အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈) ယမမင်းပင် အရှုံးပေးရခြင်း
ယမမင်းသည် အသက်ကို ပြင်းပြင်းရှူရင်း ရင်ဘတ်ကို ပုတ်ကာ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားသည်။
သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ငရဲပြည်၏ အထွတ်အထိပ် ဖုန်းတုဧကရာဇ်က ဤကပ်ဘေးဒုက္ခမလေးကို သဘောကျနေလိမ့်မည်ဟု မည်သူက တွေးမိပါ့မလဲ။ သူ အနည်းငယ် ငြိမ်သက်သွားမှ ဖြစ်တော့မည်။
"အစ်ကိုယန်... ဘာဖြစ်တာလဲ..."
ယွင်ဟွားက သိလျက်နှင့် မေးလိုက်သည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ဟန်များ ပြည့်နှက်နေသော်လည်း မျက်လုံးများထဲတွင်မူ အံ့အားသင့်နေသော ယမမင်းအား ကြည့်ကာ ပြုံးစိစိ ဖြစ်နေ၏။
"အစ်ကိုယန်ယန်... ဖုန်းတုဧကရာဇ်က ကြောက်စရာကောင်းလို့လား... ကြည့်ရတာ ချွေးတွေတောင် ပြန်နေပါလား..."
ယမမင်းက ယွင်ဟွားအား စူးစိုက်ကြည့်လိုက်သည်။ သူ စကားပင် မပြောနိုင်လောက်အောင် စိတ်ထိခိုက်သွားရပြီဖြစ်ရာ ဤသည်မှာ အရိုးစွဲနေသော ကြောက်ရွံ့မှုပင်။
ဤမိန်းကလေးကတော့...
"ဒါပေမဲ့..."
"ငါကတော့ ရှောင်ယွမ်ယွမ်ကို ဘယ်လိုမှ မကြောက်ပါဘူး... သူက ငါ့ကို အရမ်းကောင်းပါတယ် သိမ်မွေ့ပြီး ဂရုစိုက်တတ်တယ်… ငါ ပြဿနာရှာတဲ့အခါတိုင်း သူပဲ အမြဲ ရှင်းပေးတာလေ..."
"သူတို့က ငါ့နာမည်နဲ့ ပရဟိတဂေဟာတစ်ခုတောင် ဆောက်ပေးထားသေးတယ်... အဲ့ဒါက ငါ့အတွက် ကုသိုလ်စွမ်းအားတွေ အများကြီး ရစေတယ်..."
ယွင်ဟွားက သူမ၏ လက်ဖဝါးလေးများကို ဖြန့်လိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ယမမင်း၏ မျက်လုံးများကိုပင် မှေးမှိန်သွားစေသည်။
"အစ်ကိုယန်ယန်... ပြောပြဦးမယ်... ရှောင်ယွမ်ယွမ်က ငါ့အတွက် ဖရုံစေ့တွေ ခွံပေးတတ်တယ် အခွံမာသီးတွေကိုလည်း ခွဲပေးတတ်သေးတယ်... မနက်ဖြန်ကျရင် ငါ့အတွက် အသားမုန့်တွေ ယူလာပေးလိမ့်မယ်... နောက်ပြီး အနာဂတ်မှာလည်းငါ့ရဲ့ ခရီးစဉ်တွေတိုင်းမှာ သူ လိုက်ပါလာမှာလေ..."
ယမမင်းသည် ယွင်ဟွား၏ ရပ်တန့်ခြင်းမရှိသော စကားလုံးများကို ကြားရသည့်အခါ ထိတ်လန့်သွားရသည်။
မဟုတ်မှလွဲရော။
သူမ ပြောနေတာ ဖုန်းတုဧကရာဇ်အကြောင်း ဟုတ်ရဲ့လား။
သူ လေးစားသလို ကြောက်ရွံ့ရသော သူ၏ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး မဟုတ်လား။
ယမမင်းသည် ဒေါသကြောင့် မျက်လုံးများပင် နီရဲလာသည်။
"အစ်ကိုယန်ယန်... ကြောက်လွန်းလို့ ငိုနေတာလား..."
