← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) မြူခိုးမြင့်မြတ်နယ်မြေ၏ စွမ်းအား၊ ရဲ့ချန် သေဖို့ ထိုက်တန်တယ်

"သူမက ဘယ်သူလဲ..."

"လျိုရူယန်က တခြားတစ်ယောက်နဲ့ စေ့စပ်ထားတာလား..."

"မင်း ဒီကိစ္စကိုတောင် မသိဘူးလား... လျိုရူယန်က အစကတည်းက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် နဲ့ စေ့စပ်ထားခဲ့တာလေ... အဲ့ဒီသူတော်စင်သားတော် ဘယ်သူလဲဆိုတာ မင်း သိပါတယ်..."

"ချင်လော့လို့ ခေါ်ပုံရတယ်..."

"ဟုတ်တယ်... မှန်တယ်... သူ့နာမည်က ချင်လော့ပဲ... ပြီးတော့ ကိစ္စတစ်ခု ကြားမိသေးတယ်... ချင်လော့ကို ထိုက်ရွှီမြင့်မြတ်နယ်မြေကနေ အတင်းအကျပ် နှင်ထုတ်ခဲ့ကြတာတဲ့..."

"အဲ့ဒါက အဓိက မဟုတ်ဘူး... အဓိကအချက်က အဲ့ဒီချင်လော့က မဟာချင်အင်ပါယာရဲ့ မင်းသားဖြစ်နေတာပဲ..."

"ကျွတ်... ထိုက်ရွှီမြင့်မြတ်နယ်မြေကတော့ မဟာချင်အင်ပါယာနဲ့ ဆက်သွယ်ဖို့ ကြီးမားတဲ့ အခွင့်အရေးကြီးကို လက်လွတ်လိုက်ရပြီပဲ..."

တောင်တန်းတစ်သောင်းနယ်မြေရှိ အင်အားစု အများစုသည် မဟာချင်အင်ပါယာကို လက်အောက်ခံရန် ဆန္ဒမရှိကြသော်လည်း မဟာချင်အင်ပါယာနှင့် အဆက်အသွယ်မလုပ်လိုဟု ဆိုလိုခြင်း မဟုတ်ပေ။

မဟာချင်အင်ပါယာသည် အလွန်တရာ အစွမ်းထက်လှပြီး တိမ်တိုက်များကဲ့သို့ များပြားလှသော သိုင်းပညာရှင်များ ရှိပေ၏။ တောင်တန်းတစ်သောင်းနယ်မြေရှိ မည်သည့် မြင့်မြတ်နယ်မြေဂိုဏ်းမဆို မဟာချင်အင်ပါယာ၏ အင်အားကို တစ်ဦးတည်း ရင်ဆိုင်နိုင်စွမ်း မရှိချေ။

မိမိတို့၏ မြင့်မြတ်နယ်မြေမှ မင်းသားတစ်ပါး ထွက်ပေါ်လာမည်ဆိုပါက မဟာချင်အင်ပါယာနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်မည်မှာ သေချာပြီး အနာဂတ်တွင် သေချာပေါက် အသုံးဝင်လာမည်ဖြစ်သည်။

သို့သော် သူတို့က ထိုမင်းသားကို အတင်းအကျပ် နှင်ထုတ်ရုံသာမက သေလုနီးပါးအထိ လုပ်ကြံခဲ့ကြသည်မှာ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ရိုက်ိုးချိုးခြင်း မဟုတ်ပါလော။

ဤအခိုက်အတန့်တွင် လျိုချန်ဟယ်သည် နောက်ဆုံး၌ ငြိမ်သက်မနေနိုင်တော့ဘဲ ထွက်လာကာ ရှန်ဝမ်နင်ကို အော်ငေါက်လိုက်၏။

"ရှန်ဝမ်နင်... ဒီနေရာမှာ မင်းဝင်ပြောစရာ အကြောင်းမရှိဘူး..."

"မင်းနောက်ကွယ်မှာ ဟန်ယွဲ့သူတော်စင် ရှိနေတာကို အားကိုးပြီး လာပြဿနာရှာလို့ရပြီလို့ မထင်နဲ့..."

"သူမက အရည်အချင်း မပြည့်မီသေးဘူး..."

