အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) မင်္ဂလာဆောင် စတင်ပြီ၊ ရဲ့ချန် ရောက်လာပြီ
ချင်လော့တို့သည် ကောင်းကင်ကပ်ဘေးနန်းတော်မှ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသော မိုးကြိုးမြစ်ဖျားခံအရည်များကို သိမ်းဆည်းခဲ့ကြသည်။ ချင်လော့က ထက်ဝက်ခန့်ကို ယူခဲ့ရာ သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်က သန့်စင်သော စွမ်းအင်များစွာ လိုအပ်သောကြောင့် ဖြစ်ပေ၏။
ကျိုးလီနှင့် ကျန်ထောင်တို့က ကျန်ရှိနေသော ထက်ဝက်ကို မျှဝေယူခဲ့ကြပြီး ကျိုးဟုန်ယွီက လေးပုံတစ်ပုံကို ရရှိခဲ့သည်။
ဤမိုမူလမိုးကြိုးဝိဉာဥ်စွမ်းအင်များသည် သူ၏ သက်စောင့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက သူ၏ ကျင့်ကြံမှုကိုပါ တိုးတက်စေပြီး သူတော်စင်ဘုရင်အဆင့်သို့ ရောက်ရှိစေနိုင်ပေသည်။
ရဲ့ချန်၏ မင်္ဂလာဆောင်နေ့ မရောက်မီ ရက်အနည်းငယ် လိုသေးရာ စုချန်ချန်၏ အကူအညီဖြင့် ကျိုးဟုန်ယွီ အဆင့်တက်လှမ်းရန် အချိန်လုံလောက်ပေသည်။
ရက်အနည်းငယ်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။
နတ်လက်နက်တောင်ကြားတွင် ပျော်ရွှင်မှုအငွေ့အသက်များ ပြည့်နှက်နေပြီး ဧည့်သည်များကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားလေသည်။
စုန့်ပိုယွမ်က မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေစဉ် ရင်းနှီးသော အမည်တစ်ခုကို နောက်ဆုံးတွင် ကြားလိုက်ရသည်။
"ထိုက်ရွှီမြင့်မြတ်နယ်မြေက ပို့ဆောင်သူတွေ ရောက်လာပါပြီ..."
"ဂုဏ်ယူပါတယ် သခင်လေး..."
"သခင်လေး စုန့်... ဂုဏ်ယူပါတယ်..."
"စီနီယာအစ်ကို စုန့်က အလှလေးကို အိမ်ခေါ်လာနိုင်ပြီမို့ ဂုဏ်ယူပါတယ်..." စုန့်ပိုယွမ်၏ နှုတ်ခမ်းများက ပိတ်မရအောင် ပြုံးနေခဲ့သည်။
လျိုရူယန် အလှလေးက သူ၏ အမျိုးသမီး ဖြစ်လာတော့မည်ဖြစ်ရာ ယနေ့ညတွင် သူ၏ စိတ်နှလုံးသားထဲရှိ အလှပဆုံးသော မြင်းလေးကို စီးနင်းကာ ပြေးလွှားနိုင်တော့မည် ဖြစ်ပေ၏။
လျိုရူယန်ကို အမူအရာကင်းမဲ့စွာဖြင့် နတ်လက်နက်တောင်ကြားသို့ ခေါ်ဆောင်လာခဲ့သည်။ သူမက စုန့်ပိုယွမ်ကို တစ်ချက်ကြည့်လိုက်ရာ စိတ်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
စုန့်ပိုယွမ်၏ အဆင့်အတန်းက ကောင်းမွန်ပြီး နတ်လက်နက်တောင်ကြား၏ သခင်လေးဖြစ်ရာ အနာဂတ် အောင်မြင်မှုများက အကန့်အသတ်မရှိဟု ယူဆရပေမည်။
သို့သော် တစ်ခုတည်းသော အရာမှာ သူက အလွန် အရုပ်ဆိုးခြင်းပင်။ မျက်နှာပြားကြီး၊ နှာခေါင်းပြားပြား၊ မျက်လုံးသေးသေးနှင့် နားရွက်ကားကားတို့ဖြင့် မည်သို့ပင် ကြည့်စေကာမူ သူမနှင့် လုံးဝ မလိုက်ဖက်ချေ။
အကယ်၍ ဤကဲ့သို့သောသူက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အိပ်စက်ရမည်ဆိုလျှင် လျိုရူယန်မှာ သေချင်စိတ် ပေါက်သွားပေလိမ့်မည်။
"သူက ဂျူနီယာမောင်လေး ရဲ့ နဲ့ စီနီယာအစ်ကို ချင်တို့နဲ့ ယှဉ်ရင် အများကြီး ကွာခြားတယ်... ဘာလို့ ငါ လျိုရူယန်ရဲ့ ဘဝက ဒီလောက်တောင် ခက်ခဲရတာလဲ... ငါက ပိုကောင်းတဲ့ အမျိုးသားနဲ့ပဲ ထိုက်တန်တယ်... ငါ့ရှေ့က ဒီအရုပ်ဆိုးတဲ့လူ မဖြစ်သင့်ဘူး..."
