အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) ရဲ့ချန်က စုန့်ပိုယွမ်ကို အပြတ်အသတ်အနိုင်ယူခြင်းနှင့် ရှန်ဝမ်နင်၏ ကြီးစိုးမှု
နတ်လက်နက်တောင်ကြားမှ လူအချို့မှာ ကျားကို စီးပြီးနောက် ဆင်းရန် ခက်ခဲနေသကဲ့သို့ ဖြစ်နေကြသည်။
သူတို့၏ရှေ့တွင် ယွင်ရှန်းရှောင်မိသားစု၊ ဓားတစ်သောင်းစံအိမ်နှင့် တန်ဆေးဂိုဏ်းတို့ ရှိနေပြီး သူတို့၏ စွမ်းအားက နတ်လက်နက်တောင်ကြားထက် များစွာ သာလွန်နေပေသည်။
သူတော်စင်ဘုရင် မရှိသော်လည်း သူတော်စင် အရေအတွက်မှာ အလွန်များပြားလှပြီး သူတို့ နတ်လက်နက်တောင်ကြားတွင်မူ သူတော်စင် သုံးပါးသာ ရှိပေ၏။
စုန့်ရီထျန်း၏ အကြည့်များက လျိုချန်ဟယ်အပေါ်သို့ ကျရောက်သွားသော်လည်း လျိုချန်ဟယ်က မမြင်သည့်အလား ခေါင်းကို လွှဲသွားခဲ့သည်။
ယနေ့ကိစ္စ၏ ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ သူတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေက ထိခိုက်နစ်နာမည့်သူများ မဟုတ်ချေ။
မည်သို့ပင်ဆိုစေ သူတို့က တင်တောင်းသည့် လက်ဆောင်များကို ရရှိပြီးဖြစ်ကာ သမီးဖြစ်သူကိုလည်း နတ်လက်နက်တောင်ကြားသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်။
နတ်လက်နက်တောင်ကြားက သူတို့၏ သခင်မလေးကို မစောင့်ရှောက်နိုင်ခြင်းက ထိုက်ရွှီမြင့်မြတ်နယ်မြေနှင့် ဘာဆိုင်မည်နည်း။
ထို့ပြင် ရဲ့ချန်က တန်ဆေးဂိုဏ်း၏ သူတော်စင်သားတော် ဖြစ်လာပြီဖြစ်ရာ သူတို့၏ ယခင်က ရန်ငြိုးများကို ဖျက်သိမ်းနိုင်ရုံသာမက တန်ဆေးဂိုဏ်းထံမှ တင်တောင်းသည့် လက်ဆောင်များစွာကိုလည်း ရရှိနိုင်သေးသည်။
‘ဘာလို့ မလုပ်ရမှာလဲ။’
" ဒီသမီးကို မွေးထားရတာ တကယ် တန်ဖိုးရှိတာပဲ... ငါ့မှာသာ ကလေးယူဖို့မခက်ခဲရင် နောက်ထပ်ထပ်မွေးမှာ သေချာပေါက်ပဲ..."
ပိုက်ဆံရှာဖို့ဆိုတာ ကြီးမားတဲ့ ကိစ္စများ ဖြစ်နေလို့လား။
လျိုချန်ဟယ်၏ အမူအရာကို မြင်ချိန်၌ စုန့်ရီထျန်းက လျိုချန်ဟယ်၏ အတွေးများကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။
သူမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
သူ စကားပြောရန်ပင် မစောင့်ဆိုင်းတော့ဘဲ အောက်ဘက်ရှိ စုန့်ပိုယွမ်က သည်းမခံနိုင်တော့ချေ။
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ရဲ့ချန်... မင်းက ဘာကောင်မို့လို့လဲ... သူများကို အနိုင်ကျင့်တာကလွဲရင် မင်းမှာ ဘာရှိသေးလို့လဲ..."
"ငါ စုန့်ပိုယွမ်ရဲ့ လက်ထဲကနေ ရူယန်ကို ခေါ်သွားချင်တယ်ဆိုရင် ငါ့ရဲ့ အလောင်းကို နင်းသွားမှပဲ ရမယ်... မဟုတ်ရင် ငါက ရူယန်နဲ့အတူ သရဲလင်မယားပဲ လုပ်လိုက်မယ်..."
