အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) ဖော်ထုတ်လိုက်သည့် အထောက်အထား
ငရဲလကျောက်၏ စကားကြောင့် ယွင်ဟွားမှာ သတိဝင်လာခဲ့သည်။
သူမသည် ချွေ့ရှောင်တီပြောခဲ့သည့် စကားကို ပြန်လည်အမှတ်ရမိ၏။ တစ္ဆေဧကရာဇ်ငါးပါးတောင် ရှောင်ယွမ်ယွမ်ရှေ့တွင် ခေါင်းငုံ့ရသည်ဆိုပါလျှင် သူသည် ဖုန်းတုဧကရာဇ်နှင့် အဆင့်တူ သို့မဟုတ် ထိုထက်ပင် မြင့်မားနေပေမည်။ ဤအချက်ကို တွေးမိလိုက်သည်နှင့် သူမသည် တစ်ဖန် တုန်ရီလာပြန်၏။
"ယမမင်း... တစ်ခုပြောပြမယ်... ငါ့မှာ လူ့ပြည်မှာ ခင်ပွန်းငယ်လေးတစ်ယောက် ရှိတယ်... သူက ကောင်းကင်ဘုံကနေ ဒုက္ခကပ်ဘေးကို ကျော်ဖြတ်ဖို့ ဆင်းလာတဲ့ နတ်ဘုရားဧကရာဇ်ပဲ... နင်သာ သူတို့သုံးယောက်ကို အတင်းအကျပ် ခေါ်သွားမယ်ဆိုရင်... ငါ ငရဲပြည်ကို ပြန်ရောက်တာနဲ့ ငရဲခန်းမကို အမြောက်အမြား ဖြစ်အောင် လုပ်ပစ်မယ်..."
ယမမင်းသည် ယွင်ဟွားကို အပေါ်မှအောက်သို့ အကဲခတ်ကြည့်လိုက်သည်။
ထို့နောက်......
"ဟားဟား... ဟားဟား..."
ယမမင်းမှာ ရယ်မောခြင်းကို မထိန်းနိုင်တော့ဘဲ မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားရသည်။
"ဒုက္ခကပ်ဘေးကို ကျော်ဖြတ်နေတဲ့ နတ်ဘုရားဧကရာဇ် ဟုတ်လား..."
"သူသာ တကယ်ပဲ ကောင်းကင်ဘုံက နတ်ဘုရားဧကရာဇ်ဆိုရင်... မင်းလို ပန်းကလေးမျိုးကို သူက ဂရုစိုက်မိပါ့မလား..."
သူသည် လှောင်ပြောင်ရယ်မောလျက်ရှိ၏။ ဤသည်မှာ သူ၏ ဘဝတစ်လျှောက် ကြားဖူးသမျှထဲတွင် အရယ်ရဆုံးဟာသတစ်ခုပင် ဖြစ်ပေသည်။
ယွင်ဟွား၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့အား ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။
"ဟေ့... နင်က ဘယ်သူလို့ ထင်နေတာလဲ..."
ယွင်ဟွားမှာ အလွန်ဒေါသထွက်နေသည်။
ယမမင်း၏ လှောင်ပြောင်သော မျက်နှာထားကို မြင်လိုက်ရသောအခါ သူမက ဒေါသတကြီး ပြောလိုက်၏။
"နင်သာ တကယ်စွမ်းတယ်ဆိုရင်... အခု ငါနဲ့ လိုက်ခဲ့... သူကို နည်းနည်းလေးတောင် ကြောက်တယ်ဆိုရင်တော့... ငါ့ကို အရင် အနိုင်ကျင့်ပါစေ... ပြီးမှ နင်တစ်ယောက်တည်း ငရဲပြည်ကို ပြန်သွားလိုက်... ဘယ်လိုလဲ..."
"ကောင်းပြီလေ..."
ယမမင်းသည် လက်ချောင်းကို တစ်ချက်တောက်လိုက်ကာ ယွင်ဟွားကို ချုပ်နှောင်ထားသည့် အတားအဆီးကို ဖယ်ရှားပေးလိုက်သည်။
သူသည် နတ်ဘုရားလောကတွင် မည်သည့် နတ်ဘုရားဧကရာဇ်မျှ ဒုက္ခကပ်ဘေး ကျော်ဖြတ်နေသည်ကို မသိရှိပေ။
ဤမိန်းကလေးမှာ ရှုံးနိမ့်ရန် သေချာနေသည်။
"ရှောင်ယိုယိုကို ပြန်ပေး..."
