ်က အလွန်ရှားပါးသော နေရောင်ခြည်သုံး ရေပူစက်များပါ တပ်ဆင်ထားသည်။
အဝေးတွင်မူ ကျောင်းများ၊ ဆေးရုံများ၊ ဈေးဝယ်စင်တာများ ပါဝင်သည့် စက်မှုဥယျာဉ်မှာ တောက်ပနေသည်။ ချင်းရွှေရွာ အဝင်ဝရှိ ကျောက်စာတိုင်မှာ ဟူဖုန်း ကိုယ်တိုင် ရေးသားထားသော "ကောင်းကင်ဘုံအောက်တွင် နံပါတ်(၁) ရွာ" ဟူ၍ ပြောင်းလဲထားလေသည်။