အခန်း ၉၃၃
Vol. 63 Ch. 933
အခန်း (၉၃၃) - အင်မော်တယ်နှင့် နီးစပ်သူ
သူတို့ကို ခေါင်းမူးသွားစေလောက်အောင် ရှုပ်ထွေးလှသော မြေပြင်ပေါ်ရှိ အခင်းအကျင်းကို ကြည့်လိုက်သည့်အခါ... ထိုအရာ၏ ကြီးမားသော အစိတ်အပိုင်းများမှာ သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်အခင်းအကျင်းများ ဖြစ်ကြောင်း သိရှိလိုက်ကြ၏။ နင်ချီ၏ ပြုပြင်မွမ်းမံမှုများအပြီးတွင် ဘာကြောင့် ဤမျှအထိ မှတ်မိမရနိုင်အောင် ပြောင်းလဲသွားရသနည်း။
သူတို့နှစ်ဦးမှာ အကြိမ်ကြိမ် ခေါင်းခါယမ်းလိုက်ကြ၏။
'နေဦး... ငါ ဘာလို့ နည်းနည်း ခေါင်းမူးနေသလို ခံစားနေရတာလဲ'
ထိုသူနှစ်ဦးသည် လန်းဆန်းသွားစေရန် သူတို့၏ နဖူးများကို ဖိနှိပ်လိုက်ကြရာမှ သက်သာသွားပြီး... နင်ချီနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှုများကို ရရှိသွားကြတော့သည်။ ကုန်းထျန်းတောက်၏ ရင်ထဲတွင် မနာလိုမှုများ ပိုမို ပြင်းထန်လာသော်လည်း... သူက ကောင်းစွာ ဖုံးကွယ်ထားတတ်ပြီး သူ့လက်အောက်ခံများရှေ့တွင် နင်ချီ၏ ခွန်အားကို ရံဖန်ရံခါ ချီးကျူးစကား ဆိုလေ့ရှိလေသည်။
ကျောက်ယွီကျွင်းက နင်ချီကို သတိပေးစကား ဆိုလိုက်၏။
“အဲဒီကောင်ကို သတိထားနော်... သူက အပြင်ပန်း မြင်ရသလိုမျိုး မဟုတ်ဘူး”
နင်ချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး... စိတ်ချစေရန် အကြည့်တစ်ချက် ပြန်ပေးလိုက်၏။ ကျောက်ယွီကျွင်းသည်လည်း အတော်လေး တုန်လှုပ်သွားခဲ့သော်လည်း... ကုန်းထျန်းတောက်ကဲ့သို့ မနာလိုမှုမျိုးကိုမူ မခံစားရပါချေ။ ကောင်းပြီလေ... ဖြစ်နိုင်သည်မှာ သူမက ခွန်အားကြီးသူများကို ပိုမို လေးစားမှုရှိပြီး အထူးသဖြင့် နင်ချီကဲ့သို့ လူငယ် အစွမ်းထက်သူမျိုးကို ပို၍ သဘောကျခြင်းကြောင့် ဖြစ်ပေမည်။ သူမတွင် အနာဂတ်အတွက် အရှည် တွေးတတ်သော အမြော်အမြင်မျိုး ရှိပါသည်။
မြေပြင်ပေါ်ရှိ ဧရာမ ဝိညာဉ်အခင်းအကျင်းကြီးကပင် ကျောက်ယွီကျွင်းကို သူမကိုယ်တိုင် ယုတ္တိမတန်ဟု ထင်ရသော အတွေးအသစ်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
'ဖြစ်နိုင်တာက နင်ချီဟာ အနာဂတ်မှာ တောင်ဘိုးဘေးကို ကျော်လွန်သွားနိုင်လိမ့်မယ်... ပင်လယ်ဘိုးဘေးကလည်း အမြဲတမ်း အစွမ်းထက်နေမှာမှ မဟုတ်တာ... အနည်းဆုံးတော့ ငါတို့ရဲ့ ခြေအောက်က ဝိညာဉ်အခင်းအကျင်းထဲမှာ တောင်ဘိုးဘေးရဲ့ စွမ်းအားတွေ ပါဝင်နေတယ်လေ... နင်ချီက ပင်လယ်ဘိုးဘေးရဲ့ စွမ်းအားတွေနဲ့ အလွယ်တကူ ပေါင်းစပ် ညှိနှိုင်းပေးနိုင်တယ်ဆိုတဲ့ အချက်က သူ့ရဲ့ အလားအလာကို ပြသနေတာပဲ'
ကျောက်ယွီကျွင်းသည်လည်း နှစ်များစွာကြာအောင် အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်ရာ... သူမသည် တောင်နှင့်ပင်လယ် ကမ္ဘာကြီးကို ပိုမို ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာစေရန် အမှန်တကယ်ပင် မျှော်လင့်နေမိတော့သည်။
