← Chapters

အခန်း ၉၃၆

Vol. 63 Ch. 936

အခန်း ၉၃၆

Vol. 63 Ch. 936

အခန်း (၉၃၆) - နှိမ့်ချတတ်သော အင်မော်တယ်ဂိုဏ်းနှစ်ခု

လူတိုင်း၏ မျက်ဝန်းများက ရွှန်းလဲ့ တောက်ပသွားကြ၏။ နင်ချီ ပြောသည့် အနာဂတ် ဆိုသည်မှာ မည်သို့သော အရာမှန်း တပ်အပ် သေချာ မသိကြသော်ငြား အားလုံး၏ ရင်ထဲတွင်မူ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့၏။

ကျောက်ယွီကျွင်းက နင်ချီ၏ အနားသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာသည်။

“နင်ချီ... ရှင့်ရဲ့ တပ်မတော်က ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ... ကျွန်မရဲ့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းနဲ့ ဘာလို့ ပူးပေါင်းပြီး မလုပ်ဆောင်ရမှာလဲ”

“ဂိုဏ်းချုပ်ကျောက်... ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံသူတွေ အပေါ် အကြိမ်ကြိမ် တွေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... ဒါပေမဲ့ သူတို့ကို ကျွန်တော် ကိုယ်တိုင် လေ့ကျင့်ပေးထားပြီးသားမို့ သူတို့ရဲ့ ဖွဲ့စည်းပုံကို အလောတကြီး ဖျက်ဆီးပစ်လိုက်ရင် ကောင်းတဲ့ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး... နောက်ပြီး ခင်ဗျားရဲ့ ကျင့်ကြံသူတွေကလည်း သူတို့ကို လက်ခံချင်မှ လက်ခံကြမှာ... အဲဒီတော့ လိုအပ်ရင် အချင်းချင်း ကူညီပေးလို့ ရပေမဲ့ သူတို့ဘာသာသူတို့ တိုက်ခိုက်တာက ပိုကောင်းလိမ့်မယ်”

နင်ချီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

နင်ချီက သူမ၏ စေတနာကို အကြိမ်ကြိမ် ငြင်းပယ်လိမ့်မည်ဟု ကျောက်ယွီကျွင်း လုံးဝ မထင်မှတ်ထားခဲ့ပေ။ အခြားသူသာ ဆိုလျှင် သူမအား မျက်နှာချင်းဆိုင်၍ ဤကဲ့သို့ ငြင်းပယ်ရဲပါမည်လော။ သို့သော် သူမက စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ပြောလိုက်၏။

“ကောင်းပြီလေ... ရှင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... ဒါပေမဲ့ ကျွန်မတို့ အချင်းချင်းတော့ ကောင်းကောင်း ပူးပေါင်းဖို့ လိုမယ်နော်”

“ဒါကတော့ သဘာဝပါပဲ ခင်ဗျာ”

နင်ချီက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် အားလုံးက နောက်ဆုံး ပြင်ဆင်မှုများကို ကပျာကယာ ပြုလုပ်ကြတော့သည်။ နင်ချီက နယ်မြေကြီးနှစ်ခု၏ အခင်းအကျင်းများကို ချိတ်ဆက်ပေးလိုက်သောကြောင့် ကျင့်ကြံသူ တပ်မတော်သုံးရပ်စလုံးသည် ကိုယ်ပိုင် နေရာအသီးသီးကို ရရှိသွားကြ၏။

များမကြာမီမှာပင် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က သူတို့ဘေးတွင် ရုတ်ချည်း ပြန်လည်ပေါ်ပေါက်လာကာ တိုက်ရိုက်ပင် စကားဆိုလာ၏။

“မင်းတို့ အဆင်သင့် ဖြစ်ပြီလား... ဗဟိုဒေသက နယ်နိမိတ်တံတိုင်းကို ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်နဲ့ ပေါင်းပြီး ငါ ဖယ်ရှားပေးတော့မယ်”

