အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁)
မင်းတို့က ဘယ်သူတွေလဲ
ယောင်ရန်သည် သာယာစွာ ရယ်မောလိုက်ရင်း အရာအားလုံးကို သူမ၏ နေရာလွတ် အတွင်းသို သိမ်းဆည်း လိုက်လေသည်။
"ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပဲလေ...။" သူမက နောက်ပြောင်သလို ပြောလိုက်၏။
သူမ၏ စကားကြောင့် လုံယု၏ မျက်နှာမှာ နီမြန်းသွားပြီး သူ၏ အနွေးထည်ဦးထုပ်အောက်၌ ဝှက်ဖုံးထားသော နားရွက်များမှာ ပို၍ပင် နီရဲလာတော့သည်။
အကျဉ်းသားများ မကျန်တော့ကြောင်း အတည်ပြုပြီးနောက် ယောင်ရန်သည် သတိပေးချက်တစ်ခု ရေးသားကာ နှစ်ထပ်တံခါးတွင် ကပ်ထားလိုက်၏။ လုံယုသည် ထိုသတိပေးချက်ကို ဖတ်ပြီးနောက် မျက်ခုံးပင့်လိုက် သော် လည်း ဘာမှတော့ မပြောပေ။
မထွက်ခွာမီ ယောင်ရန်နှင့် လုံယုတို့သည် ဂိုဒေါင်သို့ တစ်ခေါက် ပြန်သွားကြလေသည်။ ယောင်ရန်သည် ဗလာ ဖြစ်နေသော ကြမ်းပြင်အလယ်တွင် ရပ်လိုက်ပြီး မြေအောက်မှ ရှာဖွေတွေ့ရှိခဲ့သော လက်နက်များနှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများမှအပ သူမ စုဆောင်းထားသည့် ရိက္ခာတစ်ဝက်ကို ပြန်ထုတ်ပေးလိုက်လေ၏။
ယခုအခါ ပြန်လည်ပြည့်နှက်သွားသော ဂိုဒေါင်ကို ကြည့်ရင်း သူမက လုံယုကို ပြုံးပြကာ ပြောလိုက်လေသည်။
"သွားကြရအောင်...။"
သူတို့ ထွက်ခွာသွားပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် စစ်သည်များသည် လုရှီးလူနေရပ်ကွက် အတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာကြလေသည်။ စစ်သည်တစ်ဦးသည် တံခါးတွင် ကပ်ထားသော သတိပေးစာကို မြင်သောအခါ အမြန်ခွာယူ၍ သူ၏ ခေါင်းဆောင်ထံသို့ ယူဆောင်သွားခဲ့လေ၏။
ထိုစစ်သည်က သတိပေးစာကို ကမ်းပေးရင်း ပြောလိုက်သည်။
"ခေါင်းဆောင်...၊ ကျွန်တော် ဘာတွေ့လာလဲ ကြည့်ပါဦး...။"
ဝူလျန်သည် မှတ်စုကို ဖတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိလေသည်။
[ဂိုဒေါင်ထဲမှာ ခင်ဗျားတို့အတွက် လက်ဆောင်တစ်ခု ရှိတယ်...]
