← Chapters

အခန်း ၉၄၀

Vol. 63 Ch. 940

အခန်း ၉၄၀

Vol. 63 Ch. 940

အခန်း (၉၄၀) - စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်

“မင်းက ငါနဲ့ တိုက်ချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့...”

သူတော်စင် ဘိုးဘေး၏ ဝတ်ရုံလက်ထဲမှ တစ်စုံတစ်ရာ ပျံလွှားထွက်ပေါ်လာပြီး လက်ထဲတွင် ဆုပ်ကိုင်လိုက်၏။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ၎င်းကို ဖြန့်ချလိုက်သည်နှင့် လောကကြီးက ချက်ချင်း ပြောင်းလဲသွားတော့သည်။

နင်ချီ အနည်းငယ် အံ့အားသင့်သွား၏။ သူတော်စင် ဘိုးဘေးကို သူ ပြန်ကြည့်လိုက်ချိန်တွင် သူနှင့် ဘိုးဘေးသည် ထူးဆန်းသော သီးခြား ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ဤဟင်းလင်းပြင်ထဲ၌ သူတို့နှစ်ဦးတည်းသာ ရှိနေသည်။ နင်ချီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ဤဟင်းလင်းပြင်က နည်းနည်းလေးမှ ပျင်းစရာ မကောင်းပေ။ ဆန့်ကျင်ဘက်အားဖြင့် တောင်တန်းများနှင့် ရေပြင်များ ရှိနေပြီး ကြက်တွန်သံ၊ ခွေးဟောင်သံများကိုပင် ရံဖန်ရံခါ ကြားနေရကာ နိဗ္ဗာန်ဘုံ တစ်ခုအလား ထင်မှတ်ရသည်။

“ဒါက ခင်ဗျားရဲ့ ပန်းချီကားချပ်က ဖန်တီးထားတဲ့ ဟင်းလင်းပြင်လား…”

သူတော်စင် ဘိုးဘေးက နင်ချီအပေါ် ကြီးမားသော စိတ်ရှည်သည်းခံမှုကို ပြသကာ တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။

“မှန်တယ်... ဒီပန်းချီကားချပ်ကို မက်မွန်ပန်းပွင့် နွေဦးလို့ ခေါ်တယ်... ငါ ငယ်ငယ်တုန်းက နေခဲ့တဲ့ ဇာတိမြေကို အခြေခံပြီး တည်ဆောက်ထားတာ...”

သူတော်စင် ဘိုးဘေးက နင်ချီကို တစ်ချက်ကြည့်လိုက်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ဆို၏။

“မင်းနဲ့ငါ ဒီနေရာမှာ တိုက်ခိုက်ကြမယ်... ဒါပေမဲ့ ငါ မင်းကို ထွက်သက်ဝင်သက် အကြိမ်နှစ်ဆယ်ပဲ အချိန်ပေးမယ်...”

“လာစမ်းပါ... အရင်သုံးကြိမ်တုန်းက ကျွန်တော့်ကို ဒုက္ခပေးခဲ့တဲ့ သူတွေနဲ့ စာရင်းရှင်းဖို့ အခွင့်ကောင်းပဲ…”

သူတော်စင် ဘိုးဘေး၏ အရာဝတ္ထုများနှင့် ရင်ဆိုင်ခဲ့ရသော ယခင်အကြိမ်များကို ထောက်ပြကာ ဘိုးဘေးသည် မိမိအား သွယ်ဝိုက်၍ ဒုက္ခပေးနေခြင်းသာဖြစ်ကြောင်း နင်ချီက စွပ်စွဲလိုက်၏။ ထိုသို့ပြောဆိုပြီးနောက် သူ၏လက်တစ်ဖက် လေထဲသို့ မြောက်တက်သွားသည်။ သူတော်စင် ဘိုးဘေး ရှိရာသို့ တည့်မတ်စွာ လက်ညှိုးထိုးလိုက်၏။ ထိုအရာက သူဖန်တီးထားသည့် မှော်စွမ်းရည်သစ် တစ်ရပ်ပင်။ မဟာတာအို ဓားဖွဲ့စည်းခြင်းဟု ခေါ်ဆို၏။

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ဓားချီများက ငွေရောင်ပျားအုပ်ကြီးအလား တလက်လက် ဝင်းလက်သွားသည်။ အရပ်မျက်နှာ အသီးသီးမှနေ၍ သူတော်စင် ဘိုးဘေးထံသို့ ခွင်းကာ ဝင်ရောက်သွားတော့သည်။ ဤဓားချီများသည် တာအိုပုံရိပ်ယောင်များကို ချေမှုန်းရာတွင် သုံးခဲ့သည့် ဓားချီများထက်ပင် များစွာ အစွမ်းထက်လှ၏။ ဓားချီ တစ်ခုချင်းစီတိုင်း၌ နင်ချီ၏ မတူညီသော စွမ်းအားများ ကိန်းအောင်းနေ၏။

၎င်းတို့က ဓားချီမှော်ဝင်္ကပါ တစ်ခုအဖြစ် ပေါင်းစည်းသွားကြသည်။ ပျားအုပ်ကြီး သို့မဟုတ် ဧရာမပိုက်ကွန်ကြီး တစ်ခုအလား သူတော်စင် ဘိုးဘေး ထွက်ပြေးနိုင်မည့် လမ်းကြောင်းမှန်သမျှကို အသေအချာ ပိတ်ဆို့လိုက်၏။ ထိုအထဲတွင် ဟင်းလင်းပြင်ကို ပိတ်လှောင်နိုင်စွမ်းရှိသော ဟင်းလင်းပြင် ဓားစက်ဝန်းများ ပါဝင်သလို လေထုကို ခုတ်ပိုင်းနိုင်စွမ်း ရှိသည့် ဓားစက်ဝန်းများလည်း ပါဝင်နေသည်။