ယွင်ဟွားက အနည်းငယ် မချင့်မရဲ ဖြစ်သွားပြီး ဆက်၍ နှစ်သိမ့်လိုက်သည်။
"ရှောင်ယွမ်ယွမ်က ကြမ်းတမ်းတဲ့သူ မဟုတ်ပါဘူး... သူက တကယ့်ကို သိမ်မွေ့ပြီး စကားပြောရတာ လွယ်ကူတဲ့သူပါ"
သူမ၏ ချစ်ရသူလေး ဒေါသထွက်သည်ကို သူမ တစ်ခါမျှ မမြင်ဖူးဟု ကျိန်ဆိုလိုက်သည်။
ယမမင်းသည် ယွင်ဟွား၏ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေမိရာ သူ၏ နှလုံးသားမှာ ဒုန်းဒုန်းခုန်နေတော့၏။
သူ၏ မနာလိုမှုနှင့် ဝမ်းနည်းမှု ရောထွေးနေသော အမူအရာသည် ယွင်ဟွား၏ ကျောရိုးကိုပင် တုန်ယင်သွားစေသည်။
"ငါ မင်းကို နောက်တစ်ခါ ဘယ်တော့မှ မတွေ့ချင်တော့ဘူး"
ယမမင်းသည် သူ အဘယ်ကြောင့် ရောက်လာသည်ကိုပင် မေ့သွားတော့သည်။ သူ၏ လက်ကို တစ်ချက်ခါလိုက်ပြီး ဝမ်းနည်းစွာဖြင့် တံခါးပေါက်ဆီသို့ ထွက်ခွာသွားလေသည်။
"အစ်ကိုယန်ယန်... အဲ့လိုမလုပ်ပါနဲ့ ငါတို့က ရင်းနှီးတဲ့သူတွေပဲဟာ... နောက်ကျရင် လူ့ပြည်ကို မကြာခဏ လာလည်ပါဦး... ငါ တကယ် ကြိုဆိုပါတယ်..."
"အစ်ကို ပြန်တော့မလို့လား အဲ့ဒါဆိုရင် ရှောင်ယိုယို ရှောင်ရှူးရှူးနဲ့ ပေပေ့တို့ကို ဖမ်းဖို့ ကြိုးစားဦးမှာလား"
ယွင်ဟွားက သူမ၏ ဂါဝန်ကို ဆွဲမကာ လိုက်သွားသည်။ ထိုစဉ် အိပ်ရာပေါ်တွင်ရှိသော နန်ကုန်းယွမ်သည် ရုတ်တရက် မျက်လုံးများကို ပွင့်လာ၏။
သူက တကယ်ပဲ ဖုန်းတုဧကရာဇ် ဖြစ်နေပါရော့လား။
ယမမင်းသည် ခါးသီးသော မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။ ယခုအချိန်တွင် သူသည် ဤကပ်ဘေးမလေးကို ဂရုစိုက်ရန်ပင် စိတ်မရှိတော့ပေ။
ဘာကို ဖမ်းရဦးမှာလဲ။
တစ်ခဏတာ စိတ်ခံစားချက်ဖြင့် လုပ်မိပါက နောင်နှစ်ပေါင်းသောင်းချီ၍ ဒုက္ခရောက်ရလိမ့်မည်။
သူ မိုက်မဲသောသူ မဟုတ်ပေ။
"မိစ္ဆာကောင်တွေ... တစ်ကောင်မှလည်း စိတ်ချရတဲ့ကောင်တွေ မဟုတ်ဘူး..."
ယမမင်းသည် ငရဲပြည်ရှိ ယွင်ဟွားနှင့် ချွေ့ကျွယ်တို့အား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
တစ်ခဏချင်းမှာပင်...
