အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇)
ဆွေးနွေးညှိနှိုင်းခြင်း
လုံယုနှင့် အခြားသူများသည် ယွမ်ရီဟွေး၏ ဈေးဆိုင်တန်းထံသို့ လျှောက်သွားခဲ့ကြ၏။ ထို့နောက် သူက မေးလိုက်လေသည်။
"ကိုယွမ်...၊ ကျွန်တော်တို့ကို ဘယ်လိုမှတ်မိတာလဲ...။"
ယွမ်ရီဟွေးက ပြုံးလျက် ပြန်ဖြေ၏။
"အခုလို ကာလမျိုးမှာ ဒီလို အဝတ်အစားမျိုး ဝတ်နိုင်တဲ့သူက သိပ်မရှိဘူးလေ...။ ကျွန်တော် သိသ လောက်ဆိုရင် အစ်ကိုလုံတစ်ယောက်ပဲ ဝတ်နိုင်တာပေါ့...။"
သူတို့ စကားပြောနေစဉ်အတွင်း ယောင်ရန်သည် ဆိုင်ရှိ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုနေ၏။ ဆိုင်တွင် ဖိသိပ် ထားသော ဘီစကစ်မုန့် အနည်းငယ်သာ ရှိသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ရှင့်ရဲ့ စီးပွားရေးက ပျက်တော့မှာလား...။"
ယွမ်ရီဟွေးက ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားရင်း ပြောလိုက်၏။
"မယောင်ရန်ကလည်း...။ မယောင်ရန်တို့မှ ကျွန်တော့်ဆီ မလာတာ...၊ အမြတ်လည်း သိပ်မရတော့ဘူး၊ ကျွန်တော့် ရဲ့ ဝမ်းကွဲညီကလည်း ဒီရက်ပိုင်း မျက်နှာက ပုပ်နေတာပဲ...။"
ယောင်ရန်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်၊
"အခု ကျွန်မတို့ ရောက်လာပြီ မဟုတ်လား...။"
ယွမ်ရီဟွေး၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အသံကို နှိမ့်၍ မေးလိုက်လေသည်။
"ဘာလိုချင်လို့လဲ...၊ ကျွန်တော် မရရအောင် ရှာပေးမယ်၊ ဈေးကတော့ ညှိလို့ရပါတယ်...။"
ယောင်ရန်ကလည်း အသံကို နှိမ့်ကာ ပြောလိုက်၏။
"ကျွန်မက စိုက်ပျိုးရေးအိုးတွေ၊ မြေကြီးနဲ့ မြေဩဇာတွေ ဝယ်ချင်လို့...။ ရှင့်ဆီမှာ ရှိလား...။"
ထိုပစ္စည်းများကို ဝယ်လိုကြောင်း ကြားသောအခါ ယွမ်ရီဟွေးက မျက်ခုံးပင့်လျက် စူးစမ်းစွာ မေးလိုက်လေ သည်။
"မယောင်ရန်...၊ ကျွန်တော် မသိသေးတဲ့ သတင်းတစ်ခုခု သိထားတာလား...။"
ယောင်ရန်က သူ၏ မေးခွန်းကို ပြန်မဖြေဘဲ မေးလိုက်၏။
"ရှင့်မှာ ရှိသလားလို့ပဲ မေးတာ...။"
သူ သတင်းတစ်ခုခု မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ယွမ်ရီဟွေးက သူ၏ ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာ ဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်က ဘယ်သူလဲ...၊ ဒီမြို့မှာ အရောင်းအဝယ် အတော်ဆုံးသူပဲ၊ ကျွန်တော် မရနိုင်တဲ့ ပစ္စည်းဆိုတာ မရှိဘူး...။"
သူ၏ ယုံကြည်ချက်ရှိသော အမူအရာကို ကြည့်ကာ ယောင်ရန်က ပြောလိုက်၏။
"ကျွန်မက စိုက်ပျိုးရေးအိုး (၅၀) ၊ မြေကြီး (၅၀) အိတ်နဲ့ မြေဩဇာ (၁၀) အိတ် လိုချင်တယ်... ၊ ရှာပေးနိုင်မ လား...။"
ယွမ်ရီဟွေးက ခဏမျှ စဉ်းစားပြီး ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ဒီနေ့အတွင်း ရအောင် ရှာပေးမယ်...။ ဒါပေမဲ့ ဘာနဲ့ ငွေချေမှာလဲ...။"
ယောင်ရန်သည် ပတ်ဝန်းကျင်ကို စက္ကန့်အနည်းငယ်မျှ ဝေ့ကြည့်လိုက်ပြီးနောက် ယွမ်ရီဟွေးအနားသို့ တိုးသွား ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်လေသည်။
"ရှင့်အတွက် ထီးကလေးတွေ လိုချင်လား...။"
ယွမ်ရီဟွေးက ထိုစကားကို ကြားသောအခါ ယောင်ရန်ကို နောက်ပြောင်နေသလို ကြည့်လိုက်၏။ သို့သော် သူမ၏ ခိုးကြောင်ခိုးဝှက် အမူအရာကို မြင်သောအခါ သူ နားလည်သွားပြီး မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ သူ သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသံတိုးတိုးဖြင့် မေးလိုက်လေ၏။