စကားပြောနေစဉ် သူက ဘေးရှိ လျိုရူယန်ကို ဆွဲယူလိုက်ပြီး သူ၏လက်ထဲရှိ ဓားကို လျိုရူယန်၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။
သူ၏ အသံတွင် နာကြည်းမှုများ ပြည့်နှက်နေခဲ့သည်။ ယခင်က အခြားသူများကို အမြဲတမ်း အနိုင်ကျင့်ခဲ့သူမှာ သူသာဖြစ်ပြီး ယခုအခါ ကောင်းကင်တာအို၏ ကောင်းမွန်သော သံသရာလည်မှုကြောင့် သူကိုယ်တိုင် ဖိနှိပ်ခံရသူ ဖြစ်လာခဲ့ရာ သူ မည်သို့ သည်းခံနိုင်မည်နည်း။
အခြေအနေက ဤနေရာအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ရဲ့ချန်က အရာအားလုံးက သဘာဝကျကျ အဆင်ပြေသွားမည်ဖြစ်ပြီး အလှလေးကို ပွေ့ဖက်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း စုန့်ပိုယွမ်က ဤမျှ အသိဉာဏ်ကင်းမဲ့နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
စုန့်ပိုယွမ်၏ လက်ထဲတွင် ဖမ်းဆီးခံထားရသော လျိုရူယန်ကို ကြည့်ရင်း ရဲ့ချန်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး လျိုရူယန်ကို ပြောဆိုလိုက်သည်။
"ရူယန် စီနီယာအစ်မ... မကြောက်ပါနဲ့..."
"စိတ်မပူပါနဲ့... ကျွန်တော် ဒီနေရာမှာ ရှိနေပါတယ်... စီနီယာအစ်မကို အနည်းငယ်လေးတောင် အထိအခိုက် မခံပါဘူး..."
မော့ကြည့်လိုက်ရာ သူ၏အကြည့်များက စုန့်ပိုယွမ်အပေါ်သို့ ကျရောက်သွားပြီး လှောင်ပြောင်သော အမူအရာတစ်ခုက သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့၏။
"သခင်လေး စုန့်... ခင်ဗျားလို ဂုဏ်သိက္ခာရှိတဲ့ နတ်လက်နက်တောင်ကြားရဲ့ သခင်လေးတစ်ယောက်အနေနဲ့ ဒီလိုလုပ်တာက ကိုယ့်ရဲ့ အဆင့်အတန်းကို အရှက်ခွဲရာကျတယ်လို့ မထင်ဘူးလား..."
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... မင်းက မင်းနောက်ကွယ်က စွမ်းအားကို အားကိုးပြီး ငါ့ရဲ့ အမျိုးသမီးကို လုယူဖို့ ကြိုးစားနေတာ... မင်းက ငါ့ထက် ဘယ်နေရာမှာ ပိုသာတယ်လို့ ထင်နေတာလဲ..."
"အနိုင်ကျင့်တာကလွဲရင် ငါ့လက်ထဲကနေ ရူယန်ကို ခေါ်သွားဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ..."
ရဲ့ချန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး သူက စုန့်ပိုယွမ်ကို အထက်စီးမှ ကြည့်ကာ ပြောဆိုလိုက်၏။
"သခင်လေး စုန့်... ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင်ကော..."
"ခင်ဗျားက ကျွန်တော့်ကို အနိုင်ကျင့်တယ်လို့ ပြောတယ်မလား... ကောင်းပြီလေ... ဒါဆို ဒီနေ့ ကျွန်တော် ရဲ့ချန်က သူတို့ကို အားမကိုးဘူး... ခင်ဗျားနဲ့ ကျွန်တော် ယောက်ျားအချင်းချင်း တိုက်ပွဲတစ်ခု လုပ်ကြမယ်..."
"ခင်ဗျား နိုင်ရင် ကျွန်တော် လှည့်ထွက်သွားမယ်... ကျွန်တော် နိုင်ရင် စီနီယာအစ်မကို လွှတ်ပေးလိုက်ပြီး တစ်သက်လုံး သူမကို ထပ်မနှောင့်ယှက်နဲ့... ဘယ်လိုလဲ... လုပ်ရဲလား..."
ရဲ့ချန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ အငွေ့အသက်များက စုန့်ပိုယွမ်ဆီသို့ ဖိနှိပ်သွားခဲ့သည်။
"ဟင်... နတ်စွမ်းအင်အဆင့် ၁ လား..."
ချင်လော့၏ အသံတွင် အနည်းငယ် အံ့အားသင့်မှုများ ပါဝင်နေခဲ့သည်။
"ရှီးဟွမ်... ခင်ဗျားရဲ့ တပည့်က တခြား အခွင့်အရေးတစ်ခုခု ရခဲ့ပုံပဲ..."