လျိုရူယန်က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဘေးနားရှိ လျိုချန်ဟယ်က သမီးဖြစ်သူ၏ စိတ်ကို နားလည်ပုံရပြီး သူ၏အသံက လျိုရူယန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။
"ရူယန်... သမီးက အမျိုးသမီးတစ်ယောက်တင် မကဘူး... သမီးတစ်ယောက်လည်း ဖြစ်သလို ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေးလည်း ဖြစ်တယ်..."
"အဖေနဲ့ ဘိုးဘေးတို့ တိုင်ပင်ပြီးပြီ... အနာဂတ်မှာ သမီးမွေးမယ့် ပထမဆုံးကလေးက ယောကျာ်းလေးဆိုရင် ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော်ဖြစ်လာမယ်... မိန်းကလေးဆိုရင် ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေး ဖြစ်လာမယ်..."
"မြင့်မြတ်နယ်မြေက သမီးအတွက် စဉ်းစားပေးနေပြီ... သမီးကလည်း မြင့်မြတ်နယ်မြေအတွက် ပိုပြီး စဉ်းစားပေးရမယ်..."
"ငါတို့ မြင့်မြတ်နယ်မြေက သမီးကြောင့် ကောင်းကင်ဘုံကို တက်လှမ်းခြင်း အခွင့်အရေးကို လက်လွတ်ခဲ့ရတယ်... ပြီးတော့ ထိုက်ရွှီခေါင်းလောင်း ရတနာကိုလည်း ဆုံးရှုံးခဲ့ရတယ်..."
"ဒါကြောင့် သမီးက နတ်လက်နက်တောင်ကြားရဲ့ သခင်မလေး နေရာမှာ သေချာနေရမယ်... စုန့်ပိုယွမ်နဲ့ လက်ထပ်တာက သမီးကို မတရားရာ မကျပါဘူး... အနာဂတ်မှာ သမီးက နတ်လက်နက်တောင်ကြားကို ထိန်းချုပ်နိုင်လာမှာပါ..."
လျိုရူယန်က အရူးတစ်ယောက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အနည်းငယ် ထက်မြက်သူဖြစ်ရာ လျိုချန်ဟယ်၏ စကားများမှတစ်ဆင့် သူမ၏ အခြေအနေကို မပြောင်းလဲနိုင်ကြောင်း နားလည်နိုင်ပေသည်။
ယခင် စိတ်ကူးယဉ်ဝတ္ထုထဲရှိ ဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး ယခုအခါ သူမက လက်တွေ့ကို လက်ခံရန် လိုအပ်ပေသည်။
"သမီး နားလည်ပါတယ် အဖေ... သမီး အခြေအနေအရပ်ရပ်ကို စဉ်းစားပါ့မယ်..." လျိုရူယန်က အေးစက်သော အသံဖြင့် ပြောဆိုလိုက်ပြီး စုန့်ပိုယွမ်ကို အတင်းအကျပ် ပြုံးပြလိုက်သည်။
"သူမ ပြုံးနေတယ်... ရူယန် ငါ့ကို ပြုံးပြတယ်... သူမ ငါ့ကို အရမ်းချစ်နေတုန်းပဲ..." စုန့်ပိုယွမ်မှာ ရူးသွပ်သွားပြီး သူက အရူးတစ်ယောက်လို ပြုံးပြလိုက်ရာ ပို၍ပင် အရုပ်ဆိုးသွားလေ၏။
လျိုရူယန်မှာ အန်ချင်စိတ်ကို မနည်းထိန်းထားရပြီး စိတ်ထဲတွင် 'သူက အရမ်း အရုပ်ဆိုးတာပဲ' ဟု အော်ဟစ်လိုက်မိသည်။
"မင်္ဂလာအချိန် ရောက်ရှိပါပြီ... ဒီနေ့ နတ်လက်နက်တောင်ကြားက သခင်လေး စုန့်ပိုယွမ်နဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက သူတော်စင်မလေး လျိုရူယန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို စတင်ပါပြီ..."
