အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃)နတ်ဖီးနစ်သွေးကြော၊ နတ်လက်နက်တောင်ကြားကို ဖိအားပေးခြင်း
လူတိုင်းက သတိထားမိစွာဖြင့် လမ်းဖယ်ပေးလိုက်ကြပြီး ရဲ့ချန်ကို ပေါ်လွင်စေလိုက်သည်။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခန့်ညားသော မျက်နှာနှင့် မြင့်မားသော အရပ်အမောင်းရှိပြီး သူ၏ အငွေ့အသက်က ထူးခြားလှပေ၏။
စုန့်ပိုယွမ်သည် ရဲ့ချန်နှင့် နှိုင်းယှဉ်လိုက်ပါက ဖားပြုပ်တစ်ကောင်နှင့် တူနေပေသည်။
လျိုရူယန်၏ စိတ်နှလုံးသည် ပြင်းထန်စွာ ဆွဲဆောင်ခံလိုက်ရပြီး မျက်ရည်များက သူမ၏ မျက်လုံးများကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
သူမက အချစ်ကိုသာ ဦးစားပေးသူ မဟုတ်ကြောင်း ဝန်ခံသော်လည်း ရဲ့ချန်နှင့် စုန့်ပိုယွမ်တို့ကို နှိုင်းယှဉ်ကြည့်လိုက်ချိန်၌ သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းလှပေ၏။
တစ်ယောက်က ကောင်းကင်ယံတွင် ရှိနေပြီး အခြားတစ်ယောက်က မြေအောက်ဆယ့်ရှစ်လွှာတွင် ရှိနေပေသည်။ မည်သို့ ရွေးချယ်ရမည်ကို အရူးပင်လျှင် သိနိုင်ပေ၏။
စိတ်ကူးယဉ်ဇာတ်လမ်းက လက်တွေ့ဘဝတွင် ထင်ဟပ်လာခဲ့ရာ သူမက စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်များ ဖြစ်ပေါ်လာပြီး စိတ်လိုက်မာန်ပါ လုပ်သင့်သည်ဟု ခံစားလိုက်ရသည်။
သူမက ရဲ့ချန်ကို မျက်ရည်များပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။
"ဂျူနီယာမောင်လေး ရဲ့... ကျွန်မ ရှင်နဲ့အတူ လိုက်သွားဖို့ ဆန္ဒရှိပါတယ်..."
ဤစကားကို ကြားလိုက်ရချိန်၌ အခန်းတစ်ခန်းလုံး ဆူညံသွားပြီး လူတိုင်းမှာ အံ့အားသင့်သွားကြပေ၏။
"ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းက ရဲ့ချန် မင်္ဂလာဆောင်ကို လာဖျက်ပြီး လျိုရူယန်က ရဲ့ချန်နဲ့အတူ လိုက်သွားမယ်ဆိုတာ ငါ ပြောသားပဲ..."
"ရဲ့ချန်က အချစ်အတွက် တိုက်ပွဲဝင်တဲ့ စစ်သည်တော်တစ်ယောက်ပဲ... အချစ်အတွက် ကိုယ့်အသက်ကိုတောင် ပေးဝံ့တယ်... ငါ ဆုံးဖြတ်လိုက်ပြီ... သူ သေသွားတဲ့အခါကျရင် သူ့ရဲ့ သင်္ချိုင်းဂူကိုသွားပြီး စက္ကူနည်းနည်း သွားမီးရှို့ပေးရမယ်..."
"အရမ်း အားကျဖို့ကောင်းတာပဲ... ယောက်ျားတစ်ယောက်က ငါ့ကို ဒီလိုမျိုး ဆက်ဆံပေးမယ်ဆိုရင် သေရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်..."
စုန့်ပိုယွမ်၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရုပ်ဆိုးနေပြီး ယခုအခါ သူက လူရွှင်တော်တစ်ယောက်ကဲ့သို့ ရဲ့ချန်၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရပေသည်။
သူက ဟိန်းဟောက်လိုက်၏။
"နတ်လက်နက်တောင်ကြားက လူတွေ ဘယ်ရောက်နေကြတာလဲ... မင်းတို့ အသုံးမကျတဲ့ကောင်တွေ ဒီခွေးကောင်ကို ဘယ်လိုလုပ် အထဲပေးဝင်လိုက်ရတာလဲ..."
