← Chapters

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း (၉၃၈) - ပထမဆုံးတိုက်ပွဲ

သူတို့နှစ်ဦး သူတော်စင် ဘိုးဘေးထံ အာရုံစိုက်နေစဉ် တစ်ဖက်မှ ကျန်းယင်းချူးက လျှပ်တစ်ပြက် ပျံသန်းရောက်ရှိလာ၏။

ကျန်းယင်းချူးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူသည် ကျောက်ယွီကျွင်းတို့နှင့် အဆင့်အတန်း တူညီသော ဂိုဏ်းချုပ်တစ်ဦး ဖြစ်ပါလျက် သူတော်စင် ဘိုးဘေး ပေါ်လာမှုကြောင့် အလျစ်လျူရှု ခံလိုက်ရသည် မဟုတ်ပါလော။

“မင်းတို့နှစ်ယောက်... ငါ့လမ်းကနေ ဖယ်နေတာ ကောင်းမယ်...”

ကျန်းယင်းချူးက စကားဆိုအပြီးတွင် စာရေးစုတ်တံနှင့် တူသော မှော်လက်နက် တစ်ခုကို ဆွဲထုတ်လိုက်၏။ ဟင်းလင်းပြင်ကို နှစ်ချက်မျှ ခပ်ဖွဖွ ပုတ်လိုက်သည်။

ချက်ချင်းပင် သူတော်စင် ဘိုးဘေး အသုံးပြုခဲ့သည့် စာလုံးများနှင့် ဆင်တူသော “ပိတ်လှောင်ခြင်း” စာလုံးနှစ်လုံး ပျံလွှားထွက်ပေါ်လာ၏။

ထိုစာလုံးနှစ်လုံးက လေထဲတွင် တရိပ်ရိပ် ကြီးမားလာသည်။ သူတို့နှစ်ဦးထံ ရောက်ရှိချိန်တွင် မိုးထိတောင်တန်းကြီး တစ်ခုအသွင် ပြောင်းလဲသွား၏။ သူတို့အပေါ်သို့ ဝုန်းခနဲ ပြိုကျလာတော့သည်။

ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ ချက်ချင်းပင် အခြေအနေကို ရိပ်စားမိသွားကြ၏။

နင်ချီ တုပ်နှောင်ခံလိုက်ရပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့နှစ်ဦးတည်းက ကျန်းယင်းချူးနှင့် သူတော်စင် ဘိုးဘေးတို့ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကြီးမားသော ဖိအားများက သူတို့ကို လွှမ်းခြုံသွားတော့သည်။

အကယ်၍ သူတို့ပါ ထပ်မံ တုပ်နှောင်ခံရမည် ဆိုပါက သူတို့၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံး ရန်သူ့လက်အောက်သို့ ရောက်ရှိသွားမည် မဟုတ်ပါလော။

ကျောက်ယွီကျွင်းက ညာလက်ကို ဆန့်ထုတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူမလက်ထဲ၌ အရိုးဖြူဓားတစ်လက် ရုတ်ချည်း ပေါ်ထွက်လာသည်။

ထိုအရိုးဖြူဓားသည် အဆုံးမဲ့ပင်လယ်မှ အစွမ်းထက်လှသော ဝေလငါးကြီး၏ အရိုးများဖြင့် သွန်းလုပ်ထားခြင်းပင်။

ထိုဓား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လေးလံခြင်းနှင့် ထက်ရှခြင်းတို့ ရောယှက်နေသော ခံစားချက်ကို ပေးစွမ်း၏။ ရှေးကျပြီး ခက်ထန် ကြမ်းတမ်းသော အငွေ့အသက်များလည်း ပါဝင်နေသည်။

သူမသည် အရိုးဖြူမှော်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ ပျံသန်းလာသော “ပိတ်လှောင်ခြင်း” စာလုံးဆီသို့ ဓားတစ်ချက် ဝင့်ခုတ်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးကို ခွဲဖြာနိုင်သော ပုဆိန်တစ်လက်အလား ထက်ရှလှသည့် အရိုးဖြူဓားချက်က “ပိတ်လှောင်ခြင်း” စာလုံး တောင်တန်းကြီးကို နှစ်ခြမ်းကွဲသွားစေတော့သည်။