"ဘယ်လောက်ရှိလဲ...။ အသစ်တွေလား၊ ဒါမှမဟုတ် တစ်ပတ်ရစ်တွေလား...။"
ထိုမေးခွန်းကို ကြားသောအခါ ယောင်ရန်သည် ယွမ်ရီဟွေးကို တစ်မျိုးကြည့် ကြည့်လိုက်မိ၏။
*ဘယ်သူကများ တစ်ပတ်ရစ် ထီးကလေးတွေကို သုံးချင်မှာလဲ...။ ရောဂါကူးမှာ မကြောက်ဘူးလား...။*
ထိုသို့ အကြည့်ခံရသဖြင့် ယွမ်ရီဟွေးသည် သူ၏ ဦးခေါင်းကို အနေခက်စွာ ကုတ်ရင်း ပြောလိုက်လေသည်။
"မယောင်ရန်...၊ လူတိုင်းက အသစ်ဝယ်နိုင်တဲ့ အခြေအနေမှာ ရှိတာ မဟုတ်ဘူးလေ...။ တကယ်တော့ တစ်ပတ် ရစ်ဈေးကွက်က အသစ်ထက်တောင် ပိုပြီး ကြီးမားသေးတယ်...။ ချမ်းသာတဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေပဲ အသစ်ကို သုံးနိုင်တာ...။"
ယောင်ရန်က ထိုစကားကို ကြားသောအခါ သံသယဖြစ်မိသော်လည်း ပြောလိုက်၏။
"ကျွန်မဆီမှာ အသစ်တွေပဲ ရှိတယ်...။ လိုချင်လား...။"
ယွမ်ရီဟွေးက ကြက်မကလေး ဆန်ကောက်သလို ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြကာ ပြန်ဖြေလေသည်။
"လိုချင်တာပေါ့...၊ ဘယ်နှစ်ခု ရှိလဲ...။ ဆိုဒ်အကြီးနဲ့ အပိုဆောင်း ဆိုဒ်အကြီးတွေရော ရှိလား...။"
ယောင်ရန်သည် သူမ၏ ချစ်သူကို ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"ဆိုဒ်အသေးနဲ့ အလတ်ပဲ ရှိတယ်...။ ယူမလား...။"
ယွမ်ရီဟွေးက အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ၏ ဖောက်သည် အများစုမှာ အငယ်စားလေးများသာ ရှိသဖြင့် ခေါင်းငြိမ့်ပြကာ မေးလိုက်လေသည်။
"ဟုတ်ကဲ့...၊ ဘယ်နှစ်ခု ရှိလဲ...။"
"စိုက်ပျိုးရေးအိုးတွေ၊ မြေကြီးနဲ့ မြေဩဇာတွေအတွက် ဘယ်လောက် ပေးရမှာလဲ...။."
ယောင်ရန်က ပြန်မေးလိုက်၏။
အအေးလွန်ကဲသော ယခုကဲ့သို့ ကာလမျိုးတွင် အပင်များ မရှင်သန်နိုင်သဖြင့် ထိုပစ္စည်းများမှာ ဈေးကွက် မရှိပေ။ အလကားပေးလျှင်ပင် ယူမည့်သူ ရှိမည် မဟုတ်ပေ။ သို့သော် ယောင်ရန်တို့အဖွဲ့ကို ကြည့်ရင်း ယွမ်ရီဟွေးသည် မကြာမီမှာပင် ထိုပစ္စည်းများ ဝယ်လိုအား ရှိလာတော့မည်ဟု ခံစားလိုက်ရ၏။ ခဏမျှ စဉ်းစားပြီးနောက် လက်နှစ် ချောင်း ထောင်ပြကာ ပြောလိုက်လေသည်။
"နှစ်သေတ္တာ...။"
ထိုစကားကို ကြားသည်နှင့် ယောင်ရန်သည် မတ်တပ်ရပ်လိုက်ကာ လုံယု၏ လက်ကို ဆွဲ၍ ပြောလိုက်လေ၏။
"သွားရအောင်...၊ တခြားဆိုင်တွေ သွားကြည့်ရအောင်...။"
သူမက ဘာမှမပြောဘဲ ထွက်သွားရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ယွမ်ရီဟွေးမှာ စိုးရိမ်သွားပြီး အလျင် အမြန် လှမ်းခေါ်လိုက်လေသည်။
"မယောင်ရန်...၊ ခဏလေးပါဦး...၊ ဈေးကတော့ ညှိလို့ရပါတယ်...။"
ယောင်ရန်က သူ့ကို လှည့်ကြည့်ကာ ပြောလိုက်၏။
"ရှင်က နှစ်သေတ္တာ တန်းတောင်းလိုက်တာပဲ...။ ကျွန်မက ဒီပစ္စည်းရဲ့ ဈေးကို မသိဘူးလို့ ထင်နေတာလား...။"
ယွမ်ရီဟွေးက သူမကို အနေခက်စွာ ပြုံးပြရင်း ချော့မော့၍ ဆိုလေသည်။
"မယောင်ရန်ကလည်း အထင်လွဲသွားပြီ...။ ဒါဆို မယောင်ရန် ပေးနိုင်တဲ့ ဈေးကိုပဲ ပြောပါဦး...။"
ယောင်ရန်က ဤတစ်ကြိမ်တွင် လက်နှစ်ချောင်း ထောင်ပြကာ ဆိုလိုက်၏။
"နှစ်ခု...။"
ယွမ်ရီဟွေးသည် ထိုစကားကို ကြားသောအခါ ဆွံ့အသွားတော့သည်။
"....."