အတွင်းမှ အသံကို ကြားချိန်၌ ချင်လော့၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး သူက စစ်မာဟောက်နှင့် တွေ့ဆုံကာ နတ်လက်နက်တောင်ကြားအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"အရှင်မင်းသား..." စစ်မာဟောက်က စကားစလိုက်ချိန်၌ ချင်လော့က ဖြတ်ပြောလိုက်၏။
"မင်းက ဘယ်သူလဲဆိုတာ မှတ်ထား... အခု မင်းက နဝမမင်းသားရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး... နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ တပ်ဖွဲ့ ၁၀ ဒုတပ်မှူးချုပ်အောက်က အရာရှိတစ်ယောက်ပဲ..."
စစ်မာဟောက်က ချက်ချင်းပင် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်။ "ဒုတပ်မှူးချုပ်... အရှင့်ရဲ့ တောင်းဆိုချက်အရ ကျွန်တော်တို့ ဝင်သွားပြီးရင် ကလေးတွေနဲ့ တစ်ဝိုင်းတည်း ထိုင်လို့ရပါတယ်..."
သူ၏ အမူအရာက အနည်းငယ် ထူးဆန်းနေပြီး ချင်လော့တွင် အဘယ်ကြောင့် ဤမျှ ဆိုးရွားသော အကြိုက်မျိုးရှိကာ ကလေးများနှင့် တစ်ဝိုင်းတည်း ထိုင်သည်ကို သူ နားမလည်နိုင်ပေ။
ချင်လော့ကမူ အကယ်၍ သူ အရက်မသောက်ရလျှင် ကလေးများနှင့် တစ်ဝိုင်းတည်း ထိုင်ရမည်မှာ သဘာဝကျသည်ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုသို့ပင် ဖြစ်ပေသည်။
ထိုင်ပြီးနောက် စစ်မာဟောက်က သူ၏ ရလဒ်များကို ချက်ချင်း အစီရင်ခံလိုက်၏။ "ဒုတပ်မှူးချုပ်ရဲ့ အဖိုးတန်ဝတ္ထုက အရမ်းရောင်းရပြီး ကျွန်တော်တို့ ပိုက်ဆံအများကြီး ရခဲ့ပါတယ်..."
"ရဲ့ချန်လို့ခေါ်တဲ့ သူမှာ ပရိသတ်တွေ အများကြီး ရှိလာပြီး သူတို့က ရဲ့ချန်ကို မင်္ဂလာဆောင် လာဖျက်ဖို့ တောင်းဆိုနေကြတယ်... ဒီပြဇာတ်ကြီးကို ကြည့်ဖို့တောင် လူအများကြီး ရောက်လာကြတယ်..."
"တကယ်လို့ ရဲ့ချန် မလာဘူးဆိုရင် သူက တောင်တန်းတစ်သောင်းနယ်မြေထဲမှာ နာမည်ပျက်ပြီး လူတိုင်း ဝိုင်းရိုက်တာကို ခံရတော့မှာပဲ..."
"ဒါပေမဲ့ သူ လာခဲ့ရင် နတ်လက်နက်တောင်ကြားက လူတွေရဲ့ ဖိနှိပ်သတ်ဖြတ်တာကို ခံရဖို့ များတယ်... နောက်ဆုံးမှာ လူအများကြီးရဲ့ ပြောစရာ ဖြစ်သွားနိုင်တယ်..."
