အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း (၂၇၀) ယွင်ဟွား ဒေါသထွက်ခြင်း
ငရဲလကျောက်က အောင်မြင်စွာ ဝန်ခံလိုက်ရသည်။
ရလဒ်အနေဖြင့် သူသည် အပြင်းထန်ဆုံးသော ရိုက်နှက်မှုကို ခံလိုက်ရလေသည်။
“အား... နာတယ်... အရမ်းနာတယ် ရှောင်ယိုယို..”
“ဝါး... ဖြည်းဖြည်းလောက် ရိုက်ပါ... ငါ မှားမှန်းသိပါပြီ တကယ် မှားမှန်းသိပါပြီ..”
ငရဲလကျောက်၏ အသည်းအသန် အော်ဟစ်တောင်းပန်သံများကြောင့် သင်္ချိုင်းမြေမှ ငှက်အုပ်ကြီးများပင် လန့်ဖျပ်ကာ ပျံသန်းသွားကြသည်။
ယွင်ဟွားသည် နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားပြီးနောက် ပြောလိုက်၏။
“ငါ့ရဲ့ အတွင်းစိတ်အသံတွေကို သူတို့ မကြားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမှန်အတိုင်း ပြောပြစမ်း”
“အဲ့ဒါက... နည်းနည်းတော့ ခက်ခဲလိမ့်မယ်”
ငရဲလကျောက်က တိုးတိုးလေး ပြန်ဖြေသည်။
“နင့်ကို အခွင့်အရေး တစ်ခါထပ်ပေးမယ်၊ စကားကို သေချာပြော”
ယွင်ဟွား၏ မျက်ဝန်းများမှာ အေးစက်နေသဖြင့် ငရဲလကျောက်မှာ ပြင်းထန်စွာ တုန်ယင်သွားသည်။
“ဝါး... ပန်းကလေး... တကယ့်ကို ခက်ခဲလို့ပါ။ ငါ့ရဲ့ မူလခန္ဓာကိုယ်က ပျက်စီးသွားပြီ၊ လက်ရှိစွမ်းအားကလည်း လုံလောက်မှု မရှိဘူး နင်တို့ သုံးယောက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို မဖျက်သိမ်းနိုင်သရွေ့ သူတို့က ငါ့ရဲ့ အတွေးတွေကို ကြားနေရဦးမှာပဲ”
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က ချက်ချင်း ငြင်းဆန်လိုက်ကြသည်။
“မလုပ်ဘူး ပန်းကလေးနဲ့ စာချုပ်ဖျက်ရတာမျိုး မကြိုက်ဘူး”
“ပေပေ့ ဘယ်တော့မှ မခွဲသွားဘူး”
ငရဲလကျောက်သည် မျက်လုံးများကို လှန်ကြည့်လိုက်ပြီး စာချုပ်ကို ဖျက်သိမ်းရန် ကြိုးစားနေပုံရသည်။
“ဖျက်သိမ်းလိုက်”
ယွင်ဟွားက ခဏတာ စဉ်းစားလိုက်သည်။
သူမသည် သူမ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှ မသိစေချင်ပေ။ စာအုပ်လေးနှင့် စုတ်တံလေး၏ မျက်လုံးများ နီရဲကာ ဝမ်းနည်းနေဟန်ကို မြင်လိုက်ရသောအခါ ယွင်ဟွား၏ စိတ်သည် ပြန်လည် ပျော့ပြောင်းသွားပြန်သည်။
“လိမ္မာတယ်နော်... သူတို့က ငါတို့ရှိနေတာကို သိနေပြီးသားဆိုတော့... ယမမင်းတောင် နင့်ကို မဖမ်းတော့ဘူးဆိုတော့ နင်တို့က ကိုယ့်ဘာသာ ထုတ်ဖော်လိုက်ရင် ရပါပြီ ပြီးရင် နင်တို့ စိတ်ကြိုက်သာ တခြားသူတွေကို ရိုက်နှက်ကြတော့”
ယွင်ဟွားက ထိုသို့ ရှင်းပြလိုက်သောအခါ စာအုပ်လေးနှင့် စုတ်တံလေး၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
“ကျောက်တုံးကလေး... အမြန်ဆုံး ဖျက်သိမ်းလိုက်”
ငရဲလကျောက်က ငိုယိုတော့မည့် အခြေအနေတွင် ရှိနေ၏။
“အဲ့ဒါ... အဲ့ဒါက... အခုချက်ချင်း မလုပ်နိုင်သေးဘူးလေ..”
