အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) သူတော်စင်များ ကျဆုံးခြင်း၊ အချစ်ဆိုသည်မှာ တန်ဖိုးမရှိ
"ထပ်ပြောမယ်... ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနက တရားခံကို ဖမ်းဆီးတာကို တားဆီးတဲ့သူမှန်သမျှ သတ်မယ်..."
ယခုတစ်ကြိမ်တွင် ချင်လော့၏ စကားကို မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထားရဲကြတော့ချေ။ အကြောင်းမှာ ချင်လော့၏ နောက်ကွယ်တွင် အစွမ်းထက်သော သူတော်စင် ငါးပါး ရှိနေသောကြောင့်ပင်။
စစ်သူကြီး ကျန်းတို၊ စစ်ဖန်စစ်သူကြီး ဖန်ရှင်းနှင့် ကောင်းကင်ကပ်ဘေးနန်းတော်မှ သုံးဦးတို့သည် တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ အစစ်အမှန် မျက်နှာများကို ဖုံးကွယ်ထားကြ၏။
"အခု ခင်ဗျားက တားဆီးချင်သေးလား..."
ချင်လော့က လုယွမ်ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
လုယွမ်၏ မျက်နှာမှာ အလွန် ဆိုးရွားသွားခဲ့၏။ ချင်လော့ကို တားဆီးမည်လော... သေလမ်းကို ရှာခြင်းသာ ဖြစ်ပေမည်။
သို့သော် သူတို့ တန်ဆေးဂိုဏ်း၏ မျှော်လင့်ချက်များကို ရဲ့ချန်အပေါ်တွင် ပုံအပ်ထားခဲ့ပြီးဖြစ်သည်။ အကယ်၍ သူတို့က ချင်လော့ကို မတားဆီးပါက ရဲ့ချန်အတွက် သေလမ်းသာ ရှိတော့မည် ဖြစ်၏။
ရဲ့ချန်၏ ငယ်သူငယ်ချင်း အချို့မှာလည်း ယခုအချိန်တွင် အလွန် စိုးရိမ်နေကြပေသည်။
"အဖေ... အစ်ကို ချန်ကို သေချာပေါက် ကယ်ရမယ်နော်..."
ကျောက်လင်းယင်က ကျောက်ယွမ်ရွှင်ကို ဆွဲကာ အသနားခံလိုက်၏။
ကျောက်ယွမ်ရွှင်မှာ အလွန် အကျပ်ရိုက်နေခဲ့သည်။ သူက ရဲ့ချန်ကို အကောင်းမြင်ခဲ့သော်လည်း ယခုအခါ ချင်လော့၏ ဘေးတွင် သူတော်စင် ငါးပါး ရှိနေရာ သူ မည်သို့ တားဆီးနိုင်မည်နည်း။
တစ်ခုတည်းသော နည်းလမ်းမှာ…
သူ၏ အကြည့်များက ရှောင်ကျွင်းချဲ့ ရှိရာဘက်သို့ ရောက်ရှိသွားသည်။
ရှောင်ယာက ငြင်းဆန်၍မရနိုင်သော လေသံဖြင့် ပြောဆိုလိုက်၏။
"မိသားစုခေါင်းဆောင်... ဂျူနီယာမောင်လေး ရဲ့ချန်ကို သေချာပေါက် ကာကွယ်ပေးရမယ်... ငါ့ရဲ့ ဆရာကလည်း ရောက်လာလိမ့်မယ်..."
ရှောင်ကျွင်းချဲ့၏ မျက်နှာပေါ်တွင် အကျပ်ရိုက်နေသော အမူအရာများ ပေါ်လာပြီး ယွင်ရှန်း ရှောင်မိသားစု၏ အခြားသော သူတော်စင် တစ်ပါးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ယာ၏ နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဆရာကို တွေးတောကာ နောက်ထပ် တွန့်ဆုတ်မနေတော့ချေ။
အကယ်၍ တစ်စုံတစ်ဦးက ကျောထောက်နောက်ခံ ပေးမည်ဆိုလျှင် သူက သဘာဝကျကျ ကြောက်ရွံ့နေမည် မဟုတ်ချေ။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်၏။
"နတ်ဆိုးနှိမ်နင်းရေးဌာနက ငါတို့ ရှောင်မိသားစုရဲ့ သားသမီးတွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့တယ်... ဒီနေ့ ဒီကိစ္စကို ငါတို့ ရှင်းလင်းရမယ်... မင်းတို့ နတ်ဆိုးနှိမ်နင်းရေးဌာနက ရှောင်ထန်မှာ အပြစ်ရှိတယ်လို့ ပြောတယ်မလား... သက်သေပြစမ်းပါ..."
