← Chapters

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း (၉၄၂) - စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်

ဤတစ်ကြိမ်တွင် သူတော်စင် ဘိုးဘေးသည် နင်ချီ လှုပ်ရှားလာမည့် အချိန်ကို စောင့်ဆိုင်းမနေတော့ပေ။ နင်ချီထံသို့ လျှပ်စီးပမာ အဟုန်ဖြင့် တည့်မတ်စွာ ပျံသန်းလာ၏။ သူနှင့်အတူ စာလုံးတစ်ရာ ကဗျာ၏ ပုံရိပ်ယောင်များလည်း သဘာဝကျစွာ လိုက်ပါလာကြသည်။ နင်ချီ လှုပ်ရှားလိုက်သည်။ ဓားစက်ဝန်းများက ပင်လယ်ထဲသို့ စီးဝင်သွားသော မြစ်ကြီးတစ်စင်းအလား။ သူတော်စင် ဘိုးဘေးဆီသို့ နောက်တစ်ကြိမ် အပြင်းအထန် ဒလဟော ပြေးဝင်သွားကြတော့သည်။

“ဝီ…”

နောက်တစ်စက္ကန့်တွင် နင်ချီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။ သို့သော် ဤတစ်ကြိမ်၌ သူတော်စင် ဘိုးဘေးသည် တိုက်ခိုက်မှုကို ခုခံရန် စာလုံးတစ်ရာ မှော်စွမ်းရည်ကို ရွေးချယ်အသုံးမပြုခဲ့ပေ။ သူက လက်တစ်ဖက်ကို ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ရုံသာ။ စာလုံးတစ်ရာက ပေါင်းစပ်သွားပြီး ပြိုင်ဘက်ကင်း ဧရာမ ကောင်းကင်ကျောက်စာတိုင်ကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွား၏။ ထို့နောက် ဓားစက်ဝန်းများ အားလုံးအပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ဒီလောကကြီးက ငါပိုင်တယ်”

တစ်ချိန်တည်းမှာပင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားထံမှ အေးစက်စက် အော်ဟစ်သံ ထွက်ပေါ်လာ၏။ သူ ဖန်တီးထားသော မက်မွန်ဥယျာဉ် လေဟာနယ်က အသက်ဝင်လာသလို ရှိသည်။ ဟင်းလင်းပြင် စွမ်းအားများ အားလုံးက နင်ချီထံသို့ ဖိသိပ်ဝင်ရောက်လာကြ၏။

မျက်စိတစ်မှိတ်အတွင်း နင်ချီ၏ ဓားစက်ဝန်းများ အားလုံး ရိုက်ထုတ်ခံလိုက်ရသည်။ နင်ချီကိုယ်တိုင်ပင် သူတော်စင် ဘိုးဘေး၏ ဆက်တိုက် တိုက်ခိုက်မှုများကို ထိမှန်သွားခဲ့ရသည်။ ကောင်းကင်ကျောက်စာတိုင်ကြီးက ကောင်းကင်ယံမှ ဆင်းသက်လာပြီး နင်ချီကို အောက်ခြေတွင် တိုက်ရိုက် ဖိနှိပ်ထားလိုက်၏။

ကျောက်စာတိုင်ပေါ်ရှိ စာလုံးရာပေါင်းများစွာက စီးဆင်းသွားကြ၏။ တာအိုစာလုံး တစ်လုံးချင်းစီတိုင်းက အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသည်။ ဗုဒ္ဓက မျောက်ဘုရင်ကို ဖိနှိပ်ထားခဲ့သည့် လက်ငါးချောင်းတောင်တော်ပေါ်မှ အမိန့်တော်စာချပ်အလားပင်။

[t.n: "လက်ငါးချောင်းတောင်တော်ပေါ်မှ ဗုဒ္ဓက မျောက်ဘုရင်ကို ဖိနှိပ်ထားခဲ့သည့်" ဟူသော အသုံးအနှုန်းသည် တရုတ်ဂန္ထဝင်ဝတ္ထုဖြစ်သော 'အနောက်သို့ ခရီးသွားမှတ်တမ်း' မှ မျောက်ဘုရင် စွန်းဝူခုန်းအား မြတ်စွာဘုရားက တောင်အောက်တွင် ဖိနှိပ်ချုပ်နှောင်ထားသည့် ဇာတ်ကွက်ကို ရည်ညွှန်းတင်စားထားပါ၏။]

သူတော်စင် ဘိုးဘေးက စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်အောက်တွင် အဖိနှိပ်ခံထားရသော နင်ချီကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာ၏။ နင်ချီမှာ ကျောက်စာတိုင်နှင့် ဖိကပ်ခံထားရပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ချေ။ စကားပင် ပြော၍မရတော့ပေ။ သူတော်စင် ဘိုးဘေးကို သူ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် ကင်းမဲ့ဗလာ ဖြစ်နေ၏။

