အခန်း ၉၃၅
Vol. 63 Ch. 935
အခန်း (၉၃၅) - နှိမ့်ချတတ်သော အင်မော်တယ်ဂိုဏ်းနှစ်ခု
သူတို့ထဲတွင်လည်း နင်ချီမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မေးခွန်းထုတ်မှုများ ရှိခဲ့၏။ လူအများစုမှာ နင်ချီ၏ မူလအစစ်အမှန် ဇာစ်မြစ်ကို မသိရှိကြပါချေ။ နင်ချီက ယခုအချိန်တွင် သူတို့ကို ပြောပြရန် အစီအစဉ်မရှိခဲ့ပေ။ ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီး လုံးဝအပြီးတိုင် ပြီးဆုံးသွားသည့်အခါမှသာ အရာအားလုံးကို ဖွင့်ဟဝန်ခံမည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် နင်ချီသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေရှိ အခြားသော ဂိုဏ်းခွဲများမှ ကျင့်ကြံသူများကို စူးစိုက် ကြည့်လိုက်ပြန်၏။ မြောက်ပိုင်း နယ်မြေနှင့် တောင်ပိုင်း နယ်မြေတို့ကို နက်ရှိုင်းသော သစ္စာတရားနယ်မြေအဖြစ် ပြန်လည်ပေါင်းစည်းကာ တစ်ခုတည်းဖြစ်အောင် စုစည်းပေးခဲ့သူမှာ နင်ချီပင် ဖြစ်ပြီး ယခုအခါ ဂိုဏ်းအားလုံးက သူ့ကို နက်ရှိုင်းသော သစ္စာတရားနယ်မြေ၏ အရှင်သခင်အဖြစ် လေးစားနေကြပြီ ဖြစ်သည်။ သူတို့၏ မျက်ဝန်းများထဲတွင် နင်ချီအပေါ်ထားရှိသော ကြီးမားလှသည့် ယုံကြည်မှုများနှင့် ရိုသေလေးစားမှုများ အပြည့်အဝ ကိန်းအောင်းနေကြတော့သည်။
ထိုအခါ နင်ချီက ချီခယ်ချင်းနှင့် ဖူယောင်နယ်မြေမှ အခြားသော ကျင့်ကြံသူများကို လှမ်းကြည့်လိုက်၏။ နင်ချီ၏ အကြည့်နှင့် ဆုံမိသောအခါ သူတို့အားလုံးက ရိုသေလေးစားမှုကို ပြသသည့်အနေဖြင့် ခေါင်းများကို အနည်းငယ် ငုံ့ညွတ်လိုက်ကြ၏။ သူတို့သည် စစ်မြေပြင်နယ်မြေမှစ၍ နင်ချီနောက်သို့ တစ်လျှောက်လုံး လိုက်ပါလာခဲ့ကြပြီး သူတို့၏ ကိုယ်ပိုင်ဂိုဏ်းနှင့် ဝိညာဉ်နယ်မြေဆီသို့ပင် တစ်ခေါက်မျှ ပြန်မသွားခဲ့ကြချေ။
အကယ်၍ အမိန့်တစ်ခွန်းသာ ပေးလိုက်မည်ဆိုပါက ချီခယ်ချင်းသည် သူမ၏ လူများကို ဦးဆောင်ကာ နက်ရှိုင်းသော သစ္စာတရားနယ်မြေသို့ လုံးဝ သစ္စာဖောက်မှုကင်းကင်းဖြင့် ပူးပေါင်းလာလိမ့်မည်ကို နင်ချီ ကောင်းစွာ သိရှိထားပါသည်။
နောက်ဆုံးတွင် နင်ချီ၏ အကြည့်များက တောင်နှင့်ပင်လယ် ကမ္ဘာတွင် မွေးဖွားလာခဲ့ကြသော အစစ်အမှန်ကမ္ဘာများဆီသို့ ဝေ့ဝဲသွား၏။ ထိုကျင့်ကြံသူများ... သူတို့ကြားတွင် နှုတ်ဖြင့် ဖွင့်ဟပြောဆိုရန် မလိုသော အပြန်အလှန် နားလည်မှုတစ်ခု ရှိနေကြ၏။
"နောက်လာမယ့် စစ်ပွဲက ခင်ဗျားတို့အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတော့မယ်..."
နင်ချီက ရုတ်တရက် တည်ကြည်လေးနက်စွာဖြင့် စကားဆိုလိုက်၏။
ဓားဘိုးဘေး၊ ချီခယ်ချင်းနှင့် ကျင့်ကြံသူများ အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
"အဲဒီနောက်ပိုင်းကျရင် ကျွန်တော်.. ခင်ဗျားတို့ကို ဆက်ပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ မဟုတ်တော့ဘူး... အသက်စောင့်နိုင်မယ့် သဘာဝလွန်စွမ်းရည် တချို့ကို ကျွန်တော် ထပ်သင်ပေးခဲ့မယ်... ခင်ဗျားတို့တွေ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး အလောတကြီး မလှုပ်ရှားကြသရွေ့တော့... ကြီးကြီးမားမား ပြဿနာ ရှိလာမှာ မဟုတ်ပါဘူး..."