ရဲ့ချန် စကားပြောရန်ပင် မလိုတော့ချေ။ ရှောင်ထန်သည် သူတို့ မိသားစု၏ ဂုဏ်ယူစရာ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ချင်လော့တို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရာ သူက ရှောင်ထန်အတွက် တရားမျှတမှု မတောင်းဆိုသင့်ဘူးလော။
ဝုန်း…
သူတော်စင် နှစ်ပါး ထွက်ပေါ်လာခဲ့၏။
ကျောက်ယွမ်ရွှင်က ဤမြင်ကွင်းကို မြင်လိုက်ချိန်၌ သူလည်း ထွက်လာခဲ့သည်။
"ဒီနေ့ မဟာချင်အင်ပါယာရဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနက လူဖမ်းချင်တယ်ဆိုရင် ခိုင်လုံတဲ့ သက်သေကို ပြသတာ အကောင်းဆုံးပဲ..."
"ဒီနေရာက တောင်တန်းတစ်သောင်းနယ်မြေဆိုတာ မင်း သိထားသင့်တယ်... မင်းတို့ မဟာချင်အင်ပါယာရဲ့ နယ်မြေ မဟုတ်ဘူး... ပြီးတော့ ရဲ့ချန်ကလည်း တန်ဆေးဂိုဏ်းရဲ့ သူတော်စင်သားတော်ပဲ... မင်းတို့ သဘောကျသလို အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်မယ် ထင်နေလား..."
လုယွမ်က ကျောက်ယွမ်ရွှင်ကို ရင်းနှီးသော အကြည့်ဖြင့် ကြည့်လိုက်၏။ ယနေ့ကိစ္စအတွက် သူတို့ တန်ဆေးဂိုဏ်းက ကျောက်ယွမ်ရွှင်ကို ကျေးဇူးကြွေး တင်သွားမည်မှာ သေချာပေသည်။
ဤသည်မှာလည်း ကျောက်ယွမ်ရွှင် ဝင်ရောက်စွက်ဖက်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ပေ၏။
ရဲ့ချန် တစ်ယောက်တည်းအတွက် မဟာချင်အင်ပါယာကို ရင်ဆိုင်ရခြင်း မဟုတ်ဘဲ တန်ဆေးဂိုဏ်း၏ ကျေးဇူးကြွေးကို ရယူခြင်းက အလွန် ကောင်းမွန်သောအရာ ဖြစ်ပေသည်။
"အစွမ်းပြချင်တာလား..."
ချင်လော့၏ အကြည့်များက ကျောက်ယွမ်ရွှင်အပေါ်သို့ ကျရောက်သွားသည်။
သူတော်စင်များအားလုံးထဲတွင် သူက အားအနည်းဆုံး ဖြစ်သော်လည်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခုန်ထွက်လာရဲပေ၏။
"သတ်လိုက်..."
ချင်လော့၏ အမိန့်ပေးသံက တိုတောင်းပြီး ပြတ်သားလှပေသည်။
စကားသံ ဆုံးသွားသည်နှင့် စစ်သူကြီး ကျန်းတိုနှင့် ကျိုးလီတို့က ကျောက်ယွမ်ရွှင်ကို သတ်ဖြတ်ရန် အလျင်စလို ထွက်သွားကြ၏။
ဤမြင်ကွင်းကြောင့် ကျောက်ယွမ်ရွှင်မှာ အလွန် ထိတ်လန့်သွားခဲ့သည်။
ခုနက ရှောင်ကျွင်းချဲ့ ခုန်ထွက်လာချိန်တွင် ချင်လော့က မည်သူ့ကိုမျှ လှုပ်ရှားခွင့် မပြုခဲ့ဘဲ ယခု သူ ခုန်ထွက်လာချိန်၌ ချင်လော့က အဘယ်ကြောင့် သူ့ကို ချက်ချင်း သတ်ခိုင်းရသနည်း။ သူ အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
အကယ်၍ ချင်လော့ကသာ သူ၏ အတွေးများကို သိရှိခဲ့ပါက သေချာပေါက် ရှင်းပြပေးပေလိမ့်မည်။
ရှောင်ကျွင်းချဲ့၏ ဘက်တွင် သူတော်စင် နှစ်ပါး ရှိနေရုံသာမက ကံကြမ္မာတန်ဖိုး အလွန်မြင့်မားသော ကံကြမ္မာသမီးတော် တစ်ဦးလည်း ပါဝင်နေပေရာ သူမကို နောက်ဆုံးမှ အေးအေးဆေးဆေး ခံစားရန် ချန်ထားခဲ့သင့်ပြီး မည်သည့် အမှားအယွင်းမျှ မဖြစ်ပေါ်စေသင့်ချေ။
ကျောက်ယွမ်ရွှင်မှာမူ... ‘ဟားဟား’ သူ၏နောက်ကွယ်တွင် ဘာမျှမရှိသဖြင့် ခုန်ထွက်လာသည်နှင့် သေချာပေါက် ချက်ချင်း သေဆုံးရမည် ဖြစ်ပေသည်။
"ဂိုဏ်းချုပ် လု... ငါ့ကို ကယ်ပါဦး..."