ယမမင်းက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။ သူ၏ နောက်ကွယ်တွင် ရှိနေသော ယွင်ဟွားက သူ့အား ဝင်တိုက်မိသွားသည်။
"အစ်ကိုယန်ယန်... ဘာဖြစ်ပြန်တာလဲ..."
ယွင်ဟွားက သူမ၏ နဖူးကို ပွတ်လိုက်သည်။ အစ်ကိုယန်ယန်က တကယ်ကို တုန်လှုပ်နေပါလား။
သူမသည် သူ့နောက်မှ ခေါင်းပြူကြည့်လိုက်ရာ မင်းသားစုက မယ်တော်ကြီးကို ပွေ့ချီကာ ခိုးသားတစ်ယောက်ကဲ့သို့ မင်းသားစုအိမ်တော်၏ တံခါးဝဆီသို့ အလျင်အမြန် သွားနေသည်ကို တွေ့လိုက်ရသည်။
"အင်း”
"မင်းသားစုက မယ်တော်ကြီးကို ပွေ့ချီပြီး ဘာတွေလုပ်နေတာလဲ"
ယမမင်းက အံ့အားသင့်သွားသည်။
သေခြင်းရှင်ခြင်းစာအုပ်က စာမျက်နှာများကို လှန်လှောရင်း တိုးတိုးလေး ပြောလိုက်၏။
“ပန်းကလေး... နင့်ရဲ့ မိတ်ဆွေအိုကြီးက မင်းသားစုအိမ်တော်မှာ အနားယူဖို့ ကြိုးစားခဲ့တာ... ဒါပေမဲ့ မင်းသားစုက မယ်တော်ကြီးရဲ့ အခန်းထဲမှာ အိပ်ဆေးအမွှေးတိုင်တွေကို ခိုးထွန်းပြီး နန်းတော်ဆီ ပြန်ပို့လိုက်တာလေ”
“အာ”
ယွင်ဟွားသည် ထိုပုံရိပ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မင်းသားစုအတွက် စိတ်ထဲတွင် ဖယောင်းတိုင်လေး တစ်တိုင်ကို မီးညှိပေးလိုက်သည်။
“သူ မနက်ဖြန်ကျရင်တော့ ဒုက္ခအကြီးကြီး ရောက်တော့မယ်”
“ပန်းကလေး... နင် ခန့်မှန်းတာ မှန်တယ်... သူ့ကံကြမ္မာအရ မနက်ဖြန်ကျရင် မင်းသားစု အရိုက်ခံရတော့မယ်... နောက်နှစ်ပတ်အတွင်း မယ်တော်ကြီးက သူ့နားမှာ သားကောင်းကျင့်စဉ် ဒါမှမဟုတ် ကွန်ဖြူးရှပ်မှတ်စုကျမ်းကို တစ်နေ့ငါးခါလောက် ဖတ်ခိုင်းပြီး ဒုက္ခပေးတော့မှာ..”
“ဟွန်း… ငါ့ရဲ့ အစ်မကြီးကို အနိုင်ကျင့်တယ်ပေါ့... ငါ မနက်ဖြန်ညကျရင် သူ့ကို ပြန်အနိုင်ကျင့်မယ်”
သူမ၏ မိခင်မှလွဲလျှင် ယွင်ဟွား အချစ်ဆုံးသူမှာ မယ်တော်ကြီးပင်ဖြစ်သည်။
စကားပြောသံများကို ကြားပြီးနောက် ယမမင်းသည် တောင့်တင်းစွာ နောက်သို့ လှည့်လာသည်။ သူ၏ အမူအရာမှာ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေ၏။
"ပုလဲ... ပုလဲလေး... မင်း... မင်း မင်းရဲ့ ကျောပေါ်မှာ ပွေ့ထားတဲ့ အဘွားအိုကို ဘာလို့ ခေါ်လိုက်တာလဲ..."