သူတို့ မဟာဝိညာဉ်အခင်းအကျင်းကြီးကို ထွင်းထုပြီးစီးသွားချိန်မှာပင်... သူတို့၏ ရှေ့မှောက်၌ တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင် ဆင်းသက်လာခဲ့၏။
“သိပ်ကောင်းတယ်”
သူက လူအနည်းငယ်ကို ချီးကျူးလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ မောက်မာနေပြီး... နင်ချီနှင့် နှစ်ယောက်တည်း ရှိနေစဉ်ကကဲ့သို့ သာမန် ပေါ့ပေါ့ပါးပါး အသွင်မျိုးကို လုံးဝ ပြသခြင်း မရှိပါချေ။
နင်ချီက သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိ၏။
'ဒီကုန်းထျန်းတောက်က တောင်ဘိုးဘေးရဲ့ အငွေ့အသက်တွေထဲကို ပိုပိုပြီး ဝင်ရောက်လာပုံပဲ... ပင်လယ်ဘိုးဘေးရဲ့ လက်အောက်ခံ ကျင့်ကြံသူတွေရှေ့မှာ ကိုယ့်အဆင့်အတန်းကို မလျှော့ချချင်တာကပဲ နောက်ဆုံး ခုခံမှုတစ်ခုများ ဖြစ်နေမလား'
“ကမ္ဘာ့အရှင်သခင်... မြောက်ဘက်နဲ့ တောင်ဘက်ကို ပိုင်းခြားထားတဲ့ နယ်နိမိတ်တံတိုင်းက ဘယ်တော့များမှ ပျက်စီးသွားမှာလဲရှင့်” ဟု ကျောက်ယွီကျွင်းက မေးမြန်းလိုက်သည်။
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က ပြန်လည် ဖြေကြားလိုက်ပါ၏။
“ဒီ နယ်နိမိတ်ဟာ ငါနဲ့ ကျယ်ပြန့်သော ကမ္ဘာတို့ရဲ့ ပေါင်းစပ်စွမ်းအားတွေကြောင့် ဖြစ်ပေါ်လာတာပဲ... အကယ်၍ ငါ တစ်ယောက်တည်းက ငါ့ရဲ့ စွမ်းအားတွေကို ရုတ်သိမ်းချင်ရင်တောင်မှ မဖြစ်နိုင်ဘူး”
ထိုအခါ ကုန်းထျန်းတောက်က ကြားဖြတ်၍ ပြောလိုက်၏။
“ဒါဆိုရင် ကျယ်ပြန့်သော ကမ္ဘာက သူတို့ရဲ့ စွမ်းအားတွေကို ရုတ်သိမ်းမသွားသရွေ့... သူတို့ အချိန်ဆွဲနေတာကို ကျွန်တော်တို့က ဒီအတိုင်းပဲ ထာဝရ စောင့်နေရတော့မှာပေါ့... ဟုတ်လား”
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ခေါင်းယမ်းလိုက်လေသည်။
“ငါတို့ တောင်နှင့်ပင်လယ် ကမ္ဘာဟာ အပြင်ဘက်နယ်မြေမှာ အသာစီး ရထားပြီးသားပဲ... အကယ်၍ သူတို့ကသာ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင်... အပြင်ဘက်နယ်မြေ တစ်ခုလုံးက ငါ့လက်ထဲကို ကျရောက်လာလိမ့်မယ်... အဲဒီအခါကျရင် ငါတို့က သဘာဝကျကျပဲ သူတို့ကို ရှောင်ကွင်းပြီး သူတို့ရဲ့ ပိုင်နက်ထဲကို ဝင်ရောက်နိုင်မယ်... ဒါမှမဟုတ် ဗဟိုဒေသကို ရိုးရိုးရှင်းရှင်းလေး ဖျက်ဆီးပစ်လို့ ရတာပဲလေ... အဲဒီအချိန်ကျရင် သူတို့အနေနဲ့ စစ်ပွဲကို ရှောင်လွှဲဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
“ဒါပေမဲ့... အဲဒီကောင်က အဲဒီလောက်အထိ တုံးအလိမ့်မယ်လို့ ငါ မထင်ဘူး”
