အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) ရဲ့ချန်၏ စိတ်အခြေအနေ ပြိုလဲခြင်း၊ ကံကြမ္မာသားတော် အသုံးမကျသူ ဖြစ်သွားခြင်း
"ရဲ့ချန်ကို ဖမ်းလိုက်စမ်း..."
ချင်လော့၏ အမိန့်တစ်ခွန်းအောက်တွင် လီယီတို့က ရဲ့ချန်ကို ချက်ချင်း ဝိုင်းရံလိုက်ကြ၏။
ချင်လော့က သူ၏လက်ထဲရှိ လူသားဧကရာဇ်အလံကို ဆုပ်ကိုင်ထားပြီး ရဲ့ချန်ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးတော့ချေ။
"နောက်ဆုံးတော့ ခင်ဗျားရဲ့ တပည့်ကောင်းလေးကို ရင်ဆိုင်ရတော့မယ်... ခင်ဗျားရဲ့ စိတ်အခြေအနေက အတော်လေး ရှုပ်ထွေးမနေဘူးလား..."
ချင်လော့၏အသံက ရှီးဟွမ်၏နားထဲတွင် ထွက်ပေါ်လာခဲ့၏။
ရှီးဟွမ်၏ စိတ်နှလုံးထဲတွင် အလွန် ရှုပ်ထွေးနေသည်ဟု ခံစားရသည်မှာ အမှန်ပင်ဖြစ်သည်။ ရဲ့ချန်ကို သူမ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ခြင်းဖြစ်ရာ သံယောဇဉ် လုံးဝမရှိဟု ဆိုလျှင် လိမ်ညာရာ ကျပေလိမ့်မည်။
သို့ရာတွင် ဤခံစားချက်များသည် ရဲ့ချန်က သူမကို စွန့်ပစ်ခဲ့ပြီး ချင်လော့က သူမကို ဆက်တိုက် အရှက်ခွဲပြီးနောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
"သူက ရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ပါပဲ... သတ်ချင်ရင် သတ်လိုက်ပါ..."
ရှီးဟွမ်က ထိုရှုပ်ထွေးနေသော ခံစားချက်အနည်းငယ်ကို စွန့်ပယ်လိုက်ပြီး ရဲ့ချန်ကို သူစိမ်းတစ်ယောက်ကဲ့သို့သာ ကြည့်လိုက်သည်။
ရဲ့ချန်က ချင်လော့ကို ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ကြည့်လိုက်၏။ ယခုလေးတင် ချင်လော့ပြောခဲ့သော စကားများက သူ၏နှလုံးသားကို ထိုးဖောက်သွားခဲ့သဖြင့် သူ အလွန် ခံစားရခက်နေခဲ့သည်။
"ချင်လော့... ဒီနေ့ မင်းသေရင်သေ မဟုတ်ရင် ငါသေရမယ်... သတ္တိရှိရင် ငါနဲ့လာတိုက်စမ်း
တခြားလူတွေရဲ့ အနောက်မှာ ပုန်းနေတာက ဘာစွမ်းဆောင်ရည်မျိုးလဲ..."
ချင်လော့က ခေါင်းယမ်းကာ လှောင်ပြောင်လိုက်၏။
"ရဲ့ချန်... မင်းက အရူးလား..."
"ငါက မဟာချင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဒုတပ်မှူးချုပ်ပဲ... ဒီနေ့ ငါတို့က ကိုယ်ရေးကိုယ်တာ ရန်ငြိုးအတွက် လာခဲ့တာမဟုတ်ဘူး... မင်းကိုဖမ်းဆီးပြီး အပြစ်ပေးဖို့ လာခဲ့တာပဲ..."
"ကြည့်စမ်း..."