မြေဓာတ်နှင့် ဆွဲငင်အား စွမ်းအင်များ ပါဝင်သော ဓားစက်ဝန်း။ ဧရာမ ဥက္ကာခဲကြီးအသွင် ပြောင်းလဲသွား၏။ ဘိုးဘေးဆီသို့ ဝုန်းခနဲ ဝင်တိုက်၏။ မတူညီသော ပိတ်လှောင်ခြင်း မော်ပညာများနှင့် ဆင်တူသည့် ဓားစက်ဝန်းများလည်း ရှိနေသေးသည်။ ၎င်းတို့ကို အမျိုးမျိုးသော ချည်နှောင်ခြင်းနှင့် ပိတ်လှောင်ခြင်း လျှို့ဝှက်ပညာရပ်များ ဖော်ဆောင်ရာတွင် အသုံးပြုနိုင်၏။

မီးတောက်ဓား၊ ရေခဲဓား၊ လျှပ်စီးဓား…အချုပ်ဆိုရသော် အထပ်ထပ်သော စည်းမျဉ်းစွမ်းအားများက သူတော်စင် ဘိုးဘေးကို ချေမှုန်းရန် တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူတော်စင် ဘိုးဘေး၏ မျက်လုံးအိမ်များ မသိမသာ ကျဉ်းမြောင်းသွား၏။ ယခင်က နင်ချီ၏ စွမ်းအားအပေါ် အထင်ကြီးလွန်းနေခဲ့သည်ဟု သူ ဝန်ခံခဲ့ဖူးသည်။ သို့သော် ဤဓားစက်ဝန်း ထောင်ပေါင်းများစွာကို မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ သူ နင်ချီကို အထင်သေးမိသေးကြောင်း သိလိုက်ရသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတော်စင် ဘိုးဘေး တစ်ချက် တုံ့သွားသည်။ နင်ချီသည် အနည်းဆုံး စည်းမျဉ်းစွမ်းအား အမျိုးတစ်ရာခန့်ကို ပိုင်နိုင်စွာ ကျွမ်းကျင်နေပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။ ထိုအရာက ယခင်က သူ သတိမထားမိခဲ့သော အခြေအနေသစ် တစ်ခုပင်။

သို့သော်ငြား ဤကဲ့သို့ မျိုးစုံသော စွမ်းအားများဖြင့် လွှမ်းမိုးတိုက်ခိုက်လာမှုကို ရင်ဆိုင်ရချိန်တွင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားထဲမှလည်း အရောင်အသွေး စုံလင်သော စာလုံးကြီး (၁၀၀) ပျံလွှားထွက်ပေါ်လာ၏။ ထိုစာလုံးများ၏ အရောင်နှင့် အရွယ်အစားများက ကွဲပြားကြသည်။ သို့သော် ၎င်းတို့သည် နင်ချီ၏ ဓားစက်ဝန်းများနှင့် အသွင်သဏ္ဌာန် ဆင်တူနေကြောင်းကတော့ ထင်ရှားလှ၏။ တာအိုစာလုံး တစ်လုံးစီတိုင်းက သူတော်စင် ဘိုးဘေး၏ စွမ်းအားတစ်ခုစီကို ကိုယ်စားပြု၏။ ဘိုးဘေး၏ ဆန္ဒတော်များလည်း ကိန်းအောင်းနေသည်။

ထိုစာလုံးတစ်ရာသည် အလင်းများ ထုတ်လွှင့်ကာ သူတော်စင် ဘိုးဘေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။ စာလုံးတစ်လုံးစီက လိမ်ယှက်လှည့်ပတ်သွား၏။ သူတော်စင် ဘိုးဘေးကို လွှမ်းခြုံထားသည့် ကာကွယ်ရေး အကာအကွယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားကြသည်။

“ ဒိုင်း... ဒိုင်း... ဒိုင်း…”

နောက်တစ်စက္ကန့်တွင် ဓားစက်ဝန်းများနှင့် စာလုံးတစ်ရာ မှော်စွမ်းရည်တို့ အပြင်းအထန် ရိုက်ခတ်မိကြတော့သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား သိပ်သည်းကျယ်လောင်သော အသံများ။ လက်နက်များ အချင်းချင်း ထိခိုက်မိသံများ ထွက်ပေါ်လာ၏။

“ဝုန်း… ဝုန်း… ဝေါ”

မြစ်ရေများ ဒလဟော စီးဆင်းသံ။

သမုဒ္ဒရာလှိုင်းလုံးများ ရိုက်ခတ်သံ။

မြေကြီး တုန်ဟီးသံ။ မိုးကြိုးပစ်ခတ်သံ။

အရပ်ရှစ်မျက်နှာမှ အသံမျိုးစုံက ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ တာအိုပညာကို နားမလည်သူများဆိုလျှင် ကမ္ဘာ၏ အသံများအားလုံး ဤနေရာ၌ စုဝေးနေသည်ဟုပင် ထင်မှတ်သွားနိုင်၏။

All Chapters