← Chapters

အခန်း ၉၃၄

Vol. 63 Ch. 934

အခန်း ၉၃၄

Vol. 63 Ch. 934

အခန်း (၉၃၄) - နှိမ့်ချတတ်သော အင်မော်တယ်ဂိုဏ်းနှစ်ခု

တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် တစ်ဖက်နယ်နိမိတ်၌ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားဆင်းသက်လာသည်ကို မြင်သောအခါ ထပ်မံ၍ သတိပေးစကား ဆိုလိုက်၏။

"သူတို့က ဒဏ္ဍာရီလာ စစ်မှန်တဲ့ အင်မော်တယ်အဆင့်နဲ့ အနီးစပ်ဆုံး ဖြစ်နေကြပြီ... ကိုယ်ပွားတစ်ခုဆိုရင်တောင်မှ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေ ပါဝင်နေတာမို့ မင်းတို့ လုံးဝ ပေါ့ဆလို့ မရဘူးနော်..."

ဤစကားမှာ နင်ချီနှင့် ကျောက်ယွီကျွင်းတို့အား အဓိက ရည်ရွယ်ပြောဆိုခြင်းပင်။ ကုန်းထျန်းတောက်နှင့် ကျောက်ယွီကျွင်းတို့မှာ မိမိတို့၏ ဘိုးဘေးများကို နှစ်စဉ်နှစ်တိုင်း ဖူးတွေ့ခွင့်ရသူများ ဖြစ်လေရာ ဘိုးဘေးတို့၏ ကြောက်မက်ဖွယ် စွမ်းအားကို သဘာဝကျကျပင် ကောင်းစွာ သိရှိနားလည်ထားကြ၏။ ထို့ကြောင့်ပင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား ဆင်းသက်လာသည်ကို မြင်လိုက်ရချိန်၌ ထိုနှစ်ဦး၏ မျက်နှာထက်တွင် အလွန်တရာ လေးနက်တည်ကြည်သော အမူအရာများ ထင်ဟပ်သွားရခြင်း ဖြစ်ပေတော့သည်။

နင်ချီ၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ သုံးဦးသားမှာ နယ်နိမိတ်တံတိုင်းကို ဖြတ်ကျော်၍ အခြားတစ်ဖက်ဆီသို့ စူးစိုက်ကြည့်လိုက်ကြသည်။ နင်ချီ လှမ်းကြည့်လိုက်သောအခါ ဗဟိုဒေသ၏ မြောက်ဘက်ခြမ်းသို့ ဆင်းသက်လာသော ခါးအနည်းငယ်ကိုင်းနေသည့် အဘိုးအိုကို မြင်တွေ့လိုက်ရပြီး ထိုအဘိုးအိုက ၎င်းတို့ရှိရာ အရပ်ဆီသို့ အကြည့်စူးစူးတို့ဖြင့် လှမ်းကြည့်လာ၏။

သူ၏ နတ်ဘုရားမျက်ဝန်းများမှာ ခန့်မှန်းရခက်လှကာ ဤဘက်နယ်မြေရှိ အရေးပါအရာရောက်သူ အားလုံးအပေါ်သို့ လွှမ်းခြုံဖြတ်သန်းသွား၏။ တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်မှသည် ဂိုဏ်းချုပ်နှစ်ဦးဖြစ်သော ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ထံ ဖြတ်သန်းသွားပြီးနောက် နင်ချီ့အပေါ်သို့ နောက်ဆုံး ကျရောက်သွားကာ ထိုနေရာ၌ပင် အချိန်အကြာဆုံး ရပ်တန့်နေခဲ့၏။

ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့မှာ တစ်စုံတစ်ရာကို ရိပ်စားမိရုံသာ ရှိသော်လည်း တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်နှင့် နင်ချီတို့ နှစ်ဦးသာလျှင် သူတော်စင် ဘိုးဘေးကိုယ်ပွား၏ စိုက်ကြည့်မှုကို အမှန်တကယ် ခံစားနားလည်နိုင်စွမ်း ရှိကြ၏။ နင်ချီက ထိုအကြည့်ကို ရင်ဆိုင်လိုက်ရာ တစ်ဖက်လူမှာ သိသိသာသာပင် ခေတ္တမျှ မှင်သက်သွားခဲ့၏။

သေချာသည်ကား သူတော်စင် ဘိုးဘေးသည် သူပေါ်ထွက်လာချင်းမှာပင် နင်ချီ၏ တည်ရှိနေမှုကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့သလို သွေးမြူခိုးများ ဖုံးလွှမ်းနေသော ဤဗဟိုဒေသအတွင်းသို့ သူဆင်းသက်လာခြင်းကို နင်ချီက ဤမျှ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့‌ပေ။

စစ်မြေပြင်နယ်မြေ ပွင့်လာခဲ့သည့် အချိန်မှစ၍ နင်ချီသည် သူတော်စင် ဘိုးဘေးနှင့် သုံးကြိမ်တိုင်တိုင် သွယ်ဝိုက်၍ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူး၏။ သို့ဖြစ်သော်ငြားလည်း ယခင်က ရင်ဆိုင်မှုများမှာ သူတော်စင် ဘိုးဘေး ချန်ရစ်ခဲ့သည့် စိတ်ဆန္ဒများ ကိန်းအောင်းနေသော လက်ရေးမူများနှင့် ပန်းချီကားချပ်များကဲ့သို့သော ကြားခံနယ်ပယ်များမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းသာဖြစ်ရာ အမှန်တကယ် စစ်မှန်သော တိုက်ပွဲများဟု မဆိုနိုင်ပါချေ။

ထိုသို့ ရင်ဆိုင်တွေ့ဆုံရသည့် အကြိမ်တိုင်းတွင် နင်ချီ၏ ရပ်တည်မှုမှာ အသွင်ပြောင်းလဲလျက် ရှိခဲ့၏။ သူသည် အမည်မသိ ဝေးလံခေါင်ဖျားသော နယ်မြေမှ သာမန် ကျင့်ကြံသူတစ်ဦး ဘဝမှနေ၍ ယခုအခါ ကမ္ဘာနှစ်ခုလုံးက သိရှိလာရသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ကူးပြောင်းလာခဲ့တော့သည်။ နင်ချီနှင့် သူတော်စင် ဘိုးဘေးတို့မှာ နယ်နိမိတ်တံတိုင်းကို ခြားလျက် အချင်းချင်း မျက်နှာချင်းဆိုင် စိုက်ကြည့်နေကြ၏။

ထိုအဘိုးအိုက သူ့အား ပြုံးပြလိုက်သလို နင်ချီ ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတော်စင် ဘိုးဘေးသည် သူ၏ အကြည့်ကို လွှဲဖယ်လိုက်ကာ နင်ချီနှင့် အခြားသူများအား ဆက်လက်မကြည့်တော့ဘဲ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကိုသာ ခြုံငုံ၍ အကဲခတ်နေတော့သည်။

သူတော်စင် ဘိုးဘေး၏ အမြင်အာရုံက မည်မျှအထိ ထက်မြက်စူးရှကြောင်းနှင့် ဤနေရာမှ အခြေအနေများကို မည်မျှအထိ မြင်တွေ့နိုင်စွမ်းရှိကြောင်းကို မည်သူကမျှ မသိနိုင်ကြပေ။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် သူတော်စင် ဘိုးဘေးသည် သူ၏ ဘေးနားရှိ ဟောက်ရန် အင်မော်တယ်ဂိုဏ်းဆီသို့ အလျင်အမြန် အကြည့်ရွှေ့သွား၏။ ဂိုဏ်းချုပ် ကျန်းယင်းချူးနှင့် သူတို့ မည်သည်တို့ကို ဆွေးနွေးတိုင်ပင်နေကြပါသနည်း။