သူက တစ်နေရာသို့ လက်ညှိုးထိုးလိုက်ရာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ယွင်ရှန်းရှောင်မိသားစုမှ သူတော်စင် တစ်ပါး ကျဆုံးသွားခဲ့လေသည်။
"မင်းကြောင့် နောက်ထပ် လူတစ်ယောက် ထပ်သေသွားပြန်ပြီ... မင်းကိုယ်မင်း ပြန်စဉ်းစားကြည့်စမ်း... မြေပြင်ပေါ်မှာ ရိုးရိုးသားသား ဒူးထောက်ပြီး ငါတို့ ဖမ်းဆီးတာကို ခံလိုက်လို့ မရဘူးလား..."
"မင်းက ဘာလို့ ဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်ရတာလဲ... တခြားလူတွေကို မင်းအတွက် အသေခံခိုင်းရတာ မင်း ပျော်နေတာလား..."
"အဲ့ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့..."
"ဥပဒေစိုးမိုးရေးကို တားဆီးတဲ့သူ မှန်သမျှ တစ်ယောက်မှ အရှင်မထားနဲ့..."
ချင်လော့က အေးစက်စွာ အမိန့်ပေးလိုက်၏။
"သေစမ်း..."
ကျိုးဟုန်ယွီက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲရှိ တူကြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဘန်း…
ကြေးအိုးကြီး လွင့်စင်သွားပြီး တန်ဆေးဂိုဏ်းမှ သူတော်စင်တစ်ပါးက မျက်လုံးများ ပြူးကျယ်သွားကာ အာမေဍိတ်သံပြုလိုက်၏။
"ငါ့ဘဝတော့ ပြီးဆုံးသွားပြီ..."
သူ၏တစ်ကိုယ်လုံးသည် ကျိုးဟုန်ယွီ၏ ရိုက်ချမှုကြောင့် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့၏။ လုံးဝ ပြန်လည်ရှင်သန်၍ မရနိုင်တော့ချေ။ လုယွမ်သည် ဤအခွင့်အရေးကို အသုံးချကာ စစ်မြေပြင်မှ ချက်ချင်း ထွက်ခွာသွားပြီး သီသီလေး လွတ်မြောက်သွားခဲ့သည်။
တိုက်ပွဲသည် အစကတည်းက ယခုအချိန်အထိ အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့၏။ လုယွမ်တို့ဘက်တွင် သူတော်စင် ငါးပါး ရှိခဲ့သော်လည်း ယခုအခါ သုံးပါး သေဆုံးသွားပြီး ရှောင်ကျွင်းချဲ့နှင့် လုယွမ်တို့သာ ခက်ခဲစွာ တောင့်ခံနေရသည်။
လျိုချန်ဟယ်သည် အစကတည်းက ဤကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘဲ မိမိကိုယ်ကို ပုန်းကွယ်ရန် အစွမ်းကုန် ကြိုးစားနေခဲ့၏။
ရဲ့ချန်က ဆက်လက်၍ အသုံးမကျစွာ အော်ဟစ်နေခဲ့သည်။
"ချင်လော့... သတ္တိရှိရင် ငါနဲ့လာတိုက်စမ်း... အခြားသူတွေကို အားကိုးပြီး အနိုင်ကျင့်တာက ဘာစွမ်းဆောင်ရည်မျိုးလဲ..."
မလှမ်းမကမ်းရှိ စုန့်ပိုယွမ်က အေးစက်စွာ နှာမှုတ်လိုက်၏။
"ကောင်းကင်တာအိုရဲ့ ကောင်းမွန်တဲ့ သံသရာလည်မှုပဲ..."
ထို့နောက် သူ၏အကြည့်များက လျိုရူယန်အပေါ်သို့ ထပ်မံကျရောက်သွားပြီး သူ၏မျက်လုံးများတွင် စွဲလမ်းမှုများ ပြည့်နှက်နေခဲ့သည်။ ရဲ့ချန် သေဆုံးသွားပါက သူက ဝင်ရောက်နေရာယူမည် ဖြစ်ပေ၏။
"မင်းလို အဆင့်အတန်းမျိုးနဲ့က ဒီလို တောင်းဆိုဖို့ ထိုက်တန်လို့လား..."