ကျောက်လင်းယင်က ရဲ့ချန်၏ အနောက်မှ ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရဲ့ချန်နဲ့ လျိုရူယန်တို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာပါ... ထိုက်ရွှီမြင့်မြတ်နယ်မြေက ဘာလို့ လူဆိုးလုပ်ပြီး ခွဲခွာအောင် လုပ်နေရတာလဲ..."
"ဒီနေ့ ငါတို့ ဓားတစ်သောင်းစံအိမ်က ရဲ့ချန်အတွက် အောင်သွယ်ပေးပါ့မယ်... ထိုက်ရွှီသူတော်စင်မလေးကို ရဲ့ချန်နဲ့ လက်ထပ်ပေးလိုက်ရင် ဘယ်လိုလဲ..."
လျိုချန်ဟယ်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားပြီး သူက အော်ငေါက်လိုက်၏။
"ဘယ်ကရောက်လာတဲ့ ဂျူနီယာလေးက ဒီနေရာမှာ ပြဿနာလာရှာရဲတာလဲ..."
သူ၏ စကားဆုံးသွားသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ငါ ကျောက်ယွမ်ရွှင်က တူတော်မောင် ရဲ့ချန်အတွက် အောင်သွယ်ပေးဖို့ အရည်အချင်း မပြည့်မီဘူးလား..."
ပြင်းထန်သော ဓားဆန္ဒများ ထွက်ပေါ်လာပြီး ဓားတစ်သောင်းစံအိမ်၏ သခင်က ထွက်လာခဲ့ပေသည်။
"ဒါက ဓားတစ်သောင်းစံအိမ်ရဲ့ သခင်ပဲ... ရဲ့ချန်က ဘယ်တုန်းက ဒီလောက် ကြီးမြတ်တဲ့လူဆီကို ရောက်သွားတာလဲ..."
"ဒါကြောင့် သူက နတ်လက်နက်တောင်ကြားထဲကို ဝင်လာနိုင်တာက သူ့နောက်ကွယ်မှာ ဒီလောက် ကြီးမြတ်တဲ့လူတစ်ယောက် ရှိနေတာကိုး... ဒီနေ့တော့ ရဲ့ချန် အောင်မြင်သွားနိုင်တယ်လို့ ငါ ထင်တယ်..."
"မဟုတ်ဘူး... ငါ အဲ့ဒီလို မထင်ဘူး... ဓားတစ်သောင်းစံအိမ်မှာ သူတော်စင် တစ်ပါးပဲ ရှိတာ... ထိုက်ရွှီမြင့်မြတ်နယ်မြေနဲ့ နတ်လက်နက်တောင်ကြားမှာက အများကြီး ရှိတယ်..."
"စံအိမ်သခင် ကျောက်... ခင်ဗျားက ဘာသဘောလဲ..."
လျိုချန်ဟယ်က လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။
"တူတော်မောင် ရဲ့ချန်က ငါ့ရဲ့ သမီးငယ်လေး အပေါ်မှာ အသက်ကယ်ကျေးဇူး ရှိခဲ့ဖူးတယ်... ငါ ကျောက်ယွမ်ရွှင်က သူ့ရဲ့ ကျေးဇူးကို သဘာဝကျကျ ပြန်ဆပ်ရမှာပဲ..."
ထိုအချိန်မှသာ ကျောက်ယွမ်ရွှင်သည် ရဲ့ချန်အတွက် ရောက်လာခြင်းဖြစ်ကြောင်း လူအများအပြား နားလည်သွားကြသည်။
"ဟားဟား... တော်တော် မာနကြီးတဲ့ ကောင်လေးပဲ... မင်းက ဓားတစ်သောင်းစံအိမ်ကို အားကိုးပြီး ငါတို့ရဲ့ နတ်လက်နက်တောင်ကြားထဲမှာ လူလာလုချင်နေတာလား..."
စုန့်ပိုယွမ်၏ ဖခင် စုန့်ရီထျန်းက ရှေ့သို့ တစ်လှမ်းထွက်လာပြီး လေထဲတွင်ရှိသော ကျောက်ယွမ်ရွှင်ကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပေ၏။
"ဒါက နတ်လက်နက်တောင်ကြားရဲ့ သခင် စုန့်ရီထျန်းပဲ..."