“ဘာ”
မျက်လုံးသုံးစုံက သူ့အား ရုတ်တရက် စိုက်ကြည့်လာသည်။
ငရဲလကျောက်သည် အားနည်းလွန်းသဖြင့် သူတို့၏ ပြင်းထန်သော အကြည့်များကြောင့်ပင် မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားရသည်။
“ငါ နင့်ကို စပြီး ချည်နှောင်တုန်းက စွမ်းအားတွေ အကုန်ကုန်ခမ်းသွားလို့ နှစ်ပေါင်းများစွာ အိပ်ပျော်ခဲ့ရတာ။ စာချုပ်ဖျက်တာကလည်း အတူတူပဲ... ရှောင်ယိုယိုရဲ့ လက်ရှိစွမ်းအားက အဲ့ဒါကို လုပ်ဖို့ မလုံလောက်ဘူး..”
ယွင်ဟွားသည် ရင်ထဲမှ ဒေါသကို ထိန်းချုပ်ထားရင်း လက်သီးကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
“နင်က အရင်ကတည်းက ငါ့ဆီက ယင်စွမ်းအင်တွေ အများကြီး ခိုးစားခဲ့တာပဲ... စစ်မြေပြင်က ယင်စွမ်းအင်တွေလည်း ပါတာပဲ။ ဘာလဲ... အဲ့ဒါတွေက နင့်အတွက် မလုံလောက်ဘူးလား”
ငရဲလကျောက်သည် ရှိုက်ငိုကာ တိုးတိုးလေး ပြောလိုက်၏။
“အာကာသ ပို့ဆောင်မှုမှာ တစ်စိတ်တစ်ပိုင်း ကုန်သွားတယ်... ပြီးတော့... သခင်ရဲ့ ခြေထောက်ကို ကုသဖို့ အများစု ကုန်သွားတာ... အဲ့လိုမဟုတ်ရင် ပန်းကလေး... နင် အဲ့ဒီအဆိပ်အကြွင်းအကျံတွေကို တစ်ခါတည်းနဲ့ မကုသနိုင်ဘူးလေ... နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာမှာပေါ့”
ယွင်ဟွား: .....
ရှောင်ယွမ်ယွမ်ကို အဆိပ်ဖြေပေးသည့် လုပ်ငန်းစဉ်က အလွန်ချောမွေ့နေခဲ့ခြင်းမှာ သူ၏ ကျေးဇူးကြောင့် ဖြစ်လိမ့်မည်ဟု သူမ တွေးမိလိုက်သည်။
ယွင်ဟွားသည် ဒေါသကြောင့် သွားများကို ကြိတ်လိုက်သည်။
“စုပ်ယူ”
“နင် သင်္ချိုင်းမြေအထက်က ယင်စွမ်းအင်တွေကို အခုချက်ချင်း အကုန်စုပ်ယူလိုက် နင် ပျင်းရိဖို့ ကြိုးစားရင် ဟွန်ယွမ်ကောင်းကင်တုန်ခါအုတ်ခဲနဲ့ အထုခံရမယ်”
“အခုကစပြီး နင်တို့ကို တစ်နေ့လုံး ကြပ်မတ်မယ် ပန်းကလေး ပြောသလိုပဲ နင်တို့ နည်းနည်းလေး ပျင်းရိရင်တောင် နင့်ရဲ့ အဝတ်တွေကို ငါ ဖျက်ဆီးပစ်မယ်”
“စာအုပ်လေး သူသာ မလိမ္မာရင် ပေပေ့ကို ဆီပူအိုးထဲ ထည့်ကြော်ပစ်မယ်”
ငရဲလကျောက်သည် လည်ပင်းကို ရှုံ့လိုက်ပြီး စိတ်ဓာတ်ကျစွာဖြင့် နေရာတစ်ခုကို ရှာကာ ယင်စွမ်းအင်များကို စတင် စုပ်ယူနေတော့သည်။ သူတို့၏ ဘေးတွင်မူ ခြိမ်းခြောက်နေသော အဖော်နှစ်ကောင်က စောင့်ကြည့်နေ၏။
ယခင်က ယင်စွမ်းအင်များကို ကြောက်ရွံ့ခြင်းမရှိဘဲ ခိုးယူခဲ့သော်လည်း ယခုမူ ထိုသို့ လုပ်ရန် မလိုတော့ပေ။
ဒါပေမဲ့...