နင်ချီ၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ သုံးဦးသားက ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ”

တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ဘာမှ ဆက်မပြောတော့ပေ။ သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကြီး တစ်ခုလုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားတော့သည်။ ထို့နောက် အဆုံးအစမဲ့သော စွမ်းအားကြီးတစ်ခုက ဗဟိုနယ်နိမိတ်တံတိုင်းဆီသို့ ကူးစက်သွားပြီး မှန်ကွဲသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာချေ၏။

ဗဟိုဒေသ တစ်ခုလုံးရှိ သွေးမြူခိုးများမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားပြီးနောက် ပို၍ပင် လျင်မြန်သော အရှိန်အဟုန်ဖြင့် စတင် စီးဆင်းလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း၏ အမြင်အာရုံမှာ ပိုမို နက်ရှိုင်းသော သွေးရောင်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။

ဗဟိုဒေသ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပိုင်းခြားထားသော နယ်နိမိတ်တံတိုင်းကြီးကား ဝိညာဉ် ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်များကြောင့် နောက်ဆုံးတွင် ပြိုကျပျက်စီးသွားခဲ့တော့၏။ လုံးဝ ငြိမ်သက်နေမှုမှသည် အပြင်းထန်ဆုံးသော လှုပ်ရှားရုန်းကြွမှုဆီသို့ အခြေအနေက ရုတ်ချည်း ပြောင်းလဲသွား၏။ ရေတွက်၍ မရနိုင်သော ကျင့်ကြံသူ အားလုံးက ပြင်းထန်သော သွေးညှီနံ့ကို ရှူရှိုက်မိလိုက်သလို သူတို့၏ တိုက်ပွဲဝင်လိုစိတ်များမှာ တစ်ဟုန်ထိုး တောက်လောင်လာကြတော့သည်။

“သတ်ကြ”

ဟိန်းညံသော စစ်ပွဲခေါ်သံကြီးက နားစည်ကို ပြင်းထန်စွာ လာရောက်ရိုက်ခတ်သွား၏။

ကျင့်ကြံသူများသည် တစ်ဖက်ရန်သူကို မျက်စိဖြင့်ပင် မမြင်ရသေးမီမှာပင် ပြိုင်တူ ပူးပေါင်း တိုက်ခိုက်မှုများကို စတင် ပစ်လွှတ်လိုက်ကြတော့၏။ အဆုံးမဲ့သော တိုက်ခိုက်မှုများက တစ်ဖက်ရန်သူဆီသို့ ပစ်လွှတ်သွားချိန်တွင် သွေးမြူခိုးများက လေထဲတွင် ဒန်ဒီလိုင်းယွန်ပန်းပွင့်လေးများအလား တဝဲလည်လည် လွင့်မျောနေကြသည်။

ဗဟိုဒေသ တစ်ခုလုံး သိမ့်သိမ့်ခါသွားသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးများနှင့်အတူ တုန်ခါမှုများက အဆက်မပြတ် ဖြစ်ပေါ်နေ၏။ ရေတွက်၍မရနိုင်သော သဘာဝလွန်စွမ်းရည်များ၊ စည်းမျဉ်းစွမ်းအားများနှင့် ဝိညာဉ်ချီများက တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ အချင်းချင်း ဝင်တိုက်ကြရာ ဧရာမ အလင်းဗုံးကြီး တစ်လုံး ပေါက်ကွဲသွားသည့်အလား ဗဟိုဒေသ တစ်ခုလုံးမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သတည်း။

ပထမဆုံး တိုက်ခိုက်မှုလှိုင်းကြီး အပြီးတွင်တော့ ကောင်းကင်ယံထက်၌ လူရိပ်အနည်းငယ်သာ မျက်နှာချင်းဆိုင် ရပ်နေကြ၏။