ယွင်ဟွားသည် သူမ၏ အဖော်လေးကို တောင်းဆိုလိုက်ရာ ယမမင်းကလည်း မတွန့်ဆုတ်ဘဲ ပြန်ပေးလိုက်၏။ အဆုံးသတ်တွင် ၎င်းတို့မှာ သူ၏ လက်ထဲသို့သာ ပြန်ရောက်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
ယွင်ဟွားနှင့် အပေါင်းအပါသုံးဦးတို့သည် ယမမင်းနှင့်အတူ မင်းသားစုအိမ်တော်သို့ ခမ်းနားစွာ ရောက်ရှိလာကြသည်။ ငရဲလကျောက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ပန်းကလေး... နင့်ရဲ့ ခင်ပွန်းငယ်လေးကို အိပ်ဆေးနည်းနည်းလောက် ဖျန်းပေးလိုက်ရင်ကော..."
သူ၏ သခင်မှာ ၎င်းကို ကြားနေရပြီး မြင်နေရသည်။
ယမမင်းက ထိုကျောက်တုံးကို တစ်ချက်ကြည့်လိုက်ကာ "ငါပဲ အတားအဆီးတစ်ခု လုပ်ပေးလိုက်မယ်..." ဟု ပြောသည်။
သူ ပြောပြီးသည်နှင့် နူးညံ့သောအလင်းရောင်တစ်ခုက သူတို့ကို လွှမ်းခြုံသွား၏။
ငရဲလကျောက်…
သူသာလျှင် စွန့်လွှတ်လိုက်ပြီး ဘာမျှမလုပ်ဘဲ နေလိုက်တော့မည်။
"ဟွန့်... စောင့်နေလိုက်... ခဏနေရင် နင့်ကို ကြောက်လန့်ပြီး သေသွားအောင် လုပ်ပြမယ်..."
သေခြင်းရှင်ခြင်းစာအုပ်က သူ၏ ဆူးပါသော တုတ်တိုကို ထုတ်ယူကာ သွားဖြီးပြနေပြီး မောက်မာစွာ ပြောဆိုနေသည်။
တရားသူကြီးစုတ်တံကလည်း ကတ်ကြေးတစ်စုံကို ထုတ်ယူကာ သူ၏ ခေါင်းကို စူးစိုက်ကြည့်နေ၏။
"စုတ်တံလေးက နောက်မှ မင်းခေါင်းကို ရိတ်ပစ်မှာ... ရှောင်ယန်ယန်... နောက်မှ မငိုနဲ့နော်..."
"သူတို့က ပိုပိုပြီး မောက်မာလာပြီ..."
ယမမင်းသည် မျက်စိကို ကျဉ်းမြောင်းကာ ကောင်းကင်စည်းကမ်းကို ပုန်ကန်ရန် ကြိုးစားနေသည့် ထိုနှစ်ကောင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
နန်ကုန်းယွမ်မှာ အိပ်ပျော်မနေပေ။ တံခါးအပြင်ဘက်မှ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် သူ၏ ဇနီးသည် ခိုးဝင်လာသည်ဟု ထင်မှတ်ကာ ကြိုဆိုရန် အိပ်ရာမှ ထရန် ပြင်ဆင်လိုက်၏။
ချက်ချင်းပင် နက်ရှိုင်းသော ယောက်ျားသံတစ်သံ ထွက်ပေါ်လာသဖြင့် သူသည် အိပ်ပျော်ယောင်ဆောင်လိုက်သည်။
ယမမင်း၏ အကူအညီဖြင့် သူတို့က နန်ကုန်းယွမ်၏ အခန်းထဲသို့ ခိုးဝင်သွားကြသည်။
အပြာနုရောင် ပုဆိုးကာများသည် နိမ့်ကျနေပြီး နန်ကုန်းယွမ်မှာ အိပ်ရာပေါ်တွင် လှဲလျောင်းနေကာ သူ၏ ဆံပင်နက်များမှာ ခေါင်းအုံးပတ်လည်တွင် ပြန့်ကျဲနေသည်။
ပုံမှန်အေးစက်စက် ဟန်ပန်နှင့် ယှဉ်လျှင် ဤငယ်ရွယ်သော သခင်လေးမှာ ငြိမ်းချမ်းစွာ အိပ်ပျော်နေစဉ်တွင် ပို၍ နူးညံ့သိမ်မွေ့နေသည်။ လရောင်များက ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး သူ၏ ချောမောသော မျက်နှာပြင်ပေါ်သို့ ကျရောက်နေသဖြင့် ယွင်ဟွားမှာ ခဏတာပင် ငေးမောသွားသည်။
သို့သော်...