ရှီးဟွမ်၏ ရှုပ်ထွေးသော အသံ ထွက်ပေါ်လာ၏။
“သူ့ရဲ့ ကံကြမ္မာက အမြဲတမ်း ကောင်းမွန်ခဲ့တယ်…နောက်ပြီး ‘မိုးကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ခန္ဓာ’ ကို ပိုင်ဆိုင်ထားတာကြောင့်၊ အစွမ်းထက်တဲ့ မြေကမ္ဘာမီးတောက်တွေနဲ့ ထူးဆန်းမီးတောက်တွေကိုသာ တွေ့ရှိနိုင်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားကို အလွန်လျင်မြန်စွာ တိုးတက်စေနိုင်ဖို့ လုံလောက်တယ်…”
"အင်အားစု အများအပြားက သူ့ကို တန်ဖိုးထားကြတယ်ဆိုတော့ သူတို့က သူ့ကို ကောင်းမွန်တဲ့ အရာတွေ အများကြီး ထောက်ပံ့ပေးခဲ့မယ်လို့ ငါ ထင်တယ်..."
စုန့်ပိုယွမ်က ရဲ့ချန်ကို စူးစိုက်ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကို ပြသလိုက်သည်။
"ကောင်းပြီလေ... မင်းက ငါ့ကို စိန်ခေါ်ရဲမှတော့ ငါက ဘာလို့ သဘောမတူဘဲ နေရမှာလဲ..."
"ဒီနေ့ ငါ စုန့်ပိုယွမ်က စီနီယာတွေကို ဘယ်လို လေးစားရမလဲ ဆိုတာ မင်းကို သင်ပေးမယ်..."
ဝုန်း…
သူ၏ အငွေ့အသက်များ မြင့်တက်လာပြီး နတ်စွမ်းအင်အဆင့် ၉ သို့ ရောက်ရှိသွားရာ မျိုးဆက်သစ် လူငယ်များကြားတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်ပေသည်။
ရဲ့ချန်၏ ထုတ်လွှတ်လိုက်သော အငွေ့အသက်များကို ခံစားလိုက်ရချိန်၌ သူက နတ်စွမ်းအင်အဆင့်သို့ ယခုမှ ခြေချထားခြင်းသာ ဖြစ်ကြောင်း သတိပြုမိသွားသည်။
ကိုင်တွယ်ရ လွယ်ကူသွားပြီ။
လျိုရူယန်ကို လွှတ်ပေးလိုက်ပြီးနောက် စုန့်ပိုယွမ်က ဓားကိုကိုင်ကာ ထွက်လာခဲ့ပြီး ရဲ့ချန်ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။
“ငါ လက်က တုုံးဆိုင်းနေမှာ မဟုတ်ဘူး… ဒီနေ့ မင်း သေကို သေရမယ်…”
မင်္ဂလာပွဲကို လာရောက်ဖျက်ဆီးခံလိုက်ရခြင်းကပင် သူ့အား လူအများ၏ ပါးစပ်ဖျားတွင် ရယ်စရာအဖြစ် ပြောင်းလဲသွားစေရန် လုံလောက်နေပြီဖြစ်သည်။
စုန့်ပိုယွမ်သည် ထိုအကြောင်းကို တွေးမိလိုက်သည့်အချိန်တွင် သူ၏ ရင်ထဲ၌ ပေါ်ထွက်လာသော သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားရန်ပင် ခက်ခဲနေခဲ့တော့သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... လက်တွေ့ပဲ ပြလိုက်..."
ရဲ့ချန်၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာပြီး သူ၏ လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ ဓားဆန္ဒက တိုးတက်လာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏ ဓားဆန္ဒမှာ မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားရာ လူအများအပြားမှာ အံ့အားသင့်သွားကြ၏။
"ကျွတ်... တကယ့်ကို ကံကြမ္မာသားတော်ပဲ... ပိုပြီး စိတ်ပျက်စရာ ကောင်းလာလေ၊ ပိုပြီး ရဲရင့်လာလေပဲ…”
"အရင်က ထိုးနှက်ချက်တွေက သူ့ကို လဲကျမသွားစေတဲ့အပြင် ပြန်လည်မတ်တတ်ရပ်နိုင်ဖို့တောင် အင်အားဖြစ်စေခဲ့တယ်..."