ဓားဘိုးဘေးက သူ့ခေါင်းကို ကုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ဟေ့ကောင်လေး... မင်းက ဘာဖြစ်လို့ သေရေးရှင်ရေး အခြေအနေကြီးလိုမျိုး လျှောက်ပြောနေရတာလဲကွ..."
နင်ချီက ဘာမှမတတ်နိုင်သလို ခပ်ယဲ့ယဲ့ ပြုံးလိုက်တော့သည်။
"ဓားဘိုးဘေး... ကျွန်တော် စကားပြောလို့ ဆုံးအောင် အရင် နားထောင်ပေးပါဦး..."
နင်ချီက ဝင်ရောက်ပြောဆိုလိုက်၏။
"အေးပါကွာ..."
ဓားဘိုးဘေးက အနည်းငယ် ကသိကအောက် ဖြစ်သွားဟန်ဖြင့် ပြောလာ၏။
"ငါတို့တွေ ဒီတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ကြပေမယ့်... ရင်ဖွင့်ပြီး စကားပြောဖြစ်တာ တော်တော်လေး ရှားတယ်နော်... ဒါပေမဲ့ ဟေ့ကောင်လေး.. ငါ မင်းကို တစ်ခုတော့ ပြောပါရစေ... မင်း လုပ်ခဲ့သမျှ အရာအားလုံးကို ငါတို့တွေ မြင်တွေ့ခဲ့ရပြီးပြီ... ပြီးတော့ မင်းဆီကနေလည်း အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်ကွ... အရာအားလုံးကို မင်း ပခုံးပေါ်ချည်း တင်ထားစရာ မလိုပါဘူး…”
နင်ချီက သူ၏ လက်အောက်ခံ ကျင့်ကြံသူများထံသို့ မရေမတွက်နိုင်သော သယံဇာတများကို ဝေငှပေးနေသည်ကို အခြားသော ဂိုဏ်းကြီးနှစ်ခုမှ ကျင့်ကြံသူများက မနာလို ငြူစူစွာဖြင့် စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်နှာထက်တွင် အစောပိုင်းက ထောက်ပံ့ရေးပစ္စည်းများ ရရှိထားသဖြင့် ပေါ်လွင်နေသော အပြုံးများမှာ လုံးဝ ပျောက်ကွယ်သွားတော့၏။ ထိုအပြုံးများက နင်ချီ၏ ကျင့်ကြံသူများထံသို့ ကူးပြောင်းသွားသယောင်ပင်။
ထိုစက္ကန့်တွင် သူတို့၏ ရင်ထဲ၌ နင်ချီသည် အကြီးကျယ် အခမ်းနားဆုံးသော ပုဂ္ဂိုလ်ကြီးအဖြစ် ထင်ဟပ်လာကာ သူတို့ကိုယ်တိုင်ပင်လျှင် နင်ချီ၏ လက်အောက်ခံ ကျင့်ကြံသူများ ဖြစ်ခဲ့လျှင် ကောင်းမည်ဟု စိတ်ကူးယဉ် အိပ်မက် မက်လာကြတော့သည်။ နင်ချီနှင့် ယှဉ်နိုင်မည့်သူ လောကတွင် မည်သူ ရှိပါမည်နည်း။
“ကျေးဇူးတင်ပါတယ်.. နယ်မြေသခင်”
ဒေသနှစ်ခုလုံးမှ တပ်မတော်သားများက ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်ကြသည်။
ကျင့်ကြံသူနှစ်ဖွဲ့က မည်သို့ပင် ကြည့်နေစေကာမူ နင်ချီက ဂရုမစိုက်ပေ။ သူက လက်တစ်ချက် ဝှေ့ယမ်းပြလိုက်သည်နှင့် အားလုံးမှာ သဲသဲရုတ်ရုတ် ဆူနေသည်ဟု ပြောလျှင် ယုံနိုင်ဖွယ် မရှိအောင် ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွား၏။
“ခင်ဗျားတို့ကို ကျွန်တော် ပေးစရာ ဘာမှ မကျန်တော့ဘူး... ဒါပေမဲ့ နောက်ဆုံး ပြောစရာ စကားတစ်ခွန်းတော့ ရှိသေးတယ်”
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ ..နယ်မြေသခင်”
“အကယ်၍ ခင်ဗျားတို့သာ ဒီစစ်ပွဲကြီးရဲ့ အဆုံးသတ်အထိ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင်... ပိုပြီး တောက်ပတဲ့ အနာဂတ်ဆီကို ကျွန်တော် ကိုယ်တိုင် ဦးဆောင်ခေါ်သွားပေးမယ်”