လူအများရှေ့တွင် စုန့်ပိုယွမ်သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ လျိုရူယန်၏ ခင်ပွန်း မဖြစ်နိုင်တော့ချေ။ ယခုအခါ လျိုရူယန်၏ ခင်ပွန်းသည်မှာ ပါရမီပါပြီး ပိုမိုကျယ်ပြန့်သော အနာဂတ်ရှိသည့် ရဲ့ချန်သာ ဖြစ်လာပေလိမ့်မည်။

လျိုချန်ဟယ်က ဤမျှကောင်းမွန်သော မင်္ဂလာပွဲကို အခြားသူများ ဖျက်ဆီးမည်ကို သဘာဝကျကျ ခွင့်မပြုနိုင်ပေ။

ရှန်ဝမ်နင်၏ အနောက်မှ အေးစက်သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"စံအိမ်သခင် လျို... ငါကရော အရည်အချင်း ပြည့်မီရဲ့လား ဆိုတာတော့ မသိဘူး..."

ကျက်သရေရှိပြီး ခမ်းနားထည်ဝါသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့ရာ လျိုချန်ဟယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။

ဤလူကို မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ တစ်ချိန်က သူသည် ဤအမျိုးသမီးကို တိတ်တဆိတ် သဘောကျခဲ့ဖူးသဖြင့် သူမ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် သူ လှမ်းကိုင်နိုင်သော အရာမဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားပေသည်။

"မြူခိုးမြင့်မြတ်နယ်မြေက အကြီးအကဲ ယန်ရှန်းပါလား..."

"အကြီးအကဲ ယန်က သူတော်စင် နောက်ပိုင်းအဆင့်လေ... အဲ့ဒီ အရေးကြီးတဲ့ ခြေလှမ်းကိုတောင် လှမ်းနိုင်ခဲ့ပြီဆိုတော့ သူတော်စင်ဘုရင် တစ်ဝက်အဆင့်လို့တောင် ခေါ်လို့ရတယ်..."

"သူမက ဘယ်လိုလုပ် ဒီနေရာကို ရုတ်တရက် ရောက်လာရတာလဲ..."

လျိုချန်ဟယ်၏ အမူအရာမှာလည်း အထူး ရှုပ်ထွေးသွားပြီး သူက မေးမြန်းလိုက်၏။

"အကြီးအကဲ ယန်ရဲ့ ဆိုလိုရင်းက ဘာများလဲ..."

ယန်ရှန်းက ပြုံးလိုက်ပြီး ရှန်ဝမ်နင်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒီနေ့ ငါတို့ မြူခိုးမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေး ရှန်ဝမ်နင် ပြောသမျှက ငါတို့ မြူခိုးမြင့်မြတ်နယ်မြေရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်..."

“မိတ်ဆွေတို့… ငါတို့ မြူခိုးမြင့်မြတ်နယ်မြေကို မျက်နှာသာလေး ပေးလို့ ရမလား…”

“မဟုတ်ရင် ငါ အရှက်ကွဲရမယ်ဆိုရင် မင်းတို့လည်း အရှက်ကွဲရလိမ့်မယ်…”

သူမက ရှန်ဝမ်နင်အတွက် ကျောထောက်နောက်ခံ ပြုပေးရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထင်ရှားပေ၏။

ရဲ့ချန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဤအရေးကြီးသော အခိုက်အတန့်တွင် ရှန်ဝမ်နင် ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ချင်လော့ပင်လျှင် ရှန်ဝမ်နင်သည် ဤမျှဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။

[ကံကြမ္မာသမီးတော် ရှန်ဝမ်နင်ကို တွေ့ရှိပါသည်]

[အမည် - ရှန်ဝမ်နင်]

[အသက် - ၁၈ နှစ်]

[ကံကြမ္မာအဆင့် - စတုတ္ထအဆင့်]

[ကံကြမ္မာတန်ဖိုး - ၄၇၉၀၀၀ မှတ်]

[ခန္ဓာကိုယ် - ရွှမ်ချာခန္ဓာ။ ရွှမ်ချာခန္ဓာသည် မူလတာအိုနှင့် လျှို့ဝှက်စွာ ပေါင်းစပ်ထားပြီး လတာအို၏ အလယ်ဗဟိုဖြစ်ကာ ထိုက်ယင်သားတော် ဟုလည်း လူသိများသည်။ ကျင့်ကြံရာတွင် အတားအဆီးများ မရှိသလောက်ဖြစ်ပြီး အဆင့်များကို လျင်မြန်စွာ ကျော်ဖြတ်နိုင်စွမ်းရှိသည်။ ထို့ပြင် ကောင်းမွန်သော ကိုယ်လုပ်တော် ခန္ဓာကိုယ်တစ်ခုလည်း ဖြစ်ရာ နှစ်ပါးကျင့်ကြံခြင်း ပြုလုပ်ပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။ အကယ်၍ ဆန္ဒမပါဘဲနှစ်ပါးကျင့်ကြံပါက အကျိုးကျေးဇူးမှာ များစွာ လျော့ကျသွားမည် ဖြစ်သည်]