သူက လုယွမ်ဆီသို့ အော်ဟစ်လိုက်၏။
လုယွမ် လှုပ်ရှားရန် အချိန်မရလိုက်မီ ရှောင်ကျွင်းချဲ့က လှုပ်ရှားလိုက်သည်။
"စံအိမ်သခင် ကျောက်... ငါ မင်းကို ကူညီမယ်..."
ရှောင်ကျွင်းချဲ့နှင့် ယွင်ရှန်းရှောင်မိသားစု၏ အခြား သူတော်စင်တစ်ပါး လှုပ်ရှားရန် ပြင်လိုက်ချိန်၌ ဖန်ရှင်းနှင့် ကျန်ထောင်တို့ နှစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရပေသည်။
"မင်းတို့ရဲ့ ပြိုင်ဘက်က ငါတို့ပဲ..."
တိုက်ပွဲအခြေအနေက မျက်တောင်တစ်ခတ်အတွင်း ပူပြင်းလာခဲ့ပြီး ကျောက်ယွမ်ရွှင်မှာ သေလုနီးပါး ဖြစ်နေခဲ့သော်လည်း ရှောင်မိသားစု၏ သူတော်စင် နှစ်ပါးကမူ အနည်းငယ် တောင့်ခံနိုင်သေးပေသည်။
ယခု ချင်လော့၏ ဘေးတွင် သူတော်စင် တစ်ပါးသာ ကျန်ရှိတော့ပေ၏။
"ဂိုဏ်းချုပ်... ခေါင်းဆောင်ကို အရင်ဖမ်းပါ..."
ရဲ့ချန်က လုယွမ်၏ အနောက်မှနေ၍ အော်ဟစ်လိုက်သည်။
လုယွမ်က တုံ့ဆိုင်းမနေဘဲ ချင်လော့ဆီသို့ ချက်ချင်း ပြေးဝင်သွားခဲ့၏။ သူနှင့်အတူ တန်ဆေးဂိုဏ်း၏ အခြား သူတော်စင်တစ်ပါးလည်း လိုက်ပါလာခဲ့သည်။
"အကြီးအကဲ ယန်..."
ရှန်ဝမ်နင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ယန်ရှန်းက မလှုပ်ရှားခဲ့ချေ။ သူမက ကျိုးဟုန်ယွီကိုသာ ကြည့်နေပြီး သူမ၏ အမူအရာမှာ အနည်းငယ် လေးနက်နေကာ တစ်ဖက်လူကို သူမ လုံးဝ ခန့်မှန်း၍မရနိုင်ခဲ့ချေ။
"မင်းရဲ့ စီနီယာအစ်ကို ဘာမှဖြစ်မှာ မဟုတ်ပါဘူး..."
သူမ၏ စကားဆုံးသွားသည်နှင့် ကျိုးဟုန်ယွီ၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့၏။
ဝုန်း…
အငွေ့အသက်များက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း လူအများအပြား၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာခဲ့ကာ အထူးသဖြင့် လုယွမ်တို့ပင် ဖြစ်ပေသည်။
"သူတော်စင်ဘုရင်ပါလား..."
လုယွမ်၏ အမူအရာမှာ အလွန် လေးနက်သွားခဲ့သည်။
ကျိုးဟုန်ယွီက သူ၏ လက်ထဲရှိ တူဖြင့် ထုချလိုက်ရာ လုယွမ်မှာ အလွန် ထိတ်လန့်သွားပြီး အထူးသဖြင့် ဤအချိန်တွင် အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသဖြင့် ပို၍ပင် တုန်လှုပ်သွားခဲ့၏။
"အား... မလုပ်နဲ့..."