စစ်မာဟောက်က ချင်လော့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ချင်လော့က အဘယ်ကြောင့် ရဲ့ချန်ကို ဤကဲ့သို့ ထောင်ချောက်ဆင်ရသည်ကို သူမနားလည်နိုင်ပေ။
ဤသည်က ရဲ့ချန်ကို မီးပေါ်တင်ကင်ပြီး အကျပ်ရိုက်စေခြင်းပင်။
အကယ်၍ သူသာ ရဲ့ချန်ဖြစ်လျှင် သေချင်စိတ် ပေါက်သွားမည်ဖြစ်ပြီး အလုံခြုံဆုံးနည်းလမ်းမှာ နာမည်ဝှက်ဖြင့် ပုန်းကွယ်ကာ ကိစ္စများ အေးချမ်းသွားချိန်အထိ စောင့်ဆိုင်းရန်ပင် ဖြစ်ပေသည်။
သို့သော် ချင်လော့က နောက်ဆက်တွဲ ဝတ္ထုတစ်ပုဒ် ထပ်ရေးကောင်း ရေးနိုင်ပေလိမ့်မည်ဟု သူ စိတ်ကူးမိလိုက်သည်။ ရဲ့ချန်က နှစ်ပေါင်းများစွာ ခက်ခဲစွာ ကျင့်ကြံပြီးနောက် နတ်လက်နက်တောင်ကြားသို့ လက်စားချေရန် ရောက်လာမည် ဖြစ်သည်။
ဝတ္ထုစာအုပ်ထဲတွင် ရေးထားသော ရဲ့ချန်သည် ဤဘဝတွင် ဝမ်းနည်းစရာကောင်းသော ကံကြမ္မာရှိရန် ဖန်တီးခံထားရပေသည်။
"ဟုတ်လား..." ချင်လော့၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွား၏။
"မင်း ခန့်မှန်းတာ သေချာပေါက် မှားတယ်လို့ ငါထင်တယ်... ရဲ့ချန်က လာပြီး လျိုရူယန်ကို လုယူသွားလိမ့်မယ်..."
"မင်း ယုံလား..."
စစ်မာဟောက်က မယုံကြည်ကြောင်း ထင်ရှားသော်လည်း သူ မငြင်းဆန်ရဲပေ။
"ငါတို့ ကြည့်ကြတာပေါ့... ဆက်ကြည့်နေ..." ချင်လော့၏ အကြည့်က လျိုရူယန်အပေါ်သို့ ကျရောက်သွားသည်။
သူ သက်ပြင်းချလိုက်မိ၏။ လျိုရူယန်က အမှန်တကယ်ပင် ရှားပါးလှသော အလှလေးဖြစ်ပြီး မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားချိန်တွင် ပို၍ပင် လှပနေပေသည်။
"ငါ့မှာ ယူနီဖောင်းကို နှစ်သက်တဲ့ စိတ်ရှိနေတာများလား..." ချင်လော့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ငါက ခြေအိတ်ရှည်လေးတွေကို ကြည့်ရတာ သဘောမကျသင့်ဘူးလား... ဒီမင်္ဂလာဝတ်စုံကိုလည်း ဘာလို့ စိတ်ဝင်စားနေရတာလဲ..."