မြောက်ဘက်တွင် ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူး နှင့် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား။ တောင်ဘက်တွင် နင်ချီ၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်။ ဝိညာဉ်ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်များကမူ ထွက်ပေါ်မလာခဲ့ပေ။ သူတို့ နှစ်ဦးစလုံးမှာ ဗဟိုဒေသ၏ ဟင်းလင်းပြင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အလုပ်ရှုပ်နေကြသဖြင့် တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် အချိန်မရှိကြပါချေ။

နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြသည်။ နင်ချီက ကျန်းယင်းချူးကို အရင်ဆုံး အကဲခတ်လိုက်၏။

သူက အရပ်မောင်း ကောင်းကောင်းဖြင့် မားမားမတ်မတ် ရှိလှကာ သန့်စင်ပြီး စာပေသမား ပုံပေါက်၏။ သူ၏ ကိုယ်ပေါ်တွင် စာပေပညာရပ်များ ပြည့်နှက်နေသော်ငြား အားနည်းသည့်ပုံ လုံးဝ မပေါ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် လောက၏ စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ထားသည့် ကြောက်မက်ဖွယ် ခံစားချက်ကိုပင် ပေးစွမ်းနေသည်။

ထို့နောက် နင်ချီ၏ အကြည့်များက သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားဆီသို့ ရွှေ့သွား၏။ ကျန်းယင်းချူးနှင့် ယှဉ်လိုက်လျှင် သူတော်စင် ဘိုးဘေး၏ အသွင်အပြင်မှာ သိသိသာသာ သာမန်ဆန်လွန်းနေ၏။ ကျန်းယင်းချူးက အဆင့်မြင့် ကွန်ဖြူးရှပ် ပညာရှင် တစ်ဦးနှင့် တူပြီး သူတော်စင် ဘိုးဘေးကမူ ကံတရား မျက်နှာသာမပေးသော အညတရ ပညာသင် တစ်ဦးနှင့် ပိုတူ၏။ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ ဖြူဖွေးနေပြီး ထိုဆံပင်ဖြူများကို ဆံကြိုးဖြင့် ဖြစ်သလို စည်းနှောင်ကာ သစ်သားဆံထိုး တစ်ချောင်းကို ရိုးရိုးရှင်းရှင်း ထိုးစိုက်ထား၏။ အဝတ်အစားဆိုလျှင်လည်း အနွမ်းဆုံးနှင့် အရောင်ကျွတ်နေပြီ ဖြစ်သော မီးခိုးရောင် ပညာသင်ဝတ်ရုံကိုသာ ဆင်မြန်းထား၏။

သို့သော်ငြား ထိုအဘိုးအိုကို မည်သူကမျှ အထင်သေးရဲခြင်း မရှိပါချေ။ ကျယ်ပြန့်သော ကမ္ဘာရှိ လူတိုင်းက သူ့ကို အထွတ်အမြတ်ထား ကိုးကွယ်ကြပြီး သူသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ဆရာသခင်ပင် ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ အစစ်အမှန်ကမ္ဘာရှိ နင်ချီ၏ အဆင့်အတန်းနှင့် အတူတူပင် ဖြစ်သည်။

သူတော်စင် ဘိုးဘေးကို မြင်တွေ့လိုက်ရချိန်တွင် ယခင်က ထိုသူနှင့် သွယ်ဝိုက်၍ ရင်ဆိုင်ခဲ့ရသော အကြိမ်သုံးကြိမ်ကို နင်ချီ ပြန်လည် အမှတ်ရသွား၏။