ကျောက်ယွမ်ရွှင်၏ ကျင့်ကြံမှုမှာ စစ်သူကြီး ကျန်းတိုထက် အားနည်းနေပေသည်။
ထို့ပြင် သူတော်စင် နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူထက် များစွာ အစွမ်းထက်သော ကျိုးလီလည်း ပါဝင်နေသေးရာ ကံမကောင်းစွာဖြင့် သူတို့နှစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့ရလေ၏။
"သူတော်စင် တစ်ပါး ကျဆုံးသွားပြီ... ဒီကိစ္စက ကြီးကျယ်သွားပြီပဲ..."
"ဓားတစ်သောင်းစံအိမ်ရဲ့ သခင် သေသွားပြီ... ငလျင်ကြီးကြီး လှုပ်တော့မယ်..."
"သူ့ကို အတူတူ တားကြ..."
လုယွမ်က ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်လိုက်ပြီး အခြား သူတော်စင်တစ်ပါးနှင့် အတူတကွ တိုက်ခိုက်ကာ ကြေးအိုးကြီးတစ်ခုကို အသုံးပြု၍ ကျိုးဟုန်ယွီ၏ တိုက်ခိုက်မှုကို အနိုင်နိုင် ခုခံလိုက်ရသည်။
ဘန်း…
တူက ကြေးအိုးပေါ်သို့ ကျရောက်သွားပြီး သူတို့နှစ်ဦးစလုံးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် ခေါင်းများသာ အပေါ်တွင် ကျန်ရှိနေတော့၏။
မည်သို့ပင်ဖြစ်စေကာမူ ခုခံနိုင်ခဲ့သဖြင့် ကျောက်ယွမ်ရွှင်ကဲ့သို့ ဤနေရာတွင် သေဆုံးမသွားခဲ့ချေ။
"ဟားဟား..."
မျက်နှာဖုံး အောက်မှ ကျိုးဟုန်ယွီက လှောင်ပြောင်လိုက်သည်။
"မင်းတို့က ခဏလောက်တော့ တားဆီးနိုင်ပါရဲ့... ဒါပေမဲ့ တစ်သက်လုံး တားဆီးနိုင်မယ်လို့ ထင်နေတာလား..."
"ဒီနေ့ မင်းတို့ နှစ်ယောက်လုံး လွတ်လမ်းမရှိဘူး..."
"မလုပ်ပါနဲ့... အဖေ…”
ကျောက်လင်းယင်က ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမကို အလွန်ချစ်ခင်သော ဖခင်ဖြစ်သူ သူမရှေ့တွင် သေဆုံးသွားသည်ကို သူမ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။
ကျောက်လင်းယင်က ကျောက်ယွမ်ရွှင်၏ အလောင်းဘေးသို့ တရွတ်တိုက် သွားကာ ရူးသွပ်စွာ အော်ဟစ်လိုက်၏။
"အဖေ... သမီး အဖေ့ကို မသေစေချင်ဘူး... အဖေ မသေရဘူး..."
ကျောက်လင်းယင်က ကျောက်ယွမ်ရွှင်၏ အလောင်းကို ပွေ့ချီကာ ဤနေရာမှ ထွက်သွားရန် ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် ကျောက်ယွမ်ရွှင်၏ အလောင်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချခံလိုက်ရပေသည်။
ယခုလေးတင် သတ်ဖြတ်ထားသော အရာကို အလဟဿ မဖြစ်စေသင့်ချေ။
ချင်လော့က လက်ဝှေ့ယမ်းလိုက်ရာ လူသားဧကရာဇ်အလံက ကျောက်ယွမ်ရွှင်၏ အလောင်းကို သိမ်းဆည်းသွားလေ၏။
ကျောက်လင်းယင်က ချင်လော့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေသည်။
"ချင်လော့... ငါ ကျိန်ဆိုတယ်... နောင်တစ်ချိန်မှာ မင်းကို သေချာပေါက် သတ်မယ်..."
"ငါ့ကို သတ်မယ်... ဟားဟား... ကောင်မလေး... မင်းရဲ့ လက်ရှိ အခြေအနေကို မင်း သေချာ မမြင်သေးဘူးလို့ ငါ ထင်တယ်..."
ရွှီး...
ချင်လော့၏ လက်ထဲရှိ ချင်းဖုန်းဓားက ကျောက်လင်းယင်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားသည်။
"အခု မင်းရဲ့ အသက်က ငါ့လက်ထဲမှာ ရှိနေတယ်... မင်းမှာ အနာဂတ် ဆိုတာ မရှိတော့ဘူး..."
"ချင်လော့... လင်းယင်ကို လွှတ်ပေးလိုက်..."