ဒါပေမဲ့ သူက ပိုပြီးတောင် ကြောက်သွားရသည်။
ယွင်ဟွားသည် ယခုအခါတွင် ဘာမှ မတတ်နိုင်တော့ဘဲ သူတို့နှင့် စာချုပ်ဖျက်သိမ်းနိုင်ရန်အတွက် အမြန်ဆုံး ပြန်လည်အားဖြည့်ပေးရန်သာ လုပ်ဆောင်နိုင်တော့သည်။
ဒါပေမဲ့ သူမ၏ စိတ်ခံစားချက်တွေကို တွေးကြည့်လိုက်တဲ့အခါ…
သူမသည် တကယ့်ကို စိတ်ရှုပ်ထွေးသွားရပြီ ဖြစ်သည်။
မင်းသားစုအိမ်တော်။
ယွင်ဟွားနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် နန်ကုန်းယွမ်က တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ပွင့်လာသည်။
သူသည် ဒုန်းဒုန်းခုန်နေသော နှလုံးသားကို ဖိထားရင်း လက်ကို မြှောက်လိုက်သည်။ သူ၏ ဇနီးငယ်လေးနှင့် ယမမင်းတို့၏ စကားပြောသံများကြောင့် သူသည် အချိန်အတော်ကြာသည်အထိ စိတ်ငြိမ်မရ ဖြစ်နေရသည်။
တခြားသူတွေက ထိုစာအုပ်လေး၊ စုတ်တံလေးနဲ့ ကျောက်တုံးလေးကို မမြင်နိုင်ကြဘဲ သူက မြင်နိုင်တာ မဆန်းတော့ပေ။
ထို့အပြင် သူသည် ညတိုင်းလိုလို ထူးဆန်းသော အိပ်မက်များကို မက်နေခဲ့သည်။
ငါ့အိပ်မက်ထဲက လူက…
"တကယ်ပဲ ငါ... ဖုန်းတုဧကရာဇ် ဖြစ်နေတာလား"
ဒါပေမဲ့…
သူသည် အနာဂတ်တွင် သူ၏ ဇနီးငယ်လေးနှင့် ထာဝရ အတူတူ ရှိနေနိုင်တော့မည်ဟု တွေးမိလိုက်သောအခါ နန်ကုန်းယွမ်၏ အမူအရာမှာ အလွန်သိမ်မွေ့သွားပြီး သူ၏ အသက်ရှူသံများမှာလည်း တဖြည်းဖြည်း မမှန်မကန် ဖြစ်လာတော့သည်။
သူ ဘာတွေတွေးနေမှန်း မသိသော်လည်း မိုးလင်းသည့်အထိ အရူးတစ်ယောက်ကဲ့သို့ ပြုံးနေမိသည်။
နောက်တစ်နေ့။
နှစ်သစ်ကူးပြီးနောက် ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေးကို ပွေ့ချီကာ နန်းတွင်းသို့ သွားရန် ပြင်ဆင်လိုက်သည်။
ဒါပေမဲ့...