[ကျင့်ကြံခြင်း - နတ်စွမ်းအင်အဆင့် ၃ သ]

[မိတ်ဆက် - ဆွေမျိုးရင်းချာတစ်ဦး သေဆုံးမှုကြောင့် မျိုးဆက်တစ်ခုလုံး၏ သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားများ တားဆီးလျှင် နတ်ဘုရားများကို သတ်ပြီး၊ ဗုဒ္ဓ တားဆီးလျှင် ဗုဒ္ဓကို သတ်ဖြတ်မည့်သူ ဖြစ်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ကို တပ်မက်သူများကြောင့် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ကံကြမ္မာသားတော် ရုတ်တရက် ပေါ်ထွက်လာပြီး အလှလေးကို ကယ်တင်ကာ လက်စားချေပေးခဲ့သဖြင့် သူမ၏ စိတ်နှလုံးကို တဖြည်းဖြည်း ရရှိသွားခဲ့သည်။ သို့ရာတွင် ယခုအခါ ဇာတ်ကွက်မှာ ပြောင်းလဲသွားနိုင်ချေ ရှိနေပြီ ဖြစ်သည်]

"မှတ်ဉာဏ်သာ မှန်မယ်ဆိုရင် သူမရဲ့ ယခင်ကျင့်ကြံမှုအဆင့်က ပင်လယ်ဖွင့်လှစ်ခြင်းအဆင့် ၃ ပဲ မဟုတ်ဘူးလား... ရွှမ်ချာခန္ဓာ နိုးထလာပြီးနောက်မှာ သူမရဲ့ တိုးတက်မှုက ဒီလောက် မြန်ဆန်လိမ့်မယ်လို့ မထင်ထားဘူး..."

"အဲ့ဒါက မင်းရဲ့ ဂျူနီယာညီမလေးလား..." ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

"သူမကို ယူလိုက်... သူမကို သေချာပေါက် ယူရမယ်..."

“မြူခိုးမြင့်မြတ်နယ်မြေက သူမကို သူတော်စင်မလေးအဖြစ် ရွေးချယ်ခဲ့တာမှာ ရည်ရွယ်ချက်က ရိုးရှင်းလှမယ်လို့ ငါ မထင်ဘူး…သူမရဲ့ ရွှမ်ချာခန္ဓာထဲက မူလယင်စွမ်းအင်ကို တပ်မက်နေတဲ့သူကလည်း တစ်ယောက်တည်းပဲ ရှိနေမှာ မဟုတ်လောက်ဘူး…”

ချင်လော့က ရှီးဟွမ်ကို လျစ်လျူရှုလိုက်ပြီး သူ၏ အကြည့်များကို ကွင်းပြင်ဆီသို့ ပို့လွှတ်လိုက်သည်။ ယခုအခါ ဤအခြေအနေကို ရဲ့ချန် မည်သို့ ဖြေရှင်းမည်ကို သူ ကြည့်ရှုလိုပေ၏။

မြူခိုးမြင့်မြတ်နယ်မြေ၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ မြူခိုးမြင့်မြတ်နယ်မြေအနေဖြင့် ဤနေရာရှိ လူတိုင်းကို ဖိနှိပ်ရန် အစွမ်းထက်သူများစွာပင် လိုအပ်မည် မဟုတ်ချေ။

ဤအခြေအနေကို ရင်ဆိုင်ရချိန်၌ ကျောက်ယွမ်ရွှင်နှင့် ရှောင်ကျွင်းချဲ့တို့၏ မျက်နှာများမှာ အနည်းငယ် လေးနက်သွားပေသည်။ ကျောက်ယွမ်ရွှင်က ကျောက်လင်းယင်၏ နားနားသို့ ကပ်ကာ ပြောဆိုလိုက်၏။

"လင်းယင်... ဒီကိစ္စမှာ မြူခိုးမြင့်မြတ်နယ်မြေက သူတော်စင်မလေး ပါဝင်ပတ်သက်နေတော့ အဖေ ဝင်ပါဖို့ ခက်သွားပြီ..."

