အခန်း ၉၃၉
Vol. 63 Ch. 939
အခန်း (၉၃၉) - ပထမဆုံးတိုက်ပွဲ
ကျောက်ယွီကျွင်း သက်ပြင်းချလိုက်မိသည်။
သူမသည် ကုန်းထျန်းတောက်ထက် ပိုမို အစွမ်းထက်၏။ ထို့ကြောင့် သူမကသာ သွားရောက် တားဆီးရမည်မှာ သေချာနေသည်။ သို့သော် ကုန်းထျန်းတောက်က ထိုတာဝန်ကို သူမထံ တိုက်ရိုက် လွှဲချလိုက်သဖြင့် သူမ အလွန်ပင် မကျေမနပ် ဖြစ်သွားရသည်။
သူတို့နှစ်ဦး၏ တွေးတောနေမှုများကို ကျန်းယင်းချူးက ရိပ်စားမိသွား၏။
လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ကျန်းယင်းချူး နောက်တစ်ယောက်က သူ့ဘေးတွင် ပေါ်ထွက်လာသည်။ ကျောက်ယွီကျွင်း၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့လိုက်တော့သည်။
ဤအရေးကြီးသော အခိုက်အတန့်၌ တာအို ဓားချီတစ်ချက်က စစ်မြေပြင် တစ်ခုလုံးကို တိုက်ခတ်သွား၏။ သူတော်စင် ဘိုးဘေး ယခုလေးတင်မှ ဆင့်ခေါ်ထားသော ပုံရိပ်ယောင်ကို တိုက်ရိုက် ရိုက်ခွဲ ဖျက်ဆီးပစ်လိုက်၏။
နင်ချီသည် အချုပ်အနှောင်မှ ရုန်းထွက်လာခဲ့ပြီ ဖြစ်သည်။ သူတော်စင် ဘိုးဘေး၏ ဘေးသို့ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်း ရောက်ရှိလာသည်။
‘ဒါတွေကို ဆင့်ခေါ်ဖို့ ကျွန်တော်က ခင်ဗျားကို ခွင့်ပြုထားလို့လား...’
ရှင်းလင်း ပြတ်သားသော အသံတစ်သံက ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ရှေ့သို့ တိုးဝင်နေသော ကျောက်ယွီကျွင်း၏ အရှိန်ကို ရုတ်ချည်း တုံ့ရပ်သွားစေသည်။
သူတို့ သုံးဦးစလုံး သူတော်စင် ဘိုးဘေး ရှိရာသို့ တစ်ဖန် လှမ်းကြည့်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း နင်ချီ ရုန်းထွက်လာနိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားကြတော့သည်။
သူတော်စင် ဘိုးဘေးပင်လျှင် အနည်းငယ် တုန်လှုပ်သွားကာ သူ၏ စုတ်တံကို ချက်ချင်း အောက်သို့ ချထားလိုက်သည်။
“ဒီအချိန်တိုလေး အတွင်းမှာ မင်းက အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာပဲ... ငါ့ရဲ့ ကိုယ်ပွားတောင် မင်းကို ဖိနှိပ်ထားလို့ မရတော့တဲ့ အထိပဲ...”
သူတော်စင် ဘိုးဘေးက သက်ပြင်းချလိုက်သယောင် ရှိ၏။
အလွန်တရာ သန့်စင်နေသော ဓားချီများက လေဆာတန်းများ၊ ကျည်ဆန်များအလား ဟင်းလင်းပြင်ကို ခွဲဖြာပစ်လိုက်၏။ သူတော်စင် ဘိုးဘေး ယခုလေးတင် ဆင့်ခေါ်ထားသည့် ပုံရိပ်ယောင်များနှင့် တာအိုများထံသို့ တိကျသေချာစွာ ဝင်ရောက်စိုက်ဝင်သွားပြီး ချက်ချင်းပင် အရာအားလုံးကို အမှုန့်ကြိတ် ဖျက်ဆီးပစ်လိုက်၏။
နင်ချီက လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းကာ ဓားဘိုးဘေးရှေ့၌ ပေါ်လာ၏။
“သူ့ကို ကျွန်တော် ကိုင်တွယ်မယ်လို့ ပြောထားတယ်လေ...”
