← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) လောကကြီးတွင် အသိတရားအရှိဆုံး လျိုရူယန်က ရဲ့ချန်ကို သတ်လိုက်တယ်

အပြင်ဘက်တွင် ရှောင်ယာမှာ အလွန် စိုးရိမ်ပူပန်နေပြီဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုဖြင့် ယခုလက်ရှိ တိုက်ပွဲတွင် ဝင်ရောက်ပတ်သက်၍ မရနိုင်ချေ။

သူမ၏ မိသားစုမှ သူတော်စင် တစ်ပါး အသတ်ခံရသည်ကို သူမ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသည်။ ရှောင်ကျွင်းချဲ့မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ရဲ့ချန်မှာ အသက်ရှင်သလား သေဆုံးသွားပြီလား ဆိုသည်ကို မသိရသေးပေ။

သူမ၏ စိတ်ထဲတွင် ချင်လော့အပေါ် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့၏။

"ဂျူနီယာမောင်လေး ရဲ့ချန်..."

သူမက အာမေဍိတ်သံ ပြုလိုက်ချိန်၌ ရဲ့ချန် ထပ်မံထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဤအခိုက်အတန့်တွင် ရဲ့ချန်သည် ချင်လော့၏ ခြေထောက်အောက်တွင် အနင်းခံထားရပြီး သေနေသော ခွေးတစ်ကောင်နှင့် တူနေပေ၏။

ဤမြင်ကွင်းက ရှောင်ယာ၏ နှလုံးသားကို နာကျင်စေပြီး အသက်ရှူကျပ်သွားစေခဲ့သည်။

ဘန်း…

ရှောင်ကျွင်းချဲ့သည် ပြင်းထန်သော ဒဏ်ရာဖြင့် သူမ၏ဘေးသို့ ကျဆင်းလာခဲ့ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ကာ ဟိန်းဟောက်လိုက်၏။

"သွားကြစို့... ငါတို့ သွားရမယ်..."

သူတော်စင် လေးပါးက သူ့ကို ဝိုင်းရံတိုက်ခိုက်နေကြသည် မဟုတ်ပါလော။

သူက သူတော်စင် တစ်ပါးတည်းသာ ဖြစ်ပေ၏။ သူ၏ အသက်ကယ် သူတော်စင်ရတနာ မရှိခဲ့လျှင် ယခုအချိန်တွင် သူ ဒူးထောက်နေရပြီ ဖြစ်ပေလိမ့်မည်။

ရဲ့ချန်တစ်ယောက်အတွက် သူတို့ ရှောင်မိသားစု အဆုံးသတ်ရတော့မည်လော။

သူက ရှောင်ယာကို အငြိုးမထားခဲ့ချေ။ အကြောင်းမှာ သူတို့ ရှောင်မိသားစုအနေဖြင့် ရှောင်ယာကို အားကိုးကာ တက်လှမ်းရန် လိုအပ်နေသေးသောကြောင့်ပင်။

"မသွားဘူး... ငါ မသွားဘူး... ဂျူနီယာအစ်ကို ရဲ့ချန်ကို ကယ်ရမယ်..."

ရှောင်ယာက ခေါင်းမာစွာ ပြောဆိုလိုက်၏။

"နောက်ပြီး... ဆရာကလည်း ရောက်နေပြီလေ..."

ရှောင်ကျွင်းချဲ့က သူမကို အတင်းအကျပ် ဆွဲခေါ်ကာ ထွက်ပြေးရန် ပြင်လိုက်ချိန်၌ ဤစကားကို ကြားလိုက်ရသဖြင့် သူ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည်။

ထိုသူ ရောက်လာမည်ဆိုပါက ယနေ့ သူတို့ သေရန် မလိုအပ်တော့ချေ။

ရှောင်ယာ၏ စကားအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး ရှောင်ယာ၏ဘေးသို့ ရောက်ရှိလာကာ အက်ကွဲသောအသံဖြင့် ပြောဆိုလိုက်သည်။

ထိုသူက ရှောင်ယာကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်၏။

"သွားကြမယ်…”

"ဆရာ... သမီး မသွားဘူး..."

"အဲ့ဒီကောင်ကို သတ်ပြီး ဂျူနီယာမောင်လေး ရဲ့ချန်ကို ကယ်ပေးပါဦး..."