ထိုစဉ် ကုန်းထျန်းတောက်က မျှော်စင်ငယ် တစ်ခုကို ပါးစပ်မှ ထွေးထုတ်လိုက်၏။

မည်သည့် သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသော ထိုမျှော်စင်ငယ်လေးမှာ ထူးကဲစွာ နက်နဲ ဆန်းကြယ်နေ၏။

နောက်တစ်စက္ကန့်တွင် မျှော်စင်ငယ်က ရုတ်တရက် ကြီးမားလာကာ “ပိတ်လှောင်ခြင်း” စာလုံး တောင်တန်းကြီးဆီသို့ အဟုန်ပြင်းစွာ ဝင်တိုက်လိုက်၏။ တောင်တန်းကြီးကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။

သူတို့သုံးဦး၏ လှုပ်ရှားမှုက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ ရှင်းလင်းစွာပင် ကျန်းယင်းချူး၏ စွမ်းရည်မှာ သူတော်စင် ဘိုးဘေးနှင့် ယှဉ်လျှင် နိမ့်ကျနေ၏။ ထို့ကြောင့် ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ကို ပိတ်လှောင်နိုင်ခြင်း မရှိခဲ့ပေ။

ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ အမြဲတစေ သတိဝီရိယ ထားနေကြ၏။ သူတော်စင် ဘိုးဘေး၏ ချုံခိုတိုက်ခိုက်မှုကို စိုးရိမ်နေကြ၏။

သို့သော် ကျန်းယင်းချူးကို ရင်ဆိုင်အပြီးတွင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားမှာ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

ဘိုးဘေး ရှိခဲ့ရာ အရပ်သို့ သူတို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။ ထိုအခါ သူတို့မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သွေးပျက်လုမတတ် ဖြစ်သွားကြတော့သည်။

သူတော်စင် ဘိုးဘေးသည် ကောင်းကင်ယံထက်တွင် တစ်ကိုယ်တည်း မားမားမတ်မတ် ရပ်နေ၏။ ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ရာကို အသည်းအသန် ရေးခြစ်နေသည်။ ကောင်းကင်ပြင် တစ်ခုလုံးက သူ၏ စာရေးစားပွဲ အသွင် ပြောင်းလဲသွားသယောင်ပင်။

သူတော်စင် ဘိုးဘေးသည် ဟင်းလင်းပြင်ကို စက္ကူအဖြစ် အသုံးပြု၏။ နတ်ဘုရားဆန္ဒဖြင့် စည်းမျဉ်းစွမ်းအားများကို ခြယ်လှယ်ကာ ဟင်းလင်းပြင်ထဲ၌ အဆက်မပြတ် ရေးသားနေတော့သည်။

ထိုတာအို စာလုံးများက မည်သည့်အရာမှန်း သူတို့နှစ်ဦး မသိကြပေ။ သို့သော် ထိုစာလုံးများ၏ အကျိုးသက်ရောက်မှုကိုတော့ သူတို့ မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

ဟင်းလင်းပြင်ထဲတွင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ရေးဆွဲနေသည်နှင့်အမျှ တာအို စွမ်းအားများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ထဲမှ တာအို၏ အနက်ရောင် ပုံရိပ်ယောင်များ ရုန်းထွက်လာကြ၏။

ထိုပုံရိပ်ယောင်များ၏ ခန္ဓာကိုယ်များက လျင်မြန်စွာ အကောင်အထည် ပေါ်လာသည်။ ကောင်းကင် စစ်သည်တော်များ အောက်သို့ ဆင်းသက်လာသည့် အလားပင်။

သူတော်စင် ဘိုးဘေး၏ လှုပ်ရှားမှုက ဒဏ္ဍာရီလာ ပုံပြင်များထဲမှ ပဲစေ့များကို ကြဲပက်၍ စစ်သည်တော်များ ဖန်တီးသည့် နည်းစနစ်နှင့် တစ်ထပ်တည်း တူညီနေ၏။

[t.n: ပဲစေ့များကို ကြဲပက်၍ စစ်သည်တော်များ ဖန်တီးခြင်း ဆိုသည်မှာ ရှေးဟောင်း တရုတ်ဒဏ္ဍာရီလာ မှော်ပညာတစ်ရပ် ဖြစ်ပါသည်။ သက်မဲ့ပစ္စည်းများကို အသက်သွင်း၍ တပ်မတော်အဖြစ် အသုံးပြုခြင်းကို ဆိုလိုပါသည်။]