သူ၏ ဓားတစ်သောင်းစံအိမ်သည် မြူခိုးမြင့်မြတ်နယ်မြေ၏ ရှေ့မှောက်တွင် အလွန် အားနည်းလွန်းလှရာ ရှန်ဝမ်နင်ကို သူ မစော်ကားလိုသကဲ့သို့ ယန်ရှန်းကိုလည်း မစော်ကားလိုချေ။ အခြားသူများက ယန်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို မသိသော်လည်း ယန်ရှန်းနှင့် ခေတ်ပြိုင်ဖြစ်သော သူက မည်သို့ မသိဘဲ နေမည်နည်း။

ရှောင်ကျွင်းချဲ့ကလည်း ရှောင်ယာကို ခါးသီးစွာ ပြုံးပြလိုက်၏။

"ရှောင်ယာ... ငါတို့ ယွင်ရှန်း ရှောင်မိသားစုက မြူခိုးမြင့်မြတ်နယ်မြေကို မစော်ကားနိုင်ဘူး..."

ရှောင်ယာ၏ အမူအရာက အလွန် လေးနက်နေပြီး သူမ၏ ဆရာဖြစ်သူနှင့် တိတ်တဆိတ် ဆက်သွယ်ပြီးဖြစ်ပေသည်။ မြူခိုးမြင့်မြတ်နယ်မြေ ပေါ်ထွက်လာမှုက သူမကို အံ့အားသင့်စေခဲ့သော်လည်း ဂျူနီယာမောင်လေး ရဲ့ချန်၏ လုံခြုံရေးကိုတော့ သေချာပေါက် အာမခံရမည် ဖြစ်သည်။

မြူခိုးမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး ဟူသော နာမည်တစ်ခုတည်းကပင် ဤလူများကို အနည်းငယ် တွေဝေသွားစေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

ရဲ့ချန်က သဘောမတူဘဲ လျိုရူယန်ကို စိုးရိမ်တကြီး ကြည့်ကာ ရှေ့သို့ ထွက်လာခဲ့သည်။

"စီနီယာအစ်မ ရှန်... ကျွန်တော်နဲ့ စီနီယာအစ်မ ရူယန်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါတယ်... ကျွန်တော်တို့က ဂိုဏ်းတူတွေပဲလေ... စီနီယာအစ်မက ကျွန်တော်တို့ကို တကယ်ပဲ ခွဲခွာရက်လို့လား..."

‘သံယောဇဉ်ကို အသုံးချတာလား…’ ရှန်ဝမ်နင်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအရာများ ပေါ်လာခဲ့၏။

"ရဲ့ချန်... ငါ့ရှေ့မှာ လာပြီး နစ်နာဟန်ဆောင်မနေနဲ့... အဲ့ဒီတန်ဖိုးမရှိတဲ့ မိန်းမနဲ့အတူ ငါ့ရဲ့ စီနီယာအစ်ကိုကို အကြိမ်ပေါင်းများစွာ စော်ကားခဲ့တုန်းက မင်းက ဂိုဏ်းတူ သံယောဇဉ်ကို ထည့်တွေးခဲ့လို့လား..."

"ငါ့ရဲ့ စီနီယာအစ်ကိုသာ ကံကြမ္မာ မကောင်းခဲ့ရင် အခုချိန်လောက်ဆို မင်းတို့လို ခွေးလိုလူယုတ်မာ နှစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရလောက်ပြီ..."

"ငါကတော့ အရင်စကားအတိုင်းပဲ... လျိုရူယန် ဒီနေရာမှာ နေခဲ့ရမယ်... သူမကရော၊ သူမရဲ့ အသက်ကပါ ငါ့ရဲ့ စီနီယာအစ်ကိုပိုင်ပဲ... ငါ့ရဲ့ စီနီယာအစ်ကိုက သူမကို မလိုချင်တော့ဘူး ဆိုမှပဲ မင်းမှာ အခွင့်အရေး ရှိလာနိုင်မယ်..."

