← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉)

အချိန်စီးဆင်းမှုပြောင်းလဲသွားခြင်း

ခေါင်းဆောင်ရုံးခန်းရှိ စားပွဲတွင် ဝိုင်းဖွဲ့ထိုင်နေကြသော လူတစ်ဆယ်ကျော်သည် ပုလင်းကလေးကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်နေကြ၏။ ဤအာဟာရပျော်ရည်ကိုသာ ထပ်မံရရှိပါက ကျွင်းချန်မြို့၏ ရိက္ခာပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ရွှီချီဖန်က ဝူလျန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်ဝူ...၊ ဒီတာဝန်ကို မင်းကို လွှဲအပ်လိုက်မယ်...။ အဲဒီအမျိုးသမီးငယ်က ဘယ်သူလဲဆိုတာ ရှာဖွေပြီး ငါတို့နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ပေးပါ...။"

ဝူလျန်က မတ်တပ်ရပ်၍ အလေးပြုကာ ပြန်ထူးလိုက်၏။

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ရွှီ...။"

ထို့နောက် ရွှီချီဖန်က ချင်းယုံဟန် ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ပရော်ဖက်ဆာချင်း...၊ ဒီအာဟာရပျော်ရည်ကို ပြန်ပြီး ဖော်စပ်လို့ ရမလား...။"

ချင်းယုံဟန်က ပြန်ဖြေ၏။

"ဒီလိုမျိုး ကြည်လင်တဲ့ အာဟာရပျော်ရည်မျိုးကို ကျွန်တော် ပထမဆုံး မြင်ဖူးတာပါ...။ ပြန်လည်ဖော်စပ်ဖို့ ခက်ခဲနိုင်ပေမဲ့ ပါဝင်ပစ္စည်းတွေကို သိရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်...။"

"ဒါဆိုရင် ခင်ဗျားဆီက သတင်းကောင်းကို ကျွန်တော် စောင့်နေပါ့မယ်...။" ဟု ရွှီချီဖန်က ဆိုလေသည်။

ချင်းယုံဟန်ကလည်း ခေါင်းငြိမ့်ပြကာ ၊

"ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ...။"

တစ်ချိန်တည်းမှာပင် ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ သို့ ပြန် လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ လက်တွန်းလှည်းများပေါ်၌ စိုက်ပျိုးရေးအိုးများနှင့် မြေအိတ်များ တင်ဆောင် လာသော အမျိုးသား သုံးဦးကို နေထိုင်သူများက စူးစမ်းစွာ ကြည့်နေကြ၏။

အဝင်ဝရှိ စစ်သည်နှစ်ဦးနားမှ ဖြတ်သန်းသွားစဉ် စစ်သည်တစ်ဦးက စူးစမ်းစွာ မေးလိုက်လေသည်။

"ရဲဘော်...၊ ဘာလို့ စိုက်ပျိုးရေးအိုးတွေ အများကြီး သယ်လာတာလဲ...။"

ယောင်ရန်က ပြုံး၍ ပြောလိုက်၏။

"ဒီနေ့ အစိုးရက ဝေတဲ့ ရိက္ခာထဲမှာ အာလူးတွေက အညှောက်ထွက်နေတာ တွေ့လို့ ပြန်စိုက်ကြည့်မလို့ပါ...။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူ စမ်းကြည့်ဖို့ ဝယ်လာတာပါ...။"

ထိုစကားကို ကြားသောအခါ စစ်သည်နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

"ဪ... နားလည်ပါပြီ...။ ရဲဘော်တို့ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...။"

စစ်သည်က သူတို့ကို လွှတ်ပေးလိုက်ရင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်..." ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

အမျိုးသားများက ပစ္စည်းအားလုံးကို အထပ် (၁၉) သို့ ပို့ဆောင်ပြီးနောက် ယောင်ရန်သည် ဖိသိပ်ထားသော ဘီစကစ်မုန့် ရှစ်ထုပ်ကို ထုတ်ယူ၍ ရှောင်ယန်အား ပေးလိုက်လေသည်။