ချင်လော့က ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး သူ၏လက်ထဲရှိ ချင်းဖုန်းဓားမှ စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထက်မြက်သော ဓားဆန္ဒများ သူ၏ခန္ဓာကိုယ်မှ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များအဖြစ် ပြောင်းလဲကာ ရဲ့ချန်ဆီသို့ ဖိနှိပ်သွားခဲ့၏။
"နတ်ဘုရားအသွင်ပြောင်းအဆင့်..."
ရဲ့ချန်က ချင်လော့ကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။
"ဒါက... ဓားဆန္ဒလား..."
"အား..."
ရဲ့ချန် အနည်းငယ် ရူးသွပ်သွားခဲ့၏။
အကယ်၍ သူ၏ မွေးရာပါဓားအရိုးသာ တူးထုတ်မခံခဲ့ရလျှင် ယခုအချိန်တွင် သူသည်လည်း ဓားဆန္ဒကို ဖွဲ့စည်းနိုင်ပြီ ဖြစ်ပေလိမ့်မည်။
"သေချင်နေတာလား... မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."
ချင်လော့က ဓားတစ်ချက် ခုတ်ချလိုက်သည်။ ဤဓားတစ်ချက်တည်းကပင် ရဲ့ချန်ကို လုံးဝ ခုခံ၍မရနိုင်ဟု ခံစားသွားစေခဲ့၏။
"ငါက မင်းကို ကြောက်နေတာ မဟုတ်ဘူး... မင်းနဲ့ တိုက်ခိုက်ရမှာကို အထင်သေးနေတာ... အခု သိပြီလား..."
လှောင်ပြောင်သော လေသံများက ရဲ့ချန်ကို အလွန် ရှက်ရွံ့သွားစေပြီး အခြားသူများက သူ့ကို လူရွှင်တော်တစ်ယောက်ကဲ့သို့ ကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။
ဝုန်း…
"ချော်ရည်မြေကမ္ဘာမီးတောက်... ပေါက်ကွဲစမ်း..."
ရဲ့ချန်က ဟိန်းဟောက်လိုက်၏။
"ချင်လော့... ငါသေရမယ်ဆိုရင်တောင် မင်းကို အဖော်အဖြစ် ခေါ်သွားမယ်..."
ချင်လော့က ခေါင်းယမ်းကာ အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။
"မင်းကလား… .မင်းက မထိုက်တန်သေးဘူး..."
ဘန်း…
အစွမ်းထက်သော ဝိညာဉ်စွမ်းအားတစ်ခုက ရဲ့ချန်ကို ချက်ချင်း ချည်နှောင်လိုက်ပြီး သူ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့၏။
အခြားသူများ၏ အမြင်တွင် ချင်လော့နှင့် ရဲ့ချန်တို့သည် လူသားဧကရာဇ်အလံ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် အတွင်းတွင် မည်သို့ဖြစ်ပျက်နေသည်ကို မမြင်တွေ့နိုင်တော့ချေ။
ရင်းနှီးနေသော အငွေ့အသက်များကြောင့် ရဲ့ချန်သည် တစ်ဖက်လူ မည်သူဖြစ်ကြောင်း ချက်ချင်း သိရှိသွားပြီး အာမေဍိတ်သံ ပြုလိုက်၏။
"ဆရာ..."