ယမမင်းသည် တည်ငြိမ်သော လေသံဖြင့် ပြောရန် အစွမ်းကုန် ကြိုးစားနေသော်လည်း လက်အင်္ကျီလက်အတွင်းမှ သူ၏ လက်များမှာ မထိန်းနိုင်အောင် တုန်ယင်နေသည်။
"အစ်မကြီးက ဒီနေ့ခေတ်ရဲ့ မယ်တော်ကြီးပဲလေ..."
ယွင်ဟွားသည် ယမမင်း၏ ပုံမှန်မဟုတ်သော အမူအရာကို သတိမပြုမိဘဲ ဆက်ပြောလိုက်သည်
"အစ်ကိုယန်ယန်... ပြောဦးမယ်... အကယ်၍သာ ဧကရာဇ်သာ တားမထားရင် ငါ မယ်တော်ကြီးနဲ့ အတူတူ အမွှေးတိုင်ထွန်းပြီး သစ္စာရေသောက်ပြီး ညီအစ်မ ဖြစ်ကြတော့မှာ"
ယမမင်း: …
သူသည် ယိုင်သွားပြီး မျက်လုံးများပင် ဝါးသွားသည်။
"ညီအစ်မ... ဟဲဟဲ..."
ယမမင်းသည် စိတ်ရှုပ်ထွေးသွားပြီး ဦးနှောက်များပင် ဗလာဖြစ်သွားသည်။
ယွင်ဟွားသည် သူမ၏ လက်ကို ဆန့်ထုတ်ကာ သူ၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းရင်း စိုးရိမ်စွာ မေးလိုက်သည်။
"အစ်ကိုယန်ယန်... အဆင်ပြေရဲ့လား..."
ယမမင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ၏ နှုတ်ခမ်းတွင် အတင်းအဓမ္မ ပြုံးလိုက်သည်။
“ပုလဲလေး... မင်း ခုနက ပြောတာ..."
"မင်းပြောခဲ့တဲ့ ငါ့ကို လက်အောက်ခံအဖြစ် လက်ခံမယ်ဆိုတဲ့စကား အခုထိ တည်သေးလား"
ယွင်ဟွား၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"တည်တာပေါ့"
ခဏကြာပြီးနောက် ယွင်ဟွားသည် လက်ထဲမှ ပဝါကို ဝှေ့ယမ်းကာ ယမမင်းကို ပျော်ရွှင်စွာဖြင့် ငရဲပြည်သို့ ပြန်လွှတ်လိုက်သည်။
ထို့နောက်...
သူ၏ အမူအရာမှာ ချက်ချင်းပင်
မှောင်မည်းသွားပြီး ငရဲလကျောက်ကို ဆုပ်ကိုင်ကာ သင်္ချိုင်းမြေဆီသို့ တစ်ခဏချင်း ရောက်သွား၏။
ယမမင်း ငရဲပြည်သို့ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်သည့်အလုပ်မှာ သူ၏ သိုလှောင်နေရာလွတ်ထဲမှ လက်နက်တစ်ခုကို ထုတ်လိုက်ပြီး တရားသူကြီး ချွေ့ကျွယ်ထံသို့ ပြုံးရွှင်စွာဖြင့် သွားရောက်လိုက်သည်။
"အစ်ကိုချွေ့ကျွယ်... အလုပ်များနေလား”
အသံရှည်ကြီးတစ်ခု ထွက်ပေါ်လာရာ ချွေ့ကျွယ်သည် တုန်လှုပ်သွားသည်။
"တိုက်ဆိုင်လိုက်တာ... ငါ လူ့ပြည်မှာ ပုလဲလေးနဲ့ ခွဲခွာလာခဲ့တာ အခုလေးတင်ပဲ..."
"ငါတို့ အတော်လေး အဆင်ပြေပြေ စကားပြောခဲ့ကြတယ်... ပြီးတော့ တစ်သဘောတည်း ဖြစ်သွားတယ်... ငါက အဓိက လက်အောက်ခံပဲ”
"ဟုတ်... ဟုတ်လား အဲ့ဒါဆိုရင်... ဂုဏ်ယူပါတယ်"
ချွေ့ကျွယ်သည် အလွန်ကြောက်လန့်နေဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် ယမမင်း၏ ဖုံးကွယ်ထားသော ဒေါသကို ခံစားမိလိုက်ပြီဖြစ်သည်။
"အစ်ကိုချွေ့ကျွယ်..."