ရှောင်ယန်က လက်ခံရန် တုံ့ဆိုင်းနေသော်လည်း ယောင်ရန်က အတင်းပေးလိုက်၏။

"ပစ္စည်းတွေ အပေါ်အထိ သယ်ပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တာပါ...။"

ထိုအခါမှ ရှောင်ယန်က ဘီစကစ်များကို လက်ခံလိုက်ပြီး၊

"ကျေးဇူးတင်ပါတယ် မယောင်ရန်...။"

သူသည် ဘီစကစ်များကို အခြားအမျိုးသားများနှင့် ခွဲဝေယူလိုက်ပြီးနောက်

ပြောလိုက်လေသည်။

"ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်...။ နောက်မှ ပြန်တွေ့ကြမယ်နော် မယောင်ရန်...။"

ရှောင်ယန် ထွက်သွားပြီးနောက် ယောင်ရန်က အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်၏။

"အားလုံး အညီအမျှ ခွဲယူကြတာပေါ့...။"

လုံယုကမူ၊

"ကိုယ်ကတော့ စိုက်ပျိုးရေးအိုး လေးလုံးပဲ ယူတော့မယ်...။"

"ကျွန်မကတော့ အိမ်မှာ အိုးတွေ ရှိပြီးသားဆိုတော့ မလိုတော့ဘူး...။"

ယောင်ရန်က ထပ်လောင်းပြောလိုက်လေ၏။

သူမ၏ နေရာလွတ် အတွင်း၌ အိုးများစွာ ရှိနေသဖြင့် သူမအတွက် ထပ်မလိုတော့ပေ။ လုံယုက လေးလုံးသာယူ ပြီး ယောင်ရန်က မယူသဖြင့် ကျန်ရှိသူများသည် တစ်ဦးလျှင် စိုက်ပျိုးရေးအိုး ငါးလုံးစီ ရရှိကြပြီး၊ ပိုလျှံသည်များ ကို ရှီရွှမ်းနှင့် အခြားသူများက ယူလိုက်ကြလေသည်။

မြေကြီးနှင့် မြေဩဇာအတွက်မူ လုံယုက မြေကြီး လေးအိတ်နှင့် မြေဩဇာ တစ်အိတ်ကို သူ၏ အိုးများအတွက် ယူလိုက်၏။ ရှီရွှမ်းနှင့် အခြားသူများက ကျန်ရှိသည်များကို အညီအမျှ ခွဲဝေယူလိုက်ကြလေသည်။

အားလုံး ခွဲဝေပြီးစီးသွားသောအခါ စီမာဟောက်က ပြောလိုက်လေသည်။

"မယောင်ရန်က သူမရဲ့ ရိက္ခာတွေကို သုံးပြီး ဒီပစ္စည်းတွေနဲ့ လဲလှယ်ပေးခဲ့တာဆိုတော့၊ ကျွန်တော် အာလူးတွေ ရိတ်သိမ်းပြီးရင် ပြန်ပေးပါ့မယ်...။"

ချွမ်ယွမ်ဝေ့ကလည်း ခေါင်းငြိမ့်ကာ ပြောလေ၏။

"ကျွန်တော်လည်း ပြန်ပေးပါ့မယ်...။"

ဤလောကတွင် အလကားရသောအရာ မရှိသဖြင့် ယောင်ရန်ကလည်း သဘောတူလိုက်လေသည်။

"ကောင်းပါပြီ..."