အချိန်ကား အလွန်ပင် အရေးကြီးလှ၏။ သူ၏ ကိုယ်ပွားက စစ်မြေပြင်နယ်မြေသို့ ဆင်းသက်လာလျှင်ပင် နယ်မြေစကြဝဠာ၏ ကန့်သတ်ချက်များကြောင့် ကျယ်ပြန့်သော ကမ္ဘာတွင် ရှိနေသလို ပြိုင်ဘက်ကင်းနိုင်မည်ကား မဟုတ်ချေ။

နင်ချီနှင့် အခြားသူများကလည်း အကြည့်လွှဲလိုက်ကြပြီး အချင်းချင်း အဓိပ္ပာယ်ပါပါ မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။

ထိုအခိုက် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က စကားဆိုလာ၏။

"ဟိုဘက်က ဘိုးဘေးက သူ့ကိုယ်ပွားကိုတောင် လှုပ်ရှားခိုင်းလိုက်ပြီဆိုတော့ ငါလည်း အဲဒီကောင် နှစ်ကောင်ဆီ သွားပြီး စကားပြောဖို့ လိုလာပြီ... မင်းတို့တွေ အသက်လုပြီး တိုက်ခိုက်နေရချိန်မှာ သူတို့က နောက်ကွယ်မှာချည်း ပုန်းနေလို့ မရတော့ဘူးလေ..."

ပြောပြောဆိုဆိုနှင့် သူက နင်ချီအပါအဝင် သုံးဦးသားအား နှစ်သိမ့်စကား ဆိုလိုက်၏။

"မင်းတို့ အရမ်းကြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူး... အရင်က ဂိုဏ်းချုပ်နှစ်ယောက်တည်းဆိုရင်တော့ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်... ဒါပေမဲ့ အခု နင်ချီ ရှိလာပြီဆိုတော့ မင်းတို့ သုံးယောက် ပေါင်းလိုက်ရင် အဆင်ပြေသွားမှာပါ..."

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်နှစ်ဦးစလုံးသည် နင်ချီ ပေါ်ပေါက်လာခြင်းမှာ ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်မည်ဟု အမှန်တကယ်ပင် ခံစားလိုက်ကြရတော့သည်။ သူတို့နှစ်ဦးကြားရှိ မသင့်မြတ်မှုများနှင့်ဆိုလျှင် ပူးပေါင်းဆောင်ရွက်ရန် ဆိုသည်မှာ ဝေလာဝေး၊ အချင်းချင်း ကျောချမ်းအောင် မလုပ်ဘဲ ဓားထစ်မခံကြလျှင်ပင် အံ့မခန်း ဖြစ်ရပ်တစ်ခုဟု ဆိုရပေမည်။ ယခုမူ နင်ချီ၏ ပေါ်ပေါက်လာမှုက ထေ့ငေါ့စရာကောင်းလှစွာပင် သူတို့နှစ်ဦးကြားတွင် စေ့စပ်ဖြန်ဖြေပေးသူ တစ်ဦးကို ဖြည့်စွက်ပေးလိုက်သလို ဖြစ်သွားခဲ့၏။

သို့ဖြစ်သော်ငြားလည်း ကုန်းထျန်းတောက်ကမူ နင်ချီသည် ပင်လယ်ဘိုးဘေးအား ထောက်ခံပံ့ပိုးပေးရန် ပိုမို တိမ်းညွတ်နေသည်ဟု ရှင်းလင်းစွာ ယုံကြည်ထားဆဲ ဖြစ်သည်။

တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်မှာ ထွက်ခွာမသွားခဲ့ပါချေ။ ဝိညာဉ်ကမ္ဘာ၏ ဆန္ဒတော်တစ်ခုအနေဖြင့် ၎င်းသည် မရေမတွက်နိုင်သော ကိုယ်ပွားများကို ဖန်တီးနိုင်စွမ်းရှိပြီး ဘိုးဘေးနှစ်ဦးအား ဆက်သွယ်ရန် နည်းလမ်းများ သဘာဝကျကျပင် ပိုင်ဆိုင်ထား၏။