ရှောင်ယာက ချင်လော့ကို လက်ညှိုးထိုးကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"ဒီနေ့ မင်း သေချာပေါက် သေရမယ်..."

ချင်လော့က သူမကို ကစားချင်စရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ငါကတော့ သေမှာ မဟုတ်ဘူး... အဲ့ဒါအတွက် စိတ်မပူနဲ့... ဒါပေမဲ့ မင်းတို့တွေကတော့ ထွက်သွားလို့ မရဘူး..."

ဝုန်း…

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက နတ်လက်နက်တောင်ကြား တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

အိုမင်းသော်လည်း စွမ်းအင်အပြည့်အဝပါဝင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ဝင်လာချင်တယ်ဆိုမှတော့ ပြန်ထွက်မသွားနဲ့တော့..."

ဤအသံကြောင့် ဤနေရာရှိ လူအများအပြား၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယန်ရှန်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် လေးနက်မှုများ ပြည့်နှက်နေခဲ့၏။

"ဒီလိုမျိုး အငွေ့အသက်ကို မြင့်မြတ်နယ်မြေသခင်ဆီကနေ ငါ ခံစားဖူးသလိုပဲ..."

မြူခိုးမြင့်မြတ်နယ်မြေသခင်၏ ကျင့်ကြံမှုအဆင့်မှာ မဟာသူတော်စင်အဆင့် ဖြစ်ပေသည်။ ဤသူ၏ အငွေ့အသက်က မြင့်မြတ်နယ်မြေသခင်နှင့် ဆင်တူနေသည် ဆိုသည်မှာ သူသည်လည်း…

ရှောင်ယာ၏ ဆရာက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ထုတ်ယူကာ ရှောင်ကျွင်းချဲ့ဆီသို့ ပစ်ပေးလိုက်သည်။

"မင်း ရှောင်ယာကို ခေါ်ပြီး ထွက်သွား..."

"သူ့ကို ငါ တားထားလိုက်မယ်..."

စကားအဆုံးတွင် သူက ခုန်တက်သွားပြီး စုချန်ချန် ရှိရာဘက်သို့ ပြေးဝင်သွားခဲ့၏။

ယခုလေးတင် သူက လျှို့ဝှက်ရတနာကို အသုံးပြု၍ အတင်းအကျပ် တက်လှမ်းထားခြင်းသာဖြစ်ပြီး စုချန်ချန်ကို ခေတ္တမျှသာ တားဆီးထားနိုင်မည် ဖြစ်သည်။

ယခုအခါ စုချန်ချန်နှင့် တိုက်ခိုက်ရန် သွားရမည်ဖြစ်ရာ သူ သေချာပေါက် သေဆုံးနိုင်သည်ဟု ခံစားနေရ၏။

ရှောင်ယာ၏ မျက်နှာပေါ်ရှိ အမူအရာမှာ တောင့်တင်းသွားခဲ့သည်။ သူမက တစ်စက္ကန့်မျှပင် မပြည့်သေးချိန်၌ မာနထောင်လွှားနေခဲ့သော်လည်း ယခုကဲ့သို့ ပါးရိုက်ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။

"သွားကြမယ်..."

ရှောင်ကျွင်းချဲ့က ရှောင်ယာကို ဆုပ်ကိုင်လိုက်ပြီး သူ၏လက်ထဲရှိ ကျောက်စိမ်းဖြူလှေလေးက ကြီးမားလာကာ သူတို့နှစ်ဦးကို လွှမ်းခြုံပြီး ဟင်းလင်းပြင်နယ်မြေထဲသို့ ပြင်းထန်စွာ ဝင်တိုက်သွားလေ၏။

သူတို့၏ အနောက်မှ ချင်လော့၏ အေးအေးဆေးဆေး အသံ ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ ထွက်ပြေးသွားရင် ငါ ရဲ့ချန်ကို ဒီနေရာမှာတင် အရှင်လတ်လတ် အသားလွှာဖြတ်သတ်ပစ်မယ်... ကောင်းကင်ဘုံကိုးလွှာအထိ ကြားရလောက်အောင် အော်ဟစ်ပြီးမှ သေခိုင်းမယ်..."

"မလုပ်နဲ့..."