သူမ၏ ဘေးမှ ယမမင်းခမျာ မျက်လုံးများကို ရုတ်တရက် အကြီးအကျယ် ပြူးကျယ်သွားကာ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ဖြည်းဖြည်းချင်း အေးခဲသွားသည်။
"သူ... သူက မင်းပြောနေတဲ့ ခင်ပွန်းငယ်လေး... နတ်ဘုရားလောကက နတ်ဘုရားဧကရာဇ်တဲ့လား
ယမမင်းမှာ လုံးဝ ထိတ်လန့်သွားပြီး သူ၏ စူးရှသော အသံကြောင့် နန်ကုန်းယွမ်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“သောက်ကျိုးနည်း... ဒါက နတ်ဘုရားဧကရာဇ် မဟုတ်ဘူး... ဒါက ဖုန်းတုဧကရာဇ် ကိုယ်တိုင်ပဲလေ”
သူ လှည့်စားခံလိုက်ရပြီ။
ချွေ့ကျွယ်နှင့် ဖြူမည်းသေမင်းတမန်တို့က သူ့ကို ထူးဆန်းစွာ ကြည့်နေခဲ့သည့် အကြောင်းရင်းကို ယခုမှ နားလည်တော့သည်။
ကောင်းကင်ဘုံ... သူတို့ကို ဒီနေရာမှာ စောင့်နေတာကိုး။
ယမမင်းမှာ ဒေါသထွက်လွန်း၍ သွားများပင် ကြိတ်မိနေသည်။
ယွင်ဟွားသည် ယမမင်း၏ အမူအရာကို စောင့်ကြည့်နေခဲ့ရာ သူ၏ ထိတ်လန့်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ ဤတစ်ကြိမ်တွင် အနိုင်ရလိုက်ပြီဟု သိလိုက်သည်။
"ရှောင်ယန်ယန်... ဘယ်လိုလဲ... ငါ့ရဲ့ ရှောင်ယွမ်ယွမ်က နတ်ဘုရားဧကရာဇ်ဆိုတာ မင်းပြောတဲ့ ဖုန်းတုဧကရာဇ်ထက်တောင် ပိုအစွမ်းထက်နေတယ် မဟုတ်လား..."
နန်ကုန်းယွမ်မှာ ထိတ်လန့်သွားပြီး စောင်အောက်တွင် လက်များကို တင်းတင်းဆုပ်ထားလိုက်သည်။
ရှောင်ယန်ယန်..
ယမမင်းများလား..
ပြီးတော့ သူ၏ အထောက်အထားက အမြဲတမ်း ထူးခြားနေခဲ့တာပဲ။
နန်ကုန်းယွမ်မှာ ခဏတာသာ ထိတ်လန့်သွားသော်လည်း သူ၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းမြောက်မှုများ ပြည့်နှက်သွားသည်။
သူသည် သူ၏ ဇနီးသည်၏ အမှန်တရားကို သိရှိထားပြီး သူတို့၏ အချစ်မှာ ဤဘဝအတွက်သာ ဖြစ်နိုင်သည်ကို နားလည်သဖြင့် အလွန်တန်ဖိုးထားကာ သူမ၏ ဘေးနားတွင် အမြဲရှိနေလိုသည်။
ယခုမူ ဤအံ့အားသင့်စရာက အလွန်လျင်မြန်စွာ ရောက်လာခဲ့သည်။
ငရဲလကျောက်က သူ့သခင်၏ တုန်ယင်နေသော မျက်တောင်များကို မလွတ်တမ်း ကြည့်နေမိသည်။
ဒါကတော့ ပြီးတာပါပဲ။
"တစ္ဆေဧကရာဇ်”
ယမမင်းမှာ ဒေါသထွက်လွန်း၍ ယွင်ဟွား၏ ခေါင်းကို ပေါက်ကွဲပစ်ချင်စိတ် ပေါက်သွားကာ
"သူက ဖုန်းတုဧကရာဇ်... ကိုးထပ်ငရဲပြည်ရဲ့ အရှင်သခင်... ငါတို့ ငရဲပြည်ရဲ့ သူဌေးပဲ..ငရဲလကျောက်က မင်းကို အမှန်တရား ဘယ်တော့မှ မပြောခဲ့ဘူးပေါ့" ဟု ဟိန်းဟောက်လိုက်သည်။
ငရဲလကျောက်...