ချင်လော့မှာ အလွန် ခံစားချက် ပြင်းပြနေခဲ့သည်။ ဤကဲ့သို့သော လူမျိုး၏ တည်ရှိမှုသည် ဗီလိန်တစ်ဦး၏ ဘဝအတွက် ဝမ်းနည်းစရာအဖြစ် ဖန်တီးခံထားရပေသည်။
အဆိုပါ ဝတ္ထုများနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများထဲရှိ ဗီလိန်များသည် အဓိကဇာတ်ကောင်ကို သတ်ဖြတ်နိုင်ချိန်၌ အဘယ်ကြောင့် ပြင်းပြင်းထန်ထန် မလှုပ်ရှားဘဲ သူတို့ကို ကြီးထွားလာရန် အခွင့်အရေး ပေးရသနည်း ဆိုသည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
အဓိကအချက်မှာ သူ ကြီးထွားလာချိန်တွင် အခြားသူများက သင်သည် သူ၏ အကြီးမားဆုံး ရန်သူဖြစ်ကြောင်း မေ့သွားမည်ကို စိုးရိမ်သကဲ့သို့ သူ့ကို အတွေ့အကြုံများ ဆက်လက်ပေးကာ ရန်ငြိုးများကို ကြီးထွားစေခြင်းပင်။ ထိုအချက်သည်လည်း အလွန် ဒေါသထွက်စရာ ကောင်းလှပေ၏။
"ဒီနေ့ ရဲ့ချန် သေချာပေါက် သေရမယ်..."
ချင်လော့၏ အသံသည် ခိုင်မာစွာဆုံးဖြတ်သည့်အသံ ဖြစ်နေသည်။
သူ၏ဘေးရှိ လူအနည်းငယ်၏ အကြည့်များက ရဲ့ချန်အပေါ်သို့ သနားစရာကောင်းစွာဖြင့် ကျရောက်သွားကြသည်။
အရေးကြီးဆုံး အခိုက်အတန့်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း အရာအားလုံးသည် အခြားသူများ၏ စီစဉ်မှုသာ ဖြစ်ကြောင်း မည်သူ သိနိုင်မည်နည်း။ အကယ်၍ ရဲ့ချန်သာ ဤအကြောင်းကို သိရှိသွားပါက သူ ဒေါသထွက်လွန်း၍ သေဆုံးသွားမည်လော။
ရဲ့ချန်က ဓားရှည်ကို ကိုင်ဆောင်ထားစဉ် ပြင်းထန်သော မီးတောက်တစ်ခုက ဓားကိုယ်ထည်ပေါ်တွင် လောင်ကျွမ်းသွားပြီး ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ရဲ့ချန်က ထူးဆန်းတဲ့ မီးတောက်တစ်ခုကို ရခဲ့တာပဲ..."
"ငါ့ပိုင်ပဲ..."
ချင်လော့က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်၏။
ရဲ့ချန်က ဓားကို လွှဲယမ်းလိုက်ပြီး သိုင်းပညာကို ဖော်ထုတ်လိုက်ရာ ယခင်က ချင်လော့၏ ဖော်ထုတ်မှုနှင့် အတိအကျ တူညီနေပေသည်။
မီးလျှံအကကောင်းကင်ဘုံကိုးလွှာ။
ချင်လော့နှင့် ပထမဆုံးအကြိမ် တိုက်ပွဲဝင်ခဲ့စဉ်က သူသည် ဤဓားသိုင်းပညာကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့ပြီး သူ ရရှိထားသော ထူးဆန်းသည့် မီးတောက်နှင့် ပေါင်းစပ်လိုက်ချိန်၌ ပို၍ပင် အစွမ်းထက်လာခဲ့ပေသည်။
စုန့်ပိုယွမ်၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ၏ လက်ထဲရှိ ဓားရှည်က အနည်းငယ် တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်က နိမ့်ဆင်းသွားကာ ခြေလှမ်းများ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။
သူ ပြန်ပေါ်လာချိန်၌ ရဲ့ချန်၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ကို ရုတ်တရက် လွှဲယမ်းလိုက်သည်။
ရဲ့ချန်က လှောင်ပြောင်လိုက်ပြီး ပြင်းထန်သော ဓားအလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းကာ စုန့်ပိုယွမ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ဤဓားအလင်းတန်းသည် အဆုံးမရှိသော မီးတောက်များကို သယ်ဆောင်လာသည့်အလား ဖြတ်သန်းသွားသော နေရာတိုင်းရှိ လေထုက အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပေသည်။
