← Chapters

အခန်း ၉၃၇

Vol. 63 Ch. 937

အခန်း ၉၃၇

Vol. 63 Ch. 937

အခန်း (၉၃၇) - ပထမဆုံးတိုက်ပွဲ

“မိတ်ဆွေတို့... ဟောက်ရန် အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်ပါ... သူတော်စင် ဘိုးဘေးရဲ့ ကိုယ်ပွားကို ကျွန်တော် ရှင်းမယ်”

နင်ချီက ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့အား တိုက်ရိုက်ပင် ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ကျောက်ယွီကျွင်း၊ ကုန်းထျန်းတောက်နှင့် တစ်ဖက်မှ ကျန်းယင်းချူးတို့ အားလုံး အံ့အားသင့်သွားကြ၏။

ဘုရားရေ... လောကမှာ အင်အားအကြီးဆုံး ရန်သူကိုမှ ကိုယ့်ပြိုင်ဘက်အဖြစ် ရွေးချယ်ချင်နေတဲ့ လူတောင် ရှိသေးတာလား။

ကုန်းထျန်းတောက်က အပေါ်ယံတွင်မူ ဟန်ဆောင်မနေတော့ဘဲ စကားဆိုလိုက်၏။

“နင်ချီ... အခုက ကြွားလုံးထုတ်နေရမယ့် အချိန် မဟုတ်ဘူး... မင်း သူ့ကို မထိန်းချုပ်နိုင်ခဲ့ရင် အရာအားလုံး ပျက်စီးသွားမှာပေါ့ကွ... တောင်ဘိုးဘေးက ဒီစီမံကိန်းကြီးအတွက် အချိန်ဘယ်လောက်တောင် ယူပြီး ပြင်ဆင်ခဲ့ရသလဲဆိုတာ မင်း သိတယ် မဟုတ်လား”

သို့သော် သူ၏ ရင်တွင်း၌မူ အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေ၏။ သေချာသည်ကား သူ လုံးဝ မရင်ဆိုင်ချင်ဆုံး လူမှာ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားပင် ဖြစ်ပြီး နင်ချီက ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူမည် ဆိုခြင်းမှာ သူ လိုချင်နေသော အရာပင် ဖြစ်တော့သည်။ သို့တိုင်အောင် ထိုကောင်က အကျိုးအမြတ်ကိုလည်း ယူသေး၊ လူရိုးလေးလည်း ဟန်ဆောင်ချင်သေးသဖြင့် အပြစ်ကို သူတစ်ပါး ခေါင်းပေါ်သို့ အရင် ပုံချထားလိုက်ခြင်းပင်။ ဤသို့ ပြောလိုက်ခြင်းအားဖြင့် သူ၏ အဆင့်အတန်းကို ပြသရာရောက်သလို နင်ချီ ရရှိမည့် အသိအမှတ်ပြုခံရမှုများကိုလည်း လုယူလိုက်နိုင်၏။

ယခုလို ပြောလိုက်ပြီ ဖြစ်ရာ နင်ချီ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ... ဤသည်မှာ သူ လုပ်ရမည့် တာဝန်ဟုသာ သတ်မှတ်ခံရမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် တစ်ခုခုသာ မှားယွင်းသွားခဲ့ပါက တောင်ဘိုးဘေး အကွက်ချ ကြံစည်ထားသော စီမံကိန်းကြီးကို ဖျက်ဆီးသူမှာ နင်ချီသာလျှင် ဖြစ်သွားပေတော့မည်။

နင်ချီက ထိုလူမိုက်နှင့် အချိန်ဖြုန်းမနေတော့ပေ။ ယခုအချိန်တွင် သူ မြင်နေရသည်မှာ သူတော်စင် ဘိုးဘေးသာ ဖြစ်ပြီး မကြာမီ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားနှင့် တိုက်ခိုက်ရတော့မည်ဟူသော အသိကြောင့် သူ၏ သွေးကြောများထဲမှ သွေးများပင် ဆူပွက်လာ၏။