“တောင်းပန်ပါတယ်... မင်းကို ဒီနေရာအထိ ခေါ်လာပေမဲ့ မင်းကို ဖိနှိပ်ဖို့အတွက် ငါ ဒီလိုလုပ်ရဦးမယ်”

နင်ချီကို ဖိနှိပ်ပြီးကြောင်း သေချာသွားသောအခါ သူတော်စင် ဘိုးဘေးက ဘေးသို့ လှည့်လိုက်၏။ ဟင်းလင်းပြင် လှိုင်းတံပိုးတစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလား မက်မွန်ဥယျာဉ် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

'နင်ချီရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒီတာအို စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်ကို ဖောက်ထွက်နိုင်ဖို့ဆိုတာ အချိန်ပိုင်း ကိစ္စသာပဲ... ဒါပေမဲ့ ဒီအချိန်တိုလေးကတင် လုံလောက်နေပြီ...'

ပုံမှန် တိုက်ပွဲမှာ ထွက်သက်ဝင်သက် ဆယ်ကြိမ်တိတိသာ ကြာမြင့်ခဲ့၏။

သူတော်စင် ဘိုးဘေးက မက်မွန်ဥယျာဉ် လေဟာနယ် အပြင်ဘက်တွင် ပေါ်လာပြီး ဗဟိုဒေသသို့ ပြန်ရောက်လာ၏။ စစ်မြေပြင် တစ်ခုလုံးကို သူ ဝေ့ဝဲကြည့်လိုက်ပြီး တိုက်ပွဲ အခြေအနေ တစ်ရပ်လုံးကို ချက်ချင်း ဆုပ်ကိုင်နိုင်လိုက်သည်။

ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့က ကျန်းယင်းချူး၏ ကာကွယ်ရေးကို ဖိအားပေးနေကြ၏။ ပုံမှန်အားဖြင့် တည်ကြည် သပ်ရပ်လေ့ရှိသော ကျန်းယင်းချူးမှာ ယခုအခါ အတော်လေး ဖိုသီဖတ်သီ ဖြစ်နေတော့၏။

အောက်ဘက်ရှိ အခြေအနေက သူတော်စင် ဘိုးဘေး၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားစေသည်။

အံ့အားသင့်စရာ ကောင်းလှစွာပင် အချိန်တိုလေးအတွင်းမှာပင် သူ၏ ကျယ်ပြန့်သော ကမ္ဘာ တပ်မတော်သည် တောင်ဘက်မှ တောင်နှင့်ပင်လယ် ကမ္ဘာ တပ်မတော်၏ ဖိအားကြောင့် သုံးပုံတစ်ပုံခန့် အကွာအဝေးထိ ဆုတ်ခွာခဲ့ရလေပြီ။

တစ်နည်းဆိုရသော် ကမ္ဘာ နှစ်ခုသည် ဗဟိုဒေသ တစ်ခုလုံး၏ ထက်ဝက်စီကို အသီးသီး ထိန်းချုပ်ထားခဲ့ကြသော်လည်း ယခုအခါ တောင်နှင့်ပင်လယ် ကမ္ဘာ တပ်မတော်က ၎င်း၏ သုံးပုံတစ်ပုံကို သိမ်းပိုက်လိုက်ပြီပင်။

သူတော်စင် ဘိုးဘေးက တာအိုပုံရိပ်ယောင်များကို ချက်ချင်း ပြန်လည်ဆင့်ခေါ်လိုက်၏။ ၎င်းတို့က ကျယ်ပြန့်သော ကမ္ဘာ၏ တိုက်ခိုက်ရေးစွမ်းအားကို ဖြည့်တင်းရန် အောက်ဘက်သို့ ဆက်တိုက် ဆင်းသက်သွားကြတော့သည်။

သူတော်စင် ဘိုးဘေး ပြန်ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့၏ မျက်နှာအမူအရာများ ထပ်မံ ပြောင်းလဲသွားပြန်၏။

'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'

ကျောက်ယွီကျွင်းမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖြစ်နေ၏။

ယခုလေးတင်မှ နင်ချီသည် သူတော်စင် ဘိုးဘေး၏ အချုပ်အနှောင်များမှ ရုန်းထွက်နိုင်ခဲ့သည် မဟုတ်ပါလော... သို့ဆိုလျှင် အဘယ်ကြောင့် သူတော်စင် ဘိုးဘေး၏ ထောင်ချောက်ထဲ နောက်ထပ်တစ်ကြိမ် ကျရောက်သွားရပြန်သနည်း...။

ကုန်းထျန်းတောက်က အံကို တင်းတင်းကြိတ်လိုက်၏။

“ကျစ်... ဒီကောင်…ငါတို့ကို လုံးဝ ဒုက္ခပေးတာပဲ... မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးလို့ ပြောပါလား... ဘာလို့ စကားတွေ လျှောက်ပြောနေရတာလဲ...”