သူတော်စင် ဘိုးဘေး ဆင်းသက်လာပြီးနောက်တွင် မုန်တိုင်းတစ်ခု ပေါက်ကွဲတော့မည့်အလား လေးနက်တည်ကြည်သော လေထုက ဗဟိုဒေသတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ဝိညာဉ် ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်က သူတို့ကြားရှိ နယ်နိမိတ်တံတိုင်းကို ဖယ်ရှားပေးလိုက်ရန်သာ ကျန်ရှိတော့ကြောင်းနှင့် ထိုအရာ ပျက်ပြယ်သွားပါက ဝိညာဉ်ကမ္ဘာ နှစ်ခုစလုံးမှာ လွတ်လပ်သွားတော့မည် ဖြစ်ကြောင်းကို မြောက်ပိုင်းနှင့် တောင်ပိုင်း တပ်မတော်နှစ်ရပ်လုံးက ကောင်းစွာ သိရှိနားလည်ထားကြ၏။ ဘိုးဘေးအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲကြီးကား ဆိုက်ရောက်လာခဲ့တော့သည်။

ထို့ကြောင့် နှစ်ဖက်စလုံးမှ နောက်ဆုံး ပြင်ဆင်မှုများကို အပြင်းအထန် ပြုလုပ်နေကြ၏။ ဂိုဏ်းချုပ်များဖြစ်ကြသော ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့သည် ၎င်းတို့၏ ကျင့်ကြံသူများကို ကိုယ်စီ ခေါ်ယူကာ နောက်ဆုံး အားပေးစကားများ ဆိုနေကြသည်။ နင်ချီသည်လည်း သူဦးဆောင်ရမည့် ကျင့်ကြံသူ နှစ်ဖွဲ့စလုံးကို အတူတကွ ခေါ်ယူစုစည်းလိုက်၏။

"နယ်မြေသခင်..."

တိုက်ပွဲကို ဦးဆောင်မည့် ဓားဘိုးဘေး၊ ချီခယ်ချင်းနှင့် အခြားသော သဟဇာတ ဖြစ်ခြင်း အဆင့် ကျင့်ကြံသူများ အားလုံးက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

နင်ချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

တောင်နှင့်ပင်လယ် ကမ္ဘာသို့ လူဝင်စားပြီးနောက် သူ ပြန်လည်မွေးဖွားလာခဲ့သည့် ဂိုဏ်းဆီသို့ နင်ချီ၏ အကြည့်များ ဝေ့ဝဲသွားတော့သည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူတိုင်း ပင်တည်း။ တောင်နှင့်ပင်လယ် ကမ္ဘာ အတွင်းတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နင်ချီ မှီခိုခိုလှုံရာ ဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်းတို့ထဲမှ အများအပြားနှင့် သူသည် နက်ရှိုင်းသော သံယောဇဉ်များ တွယ်ငြိခဲ့ပြီး ဖြစ်သည်။

ဥပမာအားဖြင့် ဓားဘိုးဘေး၊ ဇီယန် အင်မော်တယ်ဆရာသခင်၊ ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ်၊ သူ့အား ရှာဖွေတွေ့ရှိခဲ့သော လုဇီယွဲ့၊ သူ့ကို ပထမဆုံး လိုက်လံနှောင့်ယှက်ခဲ့သော ချင်မင်ဟောက်နှင့် မူလ တပည့်ရင်းဆယ်ယောက် စသည်တို့ပင် ဖြစ်သည်။ ဤသူများက နင်ချီကို သူတို့၏ တစ်သက်တာ ဂိုဏ်းချုပ် သို့မဟုတ် မိတ်ဆွေတစ်ဦးအဖြစ် ရှုမြင်ထားခဲ့ကြသည်မှာ ကြာမြင့်ခဲ့လေပြီ။

All Chapters