"တစ်ယောက်ယောက်က... အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးနှစ်ဦးနဲ့ ပုလဲလေးကြားက ဆက်ဆံရေးကို အစကတည်းက သိနေခဲ့ပုံပဲနော်"
"ငါကြားတာတော့ တစ်ယောက်ယောက်က ငါ့ကို အလွယ်လေးနဲ့ ရောင်းစားသွားတယ်ဆို”
"အစ်ကိုချွေ့ကျွယ်... ဘာလို့ တုန်နေတာလဲ အရမ်း စိတ်လှုပ်ရှားနေတာလား”
ယမမင်းသည် လက်ထဲမှ လက်နက်ကို အလေးချိန်ချိန်လိုက်ပြီး ချွေ့ကျွယ်ထံသို့ ခြေလှမ်းတစ်လှမ်းချင်း တိုးကပ်သွားသည်။
ဖြူမည်း သေမင်းတမန်များမှာ ချွေ့ကျွယ်ထံ သတင်းပို့ရန် ရောက်လာစဉ် ခန်းမအတွင်းမှ ချွေ့ကျွယ်၏ ကမ္ဘာပျက်မတတ် အော်ဟစ်သံကို ကြားလိုက်ရသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး မှားမှန်းသိပါပြီ..."
ဖြူမည်း သေမင်းတမန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ဖြည်းညင်းစွာ နောက်ဆုတ်သွားကြသည်။ အဆုံး၌ သူတို့လည်း ယမမင်းကို ကြံစည်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့ကြသည် မဟုတ်ပါလား။
တစ်ခဏချင်းမှာပင်။
သူတို့နှစ်ဦးလုံး လေထဲသို့ မြှောက်တင်ခံလိုက်ရပြီး ခန်းမထဲသို့ အငွေ့ပျံသွားကြသည်။
ထို့နောက်...
အော်ဟစ်သံသုံးခုမှာ ငရဲပြည်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
သင်္ချိုင်းမြေ။
ငရဲလကျောက်သည် ယွင်ဟွားနှင့် အခြားသူများ ဝိုင်းရံထားခြင်း ခံလိုက်ရစဉ် ကြောက်လန့်စွာ တုန်လှုပ်နေ၏။
“ဒီကျောက်တုံးလေးကို တော်တော် ကောင်းကောင်း ဖွက်ထားနိုင်တာပဲ”
သေခြင်းရှင်ခြင်းစာအုပ်က ဆူးပါသော တုတ်တိုကို ကိုင်ကာ ငရဲလကျောက်ကို ခြိမ်းခြောက်စွာ ကြည့်နေသည်။ ၎င်းကို မိမိတို့၏ အဖော်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း အရေးကြီးသည့် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်မှာ ရှက်စရာပင်။
“ဘယ်သူက ငြင်းလို့ရမှာလဲ… သူတို့တွေကို ကြောက်နေပုံကို ကြည့်ပါဦး ရယ်စရာမကောင်းဘူးလား”
တရားသူကြီးစုတ်တံက ဆီပူအိုးထဲသို့ ထင်းထည့်ပေးနေသဖြင့် ဆီများမှာ ဆူပွက်နေသည်။
“ရှူးရှူး... ဒီကျောက်တုံးကို ကြော်စားရင် အရသာရှိမလား”
၎င်းသည် အသေအချာ ခြိမ်းခြောက်ရန်အတွက် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
ငရဲလကျောက်သည် ထိုကပ်ဘေးဒုက္ခနှစ်ပါးကို မြင်လိုက်ရသည့်အခါ အလွန်ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာတော့၏။
“မ... မစားပါနဲ့... အရသာ မရှိပါဘူး... ငါက… ငါ သွားကျိုးစေမှာ..”