ရှောင်ယာက နောက်လှည့်ကြည့်ချင်သော်လည်း ရှောင်ကျွင်းချဲ့က သဘောမတူဘဲ သူမကို ဆွဲကိုင်ထားကာ သူတို့နှစ်ဦးစလုံး ဟင်းလင်းပြင်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

သူတို့ ပျောက်ကွယ်သွားသော နေရာကို တစ်ချက်ကြည့်လိုက်ပြီး ချင်လော့က ရဲ့ချန်ကို ငုံ့ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်၏။

"ရဲ့ချန်... မင်းရဲ့ အမျိုးသမီးတွေက မင်းကို ဒီလောက်တောင် ချစ်ပုံမရဘူး... မဟုတ်ဘူး... သူမက မင်းကို စွန့်ပစ်သွားခဲ့ပြီ... ကျွတ်... သနားစရာပဲ..."

ရဲ့ချန်က သွားကြိတ်ကာ ပြောဆိုလိုက်သည်။

"ချင်လော့... မင်း မာနမထောင်လွှားနေနဲ့... ရှောင်ယာက ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်..."

"နောင်တစ်ချိန်ကျရင် မင်း အမြဲတမ်း ကြောက်လန့်နေရလိမ့်မယ်... ထာဝရ ကြောက်ရွံ့မှုထဲမှာပဲ အသက်ရှင်နေရလိမ့်မယ်..."

"ဟုတ်လား..."

ချင်လော့၏ လေသံတွင် အထင်အမြင်သေးမှုများ ပါဝင်နေခဲ့၏။

"ဒါပေမဲ့ သူမ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေလား..."

ချင်လော့၏ စကားဆုံးသွားသည်နှင့် ဟင်းလင်းပြင်နယ်မြေထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူတိုင်း၏ရှေ့တွင် ယခုလေးတင် ပေါ်လာခဲ့သော ကျောက်စိမ်းဖြူလှေလေးမှာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဘန်း...

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကန်ချခံလိုက်ရပေ၏။

"သူတော်စင်ဘုရင်..."

"သူတော်စင်ဘုရင် နှစ်ပါး... မဟာသူတော်စင် တစ်ပါး..."

ယန်ရှန်း၏ လေသံမှာ အထူး လေးနက်နေခဲ့သည်။

"ဒါက... မဟာချင်အင်ပါယာက တောင်တန်းတစ်သောင်းနယ်မြေအပေါ် တကယ်ပဲ ရည်ရွယ်ချက် ရှိနေတာလား..."

"ဒီကိစ္စကို မြင့်မြတ်နယ်မြေသခင်ဆီ ချက်ချင်း သတင်းပို့ရမယ်..."

ယန်ရှန်းက တုံ့ဆိုင်းမနေဘဲ အသံလွှင့်ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်ယူကာ ယနေ့ဖြစ်ပျက်သမျှကို မြူခိုးမြင့်မြတ်နယ်မြေသခင်ထံ သတင်းပို့လိုက်၏။

ရှောင်ယာမှာ အလွန် အရှက်တကွဲဖြင့် လိမ့်ထွက်လာခဲ့ပြီး ခုနက နတ်ဘုရားမတစ်ပါး၏ အသွင်အပြင် လုံးဝ မရှိတော့ချေ။

ရဲ့ချန်က ဤမြင်ကွင်းကို မှင်တက်စွာ ကြည့်နေစဉ် ချင်လော့၏ ခြေဖြင့် ထပ်မံ အနင်းခံလိုက်ရပြန်သည်။

"မင်းရဲ့ ချစ်သူလေး ထွက်ပြေးလို့ မလွတ်တော့ဘူးလို့ ထင်တယ်..."

"ဟူး... သူတို့ အကုန်လုံး မင်းကြောင့် ဒုက္ခရောက်ကုန်ကြတာပဲ... မင်းကိုယ်မင်း ကံဆိုးစေတဲ့ ကြယ်တစ်ပွင့်လို့ ထင်လား..."

ချင်လော့က သူ၏လက်ထဲရှိ ချင်းဖုန်းဓားဖြင့် ရဲ့ချန်၏ မျက်နှာကို ပုတ်လိုက်ပြီးနောက် သူ၏ အကြည့်များက လျိုရူယန်အပေါ်သို့ ကျရောက်သွားကာ မေးမြန်းလိုက်၏။

"ဂျူနီယာညီမ လျို... မင်းကို အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင်ကော..."