လူတိုင်းသည် ၎င်းတို့၏ စိုက်ပျိုးရေးအိုးများ၊ မြေကြီးနှင့် မြေဩဇာများကို အထပ် (၂၀) သို့ သယ်ဆောင်သွား ကြလေ၏။ ခဏမျှ အနားယူပြီးနောက် ယောင်ရန်သည် လုံယုနှင့် အခြားသူများထံသို့ သွားရောက်ခဲ့လေသည်။

ဧည့်ခန်းတွင် စုဝေးထိုင်လိုက်ကြပြီးနောက် သူမသည် အပင်ပြာအိတ်ကို ဖွင့်လိုက်ကာ ကျဲထားသော ရေကန်မှ ရေများ ပါဝင်သည့် ပုလင်းနှစ်ပုလင်းကို ထုတ်ယူလိုက်၏။

သူမ၏ ချစ်သူနှင့် သူငယ်ချင်းများကို ကြည့်ကာ ယောင်ရန်က ပြောလိုက်လေသည်။

"ပျိုးပင်တွေကို ဘယ်လိုပြင်ဆင်ရမလဲ၊ ဘယ်လိုစိုက်ပြီး ဘယ်လိုပြုစုရမလဲဆိုတာ ကျွန်မ သင်ပေးပါ့မယ်...။ အညှောက်မထွက်သေးတဲ့ အာလူးတွေကိုတော့ နွေးထွေးတဲ့နေရာမှာ ထားပေးရမယ်၊ အညှောက်ထွက်လာတဲ့ အာလူးတွေကိုတော့ ပျိုးပင်အဖြစ် သုံးရမှာပါ...။"

ယောင်ရန်မှတစ်ပါး ကျန်သူများမှာ စိုက်ပျိုးရေးအတွေ့အကြုံ မရှိကြပေ။ သူမက ကူညီသင်ပြပေးမည်ဟု ကမ်းလှမ်းလာသဖြင့် အားလုံးက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြ၏။ စောစောစီးစီး နေ့လယ်စာ သုံးဆောင် ပြီးနောက် ၎င်းတို့၏ ပထမဆုံးသော စိုက်ပျိုးရေး သင်ခန်းစာကို စတင်လိုက်ကြတော့သည်။

အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ နေရာလွတ် အတွင်းသို့ ဝင်၍ ယနေ့ ရရှိလာသော အာလူး များကို စိုက်ပျိုးလိုက်လေသည်။ စိုက်ပျိုးရေးနယ်မြေသို့ ရောက်သောအခါ ကောက်ပဲသီးနှံများမှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေသည်ကို တွေ့ရသဖြင့် သူမ အံ့အားသင့်သွားခဲ့လေသည်။

သူမ၏ တွက်ချက်မှုအရဆိုလျှင် အနည်းဆုံး နှစ်လခန့် ကြာဦးမည် ဖြစ်သော်လည်း ယခုအခါ အားလုံးမှာ မှည့်ဝင်း နေပြီ ဖြစ်သည်။ ယောင်ရန်သည် အားလုံးကို ရိတ်သိမ်းကာ အသစ်ပြန်လည် စိုက်ပျိုးလိုက်၏။ ထို့နောက် သူမ သည် ငါးကန်နှင့် တိရစ္ဆာန် မွေးမြူရေးခြံကို စစ်ဆေးရန် သွားခဲ့လေသည်။

ငါးများဖြင့် ပြည့်နှက်နေသော ငါးကန်နှင့် တိရစ္ဆာန် သားပေါက်လေးများကို ကြည့်ရင်း ယောင်ရန်သည် မျက် မှောင်ကြုတ်ကာ ရေရွတ်လိုက်မိ၏။

"ဘာလို့ အပင်တွေနဲ့ တိရစ္ဆာန်တွေက ဒီလောက် မြန်မြန် ကြီးထွားနေရတာလဲ...။"

ခဏမျှ စဉ်းစားပြီးနောက် သူမ အပေါ်သို့ မော့ကြည့်လိုက်ရာ ပါးလွှာလာသော မြူနှင်းများကြားမှ နေရောင်ခြည် ဖြာကျနေသည်ကို သတိပြုမိလိုက်လေသည်။ မြူနှင်းများမှာ ယခင်ကထက် များစွာ ပါးလွှာသွားသည်ကို မြင် သောအခါ ယောင်ရန် နက်နက်နဲနဲ တွေးတောနေမိလေသည်။

သူမသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဂိုဒေါင်အတွင်းမှ မှတ်စုစာအုပ်နှင့် ခဲတံကို ယူကာ အပင်များနှင့် တိရစ္ဆာန်များ၏ ကြီးထွားနှုန်းကို မှတ်တမ်းတင်လိုက်လေသည်။ သူမ၏ နေရာလွတ် အတွင်း၌ အချိန်စီးဆင်းမှု နှုန်း ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမ သံသယဝင်မိလေသည်။

မှတ်တမ်းတင်ပြီးနောက် ယောင်ရန်သည် ရေချိုးကာ ညစာ သုံးဆောင်လိုက်၏။ ဆံပင်များကို အခြောက်ခံပြီး နောက် ဗိုက်ပြည့်သွားသဖြင့် သူမသည် နေရာလွတ် မှ ထွက်လာကာ နွေးထွေးသော ကုတင်ပေါ်တွင် အိပ်စက် လိုက်တော့သည်။

ကူညီထောက်ပံ့ရေး ပစ္စည်းများ ရရှိပြီးကတည်းက ယောင်ရန်နှင့် အခြားသူများသည် အပြင်သို့ များများစားစား မထွက်ဖြစ်ကြပေ။

လုံယုတို့နှင့်အတူ ထင်းသွားရောက်စုဆောင်းခြင်းမှတစ်ပါး၊ ယောင်ရန်သည် သူမ၏ အချိန်အများစုကို သူမ၏ အပင်များနှင့် တိရစ္ဆာန်များ၏ ကြီးထွားမှုကို စောင့်ကြည့်မှတ်တမ်းတင်ရင်းသာ ကုန်ဆုံးစေခဲ့လေသည်။

ဆယ်ရက်မျှသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယောင်ရန်သည် သူမ၏ အသိစိတ်ဖြင့် နေရာလွတ် အတွင်းရှိ အပင်များကို ကြည့်ရှုနေစဉ် တစ်စုံတစ်ယောက်က တံခါးခေါက်လိုက်၏။

တန်ချီချီ ရောက်နေသည်ကို မြင်သောအခါ သူမက မေးလိုက်လေသည်။

"ချီချီ...၊ တစ်ခုခု လိုလို့လား...။"

တန်ချီချီက ခေါင်းခါပြကာ ပြန်ဖြေ၏။

"ရှောင်ယန် ရောက်လာပြီး မင်း လိုချင်တဲ့ ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီလို့ ပြောနေတယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ သူမက ပြုံး၍ မေးလိုက်၏။

"ရှောင်ယန် ပြန်သွားပြီလား...။"

"သူ အောက်မှာ စောင့်နေတယ်...။" တန်ချီချီက ပြန်ဖြေလေသည်။

ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊

"ကောင်းပါပြီ... ကျွန်မ အခုပဲ ဆင်းလာခဲ့ပါမယ်...။"

တန်ချီချီကို ကျေးဇူးတင်စကား ပြောပြီးနောက်၊ ယောင်ရန်သည် အိပ်ခန်းအတွင်းသို့ ပြန်ဝင်၍ သူမ၏ ကျောပိုး အိတ်နှင့် ဓားရှည်ကို ယူလိုက်လေသည်။ မထွက်ခွာမီ သူမသည် လုံယုကို သွားရောက်ရှာဖွေလိုက်၏။

လုံယုသည် ကျောပိုးအိတ်နှင့် ဓားကို ကိုင်ဆောင်ထားသော သူမကို မြင်သောအခါ မေးလိုက်လေသည်။

"အပြင်သွားမလို့လား...။"

All Chapters