အိမ်တော်မှာ လူတစ်ယောက်မှ မရှိတော့ပေ။
"တစ်ယောက်ယောက် ရှိလား”
"လူရှာပေးကြပါ... ငါ့အတွက် လူရှာပေးကြပါ"
"အိုး.. သင်္ချိုင်းမြေနဲ့ မင်းသားစုအိမ်တော်ကိုလည်း မကျန်ခဲ့အောင် ရှာကြ”
သူ့သမီးငယ်လေး၏ ပြဿနာများကြောင့် သူ၏ နံနက်ခင်း နန်းတွင်းညီလာခံမှာ ဘယ်သောအခါမှ အေးချမ်းလိမ့်မည် မဟုတ်ပေ။
ရှုပ်ထွေးနေသော နံနက်ခင်းတစ်ခုအပြီးတွင် ထောင်ကျီသည် အပြေးအလွှား ရောက်ရှိလာပြီး "သခင်ကြီး... သခင်မလေးက အတွင်းထဲမှာ ရှိနေတယ်... သူ သခင်ကြီးကို စောင့်နေတာ ကြာလှပြီ" ဟု သတင်းပို့သည်။
ယွင်ရှောင်ထျန်း: ......
ခရီးတစ်လျှောက်လုံး ယွင်ရှောင်ထျန်းက မငြိမ်မသက်ဖြစ်နေပြီး ယွင်ဟွားကို တစ်ချက်ချင်း ငဲ့ကြည့်နေသည်။ တိတ်ဆိတ်မှုက လိုသည်ထက် ပိုလွန်ကဲနေ၏။
ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် သူ၏ သမီးငယ်လေး စာအုပ်လေးနှင့် စုတ်တံလေးတို့၏ စကားပြောသံများဖြင့် ဆူညံနေတတ်သော်လည်း နန်းတော်တံခါးပေါက်သို့ ချဉ်းကပ်လာချိန်အထိ ဘာသံမှ မကြားရပေ။
“အဖေ.. တစ်ခုခုဖြစ်နေတာလား အဖေ သမီးကို အနည်းဆုံး ဆယ်ခါလောက်ရှိပြီ စိုက်ကြည့်နေတာ... သမီးမျက်နှာမှာ တစ်ခုခု ရှိနေလို့လား"
ယွင်ဟွားသည် ပြီးပြည့်စုံသော အဖြူရောင်သွားများကို ပေါ်လွင်စေလျက် ထူးခြားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"မ... ဘာမှမဖြစ်ပါဘူး”
ယွင်ရှောင်ထျန်းမှာ လန့်သွားပြီး အဆင်မပြေစွာ ပြန်ဖြေလိုက်သည်။ သူ၏ သမီးငယ်လေးသည် မျက်လုံးမှိတ်ပြီး အနားယူနေသည်ကို မြင်သောအခါ သူ လက်လျှော့လိုက်ရသည်။ သို့သော် သူသည် သူမ၏ စကားများကို ခိုးနားထောင်ရန် တဖြည်းဖြည်း ရွေ့လျားသွားသည်။
ယွင်ဟွားသည် သူမ အဖေ၏ သိမ်မွေ့သော လုပ်ရပ်များကို မျက်စိစောင်းကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တုန်ယင်သွားသည်။
အခုတော့ အရင်က လူတိုင်းရဲ့ ထူးဆန်းနေတဲ့ အပြုအမူတွေအတွက် အဖြေရပြီပေါ့။
ယွင်ဟွား၏ တွင်းကို နောက်မှ လိုက်ပါလာသော အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးမှာ စုရုံးနေကြသည်။
"အမတ်ယွင် အမတ်ငယ်ယွင်... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
"ပျော်ရွှင်ပါစေ”
လူတိုင်းက နှုတ်ဆက်စကားများ ပြောဆိုနေကြသော်လည်း ယွင်ဟွား သို့မဟုတ် ထိုစာအုပ်လေးတို့၏ အတွင်းစိတ်အသံများကို မည်သူမျှ မကြားရပေ။