"မင်းသာ ရဲ့ချန်အစား အပြစ်တွေကို ဝန်ခံမယ်ဆိုရင် ရဲ့ချန်ကို အသက်ရှင်ခွင့် ပေးနိုင်တယ်..."

လျိုရူယန်က ရဲ့ချန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်၏။ ယနေ့ ရဲ့ချန် သေချာပေါက် သေရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ပြောဆိုစေကာမူ ရဲ့ချန် အသက်ရှင်ရန် မဖြစ်နိုင်ကြောင်းကို သူမ ကောင်းစွာ သိရှိထားပေသည်။

သူမက ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။

သူမက ချင်လော့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"စီနီယာအစ်ကိုက နောက်နေတာပဲ... ဂျူနီယာမောင်လေး ရဲ့ချန်က ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ အဖိုးတန်ဆုံးအရာကို ခိုးယူသွားရုံသာမက စီနီယာအစ်ကိုကိုပါ မဟုတ်မမှန် စွပ်စွဲခဲ့တာပါ... သူနဲ့ငါက ဘာပတ်သက်မှုမှ မရှိပါဘူး…”

ရဲ့ချန်မှာ တွေဝေသွားခဲ့၏။ ယခုလေးတင် သူမ၏ ပါးစပ်မှ ပြောခဲ့သော စကားများမှာ လေထဲတွင် လွင့်ပျံသွားပြီလော။ အချစ်ဆိုသည်မှာ ဤမျှတောင် စမ်းသပ်ခံနိုင်စွမ်း မရှိဘူးလော။

"အို..."

ချင်လော့က မျက်ခုံးပင့်လိုက်၏။ လျိုရူယန်က ဤမျှ အသိဉာဏ်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

"ဂျူနီယာညီမလေး ရှန် ပြောသလိုပဲလေ... ငါ လျိုရူယန်က အသက်ရှင်နေရင်တောင် စီနီယာအစ်ကိုရဲ့ လူပဲ... သေသွားရင်တောင်မှ စီနီယာအစ်ကိုရဲ့ တစ္ဆေ ဖြစ်ရမယ်..."

"ငါ ထင်တာတော့ ဂျူနီယာညီမလေး ရှန် ပြောတာ မှန်တယ်..."

"စီနီယာအစ်ကို... ငါက စီနီယာအစ်ကို့ရဲ့ ဘေးမှာ အစေခံဖို့ ဆန္ဒရှိပါတယ်... အရင်က စီနီယာအစ်ကို ပြောခဲ့တဲ့ စကားတွေ အတည်ဖြစ်သေးလားတော့ မသိဘူး..."

ချင်လော့မှာ အနည်းငယ် မှင်တက်သွားခဲ့ပြီး သူ ပြောခဲ့ဖူးသော စကားများကို ချက်ချင်း ပြန်မစဉ်းစားနိုင်ခဲ့ချေ။

လျိုရူယန်က သတိပေးလိုက်၏။

"အရင်က စီနီယာအစ်ကိုက ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတိုင်းရှေ့မှာ ငါ့ကို ကိုယ်လုပ်တော်အဖြစ် လိုချင်တယ်လို့ ပြောခဲ့တယ်လေ... အခု ငါ ရှင်းရှင်းလင်းလင်း ပြောနိုင်ပြီ... ငါ ဆန္ဒရှိပါတယ်..."

လျိုချန်ဟယ်က ဘယ်ချောင်မှန်းမသိသော နေရာမှ ခုန်ထွက်လာပြီး ချင်လော့ကို ကြင်နာသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

"ငါလည်း သဘောတူပါတယ်... ရူယန်က မင်းရဲ့ ကိုယ်လုပ်တော် ဖြစ်နိုင်ပါတယ်... ပြီးတော့ မင်းက ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်နယ်မြေသခင်လည်း ဖြစ်နိုင်သေးတယ်... ငါတို့ ပြန်ရောက်ရင် မင်းတို့ရဲ့ မင်္ဂလာပွဲကို ပြင်ဆင်ပေးပါ့မယ်... တစ်ချိန်တည်းမှာပဲ မြင့်မြတ်နယ်မြေသခင်အဖြစ် ခန့်အပ်တဲ့ အခမ်းအနားကိုလည်း ပြင်ဆင်ပေးပါ့မယ်..."