စစ်မာဟောက်က ဘေးမှ ရှင်းပြလိုက်သည်။
"ရီထျန်းလား... သောက်ကျိုးနည်း... ဒီနာမည်က မိုက်လှချည်လား..."
စစ်မာဟောက်က ချင်လော့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ချင်လော့ အဘယ်ကြောင့် ရယ်မောနေသည်ကို နားမလည်နိုင်ခဲ့ချေ။ ယင်းက ကောင်းမွန်သော နာမည်တစ်ခု မဟုတ်ပါလော။
"ငါတို့ ယွင်ရှန်း ရှောင်မိသားစုကိုပါ ထည့်လိုက်ရင်ကော ဘယ်လိုလဲ..."
စွမ်းအင်များအပြည့်အဝပါဝင်သော အသံတစ်သံ ထွက်ပေါ်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထူးခြားလှပသော အမျိုးသမီးတစ်ဦးနှင့်အတူ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်လာခဲ့သည်။
သူတော်စင်စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး သူတော်စင်များ ရောက်ရှိလာခဲ့ပေသည်။ တစ်ပါးတည်း မဟုတ်ဘဲ နှစ်ပါးတောင် ဖြစ်၏။
"ကျွတ် ကျွတ်... ကံကြမ္မာသားတော်ရဲ့ ကံကြမ္မာက တကယ်ကို အားကျဖို့ကောင်းတာပဲ..."
ချင်လော့၏ အကြည့်များက ရှောင်ယာ၏ အပေါ်သို့ ကျရောက်သွားသည်။
[ကံကြမ္မာသမီးတော် ရှောင်ယာကို တွေ့ရှိပါသည်]
[အမည် - ရှောင်ယာ]
[အသက် - ၂၀ နှစ်]
[ကံကြမ္မာအဆင့် - စတုတ္ထအဆင့်]
[ကံကြမ္မာတန်ဖိုး - ၃၉၈၀၀၀ မှတ်]
[ခန္ဓာကိုယ် - နတ်ဖီးနစ်သွေးကြော၊ နတ်ဖီးနစ်၏ သွေးကြောအမွေအနှစ်၊ ကောင်းကင်ကိုဆန့်ကျင်သော နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် အကန့်အသတ်မရှိ အောင်မြင်ရန် ဖန်တီးခံထားရသည်၊ အဆင့်တက်လှမ်းခြင်းသည် ရေသောက်သည်ထက်ပင် လွယ်ကူသည်]
[ကျင့်ကြံခြင်း - နတ်ဘုရားအသွင်ပြောင်းအဆင့် ၅ ]
[မိတ်ဆက် - ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးခံထားရသော အဓိကဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ပြီး အချစ်ဖြင့် ချည်နှောင်ခံထားရသည်။ သံယောဇဉ်များကို ဖြတ်တောက်ပြီး အဆင့်တက်လှမ်းခြင်းက ပို၍ မြန်ဆန်သော်လည်း ဝမ်းနည်းစရာမှာ အချစ်ဆိုသော စကားလုံးက စွန့်လွှတ်ရန် အခက်ခဲဆုံးဖြစ်ကာ နောက်ဆုံးတွင် အမျိုးသားများ၏ အသုံးအဆောင်တစ်ခုအဖြစ်သာ ကျဆင်းသွားနိုင်သည်]
"ကျွတ်... ဒီခွေးကောင် ရဲ့ချန်က ဒီလောက်တောင် ကောင်းကင်ကိုဆန့်ကျင်တဲ့ ကံကြမ္မာ ရှိနေပြီး သူ့ရဲ့မယားငယ်တွေက ဒီလောက် မိုက်တဲ့ အမျိုးသမီးမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"ငါတောင် မနာလိုဖြစ်မိတယ်... ငါက ကိုယ်ပိုင်အရင်းအမြစ်တွေအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ရပေမဲ့ ကံကြမ္မာသားတော် အတွက်ကျတော့ တခြားလူတွေက အစာကို ပါးစပ်ထဲအထိ ခွံ့ကျွေးနေကြတာပဲ..."
ချင်လော့က ခံစားချက်ပြင်းပြစွာဖြင့် ပြောဆိုလိုက်၏။
"ဒါပေမယ့် မင်း ငါနဲ့ တွေ့ခဲ့တာတော့ ဝမ်းနည်းစရာပဲ..."