စုန့်ပိုယွမ်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ လက်ထဲရှိ ဓားရှည်ကို ရုတ်တရက် လွှဲယမ်းလိုက်ရာ ငွေရောင်ဓားအလင်းတန်းတစ်ခုက ထိုမီးတောက်ဓားအလင်းတန်းဆီ ရောက်သွားပြီး နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့၏။
အံ့အားသင့်စရာကောင်းသည်မှာ ငွေရောင်ဓားအလင်းတန်းသည် မီးတောက်ဓားအလင်းတန်း၏ ရှေ့တွင် လျင်မြန်စွာ ပျော်ဝင်သွားပြီး မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်အလားပင်။
ရဲ့ချန်၏ ကျင့်ကြံမှုသည်လည်း မျက်တောင်တစ်ခတ်အတွင်း နတ်စွမ်းအင်အဆင့် နောက်ပိုင်းအဆင့်သို့ တိုးတက်သွားခဲ့သည်။
လျှို့ဝှက်ကျင့်စဥ်
ဝုန်း…
သူတို့နှစ်ဦး အချင်းချင်း ရိုက်ခတ်သွားပြီးနောက် စုန့်ပိုယွမ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်စင်ထွက်သွားခဲ့သည်။ တိုက်ပွဲသည် အလွန် မြန်ဆန်လွန်းလှပြီး စုစုပေါင်း နှစ်ကွက်ပင် မပြည့်သေးချိန်၌ စုန့်ပိုယွမ်မှာ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ပေ၏။
ဘန်း…
စုန့်ပိုယွမ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ရဲ့ချန်၏ ပုံရိပ်က သူ၏ ဘေးတွင် ပေါ်လာကာ ဓားဖြင့် စုန့်ပိုယွမ်၏ လည်ပင်းကို ချိန်ရွယ်ထားပြီး မှေးမှိန်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ငါ နိုင်ပြီ..."
ဤအခိုက်အတန့်တွင် ရဲ့ချန်၏ ဖိနှိပ်မှုစွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရဲ့ချန်ကို ကြည့်နေသော လျိုရူယန်၏ မျက်လုံးများတွင်လည်း ကြယ်ပွင့်လေးများ ပြည့်နှက်နေပေသည်။
"ရူယန် စီနီယာအစ်မ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိလား..." ရဲ့ချန်က လျိုရူယန်ကို ကြည့်ကာ နူးညံ့စွာ ပြောဆိုလိုက်၏။
လျိုရူယန်က မျက်ရည်များဖြင့် ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
"ငါ ဆန္ဒရှိတယ်..."
"ကောင်းပြီ... သူ့ရဲ့ ဘဝက အထွတ်အထိပ်ကို ရောက်သွားပြီဆိုတော့ နောက်တစ်ဆင့်က ဖျက်ဆီးခံရဖို့ပဲ..."
ချင်လော့က သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ကွင်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ဦးက အရင်ထွက်လာခဲ့သည်။
လူအုပ်ကြီး၏ အနောက်မှ အေးစက်သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ငါ သဘောမတူဘူး..."
ရင်းနှီးနေသော အသံကြောင့် ချင်လော့မှာ အံ့အားသင့်သွားပြီး သူက ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ မှတ်ဉာဏ်ထဲတွင် အလွန် ရင်းနှီးနေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
ထိုသူမှာ ရှန်ဝမ်နင်ပင် ဖြစ်ပေ၏။
သူမက လျိုရူယန်ကို အေးစက်သော အကြည့်များဖြင့် ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
"လျိုရူယန်... နင်က ငါ့ရဲ့ စီနီယာအစ်ကိုနဲ့ စေ့စပ်ထားပြီးပြီဆိုတာကို မှတ်မိသေးရဲ့လား..."
"နင်လို တန်ဖိုးမရှိတဲ့ မိန်းမက တကယ်ကို ဖောက်ပြန်လွယ်တာပဲ..."
"ဒီနေ့ ငါ ရှန်ဝမ်နင် ရှိနေသရွေ့ နင်က ငါ့ရဲ့ စီနီယာအစ်ကိုကို သစ္စာဖောက်ဖို့ မစဉ်းစားနဲ့..."
"နင် အသက်ရှင်နေရင်တောင် ငါ့ရဲ့ စီနီယာအစ်ကိုရဲ့ လူပဲ... သေသွားရင်တောင်မှ ငါ့ရဲ့ စီနီယာအစ်ကိုရဲ့ တစ္ဆေပဲ ဖြစ်ရမယ်..."
"ငါ့ကို တားဆီးရဲတဲ့သူ မှန်သမျှ သေစေရမယ်…”