*သေစမ်း... အားလုံးသေပြီ*
ယွင်ဟွားမှာ ရုတ်တရက် ကြက်သေသေသွားသည်။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က အိပ်ရာပေါ်တွင် အိပ်ပျော်နေသော ရှောင်ယွမ်ယွမ်ကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်သွားပြီး သူတို့၏ ရင်ထဲတွင်လည်း ပြင်းထန်စွာ ခုန်ပေါက်နေသည်။
နန်ကုန်းယွမ်ကိုယ်တိုင်ပင်လျှင် ဤအချိန်တွင် တည်ငြိမ်မှု မရှိတော့ပေ။ အကြောင်းမှာ သူသည်လည်း ငရဲပြည်မှ ဖြစ်သောကြောင့်...
"ဘာ... ဘာပြောလိုက်တာလဲ... ရှောင်ယွမ်... ယွမ်... သူက..."
ယွင်ဟွားမှာ စကားတစ်ခွန်းမျှပင် အဆုံးမသတ်နိုင်ဘဲ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသော အမူအရာဖြင့် တုန်ရီနေသည်။
သူမ...
သူမသည် ဖုန်းတုဧကရာဇ်ကိုပင် ဖမ်းဆုပ်ထားနိုင်သည်အထိ အစွမ်းထက်နေပါကလား။
ကောင်းကင်ဘုံ... သူမ လမ်းမှားတော့မလို့လား။
"ပန်းကလေး... ငါတို့ နောက်ကျော မတ်သွားပြီ... အခုကစပြီး ငါတို့ ဘေးတိုက် လမ်းလျှောက်လို့ရပြီ..."
သတိဝင်လာပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်မှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
"ပန်းတွေကြဲ... ပန်းတွေကြဲ..."
တရားသူကြီးစုတ်တံက မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ပန်းပွင့်ဖတ်များကို တစ်ခန်းလုံး ပြန့်ကျဲစေပြီးနောက် ငေးမောနေသော ငရဲလကျောက်ကို ဖက်တွယ်ကာ ရူးသွပ်စွာ နမ်းရှုံ့လိုက်သည်။
"ရှောင်ယိုယို... နင်က မရိုးသားဘူး... နင့်သခင်က ဧကရာဇ်မှန်း ငါတို့ကို ဒီလောက်ကြာအောင် ဖုံးကွယ်ထားရသလား..."
တရားသူကြီးစုတ်တံမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ဒေါသထက် အံ့အားသင့်မှုက ပိုများနေသဖြင့် လောလောဆယ်တွင် အငြင်းမပွားတော့ရန် ဆုံးဖြတ်လိုက်သည်။
ငရဲလကျောက်က မည်သို့မျှ စကားမပြောလိုတော့ပေ။
ငေးမောနေဆဲဖြစ်သော ယွင်ဟွားကိ ကြည့်ကာ ယမမင်းမှာ အသက်ကို ပြင်းပြင်းရှုလိုက်ပြီး သူမ၏ လည်ပင်းကို ဖမ်းဆုပ်ရန် ပြင်ဆင်နေသည့် သူ၏ လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။
"မင်းက အမှန်တရားကို တကယ်ပဲ မသိခဲ့တာလား..."
ယွင်ဟွားမှာ မျက်တောင်ခတ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့်
"တကယ်မသိခဲ့ဘူး... အစ်ကိုချွေ့က ငါ့ရဲ့ ခင်ပွန်းငယ်လေးမှာ နောက်ခံအင်အားကြီးတယ်လို့ပဲ ပြောခဲ့တာ... ဒါကြောင့် ကောင်းကင်ဘုံကပဲ ထင်ခဲ့တာ... သူနဲ့ငါ ငရဲပြည်ကနေ လာခဲ့ကြတာလို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး..."