ဤမြင်ကွင်းကို မြင်ချိန်၌ စုန့်ရီထျန်း၏ မျက်နှာက မည်းမှောင်သွားပြီး ယွင်ရှန်းရှောင်မိသားစုမှ လူများပါ ဝင်ရောက်စွက်ဖက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ရှောင်မိသားစုခေါင်းဆောင်... ခင်ဗျားက ဒီကိစ္စမှာ တကယ်ပဲ ဝင်စွက်ဖက်ချင်နေတာလား..."
ရှောင်ကျွင်းချဲ့က ရှောင်ယာကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
သူမက သူတို့ ရှောင်မိသားစု၏ အပါရမီရှင်ဆုံး မျိုးဆက်သစ်ဖြစ်ပြီး အနာဂတ်တွင် အဓိပတိအဆင့်သို့ တက်လှမ်းရန် အလားအလာအရှိဆုံးနှင့် သူတို့ ရှောင်မိသားစုကို ဦးဆောင်နိုင်မည့် ပါရမီရှင်တစ်ဦး ဖြစ်ပေ၏။
ရှောင်ယာ၏ တောင်းဆိုချက်များက သူတို့ ရှောင်မိသားစု၏ တာဝန်ပင် ဖြစ်လေသည်။ ထို့ပြင် ရှောင်ယာ၏ နောက်ကွယ်တွင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိနေသေးရာ အကယ်၍ ထိုသူသာ လှုပ်ရှားလိုက်ပါက သူတို့ ရှောင်မိသားစုသည် လုံးဝ ပြီးဆုံးသွားမည် မဟုတ်ပါလော။
"ဟင်... ကောင်မလေးလည်း ရောက်လာတာပဲ..."
ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျား သိလို့လား..."
ချင်လော့က မေးမြန်းလိုက်၏။
"သိတယ်..."
ရှီးဟွမ်၏ အသံမှာ အထူးရှုပ်ထွေးနေခဲ့သည်။
အမှန်တကယ်တော့ ယခင်က သူမသည် ရှဲ့ချန်အပေါ် တွယ်ကပ်နေခဲ့ရခြင်းမှာ ကူကယ်ရာမဲ့သည့် အခြေအနေကြောင့်သာ ဖြစ်သည်။
သူမအနေဖြင့် ရှောင်ယာကို အကောင်းမြင်ထားခဲ့သော်လည်း၊ ကံမကောင်းစွာဖြင့် ရှောင်ယာ၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားအလွန်ကြီးမားသော တည်ရှိမှုတစ်ခု ရှိနေခဲ့လေသည်။
ရှီးဟွမ်က ဖော်ထုတ်ခံရပြီးနောက် တစ်ဖက်လူက သူမကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့ခဲ့သည်။ ထိုအချိန်က သူမသည် အလွန် အားနည်းနေပြီး သူတော်စင် တစ်ပါးကိုပင် မရင်ဆိုင်နိုင်ခဲ့ချေ။
“သူမမှာ နတ်ဖီးနစ်သွေးကြော ပိုင်ဆိုင်ထားတာကြောင့် ငါ့ရဲ့ အမွေအနှစ်နဲ့ အပြည့်အဝ ကိုက်ညီတယ်… ပြီးတော့…”
“ခင်ဗျားကို ကိုယ်ခန္ဓာသိမ်းပိုက်ဖို့တောင် ခွင့်ပြုပေးနိုင်တယ်… ဟုတ်တယ်မလား…”
ချင်လော့၏ ထိုစကားတစ်ခွန်းကြောင့် ရှီးဟွမ်မှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ယခင်ကသာဆိုလျှင် သူမက ဤသို့သော အကြံဉာဏ်မျိုး ရှိမည်မဟုတ်သော်လည်း ချင်လော့နှင့် တွေ့ဆုံပြီးနောက် သူမလည်း အချက်တစ်ချက်ကို သဘောပေါက်သွားခဲ့သည်။ ယင်းမှာ လူတို့သည် မိမိအတွက်သာ ကြည့်တတ်ကြသည်ဟူသောအချက်ပင်။
ယခင်က သူမ၏ နားထဲတွင် ကြားခဲ့ရသော ချင်လော့၏ စကားတစ်ခွန်းကဲ့သို့ပင်။ ‘ငါ သေဆုံးပြီးရင် ဘာဖြစ်လဲဆိုတာ ဘယ်သူကဂရုစိုက်မှာလဲ။’
ရှောင်ကျွင်းချဲ့က စုန့်ရီထျန်းကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဒီနေ့ ကိစ္စကို ငါတို့ ရှောင်မိသားစုက ကိုင်တွယ်မယ်... နတ်လက်နက်တောင်ကြားသခင် စုန့် အနေနဲ့ ငါတို့ ရှောင်မိသားစုကို မျက်နှာသာပေးဖို့ တောင်းဆိုပါတယ်..."