နင်ချီက ကျောက်ယွီကျွင်းထံသို့ လှည့်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်က သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို ရင်ဆိုင်ရန် ပြင်ဆင်နေသည့် ကျောက်ယွီကျွင်းကို ရုတ်ချည်း တုံ့ရပ်သွားစေ၏။ နင်ချီ၏ ကျောပြင်ကို ကျောက်ယွီကျွင်း ငေးကြည့်နေမိသည်။
ပြင်းထန်သော လုံခြုံမှုခံစားချက်က ထိုကျောပြင်ကို သူမ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်ရစ်သွားစေတော့သည်။
ကုန်းထျန်းတောက်သည်လည်း နင်ချီ အချုပ်အနှောင်မှ လွတ်မြောက်လာသည်ကို မြင်တော့မှ သက်ပြင်းချနိုင်၏။ မည်သို့ပင်ဖြစ်စေ နင်ချီ ရှိနေသရွေ့ သူ အနည်းငယ်တော့ စိတ်အေးနိုင်၏။ ကျန်းယင်းချူးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် သူကိုယ်တိုင်ပင် ယုံကြည်မှု လုံးဝ မရှိပါချေ။
ကျန်းယင်းချူးကို ကြောက်ရွံ့နေခြင်းတော့ မဟုတ်။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို ကိုင်တွယ်မည့်သူ မရှိတော့မည့် အရေးကသာ သူ့ကို အမှန်တကယ် သွေးပျက်စေခြင်းပင်။ ထိုကိုယ်ပွားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှသည်။ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ဘိုးဘေးကြီးနှစ်ပါးနှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ဖူးသော သူနှင့် ကျောက်ယွီကျွင်းတို့သာလျှင် ဘိုးဘေးများ၏ စွမ်းအားကို အသိဆုံး ဖြစ်ပြီး အနက်ရှိုင်းဆုံးသော မှတ်သားမှုများလည်း ရှိနေကြ၏။
နင်ချီက လှည့်ကာ သူတော်စင် ဘိုးဘေးကို တိုက်ရိုက် မျက်နှာမူလိုက်သည်။
သူတော်စင် ဘိုးဘေးက သက်ပြင်းတစ်ချက် ချလိုက်၏။
သူ၏ ကိုယ်ပွားမှော်စွမ်းရည် အချုပ်အနှောင်ကိုပင် ဖောက်ထွက်နိုင်သည့် အဆင့်အထိ နင်ချီ ကြီးထွားလာခဲ့ပြီတကား။ နင်ချီ၏ ကြီးထွားနှုန်းက မြန်ဆန်လွန်းလှကြောင်း သူကိုယ်တိုင်ပင် ဝန်ခံရတော့မည်။ မနေ့ကမှ မိမိကိစ္စကိုပင် မနည်းဖြေရှင်းနေရသော ပုရွက်ဆိတ်လေး တစ်ကောင် ယနေ့တွင်တော့ သစ်ပင်ကြီးကို လှုပ်ခါနိုင်သည့် ပုရွက်ဆိတ် ဖြစ်လာခဲ့ပြီတကား။
သူတော်စင် ဘိုးဘေးက သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထိုအခိုက်.. သူ၏ မျက်လုံးများထဲတွင် နတ်ဘုရားအလင်းတန်းများ ဖျတ်ခနဲ တောက်ပသွား၏။ စောစောက နင်ချီ၏ ဓားချီ မှော်စွမ်းရည် ပုံရိပ်များက သူ၏ စိတ်အာရုံထဲတွင် ပြန်လည် ထင်ဟပ်လာ၏။
သူတော်စင် ဘိုးဘေးသည် အရာရာကို အသေးစိတ် လေ့လာဆန်းစစ်တတ်သူ ဖြစ်သည်။ သူ၏ ပါရမီအပြင် ဤကဲ့သို့ အသေးစိတ် ဆန်းစစ်လေ့လာတတ်သည့် စွမ်းရည်ကြောင့်သာလျှင် ကျယ်ပြန့်သော ကမ္ဘာ၏ ဘိုးဘေးရာထူးအထိ တစ်ဆင့်ချင်း တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ယခင် မြင်ကွင်းများက သူတော်စင် ဘိုးဘေး၏ မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီး စိတ်ထဲ၌ နှေးကွေးသွား၏။ နင်ချီ၏ ဓားချီများသည် သာမန် ဓားချီများ မဟုတ်တော့ပေ။ ကျည်ဆန်များကဲ့သို့ သေးငယ်ပြီး ငွေရောင်အလား တလက်လက် တောက်ပနေသည်။ သူ ယခုလေးတင် ဆင့်ခေါ်ထားသော တာအိုပုံရိပ်ယောင်များကို ထိုဓားချီများက တစ်ပြိုင်နက်တည်း ထိမှန်သွားခဲ့ခြင်းမှာ အသေးစိတ်အချက်တစ်ခု ဖြစ်သည်။