‘သောက်ကျိုးနည်း…’

ချင်လော့မှာ ထိုသားအဖနှစ်ဦး၏ အရှက်မဲ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတို့ကြောင့် အလွန် အံ့အားသင့်သွားခဲ့ရ၏။

"ကြည့်စမ်း... ဒီဟာက မင်း သဘောကျတဲ့ အမျိုးသမီးပဲ... ရဲ့ချန်... မင်းအတွက် တကယ်ကို ဝမ်းနည်းမိတယ်..."

ချင်လော့က သူ၏ဓားဖြင့် ရဲ့ချန်ကို ရိုက်ချလိုက်ပြီး လျိုရူယန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ရွံရှာမှုများ ပြည့်နှက်နေခဲ့သည်။

"တစ်နေ့တည်းမှာပဲ မိသားစု သုံးစုကို လက်ထပ်ချင်နေတာ... မင်း လျိုရူယန်က တကယ်ကို အောက်တန်းကျလွန်းတယ်..."

"ငါ့ရဲ့ အဆင့်အတန်းက ဘာလဲ... မင်းရဲ့ အဆင့်အတန်းကကော ဘာလဲ... ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့တောင် မင်းက ထိုက်တန်လို့လား..."

လျိုရူယန်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူရော်သွားခဲ့၏။ ချင်လော့က သူ၏ ယခင်ကတိကို မတည်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

စုန့်ပိုယွမ်က ဤအချိန်တွင် ခုန်ထွက်လာပြီး ချင်လော့ကို ကြည့်ကာ ရယ်မောလိုက်သည်။

"ချင်လော့... မင်း မလိုချင်ရင် ငါ လိုချင်တယ်... လျိုရူယန်ကို ငါ့ဆီ ပေးလိုက်ရင်ကော ဘယ်လိုလဲ... ငါ မင်းကို ကျေးဇူးကြွေး တစ်ခု တင်သွားမယ်..."

ချင်လော့က ခေါင်းလှည့်ကာ စကားတစ်ခွန်းတည်းကိုသာ ပြတ်သားစွာ ပြောဆိုလိုက်၏။

"ထွက်သွားစမ်း..."

စုန့်ရီထျန်းက အလျင်အမြန် ပြေးလာပြီး စုန့်ပိုယွမ်၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းလိုကောင်မျိုးကို ငါ ဘယ်လိုလုပ် မွေးမိတာလဲ..."

ချင်လော့၏ အကြည့်များက မြေပြင်ပေါ်ရှိ ရှာယွီဝေးအပေါ်သို့ ကျရောက်သွားသည်။

"နောက်ထပ် မင်းအလှည့်ပဲ... ရဲ့ချန်ကို သတ်သင့်တယ်လို့ မင်း ထင်လား..."

ရှာယွီဝေးက ရဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး သံသယများ ပြည့်နှက်နေခဲ့၏။ ‘ဘာကြောင့် ငါ့ကို မေးရတာလဲ။’

သို့သော် သူမက ထက်မြက်သူဖြစ်ရာ လက်ရှိ အခြေအနေကို ကောင်းစွာ သိရှိသဖြင့် ချက်ချင်း ဖြေကြားလိုက်သည်။

"သတ်သင့်ပါတယ်..."

[အသိပေးချက် - ရဲ့ချန်သည် နတ်ဆိုးစိတ်ဝင်တော့မည့် အနေအထား ရှိနေပါသည်။ အကယ်၍ သူသာ လက်စားချေနိုင်ခဲ့လျှင် သူ၏ ကံကြမ္မာတန်ဖိုးများ အားလုံး ဆုံးရှုံးသွားမည်ဖြစ်ပြီး ကံကြမ္မာသားတော် အဆင့်အတန်းကို ပြန်လည်ရရှိလာမည် ဖြစ်သည်]

ရွှီး…

ချင်လော့က စနစ်ကို စကားဆက်ပြောရန် အခွင့်အရေး လုံးဝမပေးတော့ချေ။ ဓားတစ်ချက် ခုတ်ချလိုက်ရာ ရဲ့ချန်၏ ခေါင်းပြတ်ကြီး လွင့်စင်သွားပြီး ရှောင်ယာ၏ ခြေရင်းသို့ လိမ့်ကျသွားလေ၏။

မျက်လုံးနှစ်လုံးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

All Chapters