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက အားတင်းပြုံးလျက် ပြောလိုက်၏။
"မယောင်ရန်...၊ နောက်နေတာလား...။"
ယောင်ရန်က သူ့ကို မျက်လုံးအသာ လှန်ကြည့်လိုက်ရင်း နှာခေါင်းရှုံ့ကာ ဆိုလိုက်လေသည်။
"ရှင်က အရင်နောက်တာလေ...။"
သူ သာသာထိုးထိုး မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ယွမ်ရီဟွေးက သက်ပြင်းချကာ ဆို၏။
"အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့...။"
ယောင်ရန်က သူ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ဆိုင်သို့ ပြန်လာကာ မေးလိုက်လေသည်။
"ဘယ်လောက် လိုချင်တာလဲ...။"
ယခုတစ်ကြိမ်တွင်မူ ယွမ်ရီဟွေးသည် ထီးကလေးများ၏ တန်ဖိုးကို အသေအချာ တွက်ချက်လိုက်ပြီးမှ ပြော လိုက်လေ၏။
"မယောင်ရန် လိုချင်တဲ့ ပစ္စည်းတွေအတွက် အခု (၂၀) ပဲပေးပါ...။"
ယောင်ရန်က ထိုစကားကို ကြားသည်နှင့် လှည့်ထွက်သွားပြန်လေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်ရုံရှိသေး၊ ယွမ်ရီဟွေးက အလျင်အမြန် ပြောလိုက်၏။
"မယောင်ရန်...၊ ဒီတစ်ခေါက်တော့ ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ပေးပါဦး..."
ယောင်ရန်က ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်ကာ ပြောလိုက်လေသည်။
"(၁၅) ခုပဲ ပေးမယ်...။ အလတ် ဆိုဒ် (၇) ခုနဲ့ အသေး ဆိုဒ် (၈) ခု...။"
ယောင်ရန်က သင့်တော်သော ဈေးနှုန်းကို ပေးလိုက်သဖြင့် သူက ပြုံးလျက် ပြောလိုက်လေသည်။
"သဘောတူတယ်..."
"ပစ္စည်းတွေကို ဘယ်အချိန် ရနိုင်မလဲ...။" ဟု ယောင်ရန်က မေးလိုက်၏။
ယွမ်ရီဟွေးသည် သူ၏ ဆိုင်ကို သိမ်းလိုက်ရင်း ပြန်ဖြေလေသည်။
"ဒီမှာပဲ စောင့်နေပေးပါ...။ ကျွန်တော် အခုချက်ချင်း သွားရှာပေးပါ့မယ်...။"
"ကောင်းပါပြီ...။"
သူတို့ သဘောတူညီမှု ရရှိပြီးနောက် ယွမ်ရီဟွေးသည် လိုအပ်သော ပစ္စည်းများ ရှာဖွေရန် အလျင်အမြန် ထွက်ခွာ သွားခဲ့လေတော့သည်။
လမ်းဘေးတွင် ရပ်နေစဉ် လုံယုသည် သူ၏ ချစ်သူကို လှမ်းကြည့်လိုက်၏။ သူမသည် ရှေ့မှ စည်ကားနေသော မြင်ကွင်းကို ငေးကြည့်နေသည်ကို မြင်သောအခါ သူက ခေါင်းငုံ့၍ တိုးတိုးလေး မေးလိုက်လေသည်။
"ရန်ရန်...၊ ကိုယ့်အတွက် ဆိုဒ်အကြီးတွေကို ချန်ထားပေးတာလား...။"
ယောင်ရန်သည် သူ၏ စကားကို ကြားသောအခါ ခဏမျှ ကြောင်သွားပြီးမှ သူ ဘာကို ဆိုလိုသည်ကို သိသွား တော့သည်။ သူမ၏ မျက်နှာမှာ နီမြန်းသွားပြီး တိုးတိုးလေး ပြောလိုက်၏။
"ရှင်ကတော့...၊ အပိုတွေ လျှောက်တွေးနေတာပဲ...။"