ရှီးဟွမ်က ရဲ့ချန်၏ရှေ့တွင် ပေါ်လာသဖြင့် ရဲ့ချန်မှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
အစကတည်းက ရှီးဟွမ်သည် ချင်လော့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင် သူ၏ဆရာကို ပြန်လည်မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဤသည်က သူ့ကို ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားစေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ အရင်က သူသည် အသက်ရှင်ကျန်ရစ်ရန်အတွက် ဆရာဖြစ်သူကို စွန့်ပစ်ခဲ့သည် မဟုတ်ပါလော။
ချင်လော့က ရှီးဟွမ်၏ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ရဲ့ချန်ကို ကစားချင်စရာကောင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ကာ ရှီးဟွမ်ကို မေးမြန်းလိုက်သည်။
"အခု ငါ့ကို ဘယ်လို ခေါ်သင့်လဲ..."
ရှီးဟွမ်၏ စိတ်နှလုံးထဲတွင် ရှက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး သူမက ချင်လော့ကို မျက်စောင်းထိုးလိုက်ရာ အလွန်တရာ ဆွဲဆောင်မှုရှိသော အမူအရာလေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
မလှမ်းမကမ်းရှိ ရဲ့ချန်မှာ မှင်တက်သွားခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ရှီးဟွမ်သည် အမြဲတမ်း အေးစက်သော နတ်ဘုရားမတစ်ပါး ဖြစ်ပေ၏။
ယခုအခါ ပြောင်းလဲမှုက ကြီးမားလွန်းသဖြင့် သူ လက်မခံနိုင်ဖြစ်နေခဲ့ပြီး သူ့ကို ပို၍ လက်မခံနိုင်ဖြစ်စေသည်မှာ ချင်လော့အပေါ် ရှီးဟွမ်၏ အခေါ်အဝေါ်ပင် ဖြစ်သည်။
"သခင်..."
ဖူး…
ရဲ့ချန် နေရာတွင်ပင် သွေးတစ်လုပ် အန်ထုတ်လိုက်ရလေ၏။
သူ စော်ကား၍မရနိုင်သော နတ်ဘုရားမအဖြစ် သတ်မှတ်ထားသည့် ရှီးဟွမ်ကို ချင်လော့က အစေခံမလေးအဖြစ် သိမ်းပိုက်လိုက်သည် ဟုတ်လား။
[ရဲ့ချန်၏ စိတ်အခြေအနေ ပြိုလဲသွားပါသဖြင့် ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ စနစ်ပိုင်ရှင်သည် ဗီလိန်မှတ် ၅၀,၀၀၀ မှတ်ကို ရရှိပါသည်]
"အား... ဆရာ... ဆရာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အောက်တန်းကျနိုင်ရတာလဲ..."
ရဲ့ချန်က ဟိန်းဟောက်လိုက်၏။
ရိုးရိုးသားသား ပြောရလျှင် သူသည် ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ ရှီးဟွမ်အပေါ် အထူးရှုပ်ထွေးသော ခံစားချက်များ ရှိနေခဲ့သည်။ ဆရာနှင့် တပည့်ကြား သံယောဇဉ် သာမကဘဲ ဖော်ပြ၍မရနိုင်သော ခံစားချက်အချို့လည်း ပါဝင်နေခဲ့ပေ၏။
သို့သော် ယခုအခါ... ရှီးဟွမ်က သူ၏ လှပသော စိတ်ကူးယဉ်မှုများကို ရိုက်ချိုးပစ်လိုက်လေပြီ။
"မင်း ဘာလို့ မသေသေးတာလဲ... ဘာလို့ မသေရတာလဲ... ဘာလို့လဲ... မင်းက ဘာလို့လဲ..."
"မင်းက ယုတ်မာလွန်းတယ်..."
[ရဲ့ချန်၏ စိတ်အခြေအနေ ဆက်လက်ပြိုလဲသွားပါသဖြင့် ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ စနစ်ပိုင်ရှင်သည် ဗီလိန်မှတ် ၅၀,၀၀၀ မှတ်ကို ရရှိပါသည်]
ရှီးဟွမ်က ရူးသွပ်နေသော ရဲ့ချန်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ အနည်းငယ် အေးစက်သွား၏။
"ဆရာ ဟုတ်လား... ဟားဟား... ငါ့မှာ မင်းလို တပည့်မျိုး မရှိဘူး... ငါ မင်းကို ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ခဲ့ပြီး မင်းအတွက် သေလုနီးပါး ဖြစ်ခဲ့ရတယ်... ဒါပေမဲ့ မင်းကကော..."