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက အမိန့်ပေးလိုက်၏။
"လူအချို့ကို ဂိုဒေါင်ကို သွားစစ်ခိုင်းလိုက်...။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။"
စစ်သည်သည် အလေးပြုကာ အမိန့်ကို အကောင်အထည်ဖော်ရန် အလျင်အမြန် ထွက်ခွာသွားလေသည်။
ဝူလျန်သည် ထိုမှတ်စုကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"မင်းတို့က ဘယ်သူတွေလဲ...။"
စစ်သည်များသည် လုရှီးလူနေရပ်ကွက် ကို ရှင်းလင်းရေးလုပ်ကာ ရိက္ခာများကို ရွှေ့ပြောင်းရန် အလုပ်ရှုပ်နေကြ စဉ်၊ လုံယုနှင့် ယောင်ရန်တို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ သို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။
သူတို့နှစ်ဦး အဝေးမှ ပြန်လာသည်ကို မြင်သောအခါ ဟွမ်ကျိဟွေး၏ စိုးရိမ်မှုများမှာ နောက်ဆုံးတွင် ပျောက်ကွယ် သွားတော့၏။ သူမသည် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားရင်း ပြောလိုက်လေသည်။
"သူတို့ ပြန်လာကြပြီ...။"
ထိုစကားကို ကြားသောအခါ ရှီရွှမ်းနှင့် အခြားသူများမှာလည်း သက်ပြင်းချနိုင်ကြတော့သည်။
အဆောက်အအုံ (၃) သို့ ပြန်ရောက်သောအခါ ယောင်ရန်နှင့် လုံယုတို့သည် အထပ် (၂၀) သို့ တိုက်ရိုက်မသွားဘဲ စီမာမိသားစုထံသို့ အရင်ဝင်ခဲ့ကြ၏။ တံခါးအပြင်ဘက်တွင် ရပ်ရင်း လုံယုက တံခါးခေါက်လိုက်လေသည်။
မကြာမီမှာပင် စီမာယွမ်က တံခါးဖွင့်ပေးလိုက်၏။ လုံယုနှင့် ယောင်ရန်ကို မြင်သောအခါ သူ၏ မျက်ဝန်းများမှာ နီမြန်းလာတော့သည်။
သူက သူတို့ကို ပြုံးပြရင်း ပြောလိုက်လေသည်။
"ကျွန်တော့်အစ်ကိုနဲ့ မရီကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...။"
ထိုစကားကို ကြားလိုက်ရသဖြင့် စီမာဟောက်နှင့် ရွမ်ယင်းတို့ ဘေးကင်းစွာ ပြန်ရောက်လာပြီဖြစ်ကြောင်း လုံယု နှင့် ယောင်ရန်တို့ သိလိုက်ကြရလေ၏။
ယောင်ရန်သည် စီမာဟောက်နှင့် ရွမ်ယင်းတို့ကို တွေ့ရှိခဲ့စဉ်က နှစ်ဦးစလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို သတိရ လိုက်သည်။ သူတို့ ဒဏ်ရာရထားနိုင်သဖြင့် သူမက မေးလိုက်လေသည်။
"သူတို့ အခြေအနေ ဘယ်လိုရှိလဲ...။"
စီမာယွမ်က ပြန်ဖြေလေသည်။
"ကျွန်တော့်အစ်ကိုကတော့ ပွန်းပဲ့ဒဏ်ရာတချို့ပဲ ရှိပါတယ်၊ မရီကတော့ အဆင်ပြေပါတယ်...။"
ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"သူတို့ကို ကျွန်မ တစ်ချက်လောက် စစ်ဆေးပေးပါရစေ၊ အတွင်းဒဏ်ရာတွေ ရှိနေမှာ စိုးလို့ပါ...။"
ထိုစကားကို ကြားသောအခါ စီမာယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ သူ၏ မိသားစုမှာ အစ်ကို ဖြစ် သူ၏ ဒဏ်ရာများအတွက် စိုးရိမ်နေကြသော်လည်း ယောင်ရန်ကို အလွန်အကျွံ မနှောင့်ယှက်လိုကြပေ။ ယခု သူမက ကိုယ်တိုင် ကူညီပေးမည်ဟု ကမ်းလှမ်းလာသောအခါ သူ ငြင်းဆန်မည် မဟုတ်ပေ။