နင်ချီက လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းသွားပြီး သူတော်စင် ဘိုးဘေးကိုယ်ပွား၏ နောက်ကျောဘက်တွင် ရုတ်ချည်း ပေါ်ပေါက်လာကာ လက်သီးတစ်လုံး ထိုးသွင်းလိုက်လေတော့သည်။ လက်သီးချက် ထွက်ပေါ်သွားသည့် အခိုက်အတန့်၌ ကမ္ဘာကြီးပင် အရောင်အသွေး ပြောင်းလဲသွားပြီး ဝိညာဉ် ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်များက ပြုပြင်ထားခဲ့သော စည်းမျဉ်းစွမ်းအားများမှာ ချက်ချင်းပင် တစ်ဖန် ပြန်လည် ကမောက်ကမ ဖြစ်သွားရသည်။

နင်ချီ လှုပ်ရှားလိုက်ချိန်တွင် ကျန်းယင်းချူး၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့၏ မျက်လုံးအိမ်များ ချက်ချင်း ကျုံ့ဝင်သွားကြ၏။ သူတို့သုံးဦးတောင်မှ ထိုလက်သီးချက်ကို တုံ့ပြန်နိုင်မည် မဟုတ်ပေ။ အားလုံးက ထိုအရပ်ဆီသို့ အကြည့်များ ရွှေ့သွားကြသည်။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက နင်ချီ၏ လက်သီးကို ကာကွယ်လိုက်လေပြီ။

သူက အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး နင်ချီ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် နေရာရွှေ့ပြောင်းသွားသလို ချာခနဲ လှည့်ထွက်လာကာ နင်ချီ၏ တိုက်ခိုက်မှုကို တားဆီးရန် လက်ဝါးကို ဆန့်ထုတ်လိုက်၏။ သို့သော် အံ့အားသင့်စရာ ကောင်းလှစွာပင် နင်ချီ၏ လက်သီးချက်က သူ ခန့်မှန်းထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေချေသည်။

“ဒိုင်း...”

နွားသိုးတစ်ကောင်ကဲ့သို့ အဟုန်ပြင်းစွာ ဝင်တိုက်လာသော နင်ချီက သူတော်စင် ဘိုးဘေးအား ဟင်းလင်းပြင်အတွင်း မိုင်ဝက်ကျော်ခန့် အနောက်သို့ လွင့်ထွက်သွားစေသည်ကို ကျောက်ယွီကျွင်းနှင့် အခြားသူများ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရသည်။ လူနှစ်ဦး ရိုက်ခတ်သွားသည့် အရှိန်ကြောင့် ကောင်းကင်ယံတွင် အဖြူရောင် လမ်းကြောင်းကြီး တစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။

ဤမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေသည်။ ကျန်းယင်းချူးက အံ့အားသင့်သွားပြီး ကျောက်ယွီကျွင်းက မယုံကြည်နိုင်ဖြစ်နေကာ ကုန်းထျန်းတောက်မှာမူ အူကြောင်ကြောင် ဖြစ်သွားရသည်။

‘သူတော်စင် ဘိုးဘေးရဲ့ ကိုယ်ပွားက ဒီလောက်တောင် အားနည်းတာလား... ဒီလိုမှန်းသိရင် ငါပဲ ဝင်တိုက်လိုက်ပါတယ်... အခုတော့ ကြည့်စမ်း... နင်ချီပဲ အကျိုးအမြတ်တွေ ရသွားပြီ’

ကုန်းထျန်းတောက်၏ ရင်ထဲတွင် ခါးသီးသော နောင်တများဖြင့် ပြည့်နှက်သွား၏။ သူတို့သုံးဦးသားမှာ လွင့်စင်သွားသော လူနှစ်ဦးကိုသာ ငေးကြည့်နေကြပြီး သူတို့ကိုယ်တိုင်လည်း တိုက်ပွဲဝင်ရမည်ကို ယာယီ မေ့လျော့နေကြတော့သည်။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားသည် ကောင်းကင်ထက်တွင် မျောလွင့်နေကာ အနည်းငယ် ကိုင်းညွတ်နေသော ခန္ဓာကိုယ်မှာ ဧရာမ ကျောက်တံတိုင်းကြီး တစ်ခုအလား ဖြစ်သွားပြီး နင်ချီ၏ တိုက်ကွက်များကြောင့် နောက်သို့ ဆက်လက် မလွင့်စင်သွားတော့ပေ။ သူက နင်ချီကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည့်အခိုက် ဇရာရနေသော အသံ တစ်သံ ထွက်ပေါ်လာ၏။

“မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ... ဒါပေမဲ့ စစ်ပွဲက အခုမှ စတာ... ငါ့မှာ တခြား ပိုအရေးကြီးတဲ့ လုပ်စရာတွေ ရှိသေးတယ်... မင်းအတွက်နဲ့ ငါ့ခွန်အားတွေကို အလဟဿ အကုန်ခံမနေနိုင်ဘူး... ထွက်သွားစမ်း”

သူတော်စင် ဘိုးဘေး စကားပြောဆိုပြီးသည်နှင့် နင်ချီအား ဆုပ်ကိုင်ထားသော သူ၏ လက်မှ အလင်းရောင် တစ်ချက် ဝင်းလက်သွား၏။ သူတော်စင် ဘိုးဘေး၏ လက်ဖဝါးထဲမှနေ၍ စည်းမျဉ်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော "ဆုတ်ခွာ" ဟူသည့် စာလုံးတစ်လုံး ပျံသန်းထွက်ပေါ်လာ၏။ ထို "ဆုတ်ခွာ" စာလုံးကြီးသည် ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ရိုးရှင်းသော အက္ခရာများဖြင့် ဖွဲ့စည်းထားသော်ငြား ကောင်းကင်နှင့် မြေကြီးကဲ့သို့ လေးလံလှ၏။ နင်ချီမှာ ကြိုတင် ပြင်ဆင်ထားနိုင်ခြင်း မရှိဘဲ ထိုလူ၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားကာ "ဆုတ်ခွာ" မန္တန်၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး အနောက်ဘက်သို့ အဟုန်ပြင်းစွာ လွင့်စင်သွားလေတော့၏။

ထိုအခိုက်တွင် “ဆုတ်ခွာ” ဟူသော စာလုံးက အသက်ဝင်လာသယောင် ရှိ၏။ စာလုံး၏ အခြစ်ရာတိုင်းက ရက်စက်ကြမ်းကြုတ်လှသော ရေဘဝဲလက်တံများအလား အသွင်ပြောင်းသွား၏။ နင်ချီ၏ ခန္ဓာကိုယ်ကို ရစ်ပတ် တုပ်နှောင်လိုက်တော့သည်။ ထိုစာလုံးထဲ၌ နင်ချီ ယခင်က ကြုံတွေ့ခဲ့ဖူးသော “ဖိနှိပ်ခြင်း” စာလုံး၏ အနှစ်သာရအစစ်အမှန်များ ကိန်းအောင်းနေလေ၏။

နင်ချီ တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားကာ လှုပ်ရှားနိုင်စွမ်း ယာယီ ဆုံးရှုံးသွားတော့သည်။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက နင်ချီကို တစ်ချက်တည်းဖြင့် အလဲထိုးလိုက်၏။ ထို့နောက် မလှမ်းမကမ်းရှိ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ကို ငုံ့ကြည့်လိုက်သည်။

ကျောက်ယွီကျွင်း မျက်မှောင်ကြုတ်သွား၏။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှပေတကား။

ကုန်းထျန်းတောက်၏ နဖူးပြင်မှ ချွေးစေးများ စီးကျလာ၏။

ယခုလေးတင်မှ သူတော်စင် ဘိုးဘေးကို သာမန်မျှသာဟု သူ အထင်သေးခဲ့မိ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏အထင်များ မှားယွင်းကြောင်း သက်သေပြခံလိုက်ရပြီ ဖြစ်သည်။

နင်ချီက ရှေ့တန်းမှ ဝင်တိုက်ပေးခဲ့၍ သူ သက်ပြင်းချနိုင်ခဲ့၏။ သို့သော် ထိုမျှ အသုံးမကျသော နင်ချီကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေမိသည်။

ယခု သူနှင့် ကျောက်ယွီကျွင်းတို့ မည်သို့ ရင်ဆိုင်ကြရမည်နည်း။

All Chapters