စုန့်ရီထျန်းက နတ်လက်နက်တောင်ကြားအတွင်း၌ ကျင့်ကြံနေသော သူတော်စင် နှစ်ပါးကို ချက်ချင်း နှိုးလိုက်ရာ သူတို့က အတူတကွ ထွက်ပေါ်လာခဲ့ပြီး စုန့်ရီထျန်းမှာ သူ၏ ကျောထောက်နောက်ခံ ပိုမိုခိုင်မာလာသည်ဟု ခံစားလိုက်ရပေသည်။
သူက လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ငါက မပေးနိုင်ဘူးလို့ ပြောရင်ကော..."
သူ၏အသံ ဆုံးသွားပြီးနောက် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"တောင်ကြားသခင် စုန့်... သေချာ စဉ်းစားပါဦး... ဒီအဘိုးကြီးက နစ်နာကြေးအနေနဲ့ သူတော်စင်ဆေးလုံးတစ်လုံး ထုတ်ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ..."
စကားပြောနေစဉ်အတွင်း သူတော်စင် အများအပြား၏ မျက်နှာများပေါ်တွင် အံ့အားသင့်သော အမူအရာများ ပေါ်လာခဲ့သည်။ အကြောင်းမှာ သူတို့ ကြားလိုက်ရသော အသံက အလွန် ရင်းနှီးနေသောကြောင့်ပင်။
သူတို့ ခေါင်းလှည့်ကြည့်လိုက်ချိန်၌ ဆေးရနံ့များ ထုတ်လွှတ်နေသော အဘိုးအိုတစ်ဦး လျှောက်လှမ်း ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
"တန်ဆေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ..."
"သူပါလား... သူတောင် ရောက်လာတာလား..."
"ရဲ့ချန်က ငါတို့ တန်ဆေးဂိုဏ်းရဲ့ သူတော်စင်သားတော် ပဲ... ဒီနေ့ ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ထားပေးလို့ မရဘူးလား..."
"အဲ့ဒီ လူငယ်နှစ်ယောက်ကို ဖြည့်ဆည်းပေးလိုက်ရင်ကော ဘယ်လိုလဲ..."
သူ ပေါ်လာချိန်၌ အခြေအနေက ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။
တန်ဆေးဂိုဏ်း၏ ဂုဏ်သိက္ခာသည် နတ်လက်နက်တောင်ကြားထက် များစွာကြီးမားပေ၏။ ထို့ပြင် တန်ဆေးဂိုဏ်း၏ စွမ်းအားသည်လည်း နတ်လက်နက်တောင်ကြားထက် အနည်းငယ် ပိုမိုအားကောင်းသဖြင့် ယနေ့တွင် နတ်လက်နက်တောင်ကြားသည် အရှုံးပေးရလိမ့်မည်ဟု လူအများအပြား ခံစားလိုက်ရသည်။
စစ်မာဟောက်တို့က ချင်လော့ကို ထူးဆန်းစွာ ကြည့်လိုက်ကြပြီး အရာအားလုံးက ချင်လော့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
"ကျွတ်... ဘယ်လောက်ကောင်းတဲ့ ကံကြမ္မာလဲ... အားကျစရာပဲ..."
"နှမြောစရာပဲ... ဝမ်းနည်းစရာပဲ... မင်းက ငါနဲ့ လာတွေ့နေတာကိုး..."
ချင်လော့က ကလေးငယ်တစ်ဦး၏ လက်ထဲမှ မုန့်တစ်ချပ်ကို လုယူလိုက်ပြီး ကလေးငယ်၏ ငိုမဲ့မဲ့ စူးရှသော အကြည့်ကို လျစ်လျူရှုကာ သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"နတ်လက်နက်တောင်ကြားက နောက်ဆုတ်သွားပြီဆိုတော့ ငါတို့ဝင်စွက်ဖက်သင့်ပြီ”