ရဲ့ချန်၏ ဒေါသတကြီး အသံက ချင်လော့၏ အနောက်မှ ထွက်ပေါ်လာခဲ့၏။
"မင်း ရှာနေတာ ငါ့ကိုလေ... မင်း လက်စားချေချင်ရင် ငါ့ဆီကို လာခဲ့... အပြစ်ကင်းတဲ့သူတွေကို မပတ်သက်စေနဲ့..."
ဤအခိုက်အတန့်တွင် ရဲ့ချန်၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်များ တောက်ပနေပြီး လူအများအပြားက သူ့ကို လေးစားစွာ ကြည့်လိုက်မိကြသည်။
ကျောက်လင်းယင်မှာလည်း အလွန် စိတ်လှုပ်ရှားသွားပြီး ရဲ့ချန်ကို အချစ်များပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ချင်လော့က ရဲ့ချန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းက အပြစ်ကင်းတယ်ဆိုတဲ့ စကားလုံးကို သိသေးတာလား... မင်းကြောင့်သာ မဟုတ်ရင် သူမရဲ့ အဖေ သေသွားမယ်လို့ ထင်လား..."
"အခု ချက်ချင်း ငါ့ရှေ့မှာ ဒူးထောက်လိုက်... ငါ သူမရဲ့ အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်... မဟုတ်ရင်တော့ မျက်နှာပျက်စရာတွေ ဖြစ်လာလိမ့်မယ်..."
"အစ်ကို ချန်... ကျွန်မအတွက် စိတ်မပူပါနဲ့... ထွက်သွားပါ..."
ကျောက်လင်းယင်မှာလည်း အချစ်တွင် နစ်မွန်းနေပြီး ရုန်းထွက်၍မရနိုင်ဘဲ ချစ်သူအတွက် ကိုယ့်ကိုယ်ကိုယ် စတေးကာ ကယ်တင်လိုနေပေ၏။
ရဲ့ချန်က ပြတ်သားသော လေသံဖြင့် ပြောဆိုလိုက်သည်။
"လင်းယင်... ကိုယ် မင်းကို လက်မလွှတ်နိုင်ဘူး... မင်းအတွက်ဆိုရင် သေရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်..."
သူ၏ အကြည့်များက ချင်လော့အပေါ်သို့ ထပ်မံကျရောက်သွားပြီး လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ချင်လော့... မင်း လင်းယင်ကို လွှတ်ပေးလိုက်... ငါ မင်းနဲ့ တိုက်ခိုက်မယ်... မင်း နိုင်ရင် မင်း သဘောကျသလို လုပ်တာကို ငါ လက်ခံပါတယ်..."
ချင်လော့က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီးနောက် ဓားကို လွှဲယမ်းလိုက်သည်။
ရွှီး…
သွေးအစွန်းအထင်းတစ်ခုက ကျောက်လင်းယင်၏ လည်ပင်းပေါ်တွင် ပေါ်လာပြီး သွေးများ ပန်းထွက်လာခဲ့၏။
ချင်လော့၏ အေးစက်သော အသံကိုသာ ကြားလိုက်ရသည်။
"ငါ အရင်က ပြောခဲ့ပြီးပြီ... မင်း ဒူးထောက်ခဲ့ရင် သူမရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်လို့... ဒုတိယအကြိမ် ထပ်ပြီး တောင်းဆိုမနေနဲ့..."
"အခု ကြည့်ရတာ မင်းက သူမကို ချစ်တာ မဟုတ်ဘဲ သူမကို အသုံးချနေတာပဲ..."
"မှတ်ထား... သူမကို သတ်လိုက်တာ မင်းပဲ ရဲ့ချန်..."
ဘန်း…
ကျောက်လင်းယင်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နှစ်ကြိမ်ခန့် လှုပ်ရှားကာ သေဆုံးသွားလေ၏။
ရဲ့ချန်မှာ သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရပြီး 'ဖူး' ခနဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရပေသည်။
[ရဲ့ချန် အချစ်ဆုံးရှုံးသွားပါသဖြင့် ကံကြမ္မာတန်ဖိုး ၁၀,၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ စနစ်ပိုင်ရှင်သည် ကံကြမ္မာတန်ဖိုး ၁၀,၀၀၀ မှတ်ကို ရရှိပါသည်]
"အချစ်ဆိုတာ ဘာလို့ ဒီလောက်တောင် တန်ဖိုးမရှိရတာလဲ..."
"၁၀,၀၀၀ ပဲလား…”