ကျောက်ယွီကျွင်းမှာ ကုန်းထျန်းတောက်ကို ပြန်လည်ချေပရန် အချိန်မရှိတော့ပေ။ ယင်းအစား ပြတ်သားသော စကားတစ်ခွန်းကိုသာ ဆိုလိုက်၏။

“ကျန်းယင်းချူးကို မြန်မြန် ဖိနှိပ်ထားလိုက်... သူ့ကို ဖိနှိပ်ထားနိုင်သရွေ့ ကျွန်မတို့ အခွင့်အရေး ရှိသေးတယ်...”

ကုန်းထျန်းတောက်ကလည်း ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦးမှာ ယခင်က ဤသို့ တစ်ခါမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိပေ။ တောင်နှင့်ပင်လယ် ကမ္ဘာတွင် သူတို့ကြား ကြီးမားသော ပဋိပက္ခများ ရှိခဲ့သော်လည်း ယခုအခါ အသက်ရှင်သန်ရေးအတွက် ရှိသမျှ အင်အားအကုန် ထုတ်သုံးနေကြရတော့၏။

သို့သော် ယခုအခါ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ပေါ်လာပြီး နင်ချီမှာလည်း အဖိနှိပ်ခံထားရပြီ ဖြစ်ရာ ကိစ္စရပ်များက သူတို့ လိုချင်သည့်အတိုင်း မည်သို့ ဆက်ဖြစ်နိုင်မည်နည်း။

သူတော်စင် ဘိုးဘေး၏ ခန္ဓာကိုယ်ထဲမှ စာလုံးတစ်ရာ မှော်စွမ်းရည်များ တစ်ဖန် ပျံလွှားထွက်ပေါ်လာပြန်၏။ ပေါင်းစပ်တာအို၏ ပုံရိပ်ယောင်များကို ဆင့်ခေါ်နေစဉ်မှာပင် သူတော်စင် ဘိုးဘေးက စာလုံးတစ်ရာ မှော်စွမ်းရည်ကိုပါ ထိန်းချုပ်ကာ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ထံ ပြေးဝင်သွားလေသည်။

ထို့ကြောင့် နောက်ဆက်တွဲ တိုက်ပွဲက အလွန်တရာ ချောမွေ့စွာ ပြီးဆုံးသွား၏။ ထွက်သက်ဝင်သက် အကြိမ်အနည်းငယ် အတွင်းမှာပင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက တိုက်ပွဲ၏ အခြေအနေကို အလုံးစုံ ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေကြောင်း သူ ပို၍ပို၍ ခံစားလာရသည်။

'ငါ့ရဲ့ တွက်ချက်မှုတွေအရဆိုရင် ယခုအချိန်မှာ နင်ချီ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်သင့်ပြီ... ဒါဆိုရင် သူ ဘာလို့ ပေါ်မလာသေးတာလဲ...'

“တစ်ခုခု မှားနေပြီဆိုတာ ခင်ဗျား… နောက်ဆုံးတော့ သိသွားပြီပေါ့...”

ရုတ်တရက် သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ နားထဲတွင် ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်သွား၏။

“ဟင်...”

သူတော်စင် ဘိုးဘေး မှင်သက်သွားသည်။ တစ်စုံတစ်ရာကို နောက်ဆုံးတွင် နားလည်သွားသည့်အလား သူ၏ နဖူးပြင်တွင် ချွေးအေးများ စို့လာ၏။

'ဒုက္ခပဲ... ဒါက ပုံရိပ်ယောင်ပဲ... အဲဒီကောင်လေးရဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှုထဲ ငါ ကျသွားတာပဲ... သူ ဘယ်အချိန်တုန်းက ဒါကို လုပ်သွားတာလဲ...'

နင်ချီ စကားဆိုလိုက်ချိန်တွင် သူတော်စင် ဘိုးဘေးသည် ပုံရိပ်ယောင်တိုက်ခိုက်မှုတစ်ခု၏ ထောင်ချောက်ထဲ ကျရောက်သွားပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထင်ထားခဲ့ပေ။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက သူ၏ အရှေ့ရှိ နယ်မြေများ ပြိုကျကာ ဟင်းလင်းပြင်များ ပျက်စီးနေသော ဗဟိုဒေသကို ငေးကြည့်နေသည်။

နင်ချီက သူ၏ မျက်စိရှေ့တွင်ပင် ပုံရိပ်ယောင်ကို ခွဲဖြာဖျက်ဆီးလိုက်၏။ သူတော်စင် ဘိုးဘေးက ၎င်းကို ရိပ်မိသွားပြီ ဖြစ်ရာ ဆက်လက် ထိန်းသိမ်းထားရန် အကြောင်းမရှိတော့ပေ။