စီမာယွမ်က ဘေးသို့ ဖယ်ပေးရင်း ဖိတ်ခေါ်လိုက်လေသည်။
"မယောင်ရန်၊ အစ်ကိုလုံ... ကျေးဇူးပြုပြီး အထဲကို ကြွပါ...။"
စီမာယွမ် တံခါးပိတ်လိုက်သည်နှင့် ကျန်မိသားစုဝင်များ ထွက်လာကြ၏။ သူ၏ မိဘများနှင့် အဘိုးအဘွားများ သည် ဧည့်သည်များကို မြင်သောအခါ ပြုံးရွှင်စွာ မေးလိုက်ကြသည်။
"အာယွမ်...၊ သူတို့က ဘယ်သူတွေလဲ...။"
စီမာယွမ်က ပြုံး၍ ပြောလိုက်၏။
"အဘိုး...၊ ဒါက အစ်ကိုလုံနဲ့ မယောင်ရန်တို့လေ...။"
ဧည့်သည်များမှာ လုံယုနှင့် ယောင်ရန် ဖြစ်ကြောင်း သိလိုက်ရသောအခါ အဘိုးဖြစ်သူနှင့် အခြားသူများသည် သူတို့ထံသို့ အလျင်အမြန် လာရောက်ကာ လက်များကို အားတက်သရော ဆုပ်ကိုင်လိုက်ကြတော့သည်။
အဘိုးစီမာက မျက်ရည်များ ဝဲလျက် ပြောလေသည်။
"ကျေးဇူးတင်ပါတယ်...။ အာဟောက်နဲ့ သူ့ဇနီးကို ကယ်တင်ပေးခဲ့လို့ တကယ်ကို ကျေးဇူးတင်ပါတယ်...။"
ယောင်ရန်သည် သူတို့၏ နွေးထွေးလွန်းသော ကြိုဆိုမှုကြောင့် အနေရခက်သွားကာ လုံယု၏ နောက်ကွယ်တွင် ပုန်းလိုက်မိလေသည်။
သူမသည် သူတို့နှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေသော်လည်း သူစိမ်းများနှင့် အလွန်အမင်း နီးကပ်စွာ နေရခြင်းကို မနှစ်သက်ပေ။ သူစိမ်းများက သူမကို ထိတွေ့ခြင်း သို့မဟုတ် အနားသို့ ကပ်လာခြင်းတို့မှာ ဓာတ်ခွဲခန်းအတွင်း သူမ ကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးများကို ပြန်လည် သတိရစေသောကြောင့် ဖြစ်ချေသည်။
ယောင်ရန်၏ အနေခက်မှုကို သတိပြုမိသဖြင့် လုံယုက ဝင်ပြောလိုက်၏။
"အဘိုး... ရန်ရန်က ကိုစီမာရဲ့ ဒဏ်ရာတွေကို စစ်ဆေးပေးဖို့ လာခဲ့တာပါ...."
ထိုစကားကို ကြားသောအခါ မိသားစုတစ်ခုလုံးမှာ အလွန်ကျေးဇူးတင်သွားကြပြီး လမ်းပြခေါ်ဆောင်သွားကြ လေသည်။
ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်ရင်း ယောင်ရန်သည် စီမာဟောက်နှင့် ရွမ်ယင်းတို့၏ ဒဏ်ရာများကို စစ်ဆေးပေး လိုက်၏။ စီမာဟောက်၌ ပွန်းပဲ့ဒဏ်ရာအချို့နှင့် ရွမ်ယင်း၌ ခြစ်ရာအနည်းငယ်သာ ရှိသည်ကို တွေ့ရသဖြင့် ယောင်ရန်က စိုးရိမ်နေသော မိသားစုကို ကြည့်ကာ ပြောလိုက်လေသည်။
"သူတို့ နှစ်ယောက်လုံးမှာ အတွင်းဒဏ်ရာ မရှိပါဘူး...။"
စီမာမိသားစုဝင်များမှာ ထိုစကားကို ကြားမှပင် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြတော့သည်။
ယောင်ရန်က စီမာယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ရှင်တို့အစ်ကို့ ကိုယ်ပေါ်က ပွန်းပဲ့ဒဏ်ရာတွေကိုတော့ ရေနွေးဝတ်ကပ်ပေးဖို့ လိုတယ်၊ ပြီးတော့ ရောင်ရမ်းတာ တွေ ကျသွားအောင် ပန်းဝါဆီနဲ့ နှိပ်နယ်ပေးရလိမ့်မယ်...။"