အုပ်စုလိုက် ဘာဖြစ်မှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြသည်။ သူတို့၏ ထူးဆန်းသော အပြန်အလှန်ဆက်ဆံမှုကို တရားသူကြီးစုတ်တံက သတိပြုမိသွားရာ ဒေါသတကြီးဖြင့် နှုတ်ခမ်းဆူလိုက်သည်။
၎င်းသည် အော်ဟစ်ရန် ပြင်ဆင်နေစဉ် သေခြင်းရှင်ခြင်းစာအုပ်က သူ၏ ပါးစပ်ကို အုပ်ထားလိုက်ပြီး ခေါင်းကို တည်ကြည်စွာ ခါယမ်းပြလိုက်သည်။
"ဟွားအာလေး"
နန်ကုန်းယွမ်သည် သူ၏ ဇနီးကို ချက်ချင်း မြင်တွေ့လိုက်ရသဖြင့် သူမ၏ ဘေးသို့ အမြန်လျှောက်သွားပြီး မနေ့က ဝယ်ခိုင်းထားသော မုန့်များကို ပေးလိုက်သည်။
ယွင်ဟွားသည် ၎င်းကို တစ်ချက်ကြည့်လိုက်သော်လည်း ယူမလိုက်ပေ။
သူမသည် အလွန် ဒေါသထွက်နေသည်။
သူမသည် လူတိုင်းကို ဒေါသထွက်နေပြီး သူမ အချစ်ဆုံး ခင်ပွန်းငယ်လေးကိုတောင် ဒေါသထွက်နေသည်။
ကျောက်တုံးကလေးက သူတို့၏ နားထောင်နိုင်စွမ်းမှာ ကန့်သတ်ချက် ရှိကြောင်းနှင့် အသံထွက်၍ မပြောနိုင်ကြောင်း ပြောပြထားသော်လည်း သူတို့ နှစ်ယောက်စလုံးက သူမအား သိမ်မွေ့စွာ သတိပေးရန် ဘယ်သောအခါမျှ မစဉ်းစားခဲ့ကြပေ။
"မလိုချင်ဘူး"
ထိုစကားလုံးများကို အေးစက်စွာ ပြောဆိုပြီးနောက် ယွင်ဟွားသည် လှည့်ထွက်သွားပြီး နန်းတော်ဆီသို့ လျှောက်သွားသည်။
ယွင်ဟွား၏ လျစ်လျူရှုမှုကြောင့် နန်ကုန်းယွမ်မှာ အံ့အားသင့်သွားသည်။
"ဟွားအာလေး... ဘာဖြစ်တာလဲ..ငါ ဘာမှားလုပ်မိလို့လဲ"
နန်ကုန်းယွမ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူ ဘာမှ မစဉ်းစားဘဲ လိုက်သွားသော်လည်း ယွင်ရှောင်ထျန်းက သူ့ကို ဆွဲထားလိုက်သည်။
"ပြောစမ်း... မင်း ငါ့သမီးငယ်လေးကို ဒေါသထွက်အောင် လုပ်မိတာလား… ဒီမနက်မှာ သူ အတော်လေး ထူးဆန်းနေတာ မဆန်းတော့ဘူး... သူ့အဖေကိုတောင် စကားမပြောချင်ဘူး"
နန်ကုန်းယွမ်မှာ အပြစ်မရှိပါဘဲ..
"ယောက္ခမတော်... ကျွန်တော် တကယ် မသိပါဘူး ဟွားအာလေးက မနေ့ကအထိ အဆင်ပြေပါတယ် ယောက္ခမတော်များ သူမကို စိတ်ဆိုးအောင် လုပ်မိတာလားလို့တောင် တွေးနေမိတာ"
မနေ့ညက။
ဇနီးငယ်လေးက သူမ၏ အစစ်အမှန်ဘဝကို သိပြီးနောက်တွင် သူမ၏ ဂုဏ်ယူဝင့်ကြွားပြီး စိတ်လှုပ်ရှားနေသော လေသံကို ကြားလိုက်ရသဖြင့် သူသည် သူမကို ဒေါသထွက်အောင် လုပ်မိသည့်အတွက် အံ့ဩစရာ မရှိတော့ပေ။
ဒါများ... ဖြစ်နိုင်မလား..
ယမမင်း... ငရဲပြည်က ယမမင်းကြောင့်များလား..