နောက်ထပ် အချက်တစ်ခုမှာ ထိုဓားချီ ကျည်ဆန်များက ပေါင်းစပ်တာအို ပုံရိပ်ယောင် တစ်ခုချင်းစီကို ထိမှန်ပြီးနောက် ပတ်ဝန်းကျင်ကို ထပ်မံ ဖျက်ဆီးမည့် ပိုလျှံစွမ်းအင်များ ထွက်ပေါ်မလာခြင်းကို ဘိုးဘေး သတိပြုမိလိုက်၏။
ကျင့်ကြံသူ အများစုသည် တိုက်ခိုက်သည့်အခါ ဤသို့သော အသေးစိတ် အချက်များကို ဂရုမစိုက်တတ်ကြ။ သူတို့၏ အင်အားများကို အကုန်ထုတ်သုံးတတ်ကြပြီး သေးငယ်သော စွမ်းအား ထိန်းချုပ်မှုများကို လျစ်လျူရှုထားတတ်ကြ၏။
ဥပမာအားဖြင့် ကျင့်ကြံသူ တစ်ယောက်သည် လူတစ်ဦးကို သတ်ရန် သူ၏ စွမ်းအင်အားလုံးကို ပုံအောလိုက်ပြီး မီတာလေးဆယ် ရှည်လျားသော စည်းမျဉ်းဓားကြီးကို ဖန်တီးတတ်သည်။ ယင်းမှာ ခြင်တစ်ကောင်ကို သတ်ရန် လေယာဉ်ပစ် အမြောက်ကို သုံးလိုက်သလိုပင်။ ရန်သူကို သေစေနိုင်သော်လည်း အခြားသော အရာများကိုပါ ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်စေလိမ့်မည်။ ထို့ကြောင့် ဓားချီမှတစ်ဆင့် နင်ချီ၏ ကိုယ်ပိုင်စွမ်းအား ထိန်းချုပ်မှုသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတော်စင် ဘိုးဘေး သိလိုက်ရသည်။
ကျယ်ပြန့်သော ကမ္ဘာ၏ လိုအပ်နေသော တိုက်ခိုက်ရေးစွမ်းအားကို ဖြည့်ဆည်းရန်အတွက် ပုံရိပ်ယောင်များကို သူ ဆင့်ခေါ်ခဲ့ခြင်းပင်။ ထိုပေါင်းစပ်တာအို ပုံရိပ်ယောင်များသည် အပြင်ပန်းတွင် တူညီပုံရသော်လည်း တကယ်တမ်း မတူညီကြပေ။ ၎င်းတို့သည် ကြီးမားသော စစ်ပွဲများတွင် အသုံးပြုရန် သီးသန့်ရည်ရွယ်၍ သူတော်စင် ဘိုးဘေးက ရုပ်ပုံတစ်ရာ သရုပ်ဖော်ကားချပ်ကို အသုံးပြုကာ ဖန်တီးထားသော ပုံရိပ်ယောင်များ ဖြစ်ကြသည်။ မတူညီသော ရန်သူများကို ကိုင်တွယ်နိုင်ရန်အတွက် ထိုပေါင်းစပ် ပုံရိပ်ယောင်များ၏ စွမ်းအားနှင့် အားသာချက်များကိုပါ ဘိုးဘေးက ခွဲခြားသတ်မှတ်ထားခဲ့၏။
အချို့က ကာကွယ်ရေးတွင် ထူးချွန်ပြီး အချို့က တိုက်ခိုက်ရေး၊ အချို့က လုပ်ကြံသတ်ဖြတ်ရေး၊ အချို့က ရန်သူကို ပိတ်လှောင်ရေးနှင့် အချို့က ပူးပေါင်းတိုက်ခိုက်ရေး စသည်ဖြင့် အသီးသီး ကျွမ်းကျင်ကြ၏။ သို့သော် ချွင်းချက်မရှိ။ နင်ချီ၏ ပေါ့ပေါ့ပါးပါးဟု ထင်ရသော ဓားချက်တစ်ချက်... ထိုဓားချီက အခြား မည်သည့်အရာကိုမျှ မဖျက်ဆီးဘဲ ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်းနီးပါး ချေမှုန်းပစ်လိုက်သည်။
၎င်းက သွေးပျက်စရာ မကောင်းပေဘူးလော။
နင်ချီ၏ ပေါ့ပေါ့ပါးပါး ဓားချက်ကို သူတော်စင် ဘိုးဘေးက အလွန်တရာ အလားအလာရှိသည်ဟု ရှုမြင်လိုက်၏။
ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်။ ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပိုင်တိုးတက်မှုအတွက် အားထုတ်ကြိုးပမ်းမှုသာ။
ဤအသေးစိတ် အချက်အလက်များမှတစ်ဆင့် နင်ချီ၏ လက်ရှိစွမ်းအားကို သူတော်စင် ဘိုးဘေး ကောက်ချက်ချလိုက်သည်။