"သူက ငါ့ရဲ့ အနာဂတ်ခင်ပွန်းဖြစ်ဖို့ တကယ်ထိုက်တန်ပါတယ်..."
ယွင်ဟွား၏ မောက်မာသော စကားများကြောင့် ယမမင်းမှာ နောက်ထပ် ခါးသီးသော အမှန်တရားတစ်ခုကို သဘောပေါက်သွားသည်။
"မင်းတို့နှစ်ယောက်က တကယ်ပဲ စုံတွဲ ဟုတ်လို့လား..."
ယမမင်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ယွင်ဟွားက သူမ၏ ခြေထောက်များကို တုန်ရီလျက် ပြုံးလိုက်သည်။
“ဟုတ်တာပေါ့... ငါ့ခင်ပွန်းငယ်လေးက လူတိုင်းရှေ့မှာ ပြောခဲ့တာပဲ... ငါက သူချစ်တဲ့လူ... သူ့ရဲ့ အနာဂတ်ဇနီးတဲ့..."
"ဟုတ်တယ်... ဟုတ်တယ်... ဒါကြောင့် ပန်းကလေးက ကိုးထပ်ငရဲပြည်ရဲ့ မိဖုရား ဖြစ်လာဦးမှာ..."
သေခြင်းရှင်ခြင်းစာအုပ်က လက်များကို ပိုက်ကာ ခေါင်းကို မော့လျက် ယွင်ဟွား၏ ခေါင်းပေါ်တွင် ရပ်တည်ကာ တုန်ရီနေသည်။
တရားသူကြီးစုတ်တံကလည်း အရှုံးမပေးဘဲ သူ၏ ကျောကို မတ်လိုက်ကာ ဟန်လုပ်လိုက်၏။
“ရှောင်ယန်ယန်... နားထောင်ထား... အခုကစပြီး နင်က ငါ့ကို လေးစားရမယ်... မဟုတ်ရင် ရှောင်ယွမ်ယွမ်ကို နင့်ကို ရိုက်ခိုင်းလိုက်မယ်..."
တရားသူကြီးစုတ်တံမှာ သူ၏ အာဏာကို အသုံးပြု၍ အခြားသူများကို အနိုင်ကျင့်ရာတွင် အလွန်ကျွမ်းကျင်လွန်းသဖြင့် ယမမင်းမှာ ဒေါသထွက်လွန်း၍ သွေးပင် အန်တော့မတတ် ဖြစ်သွားသည်။
သို့သော်လည်း…
သူသည် သူတို့ကို မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ယမမင်းက အသက်ကို ခက်ခဲစွာ ရှုထုတ်လိုက်သည်။
"ပုလဲလေး... ပြောစမ်း... ချွေ့ကျွယ်က အားလုံးကို သိတယ် မဟုတ်လား..."
"ဟုတ်တယ်"
ယွင်ဟွားက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်ပြီး ထိုသို့လုပ်ခြင်းဖြင့် ချွေ့ကျွယ်ကို လုံးဝ သစ္စာဖောက်လိုက်မိသည်။
"သူက ငါ့ကို သူဌေးလို့ အသိအမှတ်ပြုတယ်... ငါ့အတွက် လမ်းကြောင်းတွေ ပွင့်စေတယ်… ရတနာဝှက်ထားတဲ့ နေရာကိုတောင် ပြောပြတယ်... နောက်ပြီး ငါ့ကို အနာဂတ်မှာ သူ့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့သေးတယ်..."
"ပြီးတော့ နင် ငါ့ကို ဖမ်းဖို့ လူ့ပြည်ကို လာနေတယ်ဆိုတာကို သူပဲ အသိပေးခဲ့တာ..."
"ရှောင်ယန်ယန်... နင် ဘာလို့ ငါ့ကို သူဌေးအဖြစ် မအသိအမှတ်ပြုရတာလဲ... ငါ နင့်ကို ကာကွယ်ပေးနိုင်ပါတယ်..."
ယမမင်း : ….
*အလွန်ကောင်းလိုက်တာ*
*ချွေ့ကျွယ်... မင်း သေပြီ…*