သူဆင့်ခေါ်လိုက်သော တာအို ပုံရိပ်ယောင် တိုင်းလိုလိုမှာ တာအို အရာဝတ္ထုများ ဖြစ်ကြသည်။ တစ်ခုချင်းစီတိုင်းက အစွမ်းထက်လှသော အရှိန်အဝါများကို ထုတ်လွှင့်နေကြ၏။

အချိန်တိုလေး အတွင်းမှာပင် သူတော်စင် ဘိုးဘေးသည် တာအို ပုံရိပ်ယောင် ဆယ်ခုကျော်ကို ဆင့်ခေါ်လိုက်လေပြီ။

စစ်ပွဲ စတင်ဖြစ်ပွားချိန်၌ သူ၏ အရေးကြီးဆုံး တာဝန်မှာ နင်ချီကို ပစ်မှတ်ထားရန် မဟုတ်ဘဲ အခြားသော အရေးကြီး ကိစ္စများ ရှိနေကြောင်း နင်ချီကို သူ ကြိုတင် ပြောပြခဲ့ပြီး ဖြစ်သည်။

ရှင်းလင်းစွာပင် ဤတာအို ပုံရိပ်ယောင်များကို ဆင့်ခေါ်ခြင်းက သူ လုပ်ဆောင်ရန် လိုအပ်သော ကိစ္စပင် ဖြစ်တော့၏။

ဤသည်က တာအို အရေအတွက်နှင့် ကျယ်ပြန့်သော ကမ္ဘာ၏ တပ်ဖွဲ့အင်အားကို တိုးမြှင့်ရန်အတွက် ဖြစ်သည်။

အကြောင်းရင်းက အလွန် ရိုးရှင်းလှ၏။ နင်ချီ၏ ယခင် ကပ်ဘေးဖြတ်ကျော်ခြင်းက ကျယ်ပြန့်သော ကမ္ဘာ၏ တာအိုကျင့်ကြံသူ တစ်ထောင်နီးပါးကို ဆုံးရှုံးစေခဲ့သည်။ ထို့ကြောင့် ကျယ်ပြန့်သော ကမ္ဘာ၏ တာအိုအင်အားသည် တောင်နှင့်ပင်လယ် ကမ္ဘာ၏ အင်အားထက် များစွာ နောက်ကောက်ကျ နေခဲ့ပြီ ဖြစ်သည်။

သို့သော် ကျောက်ယွီကျွင်း၊ ကုန်းထျန်းတောက်နှင့် နင်ချီတို့ နားမလည်နိုင်သည့် တစ်ခုတည်းသော အရာမှာ... သူတော်စင် ဘိုးဘေးသည် အဘယ်ကြောင့် ဤပုံရိပ်ယောင်များကို ကြိုတင် ဆင့်ခေါ်မထားခဲ့သနည်း။ အဘယ်ကြောင့် ကြိုတင် ပြင်ဆင်မှုများ မလုပ်ခဲ့သနည်း ဆိုသည့် အချက်တည်း။

ဖြစ်နိုင်သည်မှာ ဤကိစ္စက ဗဟိုဒေသ၏ ဖိအား ခံနိုင်ရည် စွမ်းအားနှင့် သက်ဆိုင်နေနိုင်၏။

ယခင်က ဝိညာဉ်ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်များသည် ဗဟိုဒေသကို ပိုင်းခြားထားခဲ့သည်။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားတွင် ထိုပုံရိပ်ယောင်များကို ဆင့်ခေါ်ရန် လုံလောက်သော စွမ်းအင် မရှိခဲ့ခြင်းလည်း ဖြစ်နိုင်၏။

“သူ့ကို တားကြ...”

ကျောက်ယွီကျွင်းက အော်ဟစ်လိုက်သည်။

“ကျန်းယင်းချူးကို ကျွန်တော် ထိန်းထားမယ်... သူ့ကို ခင်ဗျား သွားတားလိုက်ပါ...”

ကုန်းထျန်းတောက်က ချက်ချင်းပင် အော်ပြောလိုက်၏။

All Chapters