နင်ချီသည် သူ၏ တပည့်ဖြစ်သော ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူးထက်ပင် ကျော်လွန်နေခဲ့ပြီတည်း။ သဘာဝကျစွာပင် ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ထက်လည်း သာလွန်နေသည်။
သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက နင်ချီကို သူ၏ ကိုယ်ပိုင် စွမ်းရည်များနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။
ကူကယ်ရာမဲ့သော ခံစားချက်တစ်ခုက သူ၏ စိတ်အာရုံထဲ ဖြတ်ပြေးသွား၏။ နင်ချီကို ပိတ်လှောင်ရန် သူ၏ အင်အားအမြောက်အမြားကို အသုံးပြုရမည်ဖြစ်ကြောင်း ကိုယ်ပွား သဘောပေါက်လိုက်သည်။ နင်ချီကို အရင်မရှင်းလင်းဘဲ အခြား မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် သူ အချိန်မရနိုင်ပေ။
သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက သူ၏ ကြီးမားသော စွမ်းအားများကို အသုံးပြု၍ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကျင့်ကြံသူများကို အဘယ်ကြောင့် တိုက်ရိုက် မချေမှုန်းပစ်သနည်း။ အကြောင်းရင်း တစ်ခုက သူ၏ အဆင့်အတန်းကြောင့် ဖြစ်၏။
သူတော်စင် ဘိုးဘေး တစ်ဦးအနေဖြင့် မိမိနှင့် အဆင့်အတန်းချင်း မတူညီသော တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိပေ။ ဒုတိယအချက်မှာ တောင်နှင့်ပင်လယ် ကမ္ဘာ အကြောင်းကို သူတော်စင် ဘိုးဘေး သိရှိထားခြင်းကြောင့် ဖြစ်သည်။ ထိုကျင့်ကြံသူများသည် သူတို့၏ ကျယ်ပြန့်သော ကမ္ဘာအပေါ် မိမိသဘောဆန္ဒအလျောက် စစ်ခင်းချင်ကြခြင်း မဟုတ်ပေ။
တောင်ဘိုးဘေး၊ ပင်လယ်ဘိုးဘေးနှင့် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်တို့၏ တွန်းအားပေးမှုသာ မရှိခဲ့လျှင် ထိုကျင့်ကြံသူများသည် ဝိညာဉ်ကမ္ဘာ စစ်ပွဲကို စတင်လိုလောက်အောင် ရူးသွပ်နေကြမည် မဟုတ်ချေ။ အနိုင်အရှုံးကို အသာထား၍ သူတို့ရရှိမည့် အကျိုးအမြတ်များမှာ အကန့်အသတ် ရှိလှသည်။ ထိုအစား သူတို့၏ အသက်သွေးချွေးများသည် သူတို့အထက်ရှိ ပုဂ္ဂိုလ်များ၏ အကျိုးစီးပွားနှင့် ဂုဏ်ကျက်သရေအတွက်သာ ပို၍ အထောက်အကူ ပြုနေ၏။
တတိယအချက်မှာ သူတော်စင် ဘိုးဘေး၏ စရိုက်လက္ခဏာက သာမန် ကျင့်ကြံသူများအပေါ် အရေးယူတိုက်ခိုက်မည် မဟုတ်ကြောင်း သတ်မှတ်ထားခြင်းကြောင့်ပင်။ သူသည် ကောင်းကင်တာအိုကို ယုံကြည်သူ ဖြစ်သည်။
တိုက်ခိုက်ရန် အခြားအရာများကို ဆင့်ခေါ်ခွင့် ပြုနိုင်သော်လည်း သူကိုယ်တိုင်ကိုယ်ကျတော့ လုံးဝ မလုပ်ဆောင်ရပေ။ ဒါက သူ ကျော်ဖြတ်၍ မရသော အနီရောင်မျဉ်း တစ်ခုပင် ဖြစ်တော့သည်။
တကယ်လို့ သူက သတိလက်လွတ် ပြုမူခဲ့လျှင်တောင်မှ ခက်ခဲနေဦးမည် ဖြစ်သည်။ တောင်နှင့်ပင်လယ် ကမ္ဘာမှ ဘိုးဘေးကြီး နှစ်ပါးကရော ဤအချက်ကို မသိဘဲ နေမည်လော။
သူ၏ အသိစိတ်ထဲမှ ပုံရိပ်များ အဆုံးသတ်သွားပြီး သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက နင်ချီကို တစ်ဖန် ပြန်ကြည့်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း သူ၏ အတိတ်ကို ပြန်လည်အောက်မေ့ခြင်းက ခဏလေးသာ ကြာမြင့်ခဲ့သော်လည်း သူ ဘာလုပ်ရမည်ကို တွက်ချက်ပြီးလေပြီ။