သူက ခေါင်းယမ်းလိုက်သည်။
ချင်လော့က ပြဇာတ်ကြီး စတင်သင့်ပြီဟု ခံစားလိုက်ရပြီး စင်မြင့်မြင့်ပေါ်သို့ အကြည့်ရောက်သွားချိန်၌ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရကာ သူ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။
[ကံကြမ္မာသမီးတော် ရှာယွီဝေးကို တွေ့ရှိပါသည်]
[အမည် - ရှာယွီဝေး]
[အသက် - ၂၃ နှစ်]
[ကံကြမ္မာအဆင့် - တတိယအဆင့်]
[ကံကြမ္မာတန်ဖိုး - ၅၄၈၀၀ မှတ်]
[ကျင့်ကြံခြင်း - နတ်စွမ်းအင်အဆင့် ၃]
[မိတ်ဆက် - ကံကြမ္မာသားတော်၏ ငယ်သူငယ်ချင်း၊ ဇာတ်ကွက် မပြောင်းလဲပါက ဇနီးဖြစ်လာရန် ဖန်တီးခံထားရပြီး ဇနီးဟူသော အဆင့်အတန်းဖြင့် ကံကြမ္မာသားတော်၏ ကိုယ်လုပ်တော်အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်၊ ပါရမီရှင် မျိုးဆက်များထက် သာလွန်သူကို
မွေးဖွားပေးနိုင်သည်]
"ရဲ့ချန်ရဲ့ ဇနီးလား... သူ့ရဲ့ ငယ်သူငယ်ချင်းလား..." ချင်လော့က ထိုအမျိုးသမီးကို ကြည့်ကာ အံ့အားသင့်စွာ ပြောဆိုလိုက်သည်။
"သူ့ရဲ့ ငယ်သူငယ်ချင်းကို စုန့်ပိုယွမ် ဖမ်းသွားတာလား..."
"ကျွတ်... ဗီလိန်က မသေရင် သေအောင်လုပ်မှာပဲ..."
ချင်လော့က သက်ပြင်းချလိုက်သည်။
ဗီလိန်များမှာ အမှန်တကယ်ပင် အန္တရာယ်များသော အလုပ်အကိုင်ဖြစ်ပြီး သေမင်း၏ နှုတ်ခမ်းဝတွင် အမြဲခုန်ပေါက်နေကြရပေသည်။
စင်မြင့်မြင့်ပေါ်တွင် စုန့်ပိုယွမ်က လျိုရူယန်ကို ချစ်ခင်ကြင်နာစွာ ကြည့်ကာ ပြောဆိုလိုက်၏။
"ရူယန်... နောက်ဆုံးတော့ ငါ မင်းကို လက်ထပ်နိုင်ခဲ့ပြီ..."
"အနာဂတ်မှာ ငါ မင်းကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ငါ့ရဲ့ နတ်လက်နက်တောင်ကြားထဲက အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်လာစေရမယ်..."
လျိုရူယန်က အနီးကပ် ရှိနေသော စုန့်ပိုယွမ်ကို ကြည့်ရင်း အနည်းငယ် ရွံရှာပြီး ပျို့အန်ချင်လာသော်လည်း သူမက အတင်းအကျပ် ပြုံးပြကာ သည်းခံနေရသည်။
"စုန့်ပိုယွမ်နဲ့ လျိုရူယန်တို့ ဒီနေ့မှာ ဆရာသမားတွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စီနီယာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ သက်သေအဖြစ်နဲ့ ဒီနေ့ကစပြီး တရားဝင် လက်ထပ်လိုက်ကြပါပြီ..."
အသံတစ်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး စုန့်ပိုယွမ်က လျိုရူယန်ထံသို့ အလျင်စလို ရှေ့တိုးသွားကာ လျိုရူယန်၏ လက်လေးကို ဆွဲပြီး မင်္ဂလာဦးညကို စတင်ဖြတ်သန်းရန် ပြင်ဆင်လိုက်သည်။
သူ မစွမ်းဆောင်နိုင်မည်ကိုပင် စိုးရိမ်သဖြင့် ဆေးလုံးများကို ကြိုတင်ပြင်ဆင်ထားကာ အသင့်ပြင်ထား၏။
သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် လျိုရူယန်နှင့် ရင်းနှီးသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
"လျိုရူယန်က ငါ ရဲ့ချန် တစ်ယောက်တည်းကိုပဲ လက်ထပ်နိုင်မယ်..." သူက လျိုရူယန်ကို ချစ်ခင်ကြင်နာစွာ ကြည့်ကာ ပြောဆိုလိုက်သည်။
"ရူယန် စီနီယာအစ်မ... ကျွန်တော် ရောက်လာပြီ... ဒီနေ့ ဘယ်သူမှ စီနီယာအစ်မကို အတင်းအကျပ် လုပ်လို့မရဘူး..."
"ကျွန်တော် စီနီယာအစ်မကို ခေါ်သွားမယ်..."