"ငါ ရန်သူ့လက်ထဲ ရောက်ပြီး အနိုင်ကျင့်ခံရတာကို ဒီအတိုင်း ကြည့်နေခဲ့တယ်လေ... ဟားဟား..."
"မင်းက ငါ့ကို သစ္စာဖောက်ခဲ့တဲ့ အချိန်ကစပြီး မင်းရဲ့ဆရာက သေဆုံးသွားခဲ့ပြီ..."
ရှီးဟွမ်သည် ဤဘဝတွင် သစ္စာဖောက်ခြင်းကို အမုန်းဆုံးဖြစ်ပြီး သူမ ဤကဲ့သို့ ဝိညာဉ်ခန္ဓာကိုယ်အဖြစ် ကျဆင်းသွားရခြင်းမှာလည်း သစ္စာဖောက်ခံရခြင်းကြောင့်ပင်။ လူသားဧကရာဇ်အလံ၏ အဓိကဝိညာဉ် ဖြစ်လာရခြင်းမှာလည်း သစ္စာဖောက်ခံရခြင်းကြောင့်ပင် ဖြစ်ပေ၏။
"မှန်တယ်... ငါက အောက်တန်းကျတဲ့လူပဲ... အခု ငါက မင်းရဲ့ရန်သူရဲ့ အစေခံမလေး ဖြစ်နေပြီ... ဒါတွေအကုန်လုံးက မင်းကြောင့် ဖြစ်ရတာပဲ..."
ရှီးဟွမ်သည် အခြားသူ၏ နှလုံးသားကို မည်သို့ ထိုးဖောက်ရမည်ကို ကောင်းစွာ သိရှိပေ၏။ ရဲ့ချန် နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။
"အား..."
ရဲ့ချန်က ပြင်းပြင်းထန်ထန် ဟိန်းဟောက်လိုက်၏။
[အသိပေးချက် - ကံကြမ္မာသားတော်သည် နတ်ဆိုးလမ်းစဥ်ဝင်ရောက်တော့မည့် အနေအထား ရှိနေပါသည်]
ချင်လော့ သဘောပေါက်သွားသည်။
"မင်းလို ခွေးကောင်က လူ့ကျင့်ဝတ်နဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ရုံသာမက မင်းကို ပြုစုပျိုးထောင်ခဲ့တဲ့ ဆရာအပေါ်မှာတောင် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေတာပဲ... မင်းက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်..."
ဘန်း…
ရှီးဟွမ်က လက်ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားတစ်ခုက ရဲ့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ ချီပင်လယ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ကာ သူ့ကို အသုံးမကျသူ တစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်လေ၏။
[ရဲ့ချန် အသုံးမကျသူ ဖြစ်သွားပါသဖြင့် ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ စနစ်ပိုင်ရှင်သည် ဗီလိန်မှတ် ၅၀,၀၀၀ မှတ်ကို ရရှိပါသည်]
"သွားကြစမ်း... သွားပြီး ကြည့်ကြရအောင်... မင်းရဲ့ အမျိုးသမီးတွေက မင်းအတွက် သူတို့ရဲ့ အသက်ကိုတောင် အလိုမရှိဘူးလား ဆိုတာ ကြည့်ရတာပေါ့..."
အထူးသဖြင့် ကံကြမ္မာတန်ဖိုး အလွန်မြင့်မားသော ရှောင်ယာသည် ရဲ့ချန်ထက်ပင် ပို၍ တန်ဖိုးရှိပေသည်။ ယနေ့ သူမက အကြီးမားဆုံး ပစ်မှတ်ကြီး ဖြစ်ပေ၏။