အခန်း ၉၄၁
Vol. 63 Ch. 941
အခန်း (၉၄၁) - စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်
နင်ချီက သူ၏ဓားများကို စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်၏။ ဓားစက်ဝန်းများ အားလုံးက ဘိုးဘေး၏ စာလုံးတစ်ရာ မှော်စွမ်းရည်ကို အဆက်မပြတ် ဝင်တိုက်ကြသည်။ ထိခတ်မိသည့် အခိုက်အတန့်တွင် တိုက်ပွဲက အလွန်အမင်း ပြင်းထန်သွားတော့သည်။ နှစ်ဖက်စလုံး၏ စည်းမျဉ်းစွမ်းအားများ ကျွမ်းကျင်မှုအပြင် အမျိုးမျိုးသော စွမ်းအားများကို အသုံးပြုနိုင်စွမ်း တပ်ဖွဲ့များ ဖြန့်ကျက်မှု ဗျူဟာနှင့် ရန်သူအပေါ် နားလည်သဘောပေါက်မှု စသည့် အချက်များအားလုံး ဤတိုက်ပွဲတွင် စုစည်းပါဝင်နေ၏။ သူတို့ လှုပ်ရှားလိုက်ချိန်တွင် အနည်းဆုံးတော့ အပြင်ပန်းအားဖြင့် သူတို့၏ ရှိသမျှ အင်အားအားလုံးကို ထုတ်သုံးခဲ့ကြ၏။
“ရွှစ်…ဝှီး…”
တစ်ကြိမ် တိုက်ခိုက်ပြီးနောက် ဓားစက်ဝန်းများ ပျောက်ကွယ်မသွားပေ။ လေထဲတွင် မျောလွင့်နေလျက် နောက်ဆုတ်သွားကြ၏။ နောက်ထပ် တိုက်ခိုက်မှု အလှည့်အတွက် စောင့်ဆိုင်းနေကြခြင်းပင်။
နင်ချီက သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို လှမ်းကြည့်လိုက်သည်။
ဘိုးဘေး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော စာလုံးတစ်ရာ အကာအကွယ်မှာ ယခုအခါ အပေါက်အပြဲများ ဖြစ်နေတော့၏။ ပြင်းထန်သော ရိုက်ခတ်မှုနှင့် ခုတ်ပိုင်းမှုများကြောင့် ကြောက်မက်ဖွယ်ကောင်းသော တာအို အက်ကွဲကြောင်းကြီးများ နေရာများစွာတွင် စုတ်ပြဲနေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင် ဘိုးဘေးက ၎င်းတို့ကို ပြန်လည်ပြုပြင်လိုက်၏။ ထို့ကြောင့် အခြေခံအားဖြင့် ဤအကြိမ် တိုက်ခိုက်မှုသည် နှစ်ဖက်စလုံးအတွက် သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုကို မဖြစ်စေခဲ့ပေ။
နင်ချီက သူ၏ ဓားစက်ဝန်းများကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ ထိုဓားစက်ဝန်းများသည် ဟင်းလင်းပြင်နယ်ပယ်ထဲတွင် စီတန်းနေကြသည်။ သို့သော် ၎င်းတို့သည်လည်း ချိုင့်ခွက်များနှင့် မညီမညာ ဖြစ်နေကာ ဟောင်းနွမ်းပျက်စီးနေသည့် ပုံစံပေါက်နေတော့၏။
သူတို့နှစ်ဦး ယခုလေးတင် အပြင်းအထန် ရင်ဆိုင်ခဲ့ကြခြင်းပင်။ ထိုအရာက စွမ်းအားချင်း ယှဉ်ပြိုင်မှု သက်သက်မဟုတ်ဘဲ သူတို့၏ ဆန္ဒတော်များ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။
“သိပ်ကောင်းတယ်... ငါ့ကို ဒီအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်တာ နှစ်သောင်းချီတဲ့ သမိုင်းမှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်”
သူတော်စင် ဘိုးဘေး၏ ကိုယ်ပေါ်ရှိ စာလုံးတစ်ရာသည် ရုတ်တရက် ကျယ်ပြန့်လာ၏။ သူ၏ ပတ်ပတ်လည်တွင် စတင် လှည့်ပတ်လာတော့သည်။ ထိုစာလုံးများနှင့် ပုံရိပ်ယောင်များက အတော်လေး လျှို့ဝှက်ဆန်းကြယ်လှသည်။
သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား ပတ်လည်တွင် ပျံသန်းနေကြ၏။ အနည်းဆုံး မြင်ရယုံမျှဖြင့် ဘိုးဘေးကို ယဉ်ကျေးသော စာပေသမား တစ်ဦးအသွင် ပေါက်သွားစေသည်။
နင်ချီ၏ ဘေးရှိ ဓားစက်ဝန်းများကမူ ရေတံခွန်များအလား တသွင်သွင် စီးဆင်းလှိုင်းထနေ၏။ ၎င်းက သူ့ကို မိစ္ဆာဓားကျင့်ကြံသူ တစ်ဦးနှင့် ဆင်တူသွားစေသည်။
နင်ချီက အရိပ်စာလုံးများကို စိုက်ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရသည်။
'ဝိညာဉ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်တဲ့အတိုင်း သူ့ဆီမှာ ကိုယ်ပိုင် စွမ်းရည်အချို့တော့ သေချာပေါက် ရှိနေတာပဲ... ငါ့ရဲ့ ဓားစက်ဝန်းတွေက တကယ် အစွမ်းထက်တယ်ဆိုပေမဲ့ ဒီအရိပ်စာလုံးတွေနဲ့ ယှဉ်ရင် ခန့်မှန်းရခက်တဲ့ အသွင်အပြင်အချို့ လိုအပ်နေသေးတယ်... ယှဉ်ကြည့်မယ်ဆိုရင် သူတော်စင် ဘိုးဘေးက စာလုံးတွေနဲ့ ပုံရိပ်ယောင်တွေကိုပဲ သုံးပြီး ငါ့ကို ရင်ဆိုင်နိုင်စွမ်း ရှိနေတယ်... သူတော်စင် ဘိုးဘေးက ငါ့ထက် တစ်ပန်းသာနေတာ အသေအချာပဲ...'