"ဒီနေ့ ငါ့ကို တားဆီးရဲတဲ့သူ မှန်သမျှကို ငါ သတ်မယ်... ဒီနေ့ ငါ ရှန်ဝမ်နင်က မသတ်နိုင်ခဲ့ဘူးဆိုရင်တောင် နောင်တစ်ချိန် ငါ့ရဲ့ ကျင့်ကြံမှု လုံလောက်လာတဲ့အခါ ဒီနေ့ကိစ္စအတွက် မင်းတို့ဆီ လာပြီး သေချာပေါက် စာရင်းရှင်းမယ်..."

လျိုချန်ဟယ်၏ မျက်နှာမှာ မည်းမှောင်နေပြီး သူက ယန်ရှန်းကို ကြည့်ကာ မေးမြန်းလိုက်၏။

"အကြီးအကဲ ယန်... မြူခိုးမြင့်မြတ်နယ်မြေက ဒီနေ့ ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဒီလိုမျိုး တကယ်ပဲ အနိုင်ကျင့်ချင်နေတာလား…”

ယန်ရှန်းက ခပ်ဟဟ ရယ်မောလိုက်ရာ အတော်လေး ဆွဲဆောင်မှု ရှိနေပေ၏။

"စံအိမ်သခင် လျို... ရှင်လည်း မြင်တဲ့အတိုင်းပဲလေ... ငါတို့ရဲ့ သူတော်စင်မလေးရဲ့ သဘောထားက အရမ်း ပြတ်သားနေတယ်... မြင့်မြတ်နယ်မြေသခင်တောင် သူမကို ဖျောင်းဖျလို့ မရဘူး..."

"ဒီကို မလာခင်ကတည်းက မြင့်မြတ်နယ်မြေသခင်က ငါ့ကို အထူးမှာကြားလိုက်တယ်... ဒီနေ့ ငါတို့ မြူခိုးမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေးကို ဘယ်သူပဲဖြစ်ဖြစ် မကျေမနပ်ဖြစ်အောင် လုပ်ခဲ့ရင် ငါတို့ မြူခိုးမြင့်မြတ်နယ်မြေက သူတို့ကို ငိုအောင် လုပ်ပေးမယ်တဲ့..."

စကားတစ်ခွန်းကပင် ရှန်ဝမ်နင်၏ မြူခိုးမြင့်မြတ်နယ်မြေအတွင်းရှိ အထူးအဆင့်အတန်းကို ပေါ်လွင်စေပြီး လူအများအပြားက ရှန်ဝမ်နင်ကို ပိုမို အာရုံစိုက်လာစေခဲ့သည်။

လျိုချန်ဟယ်မှာ ဒေါသကြောင့် တုန်ယင်သွားသော်လည်း သူ မငြင်းဆန်ရဲခဲ့သဖြင့် ရဲ့ချန်မှာ စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့ပေသည်။ သူက ချက်ချင်း ပြောဆိုလိုက်၏။

"စီနီယာအစ်မ ရှန်က ဒီနေ့ အနိုင်ကျင့်မယ်ဆိုရင်လည်း ကျွန်တော် ရဲ့ချန် အရှုံးပေးပါတယ်... ဒါပေမဲ့ စီနီယာအစ်မ ရူယန်ကိုတော့ ကျွန်တော် လက်မလွှတ်နိုင်ပါဘူး... နောင်တစ်ချိန် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် စီနီယာအစ်မ ရူယန်ကို ကယ်တင်ဖို့ သေချာပေါက် လာခဲ့မယ်..."

ရှန်ဝမ်နင်က အထင်အမြင်သေးစွာ ပြုံးလိုက်သည်။

"မင်း ဒီနေရာမှာ လာပြီး ဟန်ဆောင်မနေနဲ့... ငါ ရှန်ဝမ်နင်က ဒီနေ့ အနိုင်ကျင့်တယ်ပဲ ထား... မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."

"လျိုရူယန် နေခဲ့ရမယ်... ပြီးတော့ ရဲ့ချန်.. မင်းက သေသင့်တယ်..."

"ဓားကို ထုတ်လိုက်... မင်းသာ ငါ့ကို တားနိုင်မယ်ဆိုရင် ဒီနေ့ မင်းကို အသက်ရှင်လျက် ထွက်သွားခွင့် ပေးမယ်..."

"မဟုတ်ရင်တော့ ငါ့ရဲ့ စီနီယာအစ်ကိုကိုယ်စား မင်းကို လက်စားချေရုံပဲ ရှိတော့တယ်..."

All Chapters