စီမာယွမ်က ခေါင်းငြိမ့်ပြကာ ပြန်ဖြေလေသည်။
"ကောင်းပါပြီ...။"
ဒဏ်ရာများကို မည်သို့နှိပ်နယ်ပေးရမည်ကို ညွှန်ကြားပြီးနောက် ယောင်ရန်သည် လုံယုနှင့်အတူ ထွက်ခွာလာခဲ့ လေသည်။
အထပ် (၂၀) သို့ ပြန်ရောက်သောအခါ ရှီရွှမ်းနှင့် အခြားသူများမှာ သူတို့ကို စောင့်ကြိုနေကြသည်ကို တွေ့လိုက် ရ၏။
သူတို့နှစ်ဦး ဒဏ်ရာမရဘဲ ပြန်လာသည်ကို မြင်သောအခါ လူတိုင်းက ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ကြလေသည်။
"ပြန်လာကြပြီပဲ...။"
ယောင်ရန်ကလည်း "ကျွန်မတို့ ပြန်ရောက်ပါပြီ..." ဟု ပြန်ဖြေလိုက်၏။
ကျားရှန်းက ပြုံး၍ ပြောလေသည်။
"မင်းတို့ နှစ်ယောက် ပင်ပန်းနေမှာပဲ၊ အရင်သွားနားလိုက်ဦး...။ နောက်ပိုင်းမှာ ငါတို့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲရနိုင်တယ်...."
ထိုစကားကြောင့် လုံယုက မေးလိုက်၏။
"ဘာကို ဆိုလိုတာလဲ...။"
"လူဟုန်နဲ့ သူ့လူတွေ မနေ့ညက ပေါ်မလာကြဘူးလေ...။ သူတို့ ဒီနေ့ လှုပ်ရှားတော့မယ်လို့ ငါ ထင်တယ်...။" ဟုရှီရွှမ်းက ပြန်ဖြေလိုက်လေသည်။
ယောင်ရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"အသက်ရှင်ကျန်ရစ်သူတွေထဲမှာ စစ်သည်တွေ ပုန်းနေတာကို သူတို့ သိသွားလို့လား...။"
ရှီရွှမ်းက ခေါင်းခါပြရင်း ပြောလေသည်။
"သူတို့ သိမှာမဟုတ်ဘူး...။ မနေ့ညက လူဟုန်တို့အဖွဲ့က အရမ်းငြိမ်နေတာ၊ တကယ်လို့ သူတို့ စစ်သည်တွေကို တွေ့သွားရင် အနည်းဆုံးတော့ ဆူညံသံတစ်ခုခု ထွက်လာမှာပဲ...။"
ထိုစကားကို ကြားပြီးနောက် လုံယုနှင့် ယောင်ရန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ခဏမျှ တိတ်ဆိတ်သွားပြီး နောက် ယောင်ရန်က ပြောလိုက်လေသည်။
"သူတို့က ဝပ်နေသော ကျားဂိုဏ်း က စစ်ကူတွေကို စောင့်နေတာများလား....။"
လုံယုသည် သူမ၏ စကားကို စဉ်းစားကာ ပြောလိုက်၏။
"ငါတို့ အတပ်မပြောနိုင်ပေမဲ့ မင်း ပြောတာ မှန်နိုင်တယ်...။"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ...။ ငါတို့ အခု သူတို့ကို မရှင်းပစ်ရင် စစ်သည်တွေ လှုပ်ရှားလာတဲ့အချိန်မှာ သူတို့ကို သတ်ဖို့ ပိုခက်သွားလိမ့်မယ်....။"
ဟွမ်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
သူတို့ ဖြေရှင်းချက်တစ်ခုကို စဉ်းစားနေကြစဉ် လှေကားထစ်များကို ပိတ်ထားသော သံတံခါးမှာ ရုတ်တရက် ပွင့်လာခဲ့၏။ ချွမ်ယွမ်ဝေ့ ပေါ်လာပြီး တည်ကြည်သော လေသံဖြင့် ပြောလိုက်လေသည်။
"လူဟုန် နောက်ဆုံးတော့ ထွက်လာပြီ...။"
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် လုံယုနှင့် အခြားသူများသည် စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်များဆီသို့ အလျင်အမြန် ပြေးသွားကြတော့သည်။