ထိုအခိုက်အတန့်တွင် မျက်နှာချင်းဆိုင်ရှိ နယ်နိမိတ်တံတိုင်းမှာ လှိုင်းဂယက်များ ထလာပြီး... တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို တုံ့ပြန်နေသည့်အလား ပေါ်ပေါက်လာခဲ့၏။ သူတို့အုပ်စုသည် လျင်မြန်စွာပင် ထိုဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က လေးနက်သော လေသံဖြင့် ရုတ်တရက် ပြောဆိုလိုက်၏။
“အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုကို ငါ အာရုံခံမိတယ်... အဲဒီကောင်က ဒီလောက် မြန်မြန် ဖယ်ရှားခံလိုက်ရပြီလား”
“ဘယ်သူလဲ”
သူတို့ အုပ်စုအားလုံးမှာ အံ့အားသင့်သွားကြ၏။
ကမ္ဘာ့အရှင်သခင်ကို ဤကဲ့သို့ ပြောဆိုစေနိုင်သူမှာ ဖြစ်နိုင်သည်က…။
သူတို့သည် နယ်နိမိတ်တံတိုင်း၏ အခြားတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်ကြရာ နင်ချီက အရှင်းလင်းဆုံး မြင်တွေ့နေရသည်။ သွေးမြူခိုးများသည် မြောက်ဘက်ဆီသို့ လှည့်ပတ်စီးဆင်းနေပြီး... ကောင်းကင်ပေါ်ရှိ နယ်နိမိတ်တံတိုင်းဆီသို့ တည့်မတ်စွာ ပစ်လွှတ်နေ၏။ နယ်နိမိတ်တံတိုင်းအထက်တွင် အာကာသလမ်းကြောင်း တစ်ခု ရုတ်တရက် ပွင့်ဟလာတော့သည်။
အနည်းငယ် ကိုင်းညွတ်နေသော အဘိုးအိုမှာ ထူးခြားမှု တစ်စုံတစ်ရာ မရှိလှဘဲ... ဟင်းလင်းပြင်နယ်ပယ် အတွင်းမှ ရိုးရှင်းစွာပင် ဆင်းသက်လာကာ မြေပြင်ပေါ်သို့ သာမန်အတိုင်း ခြေချလိုက်၏။ နင်ချီ၏ မျက်လုံးများ မှေးကျဉ်းသွားတော့သည်။
ရောက်လာသူကား အခြားသူမဟုတ်... သူနှင့် သုံးကြိမ်တိုင်တိုင် သွယ်ဝိုက်၍ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသော သူတော်စင် ဘိုးဘေးပင် ဖြစ်ချေသည်တကား။
တစ်ဖက်လူမှ ထုတ်လွှတ်လိုက်သော ချီစွမ်းအင် အတက်အကျများမှလွဲ၍... နင်ချီသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မည်သည့် စွမ်းအင်ကိုမျှ အာရုံမခံနိုင်ခဲ့ပါချေ။
'ဒါက တကယ့် ခန္ဓာကိုယ်အစစ်တော့ မဖြစ်နိုင်ဘူး မဟုတ်လား... အကယ်၍ အစစ်သာဆိုရင်တော့... တောင်ဘိုးဘေးနဲ့ ပင်လယ်ဘိုးဘေးတို့ ငြိမ်ထိုင်နေနိုင်ဦးမယ်လို့ ငါ မယုံဘူး'
ထင်ထားသည့်အတိုင်းပင် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်၏ အသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
“အဲဒါက ကျယ်ပြန့်သော ကမ္ဘာရဲ့ သူတော်စင် ဘိုးဘေးပဲ... သူက သူ့ရဲ့ ကိုယ်ပွားကို ဒီနယ်ပယ်ထဲ စေလွှတ်လိုက်တာလေ... ဖြစ်နိုင်တာက ကျယ်ပြန့်သော ကမ္ဘာဟာ စုပေါင်းအင်အား အတော်များများကို ဆုံးရှုံးလိုက်ရလို့... သူတို့ရဲ့ အသာစီးရမှုက မရှိတော့လို့ပဲ ဖြစ်ရမယ်... အဲဒါကြောင့်ပဲ အဲဒီလူက သူ့ကိုယ်ပွားကို အရင် လွှတ်လိုက်တာပဲ”
ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့မှာ တိတ်ဆိတ်သွားကြ၏။
ဒါက သူတို့အတွက် အလွန် ရှားပါးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