သူတော်စင် ဘိုးဘေးကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် နင်ချီ၏ ဗျူဟာမှာ အသာစီးရနေချိန်၌ မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိထားခြင်းပင်။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား မျက်တောင်တစ်ချက် ခတ်လိုက်၏။

သူသည် နင်ချီအား ထိန်းချုပ်ရန် အသုံးပြုခဲ့သော မက်မွန်ဥယျာဉ် လေဟာနယ်ထဲသို့ ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ရှေ့သို့ ကြည့်လိုက်ရာ နင်ချီက သူ့ကို ပြုံးပြနေ၏။

ဘိုးဘေးတစ်ဦး၏ ကိုယ်ပွားကိုပင် ပုံရိပ်ယောင် လေဟာနယ်ထဲတွင် နစ်မြုပ်သွားစေနိုင်စွမ်းရှိရာ နင်ချီကိုယ်တိုင်ပင်လျှင် ကြီးမားသော အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဤအရာက ဘိုးဘေးသည် တကယ်တမ်း ပြိုင်ဘက်ကင်း မဟုတ်ကြောင်းနှင့် အမှားအယွင်း ကင်းစင်သူ မဟုတ်ကြောင်း သက်သေပြနေ၏။

နင်ချီသည် သူ၏ စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်၏ ဖိနှိပ်ခြင်းကို မခံရကြောင်းနှင့် လုံးဝ အထိအခိုက်မရှိကြောင်း သိလိုက်ရချိန်တွင် သူတော်စင် ဘိုးဘေး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူက သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ စာလုံးတစ်ရာ၏ အရိပ်အယောင်က သူ့ကို ကာကွယ်ပေးထားဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ငါ ဘယ်လောက်ကြာကြာ ထောင်ချောက်မိသွားတာလဲ...”

ထို့နောက် သူတော်စင် ဘိုးဘေးက မေးလိုက်၏။ ဤသည်မှာ သူ၏ အဓိက စိုးရိမ်ပူပန်မှုပင်။ နင်ချီသည် မက်မွန်ဥယျာဉ် လေဟာနယ်ထဲတွင် ရှိနေဆဲဖြစ်သည်ကို မြင်ရသော်လည်း သူ အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။

သူ ပိတ်လှောင်ခံနေရချိန်ကို အခွင့်ကောင်းယူ၍ နင်ချီသည် မက်မွန်ဥယျာဉ် လေဟာနယ်မှ တိတ်တဆိတ် ထွက်ခွာသွားကာ အပြင်ဘက်ရှိ တိုက်ပွဲတွင် ဝင်ရောက်ပူးပေါင်းမည်ကို သူ စိုးရိမ်နေ၏။ ထိုသို့ဖြစ်လာပါက ကျယ်ပြန့်သော ကမ္ဘာကို များစွာ ထိခိုက်စေလိမ့်မည်။ ကျင့်ကြံသူတစ်ဦးအတွက်မူ ယင်းက ကြီးမားသော ဘေးအန္တရာယ်ကြီး တစ်ရပ်ပင်။

“ခင်ဗျားကိုယ်ခင်ဗျား ပြန်မစစ်ဆေးနိုင်ဘူးလား...”

နင်ချီက မေးလိုက်သည်။ သူသည် ဘိုးဘေး၏ နေရာတွင် ဝင်ရောက်ခံစားကြည့်လိုက်ရာ တစ်ဖက်လူ ဘာကို စိုးရိမ်နေသည်ကို သဘာဝကျစွာပင် နားလည်လိုက်၏။ ထို့ကြောင့် ချက်ချင်းပင် ဆက်ပြောလိုက်သည်။

“စိတ်မပူပါနဲ့... ကျွန်တော် ဒီဟင်းလင်းပြင်ထဲကနေ မထွက်သွားပါဘူး... အပြင်ဘက်က တိုက်ပွဲကို သူတို့ဘာသာ ရှင်းကြပါစေ...ကျွန်တော်က ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ပဲ လိုတယ်...”

ဤစကားကို ကြားသောအခါ သူတော်စင် ဘိုးဘေး၏ မျက်နှာထား အနည်းငယ် ပြေလျော့သွား၏။ အနည်းဆုံးတော့ နင်ချီသည် သူ ထိန်းချုပ်ခံထားရချိန်ကို အခွင့်ကောင်းယူ၍ ကျယ်ပြန့်သော ကမ္ဘာကို ပစ်မှတ်မထားခဲ့ပေ။

အပြင်ဘက်တွင် ကျင့်ကြံသူများ အပြင်းအထန် တိုက်ခိုက်နေကြလေသည်။

All Chapters