ပထမအကြိမ်က ကျယ်ပြန့်သော ကမ္ဘာရှိ ရှန်ဖုန်းနယ်မြေသခင်နှင့် ရင်ဆိုင်ရစဉ်က ဖြစ်သည်။ အဆုံးအဖြတ် အချိန်တွင် ထိုသူက လေနတ်ဘုရား ပန်းချီကားချပ်ကို ထုတ်ဖော်ခဲ့ပြီး ယင်းကား သူတော်စင် ဘိုးဘေး၏ လက်ရာပင် ဖြစ်သည်။ ထိုအချိန်က နင်ချီ၏ စိတ်ဆန္ဒမှာ လေနတ်ဘုရား ပန်းချီကားချပ်ထဲသို့ ဆွဲသွင်းခံခဲ့ရပြီး သူတော်စင် ဘိုးဘေး၏ ကျန်ရစ်နေသော စိတ်ဆန္ဒများက လေနတ်ဘုရားအဖြစ် အသွင်ပြောင်းကာ နင်ချီ၏ အလောင်းကို နင်း၍ စစ်မှန်သော အင်မော်တယ် အဆင့်သို့ ရောက်ရှိရန် ကြံစည်ခဲ့၏။ သို့သော် နင်ချီက သူ၏ ကိုယ်ပိုင် တာအိုစွမ်းအားဖြင့် သူတော်စင် ဘိုးဘေး၏ စိတ်ဆန္ဒကို ဖြိုခွင်းနိုင်ခဲ့ပြီး သူတော်စင် ဘိုးဘေးက သူ၏ တည်ရှိမှုကို သတိထားမိသွားစေခဲ့သည်။

ဒုတိယအကြိမ်က နင်ချီတို့၏ လှုပ်ရှားမှုများကြောင့် စစ်မြေပြင်နယ်မြေ အတွင်းရှိ နေရာတချို့ကို အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့ချိန်တွင် ဖြစ်သည်။ ဤသည်က သူတော်စင် ဘိုးဘေး၏ သတိထားမှုကို လှုံ့ဆော်ပေးလိုက်သဖြင့် စစ်မြေပြင်နယ်မြေသို့ "ဖိနှိပ်ခြင်း" ဟူသော လက်ရေးမူ စာလုံးကို ကိုင်ဆောင်ထားသည့် တာအိုဖြတ်တောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဆယ်တိတိကို အထူး စေလွှတ်ခဲ့၏။

တတိယအကြိမ်မှာမူ နင်ချီ ကပ်ဘေး ရင်ဆိုင်ရစဉ် ကျယ်ပြန့်သော ကမ္ဘာမှ တာအိုစွမ်းအား တစ်ထောင်နီးပါးကို ဆွဲယူခဲ့ချိန်တွင် ဖြစ်သည်။ သူတော်စင် ဘိုးဘေးက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို "ဖြေရှင်းခြင်း" ဟူသော လက်ရေးမူနှင့်အတူ စေလွှတ်ခဲ့သော်လည်း... ကံဆိုးစွာဖြင့်ပင် နင်ချီက နောက်တစ်ကြိမ် ထပ်မံ၍ အနိုင်ယူနိုင်ခဲ့ပြန်၏။

စုစုပေါင်း သုံးကြိမ်တိတိ နင်ချီသည် သူတော်စင် ဘိုးဘေး၏ နည်းစနစ်များကို ကျော်လွှားနိုင်ခဲ့ပြီး သူတော်စင် ဘိုးဘေးက သူ့ကို အထူးအာရုံစိုက်လာစေရန် ဖန်တီးနိုင်ခဲ့၏။

ယခုအခါ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား ဆင်းသက်လာပြီ ဖြစ်ရာ သူတို့ နှစ်ဦး တိုက်ရိုက် မျက်နှာချင်းဆိုင် ရင်ဆိုင်ရတော့၏။ နင်ချီသည် ဤအဆင့်အထိ ကြီးပြင်းလာခဲ့ပြီ ဖြစ်ပြီး သူ၏ မျက်လုံးထဲတွင် သူတော်စင် ဘိုးဘေး တစ်ဦးတည်းသာ ရှိတော့သည်။ ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူး မှာမူ သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသဖြင့် နင်ချီအနေဖြင့် အချိန်ဖြုန်းမနေချင်တော့ပေ။

All Chapters