နင်ချီက သူတို့နှစ်ဦးကို အံ့ဩတကြီး ကြည့်လိုက်၏။ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ယခင်ကထက် ပိုမို၍ လေးနက်တည်ကြည်နေကြသည်။
'ဒါက ကိုယ်ပွားတစ်ခုပဲလေ... အဲဒီလောက်တောင် အရေးကြီးနေလို့လား'
နင်ချီ၏ တွေဝေရှုပ်ထွေးမှုကို အာရုံခံမိသော ကျောက်ယွီကျွင်းက နောက်ဆုံးတွင် စကားစလာ၏။
“မိတ်ဆွေနင်... ရှင်က ဘိုးဘေးတွေကို တစ်ခါမှ မမြင်ဖူးတော့... သူတို့ရဲ့ စွမ်းအားကို မသိနိုင်ပါဘူး... ကိုယ်ပွား တစ်ခုဆိုရင်တောင်မှလေ... ကျွန်မတို့ ကိုင်တွယ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေတယ်”
ကုန်းထျန်းတောက်က ထူးထူးဆန်းဆန်းပင် အသုံးဝင်သော မှတ်ချက်တစ်ခုကို ထပ်မံ ပြောဆိုလိုက်လေသည်။
“စစ်မြေပြင်နယ်မြေက အပြည့်အဝ ပွင့်မလာသေးတဲ့အတွက် ရန်သူ့ခွန်အားကို ကန့်သတ်ထားနိုင်တာ ကျေးဇူးတင်ရမယ်... မဟုတ်ရင် ကျွန်တော်တို့ သုံးယောက် ပေါင်းပြီးရင်ဆိုင်ရင်တောင်မှ... သူတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး... ဒီစစ်ပွဲကလည်း တိုက်ခိုက်စရာ အကြောင်းတောင် ရှိတော့မှာ မဟုတ်ဘူး”
“ဘိုးဘေးရဲ့ ကိုယ်ပွားက အဲဒီလောက်တောင် အစွမ်းထက်တာလား”
နင်ချီ၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွား၏။ တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်သည် သူတို့ရှေ့တွင် ပေါ်လာပြီး... နင်ချီအား တမင်သက်သက် ရှင်းပြနေသည့်အလား ပြောဆိုလိုက်၏။
“ကောင်လေး... မင်း သတိမလွတ်စေနဲ့... သူတို့က အဆင့်တက်ဖို့ နီးစပ်နေပြီ... ဝိညာဉ် ကမ္ဘာသာ သူတို့ကို ဟန့်တားမထားဘူးဆိုရင်... သူတို့က အဲဒီခြေလှမ်းကို လှမ်းပြီးလောက်ပြီ”
ဤစကားကို ကြားလိုက်ရသောအခါ နင်ချီ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားပြီး... သူ၏ ခန္ဓာကိုယ်ပင်လျှင် ထူးဆန်းစွာ တုံ့ပြန်လာသလို ရှိ၏။ ဥပမာအားဖြင့် မသိစိတ်မှ လက်သီးများကို တင်းတင်းဆုပ်မိခြင်း သို့မဟုတ် မျက်လုံးများကို အနည်းငယ် အောက်သို့ချမိခြင်း ပင်တည်း။
အပြင်လူများ အမြင်တွင် နင်ချီမှာ အပြစ်ရှိသလို ထင်ရသော်လည်း... အမှန်တကယ်တွင်မူ သူ စိတ်လှုပ်ရှားနေကြောင်း နင်ချီ ကောင်းစွာ သိရှိ၏။ သူ၏ မူလခန္ဓာကိုယ်ပင် ဖြစ်စေ၊ လူဝင်စားခန္ဓာကိုယ်ပင် ဖြစ်စေ... မိုးကြိုးကပ်ဘေးကို ကြုံတွေ့ခဲ့ရပြီးနောက်... အမြင့်ဆုံး တာအိုကို ကိုင်တွယ်ဖြေရှင်းရန်မှာ ပြဿနာ မဟုတ်တော့ပါချေ။
ယခုအခါ ဘိုးဘေးများသည် အဆင့်တက်ရန် အနားစွန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး... အင်မော်တယ်များ ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်ကြောင်း သူ့အား ပြောပြနေခြင်း ပင်တည်း။
ဤသည်က သူ့အတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခု ပေါ်လာခြင်း မဟုတ်ပါလော။